ယဉ်ကျေးသိမ်မွေ့သော လူ့အသိုင်းအ၀န်းတွင် နေထိုင်ကြသော လူယဉ်ကျေးများ နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသော "အမိန့်"။ ဗမာစကား ထဲတွင် စကားလုံး တိုသလောက် ဖျက်ဆီးနိုင်သော စွမ်းအင် အပြည့်ပါသော နေရာတွင် ဤ "အမိန့်" ကို ဘယ်စကားလုံးမှမမီ။
အမိန့်သည် ဂုဏ်သိက္ခာကို ကျဆင်းစေသည်။
အမိန့်သည် အကြောက်တရားကို ဖြစ်ပေါ်စေသည်။
အမိန့်သည် အမှန်တရားကိုသိသော နှုတ်ကို ဆွံ့အစေသည်။
အမိန့်သည် အတ္တကြီးသော သရုပ်သကန်ကို ထင်ဟပ်စေသည်။
အမိန့်သည် မေတ္တာတရား၏ဆန့်ကျင်ဘက် ဒေါသကိုသာ ပေါ်ထွက်စေသည်။
အမိန့်သည် အသက်ပေါင်းများစွာကို သေစေသည်။
အမိန့်သည် နူးညံ့သိမ်မွေ့မှုကို ဖျက်ဆီးပစ်နိုင်သည်။
အမိန့်သည် ဗုဒ္ဓသာသနာကို အမြစ်မှ တူးဖြိုနိုင်သည်။
အမိန့်သည် …………………………………………………………………
အချုပ်အားဖြင့်ဆိုရလျှင် အမိန့်ဟူသော စကားလုံးသည် အသိဥာဏ်နှင့် ယှဉ်သော စကားလုံးမဟုတ်။ လောဘ၊ ဒေါသနှင့် ယှဉ်သော စကားလုံးဖြစ်သည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပါသည်။ ထို လောဘ၊ ဒေါသသည် မောဟ (မသိမှု) ဦးစီး၍ ပေါ်ပေါက်လာရခြင်းဖြစ်၍ မသိမှုများသူတို့သည် မောဟဖြင့် အမိန့်ဟူသော (ဒေါသ၊ လောဘ) အလုပ်ကိုသာ အစဉ်တစိုက် အရိုးစွဲအောင် လုပ်နေကြသည်။ သာယာနေကြသည်။ ထိုအမိန့်ကို ဘယ် နေရာမှ အများဆုံးတွေ့ရမလဲလို့ ရှာကြည့်လျှင် လူ၏ အသက်ကို သေစေနိုင်သော၊ သတ္တ၀ါတို့၏အသက်ကို သေစေနိုင်သော လက်နက်မျိုးစုံကို ကိုင်စွဲ၍ ဘ၀ရှင်သန်ရေးကို ဖန်တီးနေကြရသော လက်နက်ကိုင် အဖွဲ့ အစည်းတွင်သာ ရှိသည်။ လူသတ်အုပ်စုတွင်သာ ရှိသည်။ (တည့်တည့်ပြောရလျှင် စစ်အုပ်စုတွင်သာ ရှိသည်။)
ဗုဒ္ဓဘာသာတို့၏ အခြေခံဥာဏ်ဖြစ်သော ကံကံ၏အကျိုးကို ယုံကြည်သော (ကမ္မသကတ) ဥာဏ်ကြောင့်ပင် ဗုဒ္ဓဘာသာစစ်သော လူယဉ်ကျေးတို့သည် (သေရဲ) သည်။ (မသတ်ရဲ) ။ မိမိ ညှဉ်းပမ်းနှိပ်စက်ခံရမှု၊ မိမိ အသက်ကိုပင် သေစေအောင် ရန်ရှာမှုမျိုး ကြုံခဲ့ပါလျှင် (အကုသလ၀ိပါက်) အကုသိုလ်၏ အကျိုးဟူ၍ သင့်တင့် စွာ နှလုံးသွင်းပြီး ငြိမ်းချမ်းသောစိတ်ကို စောင့်ထိန်းကြသည်။ ယခုပစ္စုပ္ပန်တွင် သူတစ်ပါး၏ အသက်ကို သတ် နိုင်သည့် အဆင့်ထိကိုမူ အသိဥာဏ်က ခွင့်မပြု၊ (သူ့အသက်သတ်ခြင်းဟူသောအကြောင်း မကောင်းလျှင် အနာ ဂတ် အကျိုး ဝိပါက်လည်း မကောင်းနိုင်) ဆိုသော ပညာဥာဏ်က ကုသိုလ်စိတ်ကို စောင့်ထိန်းဖြစ်ပေါ်စေသည်။
ဤသို့ လူယဉ်ကျေးများဖြင့် စုဖွဲ့ထားသော ဗုဒ္ဓဘာသာဝင်စစ်စစ်တို့၏ အဝန်း အ၀ိုင်းအတွင်း အမိန့်ဆိုသော ဝေါဟာရ သည် ရှိလည်း မရှိသင့်။ ရှိရန်လည်း မလိုအပ်ပေ။ ကုသိုလ်ဖြစ်ကြောင်း အစဉ် နှလုံးသွင်းနေသော မျှဝေခြင်းဖြင့် ဘ၀တစ်ခုကို အသက်ရှင်ကြသည့် ဗုဒ္ဓဘာသာတို့သည် ဒါနဟူသော စွန့်ခြင်းအမှုကိုလည်း ဥာဏ်ဖြင့် ပြု၏ (အမိန့်ဖြင့်မပြု) ။ သီလဟူသော စောင့်ထိန်းခြင်းအမှုကိုလည်း ဥာဏ်ဖြင့်ပြုသည် (အမိန့်ဖြင့် မပြု) ။ ဘာဝနာဟူသော ပွားများခြင်းအလုပ်ကိုလည်း သစ္စာသိ၍ လုပ်သည် (လောဘနှင့် မလုပ်)။ မိစ္ဆာဒိဋ္ဌိ တို့ ကမူ အရာအားလုံးကို အမိန့်ဖြင့်သာ လုပ်တတ်ကြသည်။ ဤလူယဉ်ကျေးများ ဖြစ်တည်ရာ အမိ မြန်မာပြည်ကြီးကို အမိန့်တို့ဖြင့် ပြည့်နေသော လက်နက်ကိုင်တို့ ကျူးကျော်သိမ်းပိုက်၊ ဖျက်ဆီးခြင်းအမှုကို ပြု နေကြသည်။ နေရာတိုင်းတွင် အမိန့်ဖြင့် စွက်ဖက်ကြသည်။ မိစ္ဆာအယူဖြင့် ပါဝင်ရောနှောကြသည်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဘာသာရေး …. ဤအရေးအားလုံးတွင် သာမက ယနေ့ ခေတ်အခါတွင် တိုင်းပြည်အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသော Constitution ကိုလည်း အ မိန့် ဖြင့်ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် သဘောမျိုး ငါတကောကောပြီး ရေးဆွဲကြပြန်ပါပြီ။
တိုင်းပြည်ကို ဖျက်ဆီးမည့်၊ တိုင်းပြည်ကို ကျွန်ပြုမည့်၊ တိုင်းပြည်ကို ထင်သလိုခြယ်လှယ်မည့် ၎င်းတို့ တရားဝင် ရေးဆွဲပိုင်ခွင့်မရှိသော ငါတကော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို နအဖ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်က အလွန်ကောင်းသည်ဟု စေတနာဖြင့် ပြောသယောင်ယောင်ဖြင့် အမိန့်ကို အသွင်ပြောင်း၍ ပြောနေပြန်ပြီ။ စစ်အုပ်စုအပေါင်းအပါ တစညပါတီက၊ သစ္စာဖောက် လောက်ကောင် ဒေါက်တာစိုးလင်း၊ အေးလွင်တို့လို ၀င်ကစွပ်ကောင်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိ၍ ဆူပူအကြမ်းဖက် တိုင်းပြည် မတည်မငြိမ် ဖြစ်နေရသည်လို့လည်း ဆိုသည်။ ထို့အတွက် ဤယုတ်ညံ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ထောက်ခံခိုင်းနေသည်။ (ဒါလည်း ခြိမ်းခြောက်မှုပါနေ၍ အမိန့်ပင် ဖြစ်သည်။)
(မြန်မာပြည်တွင် အမြင့်ဆုံးအာဏာရရှိဖို့ အခြေခံ အရည်အသွေးမှာ အရှက်ကင်းမဲ့ရမည်။ လျှာအရိုးမရှိ ပြော နိုင်ရမည်။ အခုတမျိုး၊ တော်ကြာတမျိုး ဒီအရည်အချင်းတွေရှိလျှင် ဗိုလ်ချုပ်ဖြစ်နိုင်သည်။ အလိုတော်ရိ သာကူးပေါင်းစားတွေ ဖြစ်နိုင်သည်။ အခြားဘာပညာမှ တတ်ရန်မလို။ မရှက်တတ်လျှင်ရပြီ။) "လိမ်ချင်ရင်လည်း ပိပိရိရိ လိမ်ပါ။" ကိုယ့်တာကိုယ်မလုံဘဲ လိမ်မိလျှင် ရှက်စရာကောင်းမှန်း မသိလေရော့သလား။ ယနေ့ပြော နေသော ဖွဲ့စည်းပုံအခြေခံဥပဒေ (Written Constitution) (စာအုပ်ဖြင့်ရေးသားထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ) မရှိလျှင် တိုင်းပြည်မငြိမ်းချမ်း မတည်ငြိမ် မတိုးတက်နိုင်ဟု ဆိုနေသော စစ်ခေါင်း ဆောင်များ၊ အလို တော်ရိများကို တစ်ခုတော့ ပြောချင်သည်။
"ခင်ဗျားတို့ အော်အော်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (Written Constitution) မရှိတာထက် ရှိတာ ပိုကောင်းတယ်ဆိုလို့ United Kingdom, New_Zealand, Israel အဲဒီနိုင်ငံတွေကို တစ်ချက်လောက် လေ့လာကြည့်ပါအုံး။ ဒီနိုင်ငံတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (Written Constitution) ရယ်လို့ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးတဲ့ (Unwritten Constitution) နိုင်ငံတွေပါ။ ဒါပေမယ့် သူတို့မှာ တရားမျှတတဲ့ တရားစီရင်ရေး စံနစ်ရှိတယ်။ နိုင်ငံသားတွေရဲ့ အခွင့်အရေး အပြည့်အ၀ရှိတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးလို့ ပြောပြောပြီး ရူးသလို ပေါသလို ဥပဒေက မည်သို့ပင်ဆိုစေကာမူလို့ ပြန်လုပ်လို့မရဘူး။ ခင်ဗျားတို့က လူကိုက မကောင်းတာ။ လူမှန်ရင် စောင့်ထိန်းလိုက်နာရမယ့် အခြေခံ လူ့ကျင့်ဝတ်တရားတွေ လုံးဝ စောင့်ထိန်းခြင်း မရှိဘူး။ အဲဒီတော့ မူဘယ်လောက်ကောင်းကောင်း ခင်ဗျားတို့လို လူမျိုးတွေ အုပ်စိုးနေသရွေ့ ဒီတိုင်းပြည် ဘယ်တော့မှ ကောင်းလာမှာ မဟုတ်ဘူး။ အဲဒါထက် ပိုဆိုးတာက ခင်ဗျားတို့ တရားဝင် ရေးဆွဲပိုင်ခွင့် လုံးဝမရှိဘူး။ ခင်ဗျားတို့ဟာ အာဏာသိမ်းစစ်အစိုးရ၊ တရားမ၀င်အစိုးရ။"
ဒါကိုပဲ အရှက်မဲ့စွာ ခြိမ်းခြောက်နေကြတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိလျှင် တိုင်းပြည်မငြိမ်းချမ်း၊ မသာယာ နိုင်ဘူး။ ဒါကြောင့် ဒီဖွဲ့စည်းပုံ အတည်ဖြစ်ရေး ထောက်ခံပေးကြပါတဲ့။
"ထင်သလို ကြိုက်သလို အုပ်ချုပ်ပါတော့လို့ ကိုယ်တိုင်ဆန္ဒပြုရလောက်အောင်အထိ ထောက်ခံရ လောက်အောင်အထိ ပြည်သူတွေ အသိဥာဏ်ကင်းမဲ့လိမ့်မယ် ကြေက်ရွံ့နေကြလိမ့်မယ်လို့ ထင်မြင် ယူဆထားတယ်ဆိုရင်တော့ ခင်ဗျားတို့ကတော့ မှားပြီးရင်းမှား အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားပြီးရင်းစော်ကား …… ဘယ်တော့မှ အ၀ီစိက တက်ရတော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကံကြီး ထိုက်နေပြီ။ အမှားကို မှားမှန်းသိနေပါရဲ့နဲ့ ဘယ်တော့မှ ပြင်နိုင်တော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ရှေ့ဆက်သွားမဲ့ Road Map မှာ ရဟန်းသံဃာတော်တွေကို စော်ကား၊ ရိုက်နှက်၊ သတ်ဖြတ်ခဲ့တဲ့ အကုသိုလ်နဲ့တင် အ၀ီစိက အဆင်သင့် ပိတ်စောင့်နေတော့ ခင်ဗျားတို့မှာ အမှန်ကို မြင်နိုင်တဲ့သတ္တိ ဘယ်တော့မှ ရှိလာမှာ မဟုတ်တော့ဘူး။"
ဘယ်လိုပဲပြောပြော ကျနော်တို့ ပြည်သူလူထုကတော့ ခင်ဗျားတို့ရဲ့ မိစ္ဆာမူကြမ်းကို NO လို့ပဲ ရဲရဲကြီး ကြက်ခြေ ခတ်ကြတော့မှာ အသေအချာပါပဲ။ ကျနော်တို့ ပြည်သူလူထုကြီးရဲ့ ရင်တွင်းမှ တူညီတဲ့ ဆန္ဒကတော့ မိစ္ဆာဒိဋ္ဌိ စစ်အာဏာရူး ခင်ဗျားတို့ကို အမြဲတမ်း ပြတ်ပြတ်သားသား ဆန့်ကျင်နေမှာပါပဲ။
မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ
No comments:
Post a Comment