အန်အယ်လ်ဒီ နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပါတီဝင်တချို့ အဖမ်းခံရ
ကိုသက် | စက်တင်ဘာ ၂၇၊ ၂၀၀၈
ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်တွင်ပြုလုပ်သော ပါတီထူထောင်သည့် အနှစ် ၂၀ ပြည့် အခမ်းအနား၌ အဖွဲ့ဝင် ၉ ဦးကို အာဏာပိုင်တို့ က ဖမ်းဆီးလိုက်သည်ဟု အန်အယ်လ်ဒီ သတင်းရပ်ကွက်က ပြောသည်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များဖြစ်ကြသည့် မထက်ထက်ဦးဝေ၊ ဒေါ်ရှမ်းမတို့ အပါအ၀င် တခြားပါတီဝင် ၄ ဦးကို အခမ်းအနားမစမီနှင့် နောက်ထပ်ပါတီဝင် ၃ ဦးကို အခမ်းအနားမှအပြန် ပါတီဌာနချုပ်ရှေ့၌ပင် ဖမ်းဆီးခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောဆိုသည်။
အဖမ်းခံရသူများအားလုံး၏ အမည်နှင့် ၎င်းတို့နေထိုင်ရာဒေသများကို အသေးစိပ် မသိရသေးပေ။
လုံခြုံရေးများတင်းကျပ်ထားသည့်ကြားက အန်အယ်လ်ဒီ ဌာနချုပ်ရှေ့တွင် ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်အထိမ်း အမှတ်အဖြစ် အ၀ါရောင်အင်္ကျီများဝတ်ဆင်ထားသည့် လူငယ်တချို့က သရုပ်ပြ အစီအစဉ်တခုကို ပြုလုပ်ခဲ့ကြသည်။
“အခမ်းအနားမစခင်က ရုံးအရှေ့မှာ ၁၀ ဦးလောက်ရှိတယ်၊ အင်္ကျီအ၀ါတွေဝတ်ပြီး ဆန္ဒပြတဲ့ပုံစံမျိုးပေါ့ … အင်္ကျီအ၀ါဝတ် တယ်ဆိုတာကတော့ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်အထိမ်းအမှတ်ကို ရည်ညွှန်းတဲ့သဘောရှိတယ်” ဟု ဒေါက်တာ ၀င်းနိုင်က ပြောသည်။
အဆိုပါသရုပ်ပြအစီအစဉ်ကြောင့် ပါတီဝင်တချို့ အဖမ်းခံရသည်ဟုလည်း ယူဆရကြောင်း ၎င်းကဆိုသည်။
“အရင်တုန်းက အခမ်းအနားတွေလုပ်တိုင်း ရုံးရှေ့မှာ ချိုးငှက်တွေလွှတ်ပြီး ဆန္ဒပြတဲ့ပုံစံလေးတွေလုပ်တယ် .. ၅ မိနစ် လောက်ပေါ့၊ အဲဒီပွဲတွေမှာ မထက်ထက်ဦးဝေတို့က အမြဲတမ်းပါတယ်။ ဒါကြောင့်မို့ မထက်ထက်ဦးဝေတို့ကို လုပ်နေကျ လူတွေလို့ယူဆပြီး ကားပေါ်ကဆင်းတာနဲ့ ဖမ်းသွားတာ ဖြစ်မယ်” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။
မထက်ထက်ဦးဝေသည် ရွှေပြည်သာမြို့နယ် အန်အယ်လ်ဒီ အမျိုးသမီးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒေါ်ရှမ်းမသည် ရွှေပြည်သာ မြို့နယ် အတွင်းရေးမှူး ဖြစ်သည်။
အနှစ် ၂၀ ပြည့် အခမ်းအနားပြုလုပ်နေချိန်တွင် လုံထိန်းကား ၅ စီးခန့်၊ စွမ်းအားရှင်များ၏ကား ၅ စီးခန့်၊ ၀ါရာလက်စ်ကား များ၊ အခြေအနေကိုကွပ်ကဲနေသည့် အရာရှိများနှင့် လန်ခရုဇာကားများ အန်အယ်လ်ဒီ ဌာနချုပ်ရှေ့အနီးတွင်ရပ်ကာ လုံခြုံရေးယူထားကြောင်း သိရသည်။
“ဘာအပြစ်မှမရှိ၊ ဘာမှမလုပ်ရဘဲ ဖမ်းတာကတော့ ဥပဒေမဲ့ ဖမ်းတာပဲ၊ ဒါမျိုး မဖြစ်သင့်ဘူး။ တိုင်းပြည်မှာ တကယ်ကို အကြပ်အတည်းတွေနဲ့ကြုံပြီး အချင်းချင်း ပြန်လည်သွေးစည်းညီညွတ်ရမယ့်အချိန်၊ တွေ့ဆုံဆွေးနွေးရမယ့် အချိန်မျိုးမှာ ဒီလို ဖမ်းတာဆီးတာ၊ ရိုက်နှက်တာတွေဟာ တိုင်းပြည်အတွက် ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု ဒေါက်တာဝင်းနိုင်က သုံးသပ်ပြောဆိုသည်။
No comments:
Post a Comment