Tuesday, June 10, 2008

အလှုခံပါတယ်..သင့်မှာအသုံးမ၀င်တဲ့ ပစ္စည်း..အချည်းနှီးမဖြစ်ပါစေနဲ့ 

တာဘေါင်ပြင်ရန် ဆာလာအိတ် အလှူခံခြင်း

မိမိ၏ မီးဖိုချောင်မှ သိပ်အသုံးမ၀င်လှသော အိတ်ခွံ တစ်ခုသည် မုန်တိုင်းဒဏ်ကြောင့် ကျိုးပျက်သွားသော တာဘောင်ကို ပြင်ဆင်ရာတွင် အလွန်အသုံးတဲ့ကြောင်း သင်သိပါသလား။ အောက်တွင် ဆက်လက်ဖတ်ရှုပါ။

ရက်စွဲ။ ။ ၈-၆-၂၀၀၈

MBEAN (Myanmar/Burma Emergency Aid Network) အဖွဲ့သည် ဒေးဒရဲမြို့နယ်တွင် မုန်တိုင်းလွန် ကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေး ကိစ္စများ၌ တပိုင်တနိုင် အကူအညီပေးလျှက်ရှိပါသည်။ ဒေးဒရဲမြို့နယ် အရှေ့ခြမ်းရှိ နှာခေါင်းချောင်း၊ က၀က်ချောင်းကြီး၊ က၀က်ရေကံချောင်၊ ကြပ်စဉ်ပျို့၊ တမာ တကော၊ တိုး၊ ကျုံကနိ၊ ဦးတို၊ ဆူးကလပ်၊ ရှမ်းကန်၊ တော်ချိုက်၊ ကျုံဒက်၊ မရမ်းအနောက် ကျေးရွာ အုပ်စုများသည် တောင်ဘက်တွင် ပင်လယ်၊ အရှေ့ နှင့် မြောက်ဖက်တွင် တိုးမြစ်၊ အနောက်ဖက်တွင်သံဒိမြစ် တို့ဖြင့် ၀န်းရံထားခြင်း ခံရသည့် ကျွန်းပေါ်တွင် တည်ရှိသည်။
ဒီရေတက်ချိန်တွင် လယ်မြေများအတွင်း ပင်လယ်ရေ ၀င်လာတတ်သောကြောင့် ကျွန်းပတ်ပတ်လည် တွင် အမြင့် ၈ ပေ၊ အကျယ် ၁၆ပေ ရှိ တာရိုး ၉ မိုင်ကျော်ခန့်ဖြင့် ပတ်ကာ တားထားရသည်။

နာဂစ်မုန်တိုင်းကြောင့် တာရိုးအရှည် ၉ မိုင်ကျော် တလျောက် ၁၇ နေရာခန့်ကျိုးပေါက်သွားခဲ့သည်။ ထို့ကြောင့် ပင်လယ်ရေများ ဒလဟော ၀င်ကာ လယ်မြေဧက သောင်းချီ၍ ဆားငန်ရေ ဖုံးလွှမ်းခဲ့သည်။ မုန်တိုင်းအပြီးတွင်
ရေအထိုက်အလျောက် ကျသွားသော်လည်း တာကျိုးပေါက်နေသော နေရာများမှ ပင်လယ်ရေ တက်မြဲ တက်လျက် ရှိနေသည်။ ထို့ကြောင့် ဤကျေးရွာများရှိ လယ်သမားများမှာ လယ်ပြန်လည် ထွန်ယက်လိုသော်လည်း ၀ါဆိုလပြည့်အမှီ ပျိုးကြဲနိုင်ရန် တာကို အမြန်ဆုံးဖို့ရန် လိုအပ်လာပေသည်။ ထိုသို့ဖို့ရန် ရေကျချိန် ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း နှင့် ဇွန်လ ၂၅ ရက်မှ ၂၉ ရက်အတွင်းသာ လုပ် ဆောင် နိုင်ပေသည်။

ကျေးရွာအုပ်စုများမှ ရပ်မိရပ်ဖများ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေးကာ တာရိုး ပြန်လည်ဖို့ရေး ကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရန် ဆုံးဖြတ်ကြသည်။ MBEAN အဖွဲ့မှလည်း မိမိတို့ တတ်နိုင် သလောက် လှူဒါန်းရန်ရှိပါသည်။ သို့ရာတွင် အောက်ပါပစ္စည်းများ ထပ်မံ လိုအပ်နေပါသေးသည်။

ဆာလာအိတ်ခွံ ၁၀၀၀၀၀ (၃၀၀၀၀ အတွက် ငွေသားအလှူခံ ရရှိပြီးဖြစ်သည်။)
ဝါး
ဝါးကပ်
သံ

စာရှုသူများအနေဖြင့် မိမိတို့အိမ်ရှိ အသုံးမလိုတော့သော ဆာလာအိတ်ခွံ (အဟောင်း၊ အသစ်) များကို အောက် ပါလိပ်စာတွင် နေ့လယ် ၁ နာရီမှ ညနေ ၇ နာရီအတွင်း လာရောက် လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။
လိပ်စာ။ ။ ၂၄၈ ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
အီးမေးလ်။ ။ mbean@ngoinmyanmar.org

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်