်
12/14/2008
ခိုင်မင်းမူ(နိရဉ္စရာ) စစ်တွေမြို့နယ်တွင် စစ်တပ် ရိက္ခာအတွက် လိုအပ်သော စပါးများကို အ၀ယ်ဒိုင်များ ဖွင့်လှစ်၍ ၀ယ်ယူရန် စစ်တပ်မှ စီစဉ်နေကြောင်း သတင်းရရှိသည်။
ထိုသို့ ၀ယ်ယူရန်အတွက် ရခိုင်ပြည်နယ် ဒကစမှူးမှ စစ်တွေမြို့နယ် အတွင်းရှိ ကျေးရွာ ရယက ဥက္ကဌများအား လွန်ခဲ့သော အပတ်က စစ်တွေ တပ်နယ်ရှိ ဗန္ဓုလခန်းမသို့ ခေါ်ယူပြီး ပြောကြားခဲ့သည်။
စပါးအ၀ယ်ဒိုင်များကို စစ်တွေမြို့နယ်ရှိ မာန်စီ၊ ၀ါဘို၊ ကြက်ကိုင်းတန်း၊ မောင်နီပြင်၊ ရာတန်ရွာ၊ ပါဒလိတ် စသည်များ
ကျေးရွာများတွင် ဖွင့်လှစ် ၀ယ်ယူမည် ဖြစ်သည်။
ကျေးရွာ ရယကများ အနေဖြင့် စစ်တပ် ရိက္ခာအတွက် လိုအပ်သော စပါးများကို ပြည့်မှီအောင် ရရှိရေးအတွက် လယ်သမားများကို စပါးရောင်းချရန် ဆော်သြပေးရန်ကိုလည်း ဒစကမှူးက အစည်းအဝေးတွင် မှာကြားခဲ့ပြီး စပါးများ ၀ယ်ပေးနိုင်သည့် ကျေးရွာ ရယက ဥက္ကဌများကိုလည်း အထူး ကျေးဇူးတင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ကျေးရွာသားများ အနေဖြင့် စစ်တပ်က၀ယ်သော စပါးများကို သတ်မှတ်ထားသော စပါးဒိုင်များ အရောက် ပို့ပေးရန်အတွက် ကျေးရွာ ရယကများက စီစဉ်ပေးရန်လည်း ညွန်ကြားခဲ့သည်ဟု သိရသည်။
စပါး အ၀ယ်ဒိုင်များတွင် စစ်သားများအား တာဝန်ပေးသွားမည် ဖြစ်ပြီး စစ်သားများ ရောက်ရှိလာပါ နေရေးထိုင်ရေးစရိတ်ကို ကျေးရွာသားများက ကုန်ကျခံရမည် ဖြစ်ကြောင်းလည်း ရယက ဥက္ကဌ တဦးက ပြောသည်။
ကျေးရွာများရှိ လယ်ဧကအလိုက် တောင်းခံသည့် စပါးတင်း အရေအတွက်အား မရောင်းချနိုင်က ကျေးရွာ တာဝန်ရှိသူများအား ပြင်းပြင်း ထန်ထန်အရေးယူမည် ဟု ဒကစမှူး မှ ထပ်ဆင့် ညွှန်ကြားထားသည်ဟု သတင်းရရှိသည်။
ယခုကဲ့သို့ စပါး အ၀ယ်ဒိုင်များ ဖွင့်လှစ် စပါးဝယ်မည့် အစီအစဉ်ကို တခြား မြို့နယ်များတွင်လည်း အကောင်အထည်ဖေါ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment