Tuesday, October 7, 2008

"မြို့ပုန်းညများ"

မျက်လုံးက ဖျစ်ညစ်မှိတ်ထား ရတယ်
အလိုက်မသိတဲ့ နား ပိတ်ထားလို့မရဘူး
ဆိုင်ကယ်သံ တဒုတ်ဒုတ်မှာ
ယုန်သူငယ်လို ရင်ခွင်ငလျင် တလှုပ်လှုပ်
ငုတ်တုတ်မိုးလင်းရပေါင်း
မနည်းတော့ဘူး။

တသက်လုံး လိမ္မာခဲ့တဲ့မေမေ့သားကြီး
ခုတော့ မမိုက်မဲပါပဲ ဖယ်ကျဉ်ခံရ
သံသယဟာ အသက်ရှုသံလို
လူနဲ့ တသားတည်းလူးလားခတ်လို့။

ဖေဖေပြောဖူးတဲ့ သူရဲကောင်းပုံပြင်တွေ
လူတွေက နားထောင်လို့မကောင်းတော့ဘူးတဲ့
ပြောင်းသွားလား ဟောင်းသွားလား မသိပေမယ့်
ခေတ်က ညောင်းနေတာတော့ သေချာတယ်
ခြေခင်းလက်ခင်းဆန့်ဖို့လေးတောင်
မိုးလေ၀သမကောင်းခဲ့ဘူးလေ။

ဘာတွေဖြစ်ဖြစ်ပါလေ
တခါတလေ ညစ်လို့ထွက်တဲ့စကားပါ
အဖေ့သား အားမပျော့ပါဘူးဗျ
အမေ့သား ဇွဲမလျော့ပါဘူးဗျ

ထုတ်ရွယ်ပြီးသား အိပ်မက်ဓါး
သွေးမသောက်ရပဲ အိမ်ပြန်မလာဘူး စိတ်ချထား။ ။

မိုဃ်းသွေး
Generation Wave

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်