Friday, October 29, 2010

ဒေါ်အောင်ဆန်းစုကြည်အမှု ဖွတ်များ အောင်းရာ သေပြည်တော်တွင် ကြားနာ

မင်းနိုင်သူ Friday, 29 October 2010 18:06
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နေပြည်တော်ရှိ တရားရုံးချုပ်က ယနေ့ လက်ခံကြားနာ စစ်ဆေး ခဲ့သည်။


၂၀၀၇ ခု အောက်တိုဘာ ၆ ရက်က အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာ သံရုံးအပြင်ဘက်တွင် မြန်မာ့အရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို သံတိုင်အနောက်တွင် ထားပြီး သရုပ်ဖော် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - Getty Images)
ယနေ့ တရားရုံးချုပ် ကြားနာမှုနှင့် စပ်လျဉ်း၍ NLD ဒုဥက္ကဌ ဦးတင်ဦးက “ဒီနေ့ မနက် ၁၀ နာရီတိတိမှာပဲ တရားသူကြီးချုပ် ဦးအောင်တိုး အပါအ၀င် တရားသူကြီး ၃ ဦးပါ အဖွဲ့က အမှုကို စတင် ကြားနာပါတယ်။ ဒီဘက်က ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့က အယူခံလျှောက်လဲချက်ပေးပြီး တဘက်ရှေ့နေကလည်း လျှောက်လဲချက်ပေးပါတယ်။ လိုက်ပါသွားကြတဲ့ ပါတီဝင်တွေကိုလည်း တရားရုံးချုပ်က ၀င်ရောက် နားထောင်ခွင့်ပြုခဲ့ပါတယ်။ နေ့လည် ၁ နာရီလောက်မှာ သူတို့ နှစ်ဘက် လျှောက်လဲချက် ပေးပြီးပြီလို့ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ကြားနာမှုသည် နေအိမ်အကျယ်ချုပ် အယူခံအတွက် နောက်ဆုံးတရားခွင်ဖြစ်ခဲ့ပြီး မည်ကဲ့သို့ ဆုံးဖြတ်သည်ကိုမူ တရားရုံးချုပ်က ချက်ခြင်းမထုတ်ပြန်သေးပေ။

“ဒီလိုကိစ္စမျိုးက ချက်ခြင်း ဆုံးဖြတ်ချက်ချလေ့မရှိပါဘူး။ သူတို့ နှစ်ဘက် လျှောက်လဲချက်တွေအပေါ် စဉ်းစား ဆုံးဖြတ်ပြီးမှ တရားရုံးချုပ်တွေမှာ ထုတ်ပြန်ပါလိမ့်မယ်။ အဲဒါကို ကျနော်တို့က စောင့်ကြည့်ကြရမှာပါ။ ဒီတပတ် သောကြာနေ့မှာ ကြားနာတဲ့ အမှုကို နောက်တပတ် သောကြာမတိုင်မီမှာ ထုတ်ပြန်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ကျနော့်ထင်မြင်ချက်ပါ” ဟု ဦးတင်ဦးက ဆိုသည်။

နေအိမ်အကျယ်ချုပ်လျှောက်လဲချက် ပေးခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် ယနေ့ ရန်ကုန်သို့ ပြန်လာနေကြဆဲ ဖြစ်သဖြင့် မည်ကဲ့သို့ လျှောက်လဲချက်ပေးခဲ့ကြသည်ကိုမူ မသိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့ ခရီးထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။

နေအိမ်အကျယ်ချုပ်ဖြင့် နေရစဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောက ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဝင်ရောက်ခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းရာ လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံခဲ့ရသည်။

ထို့နောက် တရားရုံးချုပ် (ရန်ကုန်) က ယခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ပြန်လည် လက်ခံကြားနာခဲ့ပြီး နေပြည်တော် တရားရုံးချုပ်တွင် ဆက်လက်ကြားနာရန် ဆုံးဖြတ်ပေးခဲ့သည်။

နေပြည်တော်တရားရုံးချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်ဖြင့် ချထားသော နေအိမ်အကျယ်ချုပ် ၁၈ လ ပြည့်ရန် ၁၅ ရက် အလိုတွင် လက်ခံ ကြားနာခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဘိလပ်မြေစက်ရုံအတွက် ဖွတ် ပါတီပိုင် ကုမ္ပဏီက လယ်မြေသိမ်းမည်

ဝီရ / ၂၉ အောက်တိုဘာ ၂၀၁၀
ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်အတွက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ နှီးဒုံးရွာသားတို့၏ လယ်ယာမြေ ဧကပေါင်း (၄၀၀) ကျော်ကို ကြံ့ဖွံ့ပါတီပိုင် ကုမ္ပဏီက သိမ်းယူမည် ဖြစ်ကြောင်း မွန်လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့ (HURFOM) က ပြောသည်။

HURFOM မှ အချက်အလက်စုဆောင်းရေး တာဝန်ခံ နိုင်အဲမွန်က “နှီးဒုံးရွာက လယ်မြေ (၄၂၅) ဧကကို သိမ်းဖို့ မြေတိုင်းစာရင်းဦးစီးဌာနနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေက ရွာသားတွေကို ခေါ်ပြီး အစည်းအဝေးလုပ်တယ်။ မြေပုံတွေနဲ့ ပြပြီး စပါးရိတ်သိမ်းချိန် နောက် (၂) လလောက်ဆို ဘိလပ်မြေစက်ရုံဆောက်ဖို့ သိမ်းမယ်တဲ့။ လျော်ကြေးကိစ္စလည်း မပြောဘူး။ အဲဒီစီမံကိန်းမှာ လုပ်တဲ့ကုမ္ပဏီက တာဝန်ရှိသူတွေဆိုတာ ကြံ့ဖွံ့ပါတီက လူကြီးတွေချည်း ဖြစ်နေတော့ ဒီကိစ္စအတွက် ရွာသားတွေက ဘယ်ကို တိုင်ကြားရမလဲ မသိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

နှီးဒုံးတောင် ဘိလပ်မြေစက်ရုံစီမံကိန်းကို Hexa International ကုမ္ပဏီက တည်ဆောက်ပေးမည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကို ကြံ့ဖွံ့ပါတီ၏ ရန်ပုံငွေအတွက် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်အဲမွန်က “အရင် ကြံ့ဖွံ့အသင်းကတည်းက ဒီစီမံကိန်းကို စလုပ်ဖို့ ရည်ရွယ်ခဲ့တယ်။ အခု ကြံ့ဖွံ့ပါတီ ဖြစ်တော့မှ အကောင်အထည်ဖော်ဖြစ်တာ။ ကျနော်တို့လေ့လာတွေ့ရှိချက်အရ ဒီစီမံကိန်းဟာ ကြံ့ဖွံ့ပါတီက တာဝန်ရှိသူတွေ ရှယ်ယာဝင်တွေ အားလုံး ဖြစ်နေတယ်။ နာမည်ခံတာက Hexa ကုမ္ပဏီပေါ့”ဟု ပြောသည်။

အမြင့်ပေ (၂၀၀) ရှိသော နှီးဒုံးတောင်သည် ထုံးကျောက်ပမာဏ တန်ချိန် (၁၅) သန်းကျော် ထုတ်လုပ်နိုင်သော ဒေသတွင်း ဒုတိယအကြီးဆုံး ဘိလပ်မြေစက်ရုံ ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီသည် အဓိကအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်ရုံတည်ထောင်ခြင်း သာမက ဘဏ်လုပ်ငန်းများတွင် ရှယ်ယာဝင်ထားကြောင်း အောက်တိုဘာ (၂၇) ရက်နေ့က ကြံ့ဖွံ့ပါတီဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဖြေကြားခဲ့သည်။ သို့သော် မည်သည့်ကုမ္ပဏီ၊ လုပ်ငန်းများတွင် ရင်းနှီးထားကြောင်း ဖြေကြားခြင်း မရှိပေ။

ဘိလပ်မြေ ထုတ်လုပ်မည့် နှီးဒုံးတောင် အောက်ခြေရှိ လှိုဏ်ဂူတွင် လွန်ခဲ့သည့် နှစ်ပေါင်း (၄၀၀) ကျော်က ဗုဒ္ဓဆင်းတုတော် အပါအဝင် ကျောင်းဆောင်၊ ဂူဘုရားများ၊ ကျောက်စာတိုင်များ၊ ရှေးဟောင်းပန်းချီကားချပ်များ၊ မှင်စာများ စသည့် ရှေးဟောင်းအမွေအနှစ်များလည်း တည်ရှိနေကြောင်း နိုင်အဲမွန်က ပြောသည်။

အဆိုပါ မြေယာများသည် နိုင်ငံတော်အစိုးရ၌ တရားဝင် မှတ်ပုံတင်ပြီး မြေယာအခွန်ဆောင်ထားခြင်း မရှိသေး၍ ပိုင်ရှင်မရှိကြောင်း ထောက်ခံပေးရန် မြို့နယ်မြေတိုင်းဦးစီးဌာနက ကျေးရွာဥက္ကဋ္ဌအား ဖိအားပေးမှု ရှိခဲ့ကြောင်း ဒေသခံတို့ကပြောသည်။

မြန်မာနိုင်ငံသည် တနှစ်လျှင် ဘိလပ်မြေ လိုအပ်မှု ပမာဏ တန်ချိန် (၃) သန်းအနက် တန်ချိန် (၁) သန်း ဝန်းကျင်သာ ထုတ်လုပ်နိုင်သေး၍ လိုအပ်မှု လျော့ချရန် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ပျားတောင်၊ ကော့ကလွတ်တောင်နှင့် နှီးဒုံးတောင်တို့မှ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း မွန်လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တနှစ် ဘိလပ်မြေ တန်ချိန် (၁) သိန်း ထုတ်လုပ်နိုင်သော အဆိုပါဒေသ ကော့ပနော့ရွာအနီးရှိ ပျားတောင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ဒေသခံတို့၏ ခြံမြေဧကပေါင်း (၁၀၀၀) ကျော်ကိုလည်း ယခုလဆန်းပိုင်းက စတင်သိမ်းယူခဲ့သည်။

“ဘိလပ်မြေစက်ရုံက ထွက်တဲ့ အနံ့ဆိုးတွေ၊ လေထုညစ်ညမ်းတာတွေနဲ့ ဒိုင်းနမိုက် ဖောက်သံတွေကြောင့် အဲဒီတဝိုက်က ရွာသားတွေ ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်ပါတယ်။ သောက်ရေ ရှားပါးတာ၊ စက်ရုံထုတ် ဓါတုပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းပြီး ရေလမ်းကြောင်း ပြောင်းလာနိုင်တာ၊ ရာသီဥတု မမျှတတာတွေ ဖြစ်လာနိုင်တယ်”ဟု နိုင်အဲမွန်က ပြောသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, October 28, 2010

မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ်ရာရရှိ

Submitted by Karen Information Center on Wednesday, 27 October 2010No Comment
အောက်တိုဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ မဲပုံးသယ်ယူလာသည့် နအဖ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က ယမန်နေ့ မနက် ၁၀း၄၀နာရီအချိန် ၌ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ဦးသေဆုံး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဒု-ဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်ပြီး အင်အား ၆၀ခန့်ရှိ အဆိုပါ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၈)လက်အောက်ခံ ခမရ (၄၀၅)တပ်ရင်း စစ်ကြောင်း(၁)သည် လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲပုံးသယ်လာခဲ့ ရာ အာပလုံနှင့် လှိုင်သာယာရွာကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကေအဲန်အယ်လ်အေ တပ်မဟာ(၆)မှ ပြောခွင့်ရသူ ဗိုလ်မှူးစောထဲနေက “ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ကျနော်တို့ ကို သတင်းပို့ချက်အရတော့ နအဖ ၂ယောက် ကျဆုံးပြီး ၃ယောက် ဒဏ်ရာရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနယ်မြေမှာ လှုပ် ရှားနေတဲ့ နအဖတပ်ကိုတော့ လစ်ရင်လစ်သလို အမြဲတိုက်ခိုက်တာပဲ။ ဒီမနက်မှာလည်း တပွဲ ထပ်ဖြစ်သေးတယ်လို့ ကြား တယ်။ ထိခိုက်မှုကတော့ ဘာမှ အကြောင်းပြန်ကြားလာတာ မရှိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြုပြောဆိုသည်။

အပစ်ခံရသည့် နအဖ စစ်တပ်မှ တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသော်လည်း အဆိုပါစစ်တပ် အသိုင်းအ၀ိုင်းဘက်မှ ၎င်းတို့ ရဲဘော် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုပြောကြောင်း အမည်မဖော်လိုသူ ကြာ အင်းဆိပ်ကြီးမြို့နယ်မှ ဒေသခံတဦးက ဆိုသည်။

သူက “သူတို့(နအဖ) စစ်တပ်အရာရှိပြောတာတော့ အဲဒီအတိုင်းပဲ။ သူတို့လာတာက မဲပုံးကြောင့်ပါ။ ရွေးကောက်ပွဲကျရင် ဘုရားသုံးဆူမှာ မဲထည့်ရမယ်လေ။ မဲပုံးမရှိသေးတဲ့အတွက် သူတို့(နအဖ)က မဲပုံးသယ်လာတာ အပစ်ခံရတာပဲ။ သူတို့ သယ် လာတဲ့ မဲပုံးက ၅ပုံးပေါ့နော်။ တပုံးက ချောင်းဆုံမှာ၊ လေးပုံးက ဘုရားသုံးဆူမှာလို့ ကြားတယ်။”ဟု ရှင်းပြသည်။

ယမန်နေ့က တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ တက်လာသည့် အဆိုပါ နအဖ ခမရ(၄၀၅) တပ်ရင်းသည် ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ ရွာသားများကို လမ်းပြအဖြစ် ခေါ်ယူမှုများရှိခဲ့ပြီး ကွီးကချောကျုရွာ၌ ကေအဲန်ယူ သစ်တောအရာရှိတစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသော်လည်း ကေအဲန်ယူမှ တရားဝင် သတင်းထုတ်ပြန် မရှိသေးပါ။

အင်အား ၁၀၀ကျော်ရှိသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၅)တပ်ရင်း၏ စစ်ကြောင်း(၁)နှင့် (၂)တို့မှာ ချောင်းဆုံ ရွာတွင် အခြေစိုက်လျှက်ရှိပြီး ယခု မဲပုံးသယ်ယူလာသည့် တပ်ဖွဲ့မှာ စစ်ကြောင်း(၁)တပ်ဖွဲ့ဖြစ်သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျောက်ဖြူမှာ လျှပ်စစ်နှင့် ဖုန်းလိုင်းများ ပြတ်တောက်

ခိုင်စု | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဂီရိမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ယခုထိ လျှပ်စစ်ဓာတ်အားနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်သည်။

ယခုလ ၂၂ ရက်နေ့တွင် တနာရီလျှင် မိုင် ၁ဝဝ ကျော်နှုန်းဖြင့် ဂီရိ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ နေအိမ်များ၊ အဆောက်အဦးများ၊ လျှပ်စစ်မီးတိုင်များနှင့် ဖုန်းလိုင်းကြိုးများ လဲပြိုပျက်စီးခဲ့ရာ ၅ ရက်ကြာသည့်တိုင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေဆဲ ဖြစ်သည်။

“အခုထိ လျှပ်စစ်မီး မလာသေးဘူး။ ဘယ်တော့ လာမလဲ မသိသေးဘူး၊ ဒါတွေကို ရှင်းထုတ်ပြီး ပြန်တည်ဖို့တောင် ကြာဦးမယ်။ အခုတော့ ညဘက်မှာ ဖယောင်းတိုင်မီး သုံးတယ်။ ကြိုးဖုန်းလိုင်းရော မကောင်းသေးဘူး။ ကမ်းရိုးတန်း ဖုန်းနဲ့ပဲ သုံးရတယ်။ မီးမလာတော့ ကမ်းရိုးတန်းဖုန်းက ဘက်ထရီ ကုန်သွားရင်လည်း အဆက်အသွယ် ခက်တယ်” ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP မှ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးဘရှင်က မဇ္ဈိမကို ပြောသည်။

သဘာဝ ဓာတ်ငွေ့နှင့် ရေနံထွက်ရှိရာ ကျောက်ဖြူတွင် ပုံမှန်အားဖြင့် အစိုးရက တနေ့လျှင် ညနေ ၆ နာရီမှ ည ၁၁ နာရီထိ ပေးလေ့ရှိသည်။

ယမန်နေ့ထုတ် ကြေးမုံသတင်းစာ၌ ကျောက်ဖြူမြို့နယ်တွင် နေအိမ်အလုံး ၁ဝဝဝ ကျော်၊ ဌာနအဆောက်အဦး ၄ဝ၊ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

ကျောက်ဖြူရှိ ဒုက္ခသည် ၂ဝဝဝ ခန့်သည် ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများ၊ စာသင်ကျောင်းများ၌ ခိုလှုံလျက်ရှိရာ၊ စစ်အစိုးရက မုန်တိုင်းထိ ရပ်ကွက်တခုကို ဆန်ထောက်ပံ့ခဲ့သော်လည်း ရေစိုဆန်များ ပါနေသည်ဟု ဒေသခံနှင့် ယင်းဒေသသို့ ရောက်ရှိနေသော မဇ္ဈိမ သတင်းထောက်က ပြောသည်။

မြို့ပေါ်တွင် အစိုးရ အထောက်အပံ့ ရသော်လည်း နယ်ဘက်သို့ မရောက်ရှိကြောင်း ဇင်ချောင်းကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

မြေပုံမြို၊ ကျောက်ဖြူ၊ ပေါက်တောမြို့နယ်များတွင် သေဆုံးသူ ၁ဝ၂ ဦး ရှိပြီဟု RNDP က ပြောသည်။

“ကျနော်တို့ ပါတီဝင်တွေကတဆင့် ရထားတဲ့ စာရင်းက ပေါက်တောမှာ ၁၁ ယောက်၊ မြေပုံမှာ ၆၄ ယောက်၊ ကျောက်ဖြူမှာ ၂၅ ယောက် ဖြစ်ပါတယ်။ ကျနော်တို့ဆီက ကယ်ဆယ်ရေးအဖွဲ့လည်း သွားနေကြပါပြီ” ဟု RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

ထိခိုက်မှု အများဆုံးမှာ မြေပုံမြို့နယ်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများမှ ၉ဝ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ဒုတိယ အများဆုံးပျက်စီးသည့် ကျောက်ဖြူရှိ ငါးပုစွန်ဒိုင်နှင့် စက်လှေများမှာ ဆိုးရွားစွာ ပျက်စီးသွားကြောင်း သိရသည်။

ဂီရိသင့် ဒေသများရှိ ရွာ ၇၁ ရွာမှ လူပေါင်း ၁ သိန်း ၇ သောင်း ၇ ထောင်ခန့် မုန်တိုင်း ဒဏ်ခံခဲ့ရသည့်အနက် ၁ သောင်းခန့်မှာ မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည်ဟု ယနေ့ထုတ် ရန်ကုန် ကုလရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ မုန်တိုင်းသင့် ဦးရေမှာလည်း မျှော်လင့်ထားသည်ထက် များလာနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ဂိရိသင့်ဒေသမှ သတင်းအချက်အလက်များ ပြည်စုံစွာ မရရှိခြင်းမှာ ဆက်သွယ်ရေး ချို့တဲ့မှုကြောင့်ဟု ရန်ကုန်ရှိ ကုလရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီဒေသမှာ နံပါတ်တစ် အဆင်မပြေတာက ဆက်သွယ်ရေး၊ တယ်လီဖုန်းလိုင်းတွေလည်း တော်ရုံ အဆင်မပြေဘူး။ နေရာတွေကို ရောက်အောင် သွားဖို့ဆိုတာကလည်း ရေလမ်းကပဲ သွားရတယ်။ ဒီအပေါ်မှာ မူတည်ပြီး ဒေတာတွေက တတ်နိုင်သမျှ စုဆောင်းထားရတာပေါ့လေ” ဟု သူက ဆိုသည်။

သူက ဆက်ပြီး “အချိန်အတော်ယူရမယ်။ သူတို့ရဲ့ စပါးစိုက်ခင်းတွေ၊ အသက်မွေးဝမ်းကျောင်း အလုပ်တွေလည်း တော်တော်ပျက်စီးသွားတယ်။ ဒါတွေကို နေ့ချင်းညချင်း ပြန်တည်ဆောက်နိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခုချိန်တွင် မုန်တိုင်းသင့် ဒေသများရှိ ပြည်သူများမှာ လာမည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

“ရွေးကောက်ပွဲကို ခေါင်းထဲ မထည့်နိုင်ပါဘူး၊ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတယ်။ သူများတွေ မပြောဘူး။ ကိုယ့်အိမ်ရာ မြေကွက်တောင် အမှိုက်ပုံနေလို့ ရှာမရဘူး။ လမ်းတွေမှာလည်း အမှိုက်ပုံဖြစ်နေတယ်။ ရှင်းလင်းဖို့တောင် ကြာဦးမှာ” ဟု မြေပုံမြို့နယ် ငါးပသုံရွာမှ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

ဂီရိသင်ဒေသများဖြစ်သော ကျောက်ဖြူနှင့် မြေပုံမြို့နယ်တွင် ရွေးကောက်ပွဲကို တလခန့် ရွှေ့ဆိုင်းပေးရန် RNDP က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ယနေ့တွင် စာရေးသား တောင်းဆိုခဲ့သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒုတိယဗျ ဒုတိယ အောက်ကနေ ရေတွက်ရင်

ခြစားမှု အများဆုံး နိုင်ငံစာရင်း မြန်မာ ဒုတိယချိတ်
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၀ မိနစ် ချင်းမိုင် (မဇ္ဈိမ)။ ။ လာဘ်ပေးလာဘ်ယူ အနည်းအများ ၁၇၈ နိုင်ငံစာရင်းတွင် မြန်မာသည် အဆင့် ၁၇၆ ဖြင့် ဇယား အောက်ခြေတွင် ဆက်လက်တည်ရှိနေသည်။

နိုင်ငံတကာ လာဘ်ပေးလာဘ်ယူမှု လေ့လာရေးအဖွဲ့က ယမန်နေ့ ထုတ်ပြန်သည့် ၂ဝ၁ဝ လာဘ်ပေးလာဘ်ယူ အညွှန်းကိန်းတွင် မြန်မာက အာဖဂန်နစ္စတန်နှင့်အတူ အဆင့် ၁၇၆ ဖြင့် ရှိနေကာ ၎င်းတို့နောက်တွင် အဆင့် ၁၇၈ ဖြင့် အရှေ့အာဖရိကက ဆိုမာလီယာသာ ကျန်တော့သည်။

လာဘ်စားမှု အရှိဆုံးကို သုည သတ်မှတ်ပြီး လာဘ်ပေးလာဘ်ယူ အကင်းဆုံးကို ၁ဝ သတ်မှတ်ကာ အမှတ်ပေး စာရင်းပြုစုရာ နိုင်ငံအရေအတွက် လေးပုံသုံးပုံခန့်သည် ၅ မှတ်အောက်သာ ရရှိကြပြီး မြန်မာသည် ၂ နှစ် ဆက်တိုက် ၁.၄ မှတ်သာ ရရှိခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထဲမှ စင်္ကာပူနှင့် ဘရူနိုင်းသာ ၅ မှတ်အထက် ရရှိပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့လည်း ၃ မှတ် အောက်တွင်သာ ရှိကြသည်။

လေ့လာချက်များအရ နိုင်ငံတနိုင်ငံ၏ အကြမ်းဖက် ရာဇဝတ်မှု ဖြစ်ပွားနှုန်းနှင့် ခြစားနှုန်း တိုက်ရိုက်အချိုးကျနေပြီး ယုံကြည်မှုများ ပြန်လည်တည်ဆောက်ရန်နှင့် လာဘ်စားမှုများ လျှော့ချရန် ပွင့်လင်းမြင်သာမှုနှင့် စာရင်း စစ်ဆေးနိုင်မှုတို့က အဓိက ကျသည်ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုနှင့် စာရင်းစစ်ဆေးနိုင်မှု မရှိသည့်အပြင် နိုင်ငံရေးလည်း မတည်ငြိမ်သဖြင့် လာဘ်ပေးလာဘ်ယူမှု ကြီးထွားလာရသည်။ မြန်မာနိုင်ငံကို စစ်တမ်းကောက်ရာ ရင်းမြစ် ၁၃ ခုမှ ကောက်ရမည့်အစား ၃ နေရာမှသာ စာရင်းကောက်နိုင်ခဲ့သည်။

နိုင်ငံတကာ လာဘ်ပေးလာဘ်ယူ လေ့လာရေးအဖွဲ့က လာဘ်ပေးလာဘ်ယူအဆင့် သတ်မှတ်ရန် အချက်အလက် စုဆောင်းရာတွင် လွတ်လပ်၍ ယုံကြည်ရသော အဖွဲ့အစည်းများထံမှ ကွဲပြားသည့် အကဲဖြတ်ချက်နှင့် ခြုံငုံသုံးသပ်ချက်များကို အခြေခံစုဆောင်းခဲ့သည်။ အစိုးရ အရာရှိများ၏ လာဘ်စားမှု ပမာဏ၊ နိုင်ငံတော် ရန်ပုံငွေ အလွဲသုံးစားမှုများနှင့် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်သည့် စနစ်များ ထိရောက်မှု ရှိမရှိတို့ကို အခြေခံ တွက်ချက်ထားသည်ဟု ဆိုသည်။

ဒိန်းမတ်၊ နယူးဇီလန် နှင့် စင်္ကာပူတို့က ၉.၃ ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ကာ လာဘ်ပေးလာဘ်ယူ အကင်းဆုံး နိုင်ငံများအဖြစ် ရပ်တည်နေသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကျုပ်တို့ ဟုတ်ဖူး

လမ်းခင်းတာ ဖွတ်များ မဟုတ်ရပါဟု ဦးဌေးဦး ငြင်းဆို
မျိုးချစ်သူ
/ ၂၈ အောက်တိုဘာ ၂၀၁၀
ရန်ကုန်လမ်းများကို ကြံ့ဖွံပါတီမှ ခင်းခြင်းမဟုတ်ဘဲ ရန်ကုန်စည်ပင်မှ ခင်းခြင်းသာဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
၎င်းက “လမ်းတွေကို စည်ပင်က ခင်းတာလေ” ဟု ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံပလာဇာအနီးရှိ ကြံ့ဖွံ့ပါတီရုံးချုပ်တွင် အောက်တိုဘာ (၂၇) ရက်၊ ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်တွင် ကြံ့ဖွံ့ပါတီမှ အထွေထွေအတွင်းရေးမှူး၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးဌေးဦးနှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့က ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံမှုတွင် မီဒီယာများက ရန်ကုန်တွင် ခင်းနေသောလမ်းများကို ရန်ကုန်စည်ပင်မှ ခင်းခြင်းလော၊ ကြံ့ဖွံပါတီမှ ခင်းခြင်းလောဆိုသည်ကို ကွဲကွဲပြားပြား သိလိုသောကြောင့် မေးမြန်းရာတွင် မြို့တော်ဝန်က မဖြေလိုကြောင်း ပြောသောကြောင့် ဦးဌေးဦးက မြို့တော်ဝန်အစား ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့နေရာအနှံ့ လမ်းများကို ကြံ့ဖွံပါတီက ရန်ကုန်စည်ပင်နှင့်ပေါင်းကာ ခင်းပေးလျက်ရှိပြီး လမ်းခင်းပြီးပါက လမ်းထိပ်တို့တွင် ကြံ့ဖွံ့ပါတီမှခင်းပေးကြောင်း ကမ္ဗည်းထိုးထားသည်ကိုလည်း တွေ့ရကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။

“လမ်းထိပ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အခမဲ့ခင်းပေးတယ် ဆိုတာပါတယ်၊ ကျမတို့မြို့နယ်မှာ အများကြီးပဲတွေ့တယ်၊ ပါတီအမှတ်အသားနဲ့ သေသေချာချာ လုပ်ထားတာလေ၊ သူတို့က အဲဒါ မဲဆွယ်တာပေါ့” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းနေသူ တဦးက ပြောသည်။

ရန်ကုန်လမ်းများကို ရန်ကုန်စည်ပင်က ခင်းရမည့်အစား ကြံ့ဖွံပါတီက ခင်းပေးနေခြင်းသည် ပါတီအနေဖြင့် ပြည်သူများအား မဲဆွယ်လို၍သာ ခင်းပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုကြသည်။

“သူတို့က စေတနာနဲ့လုပ်တာမှ မဟုတ်တာ၊ အကျိုးလိုလို့ ညောင်ရေလောင်းတာပဲလေ၊ အမှန်ဆိုရင် ရန်ကုန်လမ်းတွေက ပျက်နေတာ ကြာပေါ့၊ စည်ပင်အလုပ်ကို စည်ပင်လုပ်ပေါ့၊ တသက်လုံးက မလုပ်ခဲ့တဲ့လမ်းတွေကို အခုမှလာပြီးတော့ ကြံ့ဖွံ့က လုပ်နေတယ်ဆိုတာ အဖြေက ရှင်းနေတာပဲ” ဟု ပုစွန်တောင်မြို့နယ် ရေကျော်လမ်းမတွင်နေသူ ပြည်သူတဦးက ပြောသည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်ဖြစ်သော မော်နီတာ သတင်းဂျာနယ်တွင် ပြီးခဲ့သည့် (၃) ပတ်ခန့်က ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်ရှိလမ်းများကို ပြည်ခိုင်ဖြိုး( ကြံ့ဖွံ့ပါတီ) ပါတီက ခင်းနေခြင်းဖြစ်ကြောင်း၊ ပါတီဝင်များက လုပ်အားပေးကြကြောင်း၊ အခကြေးငွေပေးရန် မလိုကြောင်း၊ လမ်းခင်းရန် လိုအပ်သောပစ္စည်းများကို ရန်ကုန်စည်ပင်က ကူညီကြောင်း ပြောဆိုထားမှုကို ဝေေ၀ဆာဆာ ဖော်ပြခဲ့သည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, October 27, 2010

အောင်သိန်းလင်းတင် အလှန်ကောင်းတာမဟုတ်ပါ..




မြန်မာပြည်က dancer ခေမီကို ပါတဲ့ ဗျာ...
ကြံဖွတ် အလံနဲ့အပြိုင်..ဘောင်းဘောင်း မှာ..ကြယ်ပွင့်တွေ လင်းလင်းလက်နေပါရဲ့..
ထက်ထက်မိုးဦးက သတင်းထောက်ကို ပါးရိုက်တယ်..
မြို့ဝန်အောင်သိန်းလင်းက သတင်းထောက်ကို ပုဆိုးလှန်ပြတယ်။

ခေမီကိုက..အားကျမခံ..အလံတော် အသစ် မှာတင် ကြယ်ရှိတာ ၀ုတ်ဖူး..
ကျမ မှာလည်း...ကြယ်ရှိတယ်...ဓါတ်ပုံဆရာကို..မတော်ရာလှန်ပြပါတယ်။
မြန်မာနိုင်ငံ..အခု..ဘာနိုင်ငံ ပါလည်း တွေးကြည့်ကြပါ...

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်