သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 17 2008
ချင်းမိုင် (မဇ္ဈိမ)။ ။ ကယားပြည်နယ် ဖရူးဆိုးမြို့အခြေစိုက် ခြေမြန်တပ်ရင်း - ခမရ ၅၃၁ တပ်မှ တပ်သား ၂ ဦးသည် ကရင်နီ လက်နက်ကိုင်တပ် ထိန်းချုပ်ရာ နယ်မြေသို့ ပြီးခဲ့သည့် တပတ်က ရောက်လာသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်နှင့် ထိစပ်နေသည့် မြန်မာနယ်စပ်ရှိ ကရင်နီတပ်မတော် ထိန်းချုပ်ရာ ဒေသအတွင်းသို့ တပ်သား ၀င်းထွန်းနှင့် ၀င်းမိုးတို့ ယခုလ ၁၁ ရက်နေ့က ရောက်ရှိသည်။
စစ်တပ်အတွက် ထိုင်းနယ်မြေအတွင်း ရိက္ခာဝယ်ယူရန် အခြားတပ်သား ၇ ဦးနှင့် လိုက်ပါလာကာ ၂ ရက်အကြာတွင်
ထွက်ပြေးလာကြခြင်း ဖြစ်သည်။
တပ်တွင်း၌ အရာရှိအရာခံနှင့် အကြပ်တပ်သားများအကြား ခွဲခြားဖိနှိပ်မှုကို မခံမရပ်နိုင်ဖြစ်သဖြင့် ယခုလို ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မ - KSWDC မှ သတင်း ပြန်ကြားရေး တာဝန်ခံ ကိုခူးဂေ က မဇ္ဈိမကို ပြောပြသည်။
သူက "သူတို့ ထွက်ပြေးလာတဲ့ အကြောင်းရင်းက သူတို့က ရှေ့တန်းစစ်မြေပြင်မှာ လှုပ်ရှားနေတယ်ဆိုတော့ သူတို့ရဲ့ ဗိုလ်ကြီး မင်းမင်းအောင်ကနေပြီးတော့ သူတို့ရဲ့အပေါ်မှာ ရတဲ့ လစာတွေကိုလည်း ဖြတ်စားတာတွေ ရှိတယ်၊ တပ်လုံခြုံရေးအတွက် ခြံစည်းရိုး ကာခိုင်းတယ်။ အဲဒီလို လုပ်ခိုင်းတာတွေကို မလုပ်နိုင်လို့ ထွက်ပြေးလာတာ ဖြစ်တယ်လို့ ထွက်ပြေးလာသူက ပြောပြတယ်" ဟု ပြောသည်။
ထွက်ပြေးလာသူ ၂ ဦးသည် ကရင်နီတပ်မတော်တွင် ရောက်ရှိနေပြီး နအဖ စစ်တပ်အား ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြောဆိုထားကြောင်း သိရသည်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ - KNPP အတွင်းရေးမှူး (၂) ခူးဦးရယ်က ''သူတို့ တကယ် နှစ်နှစ်ကာကာ လုပ်မယ်၊ မလုပ်ဘူးဆိုတာ သူတို့ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ကျနော်တို့ဘက်က အခြေအနေအပေါ်မှာ မူတည်ပြီး လက်ခံနိုင်တဲ့ အခြေအနေရှိတယ်ဆိုလို့ရှိရင် လက်ခံတာပါပဲ။ လက်မခံနိုင်ဘူး ဆိုရင်လည်း သူတို့ ဆန္ဒအလိုက် နေနိုင်တဲ့နေရာမှာ နေနိုင်ဖို့ပဲ ကျနော်တို့ ကူညီပေးဖို့ တာဝန်ရှိပါတယ်'' ဟု ပြောသည်။
No comments:
Post a Comment