Friday, December 24, 2010

ဝိခီလိခ် က စစ်အုပ်စု စခွက် ပျောက်မှာ ကြောက်လို့  ကမ္ဘာ့စစ်ခုံရုံး အတင်မခံနိုင်တဲ့ အကြောင်း ဖော်ထုတ်

မြန်မာဗိုလ်ချုပ်များ ခုံရုံးတင် မခံနိုင်ကြောင်း အမေရိကန် လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား
2010-12-23

ထိပ်ပိုင်း မြန်မာဗိုလ်ချုပ်တွေအားလုံး လိုချင်နေတာက မလွှဲမရှောင်သာလို့ ကိုယ့်သဘောနဲ့ကိုယ် ရာထူးကနေ ဆင်းပေးရမယ်ဆိုရင် သူတို့နဲ့ သူတို့မိသားစု အားလုံး ပိုင်ဆိုင်မှုတွေကို ဆက်လက်ထိန်းထားပြီး တရားစွဲ အရေးယူမခံရဘို့ ဆိုတဲ့ အာမခံချက်မျိုးပဲ ဖြစ်တယ်လို့ မကြာခင်က ပေါက်ကြားခဲ့တဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ လယ်ရီ-ဒင်ဂါး ရေးသားတဲ့ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတခုတွင် တက်ရောက်သော ဗိုလ်ချုပ်ကြီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

၂၀၀၉ ခု ဧပြီလဆန်းပိုင်းမှာ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ မစ္စတာ ဒင်ဂါးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အင်ဒိုနီးရှားသမတ မစ္စတာ ယူဒိုယိုနို အပါအဝင် နိုင်ငံခြားဧည့်သည်တချို့နဲ့ တွေ့ဆုံ ဆွေးနွေး စကားပြောရာမှာ သူ့အနေနဲ့ နိုင်ငံတကာ ခုံရုံးမျိုး အရောက် မခံနိုင်ဘူးဆိုတာ ပြောပြခဲ့ဘူးတယ်လို့ ကြားသိရကြောင်း၊ လက်ရှိ မြန်မာဗိုလ်ချုပ်တွေဟာ အသက်အရွယ် ထောက်လာပြီ ဖြစ်ပေမဲ့၊ ပြည်သူတွေအပေါ် သူတို့ကျုးလွန်ခဲ့တယ်လို့ ပြင်ပကမ္ဘာ ယူဆထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ သူတို့ မယူဆကြကြောင်း မစ္စတာ ဒင်ဂါးက ရေးသားထားပါတယ်။

မြန်မာခေါင်းဆောင်တွေအတွက် အနားယူတယ်ဆိုတာ ရွေးချယ်စရာလမ်းတခု မဟုတ်ကြောင်း၊ သမိုင်းကို ကြည့်ရင် မြန်မာဘုရင်တွေ၊ ဗိုလ်ချုပ်တွေ သူတို့နဲ့ နီးစပ်သူတွေ သွားရာလမ်းက ရာထူးရှိနေတုန်း သေသွားတာမျိုး၊ လုပ်ကြံခံရတာမျိုး၊ ဒါမှမဟုတ် ပြည်နှင်ဒဏ်ခံရ၊ ထောင်သွင်း အကျဉ်းချခံရတာမျိုးပဲ ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သိပ်မဝေးတဲ့ အနာဂတ်မှာ အချက်အချာကျတဲ့ နိုင်ငံရေးကိစ္စတွေအတွက် သိသိသာသာ တိုးတက်မှုရမယ်လို့ မျှော်လင့်မထားသင့်ကြောင်း၊ စစ်အစိုးရအနေနဲ့ သူတို့ရေးဆွဲထားတဲ့ ဒီမိုကရေစီ Road Map ကို နောက်ကြောင်းပြန်လှည့်ဖို့ လမ်းမမြင်သလို ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စ ပြန်နွှေးတာမျိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တရပ်ကို ပြန်လုပ်ဖို့ အလားအလာလည်း မရှိကြောင်း သံရုံး လျှို့ဝှက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်