နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်ဒဏ် ၃ နှစ် ကျခံနေရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ
ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကိုသည် နောက်တိုးအမှုတမှုနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ယခုလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တရားရုံးတွင်အမှုသစ်တမှုနှင့် ရုံးထုတ်ခံခဲ့ရသည်ကို အင်းစိန်ထောင်သို့ ၅ ရက်နေ့တွင်ထောင်ဝင်စာ သွားတွေ့ခဲ့သည့် မိခင်ဖြစ်သူက သိခဲ့ရခြင်း ဖြစ်သည်။
“သားကို ၂ ရက်နေ့က တောင်ကြီးထောင်ကနေ ခေါ်လာတယ်။ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကို ရောက်တယ်။ ကျောက်တံတားကို ခဏဝင်တယ်၊ သားကို အမှုကပ်တယ်၊ နောက်ပိုင်းမှာ အင်းစိန်ကို ပြန်ခေါ်လာတယ်လို့ သားက ပြောတယ်။ သားကို ၎
ရက်နေ့က တကြိမ် ရုံးထုတ်တယ်။ ဘယ်အမှုနဲ့ ထပ်ဆွဲတယ်ဆိုတာ မသိရသေးဘူး” ဟု မိခင် ဒေါ်စိုးစိုးသော်က မဇ္ဈိမကို ပြောသည်။
ယခုလ ၄ ရက်နေ့ ရုံးထုတ်ရာ ရှေ့နေ မပါရှိကြောင်းနှင့် ၁၁ ရက်နေ့ ရုံးထုတ်သည့်အခါ ရှေ့နေ ဦးကျော်ဋ္ဌေး အပါအဝင် ရှေ့နေ နှစ်ဦးက
ပါဝါတောင်းခံလျှင် မည်သည့်အမှုဖြင့် စွဲဆိုသည်ကို သိရမည်ဟု သူက ဆိုသည်။
ဗကသ မှ ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်သည် ၂၀၀၇ ခု ရွှေဝါရောင် တော်လှန်ရေးအတွင်း ပြန်ဖွဲ့ခဲ့သည့် ဗကသ၌ ပါဝင် လှုပ်ရှားခဲ့ပြီးနောက်၊ တိမ်းရှောင်နေရင်း ၂၀၀၈ ခု မတ်လ ၁၆ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။
စီးပွားရေးတက္ကသိုလ် ဂုဏ်ထူးတန်း တက်နေသည့် ၂၇ နှစ်အရွယ် ကိုကျော်ကိုကိုသည် ဗီဒီယိုအက်ဥပဒေဖြင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထောင် ၃ နှစ် ထောင်ဒဏ်ချခံရပြီး၊ ရှမ်းပြည်နယ် တောင်ကြီးထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။ ယခုလဆန်းတွင် ရန်ကုန် အင်းစိန်ထောင်သို့ ထပ်မံပြောင်းရွှေ့ခံခဲ့ရကာ အမှုသစ်တမှုဖြင့် ထပ်မံစွဲဆိုခံရခြင်း ဖြစ်သည်။
No comments:
Post a Comment