Thursday, April 8, 2010

စစ်တပ်လခ စားမရ...မှောင်ခို ကယ်ရီ ချနေရတယ်။

သိန်းပေါင်းများစွာတန်ဖိုးရှိ မှောင်ခိုပစ္စည်းများ စစ်ကားတန်းများတွင် ဖမ်းမိ
ခိုင်လင်း/ ၈ ဧပြီ ၂ဝ၁ဝ
ပြီးခဲ့သည့် မတ်လအတွင်း တရုတ်ပြည်ဘက်မှ တင်သွင်းလာသည့် စစ်ကားများပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် တရုတ်နိုင်ငံ လုပ် ကုန်ပစ္စည်းများကို စစ်ဆေးတွေ့ရှိသဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် တပ်ထိန်းအဖွဲ့က သိမ်းဆည်းခဲ့သည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ လားရှိုးမြို့သို့ မောင်းယူလာသည့် စစ်ထရပ်ကား (၁ဝဝ) ခန့်အား လားရှိုးမြို့အဝင် အေးရှားဝေါလ် တိုးဂိတ်၌ တပ်ထိန်းအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့ရာ သိန်း (၂ဝ,ဝဝဝ) ကျော် တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် လားရှိုးဒေသခံက ပြောသည်။

၎င်းက “အဲဒီကားတွေကို ဗိုလ်မှူးတယောက်က တာဝန်ခံပြီး သယ်ယူနေတာ။ အခုသယ်တဲ့ကားက ကားအစီး (၄ဝဝ) ရှိတယ်။ ကားသမား အားလုံးကလည်း ထောက်ပို့တပ်ကတွေချည်းပဲ။ အသုတ်လိုက်ခွဲပြီး မူဆယ်ကနေ သယ်နေတာ။ ကားတွေ သယ်ရင်းနဲ့ ကုန်သည်တွေဆီ က ကယ်ရီပစ္စည်း လက်ခံခဲ့တာ။ အဲဒီလို ဖမ်းမိတော့ ကားတွေတော့ ဆက်ပြီး ထွက်သွားရတယ်။ ကုန်ပစ္စည်းတွေအားလုံး လားရှိုးမှာ ချထားခဲ့ရတယ်။ တာဝန်ရှိသူတွေကို အရေးယူဖို့ ရှိတယ်လို့တော့ ပြောတယ်” ဟု ရှင်းပြသည်။

အဆိုပါ စစ်ကားပေါ်မှ သိမ်းဆည်းရရှိသည့် ကုန်ပစ္စည်းများတွင် တရုတ်လုပ် လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း စသည့်ပစ္စည်းမျိုးစုံပါဝင်ပြီး ကယ်ရီခယူကာ သယ်လာသဖြင့် ကုန်သည်များက အပ်နှံခဲ့ကြကြောင်း တရုတ်-မြန်မာနယ်စပ် ကုန်သည်တဦး က ပြောသည်။

၎င်းက “အဲဒီကားတွေကို တရုတ်ပြည်၊ ကျယ်ဂေါင်ကနေ ယူလာပြီး မူဆယ်လေယာဉ်ကွင်းမှာ ခဏထားတာ။ အဲဒီတုန်းက စစ်သားတွေ ပစ္စည်းလိုက်ရှာတာ ခြေချင်းလိမ်နေတာပဲ။ ကယ်ရီခက ပုံမှန် (၁) သိန်းကျမယ့်ဟာ (၂) သောင်း၊ (၃) သောင်း လောက်နဲ့ သယ်ပေး နေတာ ဆိုတော့ ကုန်သည်တွေလည်း တွက်ခြေကိုက်တယ်ဆိုပြီး အပ်ကြတယ်။ ကျနော်ကတော့ သူတို့နဲ့ မပတ်သက်ချင်တာနဲ့ မလုပ် လိုက်ဘူး။ ဒီက ကုန်သည် တော်တော်များများရဲ့ ပစ္စည်းတွေ ပါနိုင်တယ်။ အဲလိုကိစ္စကျတော့ လူသိခံလို့မဖြစ်တော့ ကိုယ်မပါသလို နေကြတယ်” ဟု ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအား ပုံမှန်ကုန်သွယ်ရေးဖြစ်စေရန် ဆောင်ရွက်နေချိန်တွင် လာဘ်ပေး၊ လာဘ်ယူမှုအား နှိမ်နင်းပြီး မှောင်ခိုကုန်သွယ်မှုကို တိုက်ဖျက်သွားရေးအတွက် နအဖက ကြွေးကြော်နေသော်လည်း မှောင်ခိုကုန်သွယ်မှုမှာ ယနေ့အချိန်အထိ ဆက်လက်ရှိနေဆဲဖြစ်သည်။
http://www.khitpyaingnews.org/news/April2010/8410b.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်