Thursday, December 11, 2008

မင်္ဂလာဈေးအနီး မီးလောင်၊ လူ ၂ ဦးသေဆုံး

နန်းဒေ၀ီ
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 11 2008


နယူးဒေလီ။ ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ မင်္ဂလာဈေးထောင့်ရှိ လူနေအိမ်ခန်းတခန်း ယမန်နေ့ ညသန်းခေါင်တွင် မီးစွဲလောင်ရာ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးသွားသည်။

အထပ်ပေါင်း သုံးထပ်ရှိ အပေါ်ဆုံး လူနေအိမ်ခန်းအား ညသန်းခေါင်ကျော် ၁၂ နာရီ ၃၅ မိနစ်မှ စတင်ကာ မိနစ် ၃၀ ကြာ

မီးလောင်မှု ဖြစ်ပွားစဉ်အတွင်း သေဆုံးသွားခြင်း ဖြစ်သည်။

"၂ ယောက်စလုံး ဆေးရုံရောက်မှ ဆုံးတာ။ မိန်းကလေးက မီးခိုးမွှန်ပြီးတော့ နှလုံးခုန် ရပ်သွားတာ။ ဆေးရုံရောက်ပြီး သိပ်မကြာဘူး၊ ဆုံးတယ်။ အမျိုးသားက မနက် ၈ နာရီခွဲလောက်မှာမှ ဆုံးတယ်" ဟု မီးသတ်ဌာနရှိ ဆက်သွယ်ရေး ၀န်ထမ်း ဦးမြင့်ရှိန်က မဇ္ဈိမကို ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး၊ အသက် ၂၂ နှစ်အရွယ် အမျိုးသားမှာမူ အိမ်အပေါ်ထပ်မှ အောက်ခြေသို့ ခုန်ချခဲ့ရာမှ ထိခိုက်မှုဖြစ်ပြီး သေဆုံးခြင်းဖြစ်ကြောင်း မင်္ဂလာဈေးအနီးရှိ ဒေသခံတဦးက ပြောသည်။

သူတို့နှစ်ဦးမှာ မည်ကဲ့သို့ ဆွေမျိုးတော်စပ်ကြောင်းနှင့် အခင်းဖြစ်ပွားပုံ အသေးစိတ်ကိုမူ တာမွေ မီးသတ်ဌာနနှင့် ဒေသခံက ပြောဆိုနိုင်ခြင်း မရှိပါ။

ကျောက်တံတားမြို့နယ်ရှိ ဆူးလေ ဗဟိုမီးသတ်ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း တာဝန်ကျဝန်ထမ်းက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်