Tuesday, January 11, 2011

ကဲ....ဘာဆက်လုပ်ကြမလဲ

တရားမျှတမှု မရှိတဲ့ အခြေခံဥပဒေ ကို လက်မခံပါနဲ့ လို့ ပြည်သူလူထု အကျိုးစီးပွား ပျက်စီးမှာကို မလိုလားတဲ့ ပညာရှင်များက အမျိုးမျိုးနားချခဲ့တာ အားလုံး သိပြီးသားပါ ။ ရွေးကောက်ပွဲ ဆိုတဲ့ ရုပ်လုံးလေးမှာ ဒီမိုကရေစီဆိုတဲ့ အသံလေးပါလာတာနဲ့ ဒီလမ်းက ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်တာပါလို့ထအော် ၊ ပြည်သူလူထုကို ဒီတရားမျှတမှု မရှိတဲ့ အခြေခံ ဥပဒေကြီးကို လက်ခံလာအောင် အမျိုးမျိုးဆွဲဆောင် ၊ ပြည်သူလူထု အခွင့်အရေးပါဆိုပြီး အတင်းမဲပေးဖို့ စည်းရုံး ... ကဲ နောက်ဆုံး ရလဒ်ကဘာလည်း ။ မတရားမှုကို မြတ်နိုးခုံမင်တဲ့ စိတ်ဓါတ်အခံ ရှိသူတွေဟာ တရားမျှတမှု ဆိုတဲ့ စကားကို ရန်သူလို သဘောထားတယ် ဆိုတာ သိသိကြီးနဲ့ ရသလောက်လေး ၀င်တိုးပါရစေ ဆိုပြီး နိုင်ငံ့အရေးကို ကလေးကစားသလို ကစား ၊ မရနိုင်တော့ တိတ်တိတ်လေး လှည့်ပြန်သွားတတ်ကြတဲ့ လူစားများက ပါတီထောင်ထားတာကို အထင်ကြီး လေးစားတတ်ကြတဲ့ ပြည်သူလူထုကို အပြစ်တင် ပြောဆိုနေရင်လည်း အကြောင်းထူးလားမှ မဟုတ်ပါဘူး ။ ရှေ့ကို ဘာဆက်လုပ်သင့်သလည်း ဆိုတာကို ဘဲ သေချာစွာ ပူးပေါင်း စဉ်စားပြီး အဖြေရှာကြည့်စေချင်ပါတယ် ။

ရွေးကောက်ပွဲ ကျင်းပပြီးလို့ ရက်ပေါင်း ကိုးဆယ်ကျော် အကြာမှာ ပထမအကြိမ် လွှတ်တော် ခေါ်ယူပြီးမှ အတည်ပြု ဆုံးဖြတ်ရမယ့် ကိစ္စတွေကို အခုကတည်းက သူတို့ကိုယ်တိုင် ဖောက်ဖျက်ပြီး လုပ်ချင်တိုင်း လုပ်နေတာကို ပြည်သူလူထု ကောင်းစားရေးပါလို့ ထထအော်နေကြတဲ့ ရွေးကောက်ပွဲဝင် ပါတီများက ကန့်ကွက် ပြောဆိုနေတဲ့ အသံများ ခင်ဗျာတို့ ကြားဖူးကြပြီလား ။ ပထမ အကြိမ် အလံလဲလိုက်တဲ့ကိစ္စ ၊ ဒုတိယ အကြိမ် အခွန် အသစ် ကောက်ခံမယ့်ကိစ္စ အခုလည်း လာပြန်ပြီ အသက် ( ၁၈ နှစ် နှင့် ၄၅ နှစ် )ကြား အမျိုးသား များ နှင့် အသက် ( ၁၈နှစ် နှင့်၃၅နှစ် ) ကြား အမျိုးသမီးများ စစ်မှု မထမ်းမနေရ စနစ် တဲ့ ။ ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေမှာ အရွယ်ရောက်ပြီး အမျိုးသားတိုင်း စစ်မှု မထမ်းမနေရ စနစ် ကျင့်သုံးတာ မှန်ပါတယ် ။ ဒီလို စစ်မှု မထမ်းမနေရ စနစ်ကို တကယ် စနစ်ကျစွာ ကျင့်သုံးချင်တယ်ဆိုရင် နိုင်ငံတကာ မှာ နမူနာ ယူစရာ အများအပြားရှိပါလျှက် နှင့် ရူးကြောင်ကြောင် လုပ်ရပ်တွေကို ဥပဒေသဖွယ် ပြဌာန်းလာတာ ဘယ်လို အနေအထားမျိုးနဲ့မှ လက်မခံကြပါနဲ့လို့ ပြည်သူလူထု ကို ရှေးဦးစွာ လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားလိုပါတယ် ။ ကောင်းကျိုးထက် ဆိုးကျိုးတွေ များတဲ့ အာဏာရှင်တို့ လုပ်ရပ်မှာ တရားမျှတတယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို တခါတရံမျှတောင် ကြက်ကန်းဆန်အိုး တိုးပြီး သူတို့ လုပ်လိုက်လိုက်လို့ ပြည်သူလူထု အကျိုးရှိပါတယ်ဆိုတာ မတွေ့မြင်ခဲ့ရသေးတော့ ဒီကိစ္စကြီးကလည်း သားတကွဲ ၊ မယားတကွဲ ဖရိုဖရဲ့ ဖြင့်မိသားစု အသိုက်အမြုံတွေကို ပျက်စီးစေမယ့်ကိစ္စကြီးဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဆိုးကျိုးတွေ သက်ရောက် စေနိုင်တယ်လို့ ထင်မြင် ယူဆမိပါတယ် ။

နိုင်ငံတကာမှ ကျင့်သုံးတဲ့ တနိုင်ငံလုံး စစ်မှု မထမ်းမနေရ စနစ် ကျင့်သုံးတဲ့ စနစ်မှာ ဘုရင့်သားသမီးတောင် ရှောင်လွှဲလို့မရဘူးနော် ။ မြန်မာနိုင်ငံမှာကော အဲဒီလို ကျင့်သုံးမယ်လို့ ခင်ဗျာတို့ တထစ်ချ ယုံကြည်ထားလား ။ စစ်မှုထမ်းရင် လက်နက်ကိုင်ရမယ် ၊ လက်နက်ကိုင်ရင် ပြန်တိုက်လို့ရမယ် လို့ ဖြေသိမ့်တဲ့အတွေးနဲ့ တွေးကြည့်ရင်လည်း တွေးလို့တော့ ရတာပေါ့ဗျာ ။ ဒါပေမယ့် သူတို့က ဘယ်လို လူမျိုးကို ရွေးချယ်ပြီး စစ်မှု ထမ်းခိုင်းမလည်း ၊ ဘယ်လို ပုံစံတွေနဲ့စစ်မှု ထမ်းခိုင်းမှာလည်း ဆိုတာ သူတို့တွေရဲ့ ယုတ်မာလှတဲ့ စိတ်ထား အပေါ်မှာ အခြေခံပြီး စဉ်စားစေလိုပါတယ် ။ ကျူးကျော်စစ်တွေ ချုပ်ငြိမ်းနေတဲ့ စစ်အေးကမ္ဘာ မှာ အာဏာကို တည်မြဲချင်တဲ့ စိတ်ဆန္ဒနဲ့ ကိုယ့်လူမျိုး အချင်းချင်း ရန်တိုက်ပေးပြီး သူတို့ကဘဲ ကာကွယ်ပေးသယောင် ဖန်တီးထားတဲ့ အာဏာရှင်တို့ စနစ်ဆိုးအောက် မှာ စစ်မှု ထမ်းခဲ့ရင် ဘယ်သူတွေနဲ့ တိုက်ရမှာလည်း ရှင်းလင်း ထင်ရှားနေပါတယ် ။ တရံတခါမှ ရိုးသားတဲ့ အလုပ်ကို လုပ်ဆောင်ခဲ့ခြင်း မရှိတဲ့ အာဏာရှင်တွေရဲ့ အယောင်ပြ ရွေးကောက်ပွဲမှာ စိတ်ဝမ်းကွဲခဲ့သလို အခုကိစ္စမှာ စိတ်ဝမ်းကွဲမှာ ဆိုးလို့ သတိကြီးစွာ ထားစေချင်ပါတယ် ။

နိုင်ငံရေး အလုပ်ဆိုတာ နိုင်ငံရေး လုပ်ရှားသူတွေနဲ့ ဘဲ သက်ဆိုင်တဲ့ ကိစ္စပါလို့ ထင်ထားကြပြီး ကြားနေ၀ါဒပါလို့ မျက်လုံး စုံမှိတ်ကြွေးကြော် နေတာ တဖက်တလမ်းက အာဏာရှင် စနစ်ကို အထောက်အပံ့ပေးနေတာနဲ့ တူတူပါဘဲ ဆိုတော့ ငါတို့ ထမင်း မငတ်သေးပါဘူးလို့ ပြောနေကြသူများလည်း စစ်မှုထမ်းရမယ့် စာရင်းထဲမှာ ပါတယ်ဆိုတာလေးကို စဉ်စားပြီး ဒီစာလေးတော့ ဆုံးအောင် ဖတ်စေချင်တယ်ဗျာ ။ သူတို့တွေ သတ်မှတ်ထားတဲ့ အသက်အပိုင်း အခြားက တကယ့်ကို အရွယ်ကောင်းလေးတွေလေ... ။ ဒီလူတွေ အကုန် စစ်မှု ထမ်းရင် လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်တွေကို ဘယ်သူတွေက လာရောက် လုပ်ကိုင်ကြမှာလည်း ။ စစ်အေး ကာလမှ တိုင်းပြည် ဘဏ္ဍာငွေကို စစ်လက်နက် တပ်ဆင်ခြင်း နှင့် ကာကွယ်ရေး အသုံးစရိတ်တွေမှာ အသုံးချနေရတာ မလောက်လို့ အခု ပြည်သူလူထုထဲက တကယ့်အရွယ်ကောင်းတွေကို ရွေးထုတ်ပြီး တိုင်းပြည်ကို စတင် ဖျက်စီးတော့မယ်ဗျာ ။ တိုင်းပြည်တပြည်ရဲ့ အဓိက ၀င်ငွေဆိုတာ တိုင်းပြည် သယံဇာတ တွေ ထုတ်လုပ်ရောင်းချ တာလောက်ကိုသာ သိနားလည်ထားတဲ့ အာဏာရှင်တွေ ရဲ့ အသိဥာဏ်မှာ ပြည်သူလူထု အတွက်ပါလို့ စဉ်စားတတ်တဲ့ ဥာဏ် ပျောက်ဆုံးနေတာ နှစ်ပေါင်း များစွာ ကြာခဲ့ပါပြီ ။

တိုင်းပြည် အဖက်ဖက်က ဆုတ်ယုတ်လို့ ပြည်သူလူထု ဘ၀တွေ ငတ်မွတ်ခေါင်းပါးခြင်း ဆိုတဲ့ အကျိုးဆက်တွေ အပြင် ရာသီဥတုက နှိပ်စက်လို့ ဘ၀ ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ နဲ့ ဒုက္ခရောက် ၊ အလုပ်အကိုင်တွေ မဖန်တီပေးနိုင်လို့ လူငယ်တွေ လမ်းမှားတွေပေါ်ကို ရောက်ပြီး အကျင့်စာရိတ္တ မဏ္ဍိုင် ယိမ်းယိုင်နေချိန်မှာ တိုင်းပြည် အကျိုးစီးပွား ဖြစ်ထွန်းစေမယ့်  ကိစ္စတွေ မြောက်များစွာ ဆောင်ရွက်စရာ ရှိပါလျှက် နှင့် စိတ်ကူးပေါက်သမျှ ထလုပ်တတ်သည့် အာဏာရှင်တို့၏ ရူးကြောင်ကြောင် လုပ်ရပ်များကို ထောက်ခံလိုက်ကြလျှင် ကျွန်ူပ်တို့အား မိုက်မဲသော နိုင်ငံသားများ အဖြစ် နိုင်ငံတကာ လူအများကြားတွင် ဟား တိုက်စရာ ဖြစ်လာနိုင်သလို နောင်လာမည့်မျိုးဆက်တွေရဲ့ ကဲ့ရဲ့ သံတွေ ဆူညံသွားစေမှာ အမှန်ပါဘဲ ဆိုတာ ဒီနေ့တိုင်းပြည် အနေအထားက သက်သေပြနေပါတယ် ။

ဒီစနစ်ကြီး ရှင်သန်နေသမျှ ပြည်သူလူထုက ဒုက္ခရောက်မှာ ကို သိထားကြပေမယ့် လက်တွေ့ ဆန့်ကျင်ရေးမှာ အင်အား နည်းပါး နေတုန်းပါဘဲ ။ မတရားတာကို ခေါင်းငုံ့သီးခံပေးဖို့ ဘယ်ပညာရှင်မှ မမိန့်ကြားခဲ့ သလို ဘယ်လို ကျမ်းဂန်မှာ မှလည်း ပြဆိုခဲ့ ခြင်း မရှိပါဘူး ။ ဒါဆိုရင် ကျနော်တို့ ဆက်လက် ခေါင်းငုံ့ သီးခံနေကြအုံးမှာလား ၊ ဆန့်ကျင် တော်လှန်ကြမှာလား အမြန်ဆုံး စဉ်စား လက် တွေ့ကျကျ အကောင်အထည် ဖော် ဆောင်ရွက်သင့်နေပါပြီ ။ မိသားစု တစုမှာ အလုပ်လုပ်နိုင်သူ မှန်သမျှ လုပ်ကိုင်နေရ တာတောင် ထမင်းနပ်မှန်ဖို့ ခက်ခဲစွာ ရုန်းကန်နေရတဲ့ ပြည်သူလူထု ရဲ့ ဘ၀ အနေအထားမှာ သူတို့ပေးတာယူ ၊ ကြွေးတာစား ၊ ကျွန်သဖွယ် သ ဘောထားဖို့ ပြဌာန်းလိုက်တဲ့ စစ်မှု မထမ်းမနေရ စနစ် ဆိုတာကြီးက သားတကွဲ ၊ မယားတကွဲ နဲ့ သာယာလှတဲ့ မိသားစု အသိုက် အမြုံတွေကို ဖျက်စီးတော့မယ် မိတ်ဆွေတို့ ။ တနိုင်ငံလုံးက ပြည်သူလူထု နဲ့တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိစ္စကြီးမှာတော့ ဆက်လက် ခေါင်း ရှောင်နေကြအုံးမယ် ဆိုရင် တည်ငြိမ်နေတဲ့ ခင်ဗျာတို့ မိသားစု အသိုက်အမြုံလေးတွေကို စနစ်ဆိုးကြီးက ရက်စက်စွာ ဖြိုခွဲဖို့ အိမ်တခါးဝ မှာ ရောက်နေပြီလို့ စိတ်ထဲမှာ ထည့်ထားကြပါ လို့ လေးနက်စွာ သတိပေးလိုပါတယ် ။

လက်ရှိ တိုင်းပြည်ရဲ့ ပကတိ အနေအထားမှာ ငြင်းဆန် နိုင်ဖို့ ခွန်အား မရှိလို့ ခေါင်းငုံ့သီးခံခဲ့ကြတာ နှစ်ပေါင်း များစွာ ကြာခဲ့ပေမယ့် လူ့အသိဥာဏ် ပျောက်ဆုံးနေတဲ့ အာဏာရှင် တို့ နှလုံးသားမှာ ကိုယ်ချင်းစာတရား ဆိုတာ ဘယ်အခါမှ မကိန်းအောင်းခဲ့ပါဘူး ။ အခုလည်း ဆက်လက် ခေါင်းငုံ့သီးခံလိုက်ရင် နောက်ဆိုရင် မတွေးဝံ့စရာပါဘဲ ။ ဒီနေ့ စစ်တပ်အသိုင်းအ၀ိုင်းက လူတော်တော် များ များရဲ့ စိတ်ထားမှာ ဘာသာရေး အသိစိတ်ဓါတ် မရှိခဲ့တာက ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာ့သွေး မြေကျခဲ့တာ ပုံပြင် မဟုတ် ဘူးလေ ။ လူမှု ရေး စိတ်ဓါတ် ပျောက်ဆုံးနေတယ် ဆိုတာကို နာဂစ် က သက်သေခံခဲ့ပြီးပြီ ။ ဒီလို မဟုတ်မမှန်တဲ့ စိတ်ဓါတ် အခံတွေ ကို ရိုက်သွင်းပေးနေတဲ့ စစ်တပ်ထဲကို ပညာရေး စနစ် ပြိုပျက်မှု ကြောင့် အသိဥာဏ် ယိုင်နဲ့နေတဲ့ လူငယ်လေးတွေ ရောက်သွားရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလည်း ဆိုတာ ဒီနေ့ စစ်တပ်က လူများကို ဥပမာထား ပြီး နှိုင်းယှုဉ် ကြည့်မယ်ဆိုရင် သိသာ ထင်ရှား လွန်းပါတယ် ။

အခုလက်ရှိ အနေအထားမှ ပြည်သူလူထုကို သတ်တာ ၊ ကျောင်းသားတွေကို သတ်ဖြတ်တာ ၊ သံဃာတော်တွေရဲ့ သွေးမြေကျတာ တွေကို လုပ်ဆောင်နေတဲ့ ယုတ်မာတဲ့ လုပ်ရပ်ပါလို့ အမှန်မြင်နိုင်သေးတာ ခင်ဗျာတို့တွေ လူ့အသိဥာဏ် မပျောက်ဆုံးသေးလို့ပါဘဲ ။ ယုတ်မာတဲ့ လုပ်ရပ်မှန်သမျှ ကို သင်ရိုးညွှန်းတမ်းများ ဖြင့် စနစ်တကျ ပို့ချနေတဲ့ စစ်တပ်ထဲကို ရောက်သွားရင် အဲဒီလို အမှန်ကို မြင်နိုင်တဲ့ အသိဥာဏ်နေရာမှာ ယုတ်မာရိုင်းစိုင်း ကောက်ကျစ်တဲ့ စိတ်ဓါတ်တွေ အစားထိုး ၀င်ရောက်လာပါလိမ့်မယ် ။ မကောင်းသူတို့ ပျော်စံရာ နေရာကို ဘုံဗိမာန် သဖွယ် သဘောထားတဲ့ တပ်မတော်သားတွေ ကြားမှာ အနေများလာတဲ့ အခါ သူတို့တွေရဲ့ စိတ်ဓါတ် တွေ ခင်ဗျာတို့ကို ကူးစက်လာတဲ့ အချိန် တိုင်းပြည်ပျက်ပြီပေါ့ဗျာ ။ ကြီးနိုင်ငယ်ညှင်း ၊ နိုင်ရာစားတာ တိရစ္ဆာန်တို့ အလေ့အထပါ ဆို ရင် ဒီနေ့ စစ်အာာဏာရှင်များနှင့် သူတို့ အသိုင်းအ၀ိုင်းမှာ တိရစ္ဆာန်စိတ်တွေ ပေါက်နေတယ် ဆိုတာ လက်ရှိသူတို့ ကျင့်သုံးနေတဲ့ လုပ်ဆောင်ချက်တွေက သက်သေခံနေပါတယ် ။ အဲဒီလို တိရစ္ဆာန်စိတ်နဲ့ မိစ္ဆာ အယူဝါဒ ကျင့်သုံးနေတဲ့ လူတွေကြားကို တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေ ရောက်သွားရင် မကြားဝံ့မနာသာတဲ့ ကိစ္စတွေ ယခုထက် ပိုမို များပြားလာမှာ အမှန်ပါဘဲ ။

ကျနော်တို့မှာ ခေါင်းဆောင် လည်း ရှိပြီးသားပါ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ မြန်မာတမျိုးသားလုံး အသိအ မှတ်ပြု ရွေးချယ်တင်မြှေက်ထားတဲ့ အဖွဲ့အစည်းပါဘဲ ။ တမျိုးသားလုံးက ရွေးချယ်တင်မြှေက်ထားတဲ့ ခေါင်းဆောင် ကို ဖမ်းဆီး ၊ ပြည်သူ လူထုပါတီကို မတရားအသင်း ကြေငြာ ၊ ဒါတွေကို ပြည်သူလူထုက လက်ပိုက်ကြည့်နေတဲ့ အကျိုးဆက်တွေက ယခုလို အာဏာရှင်တွေက ပြည်သူလူထုကို အမျိုးမျိုး ဒုက္ခပေးနေနိုင်တာပါဘဲ ။ မြန်မာတမျိုးသားလုံး လွတ်မြောက်ရေး အတွက် စည်းဝိုင်း အပြင်ကို ထွက်မနေကြပါနဲ့တော့ ။ မတရားတာကို ဆန့်ကျင်တာ ဟာ တရားမျှတမှု ကို မြတ်နိုးသူတိုင်းရဲ့ တာဝန် ၀တ္တရားပါဘဲ ။ ခေါင်းဆောင်ကောင်းလေး ရှိတုန်း အားစိုက်ပြီး ရုန်းထကြ ရင် အချိန်မှီပါသေးတယ် ။ တွေဝေတဲ့ အတွေးအခေါ်တွေကို ခဏလေး ဘေးဖယ်ထားပြီး တိုင်းပြည်နဲ့လူမျိုး အကျိုးအတွက် အမြဲတမ်း ရှေ့ဆောင် လမ်းပြ ဦးတည် ချီတက်ကာ အာဏာရှင် စနစ်ဆိုးကို ရဲဝင့်စွာ ဆန့်ကျင်နေတဲ့ လူထုခေါင်းဆောင် ခေါ်ဆိုရာနောက်ကို တစိုက်မတ်မတ်လေး လိုက်စေချင်တာ တိုင်းပြည်ကို တကယ်ချစ်တဲ့ လူတိုင်း ရဲ့ ဆန္ဒ သဘောထား အမှန်ပါဘဲ ။ ဒါကြောင့် အခုလက်ရှိ အချိန်ကစပြီး စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် အဖြစ်ရောက်အောင် စစ်အာဏာရှင်တို့၏ တရားမျှတမှု လုံးဝ မရှိသော ဥပဒေမှန်သမျှ ကို စည်းလုံးညီညွတ်စွာနဲ့ ဆန့်ကျင် တော်လှန်ကြပါစို့ ပြည်သူလူထု အပါင်းတို့ခင်ဗျာ.......။

ခင်မင်လေးစားလျှက်
ဗမာ့သွေး

ဒီဆောင်းပါးလေးကို အသေအချာ ဖတ်ပြီး မိတ်ဆွေတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို လွတ်လပ်စွာ ဆွေးနွေး တင်ပြဆွေးနွေးပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ်ခင်ဗျာ ။ ကြိုက်ရင်လည်း Like ကို နှိပ်ခဲ့ ၊ မကြိုက်ရင်လည်း ပွင့်ပွင်းလင်းလင်းသာ ပြောခဲ့ပါ ။ ရိုင်းပြတဲ့ အသုံးအနှုန်းတွေတော့ အထူးရှောင်ရှားစေလိုပါတယ် ။

အပြည့်အစုံသတင်းဖတ်ရန်....

ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီမိုကရေစီလမ်း တွေဘာတွေ လျှောက်ပြောနေ

အမှိုက်သိမ်းဆည်းမှု ရန်ကုန်တွင် လျော့လျဲလာ၊ လမ်းတိုင်းတွင် အမှိုက်ပုံများဖြင့် ကြည့်မကောင်းအောင်ဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန် ဇန်န၀ါရီ ၁၀၊ ၂၀၁၁

ရန်ကုန်မြို့ဂုဏ်ဆောင် အမှိုက်ပုံ တခု (photo: moemaka)

လူနေအိမ်များမှ ထွက်ရှိသော အမှိုက်များအား ပုံမှန်သိမ်းဆည်းမှု လျော့လျဲလာသဖြင့် ရန်ကုန်မြို့ရှိ လမ်းမ၊ လမ်းသွယ်တို့တွင် အမှိုက်ပုံများ၊ နောက်ဖေး လမ်းကြားများတွင် အမှိုက်များ ပိုမို များပြားလာသည်။

လွန်ခဲ့သည့် ၄၊ ၅ နှစ် ၀န်းကျင်အထိ လမ်းသွယ်၊ လမ်းမတိုင်းတွင် စည်ပင်သာယာ အမှိုက်သိမ်းယာဉ် နေ့စဉ် လာရောက်ပြီး ခေါင်းလောင်းတီး စနစ်ဖြင့် သိမ်းဆည်းခဲ့ရာမှ နောက်ပိုင်း သန့်ရှင်းရေး လုပ်သားများက လက်တွန်းလှည်းဖြင့် တလမ်းဝင် တလမ်းထွက် လှည့်လည် သိမ်းယူသည့် စနစ်သို့ ပြောင်းခဲ့သည်။ ယခုလပိုင်းတွင် လက်တွန်းလှည်းဖြင့် သိမ်းဆည်းသူ နည်းပါးလာပြီး ယခင်ကကဲ့သို့ နေ့စဉ်လှည့်လည် သိမ်းဆည်းခြင်း မရှိတော့ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

``အရင်က နေ့တိုင်း နီးပါး လှည်းနဲ့ လာတယ်ဆို အောက်ဆင်းပြီး အမှိုက်ပစ်လို့ ရတယ်။ အောက် မဆင်းနိုင်ရင်တော့ အမှိုက်သိမ်းတဲ့သူကို ကျပ် ၁၀၀၊ ၂၀၀ ပေးလိုက်ရင် အပေါ်ထပ်ထိ တက်လာပြီး ယူပေးတယ်။ အခုလပိုင်းမှာ မှန်မှန်မလာတော့ သူတို့ အမှိုက်တွေ စုပြီး ကားနဲ့လာတင်တဲ့ လမ်းဆုံ လမ်းခွတွေ အထိ သွားပစ်မှပဲ ရတော့တယ်။ အိမ်တိုင်းက အဲလောက် ၀ိရိယ မထုတ်ဘဲ နောက်ဖေးလမ်းကြားကို ပစ်ချတဲ့သူက ပစ်ချ၊ အိမ်ရှေ့မျက်နှာစာ လမ်းဘေးမှာ အထုပ် ချထားတဲ့သူက ချထားတော့ ရန်ကုန်မြို့က အမှိုက်ပုံကြားထဲက မြို့ဖြစ်နေပြီ´´ ဟု အဆိုပါ သူက ပြောသည်။

နေ့စဉ် လက်တွန်းလှည်းများဖြင့် အမှိုက်သိမ်းသူများမှာ စည်ပင်သာယာမှ တဆင့် ကန်ထရိုက်ယူထားသည့် ကုမ္ပဏီများက ငှားရမ်းထားသူများ ဖြစ်သည်။ မည်သည့်အကြောင်းကြောင့် ယခင်ကကဲ့သို့ နေ့စဉ် သိမ်းဆည်းခြင်း မပြုရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ မသိရပေ။

စမ်းချောင်း၊ တာမွေ အစရှိသည့် မြို့နယ်အချို့တွင် စည်ပင်သာယာက တာဝန်ပေးမထားသူ တချို့က အမှိုက်သိမ်းသည့်လုပ်ငန်းကို လုပ်ကိုင်နေကြသည်။ ရပ်ကွက်ထဲတွင် `အမှိုက်ရှိလား အမှိုက်´ ဟု အော်ပြီး အမှိုက်ပစ်လိုသည့် အိမ်များမှ ကျပ် ၁၀၀၊ ၂၀၀ ဖြင့် အမှိုက် သိမ်းယူပေးပြီး စည်ပင်သာယာ အမှိုက်ကားများ သိမ်းဆည်းရှင်းလင်းသော အမှိုက်ပုံသို့ သွားရောက် စုပုံခြင်းဖြင့် အသက်မွေးသူများ ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် အုပ်ချုပ်ရေး အစိုးရအဖွဲ့ ပျဉ်းမနားဒေသသို့ ပြောင်းရွှေ့သွားပြီးနောက် ယခင်က နိုင်ငံ့မြို့တော်ဖြစ်ခဲ့သည့် ရန်ကုန်မြို့တွင် သန့်ရှင်းရေး၊ ကျန်းမာရေး လုပ်ငန်းများ ပိုမိုလျော့နည်းလာခဲ့သည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။ ရန်ကုန်မြို့မှကောက်ခံရရှိသည့် အခွန်အခများကို ရန်ကုန်မြို့ စည်ပင်သာယာရေး ကိစ္စရပ်များတွင် အားလုံး သုံးစွဲခြင်း မရှိဟု အမည် မဖေါ်လိုသည့် စည်ပင်ဝန်ထမ်း တဦးက ပြောသည်။

ယခုလက်ရှိ ရန်ကုန်မြို့တော်ဝန်မှာ ကြံ့ဖွံ့ပါတီ၏ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် ရွေးချယ်ခံ အမတ် ဦးအောင်သိန်းလင်း ဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်ကျော်ကတည်းက ရန်ကုန်မြို့တော် သန့်ရှင်းရေး၊ စည်ပင်သာယာရေးထက် ပါတီနှင့် ဆိုင်သည့် ကိစ္စများဖြင့် အလုပ်များနေခဲ့သည်ကို တွေ့ရသည်။

၎င်းသည် ကြံ့ဖွံ့အသင်းနာမည်ဖြင့် စက်ရေတွင်းများ တူးခြင်း၊ ကွန်ကရစ်လမ်းများ ခင်းပြီး အသင်းနာမည်ဖြင့် ကဗျည်းတင်ခြင်း ဖြိုးစေတနာ အမည်ဖြင့် အခမဲ့ဆေးခန်းဖွင့်ပြီး ပါတီစည်းရုံးရေး လုပ်ဆောင်ခြင်းများအပြင် စည်ပင်သာယာမှ ကောက်ခံရရှိသည့် အခွန်အခများအား ပါတီစည်းရုံးရေး လုပ်ငန်းများတွင် သုံးစွဲလျက်ရှိသည်ဟုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ၀န်ထမ်း တချို့က ဆိုသည်။

အခြားသော နယ်မြို့တချို့တွင်လည်း စည်ပင်သာယာရေးကော်မတီက အမှိုက်များ သိမ်းဆည်းပြီး မြို့ပြင်တွင် သွားရောက်စွန့်ပစ်ခြင်းထက် မြို့တွင်းလမ်းဘေး အမှိုက်ပုံနေရာတွင်ပင် နေ့စဉ် မီးရှို့လေ့ ရှိသည်။ ထိုနည်းဖြင့် အမှိုက် ရှင်းလင်းခြင်းကြောင့် ဒေသခံများ ကျန်းမာရေး ထိခိုက်ကြရသည်ဟု မော်လမြိုင်မြို့သား တချို့က ပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, January 10, 2011

လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း

By ဦးသားညွန့်ဦး တနင်္လာ, 10 ဇန်နဝါရီ 2011
မြန်မာနိုင်ငံမှာ နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူ ကျင်းပမှာမို့ ၂၀၁၁ အတွင်းမှာ လွှတ်တော်အသစ်၊ အစိုးရသစ်တွေ ပေါ်ပေါက်လာတော့မှာပါ။ မလွှဲမရှောင်သာတဲ့ အပြောင်းအလဲအချို့ ရှိလာမှာ ဖြစ်ပေမဲ့ သိပ်တော့ မျှော်လင့်လို့ မရသေးဘူးလို့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ပါတယ်။ အစိုးရသစ်၊ လွှတ်တော်သစ်ကနေ မြန်မာ့နိုင်ငံရေးအတွက် ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှုတွေ မလုပ်နိုင်ရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒ သဘောထားတွေ ပြောင်းလဲစရာ လမ်းမမြင်ဘူးလို့လည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအလွန် ၂၀၁၁ ခုနှစ်အတွင်းမှာ လွှတ်တော်အသစ်၊ အစိုးရသစ်နဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဇာတ်ကောင်သစ်တွေ ပေါ်လာနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက သုံးသပ်ခဲ့ပြီးသားပါ။ ထူးခြားတာကတော့ အခု လာမယ့် လွှတ်တော်မှာ လူနည်းစု လူမျိုးစု နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ပါဝင်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ် (David Steinberg) က ပြောပါတယ်။

“အာဏာဖွဲ့စည်းပုံကတော့ ပြောင်းမယ့်ပုံ မရှိပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားစရာ အခြေအနေ တချို့တော့ ရှိပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ တခါမှ မကြုံခဲ့ဘူးတဲ့ အခြေအနေမို့ပါ။ လူနည်းစု လူမျိုးစုတွေ လွှတ်တော်ထဲမှာ ပါဝင်လာကြပါတယ်။”

အခုလာမယ့် လွှတ်တော်အတွင်း စစ်တပ်က အများစု ဖြစ်ပေမဲ့ အရပ်သား နိုင်ငံရေးသမားတွေလည်း ပါဝင်တာမို့ အစိုးရဖွဲ့လာရင် အရပ်သား ၀န်ကြီးတွေလည်း တွေ့လာရနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးတာဝန်ခံ လုပ်ခဲ့သူ ပရက်စ်စီလာ ကလပ်ပ် (Priscilla Clapp) က ပြောပါတယ်။

“မလွှဲမရှောင်သာတဲ့ ပြောင်းလဲမှုတွေတော့ ရှိလာမှာပါ။ ဒီအပြောင်းအလဲတွေဟာ မှန်ကန်တဲ့ဘက်ကိုလား ဆိုတဲ့ မေးခွန်းပဲ ရှိပါတယ်။ အခုဟာက အစိုးရဖွဲ့စည်းမှု ပုံစံအသစ်ပါ။ ခေါင်းဆောင် အတော်များများက စစ်ထွက်တွေ ဖြစ်ကြပေမဲ့လို့ အစိုးရဖွဲ့စည်းမှု ပုံစံအသစ် ဖြစ်လာပါမယ်။ ဒါကြောင့် အပြောင်းအလဲ တစုံတရာ ရှိမယ်လို့ မှန်းတာပါ။ လူသစ်တွေ ပေါ်လာပါလိမ့်မယ်။ အရင်တုန်းကလို စစ်တပ်က ၀န်ကြီးတွေချည်းပဲ မဟုတ်တော့ဘဲ အရပ်သား ၀န်ကြီးအချို့လည်း ရှိလာနိုင်ပါတယ်။”

တိုးတက်ပြောင်းလဲမှုတွေ ရှိမရှိ ဆိုတာဟာ လက်ရှိ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမယ့် အစိုးရအဖွဲ့နဲ့ ဘယ်လောက် ပတ်သက်နေဦးမလဲ ဆိုတဲ့အပေါ်မှာ အဓိက တည်တယ်လို့လည်း ပရက်စ်စီလာ ကလပ်ပ်က ပြောပါတယ်။

“တိုင်းပြည်အတွက် အပြုသဘော တိုးတက်ပြောင်းလဲမှုတွေ ရှိလာရင်တော့ အတော်ကောင်းမှာပါ။ ဒါပေမဲ့လို့ သိပ်တော့ မမျှော်လင့်ပါဘူး။ အဓိက အချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍပါပဲ။ အခုလာမယ့် အစိုးရသစ်မှာ သူ ဘယ်လိုကဏ္ဍမျိုးက ရှိနေမလဲဆိုတာ ကြည့်ရပါမယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အခုလာမယ့် အစိုးရ အဖွဲ့သစ်မှာ မပါဘူး၊ မပတ်သက်တော့ဘူး ဆိုရင်တော့ အပြောင်းအလဲ အတော်များများ ရှိလာနိုင်ပါတယ်။”

အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ လာမယ့် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် ဇာတ်ကောင်သစ်တွေနဲ့လည်း အရင်လိုပဲ တိုက်ရိုက်ထိစပ် ဆက်ဆံသွားရမှာပဲလို့ နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုဘက်က မူဝါဒ အပြောင်းအလဲဟာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်မှု အပေါ်မှာပဲ တည်တယ်လို့ ပရက်စ်စီလာ ကလပ်ပ်က ပြောပါတယ်။

“အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကတော့ အခုရှိနေတဲ့ ပုံစံအတိုင်းပဲ ရှိပါဦးမယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ကိုင်တွယ်ဆောင်ရွက်တဲ့ အပေါ်မှာ အတော်လေး စိတ်ပျက်ခဲ့ပါတယ်။ လက်ခံနိုင်လောက်အောင် လွတ်လပ်မျှတမှု မရှိခဲ့ပါဘူး။ လာမယ့် အစိုးရသစ်မှာ ဘယ်သူတွေ ပါဝင်မလဲ၊ စီးပွားရေး၊ နိုင်ငံရေး ပြောင်းလဲမှုတွေ ဘယ်လောက် လုပ်နိုင်မလဲဆိုတဲ့ အပေါ်မှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေး အပြောင်းအလဲ ရှိပါလိမ့်မယ်။”

နှစ် ၂၀ ကျော်အတွင်း ရွေးကောက်တင်မြှောက်ပြီး တက်လာတဲ့ လွှတ်တော်သစ်၊ အစိုးရသစ် ပေါ်လာမှာမို့ အရင် စစ်တပ်က စစ်အုပ်ချုပ်ရေး ပုံစံကတော့ ကုန်လွန်သွားပြီလို့ ယေဘုယျသဘော ကြည့်နိုင်ပါတယ်။ ဒါပေမဲ့လည်း အခုလွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအရ စစ်တပ်က ၂၅% အလိုအလျောက် ပါဝင်သလို အနိုင်ရ ပါတီကလည်း စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ဖြစ်ပါတယ်။

တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ အနိုင်ရတယ် ဆိုပေမဲ့ အများစု အနိုင်ရတာက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာပါ။ အရေးကြီးတဲ့ မူဝါဒတွေ၊ ဥပဒေကြမ်းတွေကို ဆွေးနွေး အတည်ပြုပေးရမယ့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက အများစုကို တဖက်သတ် လွှမ်းမိုးထားပါတယ်။ ဒါကြောင့် အစိုးရ ဖွဲ့စည်းမှုသစ်ပုံစံ ပြောင်းသွားတယ် ဆိုပေမဲ့ တကယ်တမ်း နိုင်ငံရေးနဲ့ စီးပွားရေး မူဝါဒပိုင်း၊ အတိုက်အခံတွေအပေါ် ထားတဲ့ အစိုးရရဲ့ သဘောထား ပြောင်းလဲပါ့မလား အများကတော့ သံသယ ရှိနေကြတုန်း ဖြစ်ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ကျဆုံး

By ဒေါ်လှလှသန်း တနင်္လာ, 10 ဇန်နဝါရီ 2011
အာဖဂန်နစ္စတန်တွင် ကျဆုံးသွားသည့် အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် ခေါ် ဆမ်။ဓာတ်ပုံ ဗွီအိုအေ(မြန်မာဌာန)
အဖ ဦးလှရွှေ၊ အမိ ဒေါ်စန်းစန်းမြင့်တို့ရဲ့ သား ၂ ဦးအနက် သားငယ် ဆမ် ခေါ် မောင်ဖြိုးသူထိုက်ဟာ ၂၀၁၁ ခု နှစ်သစ်ကူးဖြစ်တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့မှာ အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်တွေ ဦးစီးတဲ့ အဓွန့်ကြာရှည်မယ့် လွတ်လပ်ရေး စစ်ဆင်မှုအတွင်း ဟယ်လ်မန်းခရိုင်မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပင်မတပ်ရင်းကတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ မရိမ်းတပ်ရင်း ၂၊ တပ်မ ၉၊ တပ်စု ၂ က ဖြစ်ပါတယ်။

၁၉၉၀ ဇူလိုင်လ ၁၂ ရက်နေ့ မွေးနေ့ရှင် ဆမ်ဟာ နိုင်ငံ့အတွက် အသက်ပေးခဲ့ချိန်မှာ အသက် ၂၀ ပဲ ရှိပါသေးတယ်။ ဇန်န၀ါရီလ ၈ ရက်နေ့က ဖရက်ဒရစ် (Frederick) ဘုရားကျောင်းမှာ ကျင်းပခဲ့တဲ့ ဈာပန အခမ်းအနားမှာ မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး မာတင် အိုမာလေ (Martin O'Malley) တက်ရောက်ခဲ့ပြီး အာဖဂန်နစ္စတန်မှာ ကျဆုံးခဲ့သူ ဆမ်မြူရယ် ခေါ် မောင်ဖြိုးသူထိုက်ကို အခုလို ဂုဏ်ပြုခဲ့ပါတယ်။

“ဒီကနေ့ ဈာပန အခမ်းအနားမှာ အေးဆေးပြီး သတ္တိရှိတဲ့ သားရတနာတဦးဖြစ်တဲ့ ကျောင်းသားလည်းဖြစ်၊ အမေရိကန် မရိမ်းတပ်သား တဦးလည်းဖြစ်တဲ့ သူ့ကို အောက်မေ့ သတိရကြဖို့ စုဝေး ရောက်ရှိလာကြတာပါ။ သူဟာ ကမ္ဘာကြီးမှာ အခြားသူတွေ အသက်ရှင် နေထိုင်ကြဖို့အတွက် နှစ် ၂၀ သူနေထိုင်ခဲ့ရတဲ့ ဘ၀အတွင်းမှာ စွမ်းဆောင် ပေးဆပ်ခဲ့သူပါ။

“သူ့မိသားစု၊ ဆွေမျိုးရင်းချာတွေ၊ ချစ်ခင်မြတ်နိုးကြသူတွေ အတွက်ကတော့ ဝေဒနာ ခံစားမှုက ကြီးမားမှာပါ။ ဒါပေမဲ့ အားလုံးက ၀ိုင်းပြီး ချစ်ခင်လေးစား ဂုဏ်ယူကြတာကို တွေ့ရတော့ သူ့ကို လူဖြစ်အောင် ကျွေးမွေးပြုစုခဲ့တဲ့ မိသားစု အနေနဲ့ ဂုဏ်ယူပြီး ဝေဒနာ ခံစားမှုတွေကို ဖြေသိမ့်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

တဆက်တည်းမှာပဲ သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့သူ မရိမ်းတပ်ကြပ် မာ့ခ် ဒဲလ် (Mark Dell) ကလည်း သူ့သူငယ်ချင်းနဲ့ ပတ်သက်လို့ အမှတ်ရစရာကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ စစ်ရေးလေ့ကျင့်တုန်းက အချိန်ကလည်း နောက်ကျနေပြီ၊ လူတိုင်းက အခြေအနေ မလှကြတော့ဘူး၊ ဒါပေမဲ့ ကျနော်တို့ရဲ့ မရိမ်းတပ်သား တဦးကတော့ အနိုင်မခံ၊ အရှုံးမပေး ဆက်ပြီးတော့ ကြိုးစားနေပါတယ်။ အဲဒီသူကတော့ ဆမ်ပါပဲ။ အဲဒီတုန်းက သူ့ကို ကျနော် ပထမဦးဆုံး တွေ့တာပေါ့။ လူတိုင်းမှာ မြင်မြင်ချင်း အမှတ်ရစရာ တခုခုတော့ ရှိကြပါတယ်။ ဆမ်အတွက်ကတော့ ကျနော် ပထမဦးဆုံး တွေ့ခဲ့တုန်းကအတိုင်း မေ့မရနိုင်တာက သူဟာ ဘယ်တော့မှ လက်မြှောက် အရှုံးပေးခြင်း မရှိတာပါပဲ။”

မြန်မာနိုင်ငံကနေ အသက် ၂ နှစ်အရွယ်မှာ ထွက်ခွာခဲ့ပြီး ဖခင် အလုပ်လုပ်ကိုင်ရာ စင်ကာပူကတဆင့် အမေရိကန်နိုင်ငံကို ၂၀၀၁ ခုနှစ်မှာ ပြောင်းရွှေ့ အခြေချခဲ့သူ ဆမ်ဟာ မေရီလန်းပြည်နယ် ဖရက်ဒရစ် အထက်တန်းကျောင်းမှာ ၂၀၀၈ ခုနှစ်က အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီးနောက် မရိမ်းတပ်ကို ၀င်ခဲ့သူ ဖြစ်ပါတယ်။

ဖရက်ဒရစ် ဘုရားကျောင်းကို အတူတူတက်ခဲ့သူ သူငယ်ချင်း ဂျိုးဇက် နိုင် (Joseph Naing) ကလည်း ကျဆုံးခဲ့သူ သူငယ်ချင်းနဲ့ ပတ်သက်လို့ အခုလို ၀မ်းနည်းစကား ပြောခဲ့ပါတယ်။

“ဆမ် ကွယ်လွန်သွားပြီ ဆိုတဲ့သတင်း ကြားရတော့ ကျနော် အိပ်မက်နေတာ ဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်။ ဒီသတင်း တကယ်မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းမိပါတယ်။ ဆမ်ဟာ ကျနော်တို့နဲ့အတူ ခရစ်ယာန် ဘုရားကျောင်းကို တက်တယ်၊ ကျနော်တို့နဲ့ အတူတူ ထိုင်တယ်၊ ဆမ်က စကားနည်းတယ်၊ တည်ငြိမ်တယ်၊ တရားဟောတာကို အာရုံစိုက်တယ်၊ ကျနော်တို့သိတဲ့ တခြားလူတွေနဲ့ မတူပါဘူး။ ဒါပေမဲ့ သူဟာ ကျနော်တို့ရဲ့ သူငယ်ချင်းပါ။ ဒီနှစ်သစ်ကူးချိန်မှာ ကျနော်တို့က အပျော်ကြီး ပျော်ခဲ့နေကြပါတယ်။ ဆမ်ကတော့ သူချစ်တဲ့ နိုင်ငံအတွက် အသက်စွန့်သွားခဲ့ရှာပါတယ်။”

ဆမ် ခေါ် ဖြိုးသူထိုက်နဲ့ ပတ်သက်လို့ အကိုဖြစ်သူ ဒန်နီယယ် ဇေယျာ (Daniel Zeyar) ကို မေးကြည့်ခဲ့ပါတယ်။

“ကျနော် နောက်ဆုံး အမှတ်ရတာလေးက ဒီဇင်ဘာ ၁၉ ရက်နေ့က သူနဲ့ကျနော် အွန်လိုင်းမှာ စကားပြောဖြစ်တယ်။ ပြောဖြစ်တော့ သူက မြန်မာနိုင်ငံက ၂ တန်းထဲက ထွက်လာတာဆိုတော့ သိပ်စိတ်မ၀င်စားဘူး။ ကျနော် အရင်တုန်းက မြန်မာနိုင်ငံ ပြန်မလားလို့ မေးရင် သိပ်စိတ်မ၀င်စားဘူး။ သူ ဒီမှာပဲ နေတော့မယ်ပေါ့။ ဒါပေမဲ့ အဲဒီတုန်းကတော့ အကိုကြီးတဲ့၊ မြန်မာနိုင်ငံ ပြန်တဲ့အခါဆိုရင် သူ့ကို သေချာပြောပေါ့၊ သူ လိုက်ခဲ့ချင်တယ်ပေါ့၊ အဲဒါ နောက်ဆုံး သူ့ကို အမှတ်ရတာပေါ့။”

သူက တိုက်ပွဲမှာ ဘယ်လိုကျသွားတာလဲ။ တိုက်ပွဲအကြောင်း၊ သူကျသွားတဲ့အကြောင်း ပြောပြပေးပါ။

“၁ ရက်နေ့က ဘာမှ အတိအကျ မရဘူး။ ၁၀ ရက်နေ့ ရောက်လာတော့ နည်းနည်း ထပ်ပြီး သတင်းကြားရပါတယ်။ ပိုသိရတာကတော့ ဖြစ်တာ သူ ညဘက် ကင်းလှည့်သွားနေတဲ့ အချိန်မှာ ဗုံးပေါက်သွားတယ်လို့ သတင်းရပါတယ်။ မသေချာတာကတော့ ကားနဲ့သွားနေတဲ့ အချိန်လား၊ လမ်းလျှောက်သွားနေတဲ့ အချိန်လား၊ အဲဒါတော့ မသေချာပါဘူး။ ဖြစ်တာတော့ သူတယောက်တည်းပါပဲ။

“ညီလေးကို လွမ်းတဲ့အခါတိုင်း၊ စိတ်ညစ်ပြီး စိတ်ဓာတ်ကျတဲ့ အခါတိုင်း သူ့မျက်နှာကို ပြန်မြင်ယောင်ပြီး အဲဒီအချိန်မှာ သူ့အနေနဲ့ အကိုကြီးတွေ၊ မိဘတွေကို ပျော်ပျော်ရွှင်ရွှင် နေစေချင်မှာပဲဆိုတဲ့ စိတ်ထားနဲ့ပဲ သူ့ကြောင့်ပဲ စိတ်ညစ်မနေဖို့၊ သူ မမြင်ချင်ဘူးဆိုပြီး အဲဒါကိုပဲ ပြန်မြင်ပြီးတော့၊ အာရုံပြုပြီးတော့။”

အာဖဂန်နစ္စတန်မှာ နှစ်သစ်ကူးနေ့က ကျဆုံးခဲ့တဲ့ ဒု-တပ်ကြပ် ဖြိုးသူထိုက်ရဲ့ စစ်ဈာပန အခမ်းအနားကိုတော့ ဇန်န၀ါရီလ ၁၈ ရက်၊ အင်္ဂါနေ့ မနက် ၉ နာရီ၊ အာလင်တန် အမျိုးသား စစ်သင်္ချိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စိုးရိမ်

ဧရာဝတီ Monday, 10 January 2011 17:01
စစ်အစိုးရက စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းမည် ဆိုသောသတင်း ပျံ့နှံ့လျက်ရှိရာ မြန်မာပြည်သူများ စိုးရိမ်ပူပန် နေကြကြောင်း သတင်းရရှိသည်။

ဧရာဝတီက ရန်ကုန်မြို့နေ လူတန်းစား အလွှာအသီးသီးမှ လူဦးရေ ၁၀၀ ကို တွေ့ဆုံ မေးမြန်း စစ်တမ်းကောက်ယူခဲ့ရာ လူ ၉၀ က ၎င်းတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းတို့၏ ဆွေမျိုး၊ သားသမီး များကိုသော် လည်းကောင်း စစ်မှုမထမ်း စေလိုကြောင်း ပြောဆိုခဲ့ကြပြီး ၅ ဦးမှာ အဆိုပါ ဥပဒေကို အားပေးပြီး ကျန် ၅ ဦးက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

နေပြည်တော်၌ ကျင်းပသော ပြီးခဲ့သည ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြနေသော တပ်မတော် သားများ (Getty Images)
၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြုစုထားကြောင်း၊ ၎င်း ဥပဒေကို ကိုယ်တိုင်ဖတ်ရှုခဲ့ရသူ တဦးက ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း၊ စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကိုယ် ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည် မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်၊ ထောင်တွင်းအကျဉ်းကျ ခံနေရသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက်ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည် ဟုလည်း AP သတင်းတွင် ရေးသားထားသည်။

“ဒီသတင်းစပျံ့ နေတာက တော်တော်ကြာပြီ။ ဒီဇင်ဘာလကုန်လောက် ကတည်းက လူပြော တော်တော်များတယ်။ အင်တာနက်၊ Facebook တွေမှာလည်း ရေးသား ပြောဆိုတာတွေ ရှိတယ်။ ဒီသတင်းထွက်တော့ လူတွေ တော်တော် စိတ်ပူကုန်တယ်။ အဓိက စစ်မှုမထမ်းချင် ကြဘူး” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ပြည်သူအများစုသည် စစ်တပ်ကို မုန်းတီးနေခြင်းကြောင့် စစ်မှုမထမ်းလိုခြင်းဖြစ်သည်ဆိုသည့် သုံးသပ်မှုများ ရှိသည်။

“လူထုကြားထဲမှာ စစ်တပ်ကို မုန်းတဲ့စိတ်၊ နာကြည်းတဲ့စိတ်က မျိုးဆက်လိုက် လက်ဆင့်ကမ်းလာသလို ဖြစ်နေတယ်။
၈၈ အရေးအခင်း နဲ့ ၂၀၀၇ အရေးအခင်း ကာလ မတရား ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတော့ စစ်ဗိုလ်ချုပ်တွေကို မုန်းနေတယ်။ စစ်သားမြင် ဆဲချင်နေကြတယ်” ဟု ရန်ကုန်မြို့ခံ ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အသက် ၁၈ နှစ်အထက် သား ၂ ဦးရှိသော အသက် ၅၀ အရွယ်ရှိ မိခင် တဦးကလည်း သူ၏ သားများကို စစ်မှု ထမ်းခိုင်းမည် မဟုတ်ဟု ပြောသည်။

“သူတို့ဟာသူတို့ ဘယ်လို ဥပဒေပဲ ပြဋ္ဌာန်းပြဋ္ဌာန်း ကျမ သားတွေကိုတော့ စစ်ထဲမပို့နိုင်ဘူး။ ခဏလည်း မပို့ဘူး၊ အမြဲလည်း မပို့ဘူး။ ကျမလိုပဲ မိဘတိုင်းမှာ ဒီလို စိတ်ရှိမှာပဲ။ အမြင်တူတဲ့ မိဘတွေစုပြီး ကန့်ကွက်မယ်။ မရရင် အသေခံ ဆန္ဒပြဖို့ပဲ ရှိတယ်။ ဒါက သားသမီးအရေး ဖြစ်လာပြီ။ ကျမတို့ ရင်ခွင်ထဲက ကလေးတွေကို ဆွဲထုတ်သလို ခံစားရတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့ခံ သတင်းထောက် တဦးကမူ စစ်မှုမထမ်းမနေရ ဆိုသော ဥပဒေ အမှန်တကယ် ထုတ်ပြန် ပြဋ္ဌာန်းလျှင် ပြဿနာ များစွာ ဖြစ်ပေါ်လာပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း ပြောသည်။

“ဒီကိစ္စက လူတွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်လာနိုင်တယ်။ လူတွေရဲ့ အခြေခံစိတ်မှာ စစ်တပ်ဆိုတာ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်ဆိုတဲ့ အတွေးက ဖျောက်လို့မရဘူး။ သားသမီးတွေအပေါ် အန္တရာယ် ကျရောက်မှာကို မလိုလားတဲ့ လူကြီး မိဘတွေကလည်း ဒီဥပဒေကို ငြိမ်ခံနေမှာ မဟုတ်ဘူး။ တကယ်ကို ပြဿနာတွေ အကြီးအကျယ် ဖြစ်လာနိုင်ပါတယ်” ဟု ယင်း သတင်းထောက်က ဆိုသည်။

စစ်မှုမထမ်းမနေရ ဥပဒေသည် တပ်မတော်နှင့် ပြည်သူများအကြား နားလည်မှုရစေပြီး စစ်တပ်နှင့် ပြည်သူအများအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကြောင့် ပြည်သူကို အမှန်တကယ်ချစ်သော၊ ပြည်သူ့မျက်နှာကို ကြည့်သော စစ်တပ် ဖြစ်လာနိုင်သည်ဆိုသည့် ထင်မြင်ယူဆချက် တချို့လည်း ရှိသည်။

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း တဦးက “ပြည်သူတွေ စစ်ရေး နားလည်လာရင် ကျနော်တို့ ဒီမိုကရေစီ ပန်းတိုင်ပိုပြီး နီးလာမယ်။ စစ်မှုမထမ်း မနေရ ဥပဒေကြောင့် ပြည်သူက စစ်သား၊ စစ်တပ်ဆိုတာ ပြည်သူ့တပ်ဆိုတဲ့ ပုံစံ၊ အမြင်မျိုးတွေ ရှိလာမယ်။ အာဏာရှင်တွေ ခိုင်းတဲ့ အတိုင်း လုပ်မယ့် စစ်တပ်မဟုတ်တော့ဘူး” ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အခန်း ၈၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် တပ်မတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဖြစ်လာမှာက အသေအချာပဲ။ ဒါပေမယ့် လွှတ်တော် ပေါ်ပေါက်လာမှ အတည်ဖြစ်မှာပါ။ သိပ်တော့ စိုးရိမ်ဖို့ မလိုပါဘူး။ တင်းကျပ်လွန်းရင် လူထုကလည်း လက်ခံမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။

စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု ၉၂. ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြသည်ဟု ဆိုကာ မြန်မာပြည်တွင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ပြီးချိန် ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်း ခဲ့သည်။

စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးသော အာရှနိုင်ငံများမှာ စင်ကာပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တို့ဖြစ်ပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့မှာ လူရွေးစနစ်ဖြင့်ကျင့်သုံးသည်။ အဆိုပါ နိုင်ငံများအားလုံးတွင် အမျိုးသားများသာ စစ်မှုထမ်း ရသည်။

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ယခင်က တကြိမ်တခါမှ ပြဋ္ဌာန်းခဲ့ဖူးခြင်း မရှိဘဲ အဆိုပါ ဥပဒေကို မကြာမီ ခေါ်ယူမည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိသည်Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အပျင်းပြေစစ်မှုထမ်းစို့



by ရဲ ထက် on Monday, 10 January 2011 at 21:59

မြန်မာပြည်တွင် စစ်သည်အင်အား
နည်းပါးလွန်းသည်။

အမျိုးသမီးများ
အမျိုးသားများ မထမ်းမနေရ
စစ်အမှုတော်ကို ငါဟဲ့ ဘုရင်အမိန့်ပင်…..။

မရှင်းလို့မေးချင် ဟာသကလေးတခုပင်
နာထောင်မလား ပြောပြချင်

တခါကပေါ့ အစကတော့
နိုင်ငံခေါင်းဆောင် အားလုံးလိုပင်
ခရီးတခု အတူထွက်စဉ်

နိုင်ငံမှာရှိ ပေါတဲအရာတွေ
အကြွားပြိုင်လို့ ရေကန်ထဲသို့ ပစ်ချတယ်
ဘာလို့ထင်လဲပရိတ်သတ်ရယ်…..။

ဥပမာတခု မြင်သာအောင်လို့
အမေရိကန်က ဘာလုပ်သလဲ
ပြောပြတောမှ ဖတ်သူများလဲ
နားလည်မယ်ထင်
သူဆီကပေါ ချောကလက်
နိုင်ငံခေါင်းဆောင်အားလုံးသို့ပင်
ဝေမျှကျွေးပြ ချောကလက်ကို

ခေါင်းဆောင်အားလုံး ဒီချောကလက်
ကောင်းကြောင်း ပြောနေကျချိန်
အမေရိကန်သမ္မတ ဘာလုပ်တယ်ထင်
ရေကန်ထဲပြစ်ချ အားလုံးကိုပင်

နိုင်ငံခေါင်းဆောင် အားလုံးများက
နှမြောတသ ဘာလုပ်လဲမေး
အမေရိကန်သမ္မတ အဖြေစကားက
ဒို့နိုင်ငံမှာ အများကြီးပင်

အတိုချုပ်၍ ပြောရရင်
ဒိုပြည်မြန်မာ ခေါင်းဆောင်အလှည့်
ရောက်တဲချိန်ခါ ဘာလုပ်တယ်ထင်

ဗိုလ်တယောက်ကို ခေါ်လိုက်တယ်ဗျာ
ပြီးတော့ကန်ထဲပြစ်ချတယ်ဗျ
အားလုံးနှမျော ဗိုလ်ဖြစ်ဖို့ က
မလွယ်ကူပါ ဘာလို့ ပြစ်ချ
ရှင်းစမ်းပါဗျာ

ခေါင်းဆောင်ကြီးရဲ့ပြတ်သားသောအဖြေ
" ဒို့နိုင်ငံမှာ
ဗိုလ်တွေရိုက်သတ်လို့ မကုန်ပင်
ပေါမှပေါလို့ တပ်သားပျောက်နေ"


ဒါကြောင့်ခုများ လက်အောက်တပ်သား
လိုအပ်လိုထင် စစ်မှုဥပဒေ
ချမှတ်တော့မည် ထမ်းလိုက်စို့
ပျော်ပျော်ကြီး ဗိုလ်သန်းရွှေခိုင်းသမျှ
လုပ်ကြစို့လား…… ။

ပြည်တွင်း ဒီမိုကရေစီ လိုလားသူ တပ်မတော်သား အရာရှိတစ်ဦးမှ ဟာသနှော ရေးစပ်ထားသောကဗျာအား မူရင်းရေးစပ်သူ အရာရှိ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်။

ထပ်ဆင့်ဖော်ပြသူ - ဗိုလ်ရဲထက်။
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟု ကြေညာ

ရန်ကုန် ၊ဇန်နဝါရီ ။ ၂၀၁၀
မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ လွတ်တော် (၃) ရပ်လုံးကို နေပြည်တော်တွင် လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သည်ဟု ယနေ့ နေ့လည် (၁)နာရီက ထုတ်ပြန်ကြေညာသွားခဲ့ပါသည်။
ပြည်သူ့လွတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွတ်တော် သုံးရပ်စလုံးကို ၂၀၀၈ အခြေခံဥပဒေပါ ပြဌာန်း ချက်များအရ နအဖ မှ ကျင်းပပေးသွားမည်ဟု ကြေညာချက်က ဆိုပါသည်။
၂၀၀၈ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ စတင်ကျင်းပပြီး ၁၅ရက်အတွင်း ပြည်ထောင်စုလွှတ်တော်ကို ကျင်းပပေးရမည် ဖြစ်သည်။
ထို့အတူ ပြည်ထောင်စုပါလီမန်မှ ဒုတိယ သမ္မတ သုံးယောက်ကို ရွေးချယ်ပေးရမည် ဖြစ်ပြီး ထိုသုံးယောက်ထဲမှ တစ်ဦးသည် နိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်ခြင်းခံရမည်ဖြစ်ပြီး၊ ကျန်နှစ်ဦးသည် ဒုတိယ သမ္မတအဖြစ် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်