ဘုန်းကြီးကျောင်း ဂရမ်များ လိုက်လံစစ်ဆေး
ခိုင်စု | အင်္ဂါနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၈ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ဘုန်းကြီးကျောင်းအချို့အား ရပ်ကွက်အာဏာပိုင်များက ကျောင်းပိုင်မြေ ဂရမ်အထောက်အထားများကို ယခုတပတ်မှ စတင်၍ လိုက်လံစစ်ဆေးနေကြောင်း ကျောင်းတိုက်အချို့ အဆိုအရ သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားချက်ဖြင့် မြို့နယ်အလိုက် ရယက အဖွဲ့ဝင်များက လိုက်လံစစ်ဆေးနေကြောင်း သိရခြင်း ဖြစ်သည်။
“ဦးဇင်းဆီက ဂရမ်ကို မနေ့ကတည်းက ယူသွားတယ်။ အခုထိ ပြန်လာမပေးသေးဘူး။ မေးကြည့်တော့ ဂရမ်အသစ် ထုတ်ပေးမယ်လို့ ပြောသွားတာပဲ။ အရင်တုန်းက ဒီလိုမျိုး မရှိခဲ့ဖူးဘူး” ဟု ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ဘုန်တော်ကြီးကျောင်း တကျောင်းမှ ဦးဇင်းတပါးက မဇ္ဈိမကို မိန့်တော်မူသည်။
ဦးဇင်းက ဆက်ပြီး “သူတို့ထုတ်ပေးထားတဲ့ ဂရမ်ကို ယူပြီး အသစ်ထုတ်ပေးမယ်ဆိုပြီး ယူသွားတာက အရင် ပေး ထားတဲ့ ဂရမ်က အစစ်အမှန် မဟုတ်လို့လား။ သူတို့ ပေးထားတာကို သူတို့ မယုံလို့လား” ဟု မိန့်သည်။
ယနေ့ နံနက်ပိုင်းတွင် တာမွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများကိုလည်း ဂရမ်အထောက်အထားများ တောင်းခံ သွားကြောင်း သိရသည်။
“ဒီနေ့မနက်က ဦးဇင်းတို့ ကျောင်းကို လာပြီး တောင်းသွားတယ်။ မပေးလိုက်ရသေးဘူး။ သာသနာပိုင်မြေ ဟုတ်မဟုတ် စစ်ဆေးတာလို့ ပြောတာပဲ။ တခြားကျောင်းတွေကိုလည်း အဲဒီလို လိုက်တောင်းတယ်” ဟု ယင်းမြို့နယ်ရှိ နာမည်ကြီး ဘုန်းကြီးကျောင်းမှ ဦးဇင်းတပါးက မဇ္ဈိမကို မိန့်ဆိုသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/5237-2010-04-20-12-02-25.html
No comments:
Post a Comment