Tuesday, December 16, 2008

မြန်မာသစ်များ တရုတ်-မြန်မာနယ်စပ်မှ ခိုးထုတ်



NEJ/ ၁၆ ဒီဇင်ဘာ ၂၀၀၈
line

pakis

မြန်မာနိုင်ငံဘက်မှ သစ်များ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မန္တလေး-မူဆယ်လမ်းကြောင်းအတိုင်း ကားအစီး (၁ဝ) ကျော်ထက်မနည်းရှိသည့် ဆယ့်နှစ်ဘီး၊ ဆယ်ဘီးကားကြီးများဖြင့် အပတ်စဉ် တင်ပို့နေသည်။

နိုဝင်ဘာတတိယပတ်အတွင်းမှစ၍ သစ်များသယ်ဆောင်နေရာ ဒီဇင်ဘာ (၁၃) ရက်နေ့က တစီးလျှင် တန်ချိန် (၂ဝ) ဝန်းကျင် တင်ဆောင်ထားသည့် ကားအစီး (၁၇) စီး တရုတ်ပြည်၊ ရွှေလီမြို့ကို ဝင်ရောက်ခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်းက “တပတ်တကြိမ်လောက်ဝင်တယ်။ တကြိမ်ကို အနည်းဆုံး (၁ဝ) စီးလောက်ရှိမယ်။ တနေ့က (၁၇) စီးရှိတယ်။ ဒီတခေါက်တော့ များတယ်။ နောင်တောင်းဘက်သွားတဲ့လမ်း ရွှေလီအထွက်က သစ်စက်မှာ ချတယ်။ အဲဒီသစ်တွေက ကျားဝေဆိုတဲ့ တရုတ်ကုမ္ပဏီက ပိုင်တာ။ သစ်တွေလည်း သူ့သစ်တွေပဲ။ အဲဒီမှာ သစ်တွေ အတော်လေး ရောက်နေပြီ” ဟု ပြောသည်။

သစ်များကို ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နောင်အင်ကျေးရွာအနီးရှိ သစ်ပုံကွင်းမှ သယ်ဆောင်လာခြင်း ဖြစ်ပြီး တတန်ကို ကျပ် (၂၇,၀၀၀) ၊ ဓာတ်ဆီ (၇) ဂါလန်နှုန်းဖြင့် သစ်ကုမ္ပဏီကပေး၍ သယ်နေကြခြင်းဖြစ် ကြောင်း သစ်သယ်ပေးလာသူ ကားသမားတဦးက ပြောသည်။

၎င်းက “လားရှိုးမှာ (၂) ရက်လောက်ကြာတယ်။ ဌာနဆိုင်ရာလက်မှတ်တွေ၊ တိုင်းဖြတ်ကျော်ပါမစ်တွေ စောင့်ရတယ်။ (၁ဝ၅) မိုင်မှာလည် စောင့်ရတယ်။ သစ်တွေတင်တာ၊ ဟိုမှာစစ်၊ ဒီမှာစစ်ဆိုတော့ အားလုံး (၁၀) ရက်ကျော်ကြာတယ်။ ကတ္တားကြေး၊ လမ်းကြေးတွေကို ကိုယ်ကပဲပေးရတာ။ သစ်က (၁၈)၊ (၁၉)၊ တန် (၂ဝ) တင်တယ်။ တန်ပိုတင်တဲ့အတွက် (၃) သောင်းလောက်ပေးရတယ်။ လမ်းကြေးက သီပေါကနေ ဒီအထိ လမ်းကြေးဆောင်ရတဲ့ဂိတ် (၇) ဂိတ်လောက်ရှိတယ်။ (၂) ဂိတ်လောက်ပဲ အနည်းအကျဉ်းပေးရတယ်။ ကျန်တဲ့ (၅) ဂိတ်က တဂိတ်မှာ (၈,၅ဝဝ) ပေးရတယ်။ ဆိုတော့ အဲဒီအတွက်က (၅) သောင်းလောက်ကုန်သွားပြီ။ စားစရိတ်က တရက် (၁) သောင်းဆို (၁) သိန်းကျော်ကျတယ်။ သိပ်တော့ မကိုက်ဘူး” ဟု ပြောသည်။

ယခုသယ်လာသည့်သစ်များမှာ သစ်မာအမျိုးအစားဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်ကတည်းက မြန်မာသစ်တောဌာနက ခုတ်ယူထားသည့်သစ်များ၊ ဖမ်းဆီးရမိသစ်များအား သီပေါနှင့်လားရှိုးအကြားရှိ နောင်အင်ကျေးရွာအနီးတွင် စုပုံထားခဲ့ရာ ယခုအခါ တရုတ်ကုမ္ပဏီကို ရောင်းချထားပြီးဖြစ်၍ ယခုကဲ့သို့ သယ်နေကြခြင်းဖြစ်ပြီး တန်ချိန်မည်မျှအထိ ဝယ်ယူထားသည်ကိုမူ မသိရချေ။

ကမ္ဘာတလွှား စီးပွားရေးလုပ်ငန်းများ ပျက်ပြားဆုတ်ယုတ်ကျဆင်းမှု အကျိုးဆက်အဖြစ် တရုတ်-မြန်မာနယ်စပ်ရှိ မှောင်ခိုသစ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်းများလည်း ထိခိုက်လာပြီး သစ်ဈေးများမှာ ယမန်နှစ်ကထက် ထက်ဝက်ကျော်အထိ ကျဆင်းနေသည်။ ယမန်နှစ်က ကျွန်းသစ်တတန် တရုတ်ယွမ် (၂) သောင်းရှိရာမှ ယခု (၁) သောင်းဝန်းကျင်သာရှိနေပြီး တမလန်းသစ်မှာ တတန်ကို ယွမ် (၄) သောင်းဝန်းကျင်ရှိရာမှ ယခု (၁၄,၀၀၀) သာရှိသည်။



Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်