Thursday, February 25, 2010

ခြင်ကိုက်ရင် သတိထား..

မြန်မာနိုင်ငံရှိ ပြည်နယ် နှင့်တိုင်း၊ မြို့နယ် တော်တော်များများ၌ ခြင်မှ ကူးစက်သည့် ချီကန်ဂန်ညာ ရောဂါ ဖြစ်ပွားလျက်ရှိ

ခြင်နှိမ်နင်းရေးဖိဖိစီးစီး ဆောင်ရွက်သင့် ချီကန်ဂန်ညာ ရောဂါသည် မြန်မာနိုင်ငံရှိ ပြည်နယ် နှင့်တိုင်း၊ မြို့နယ် တော်တော်များများ၌ ယခုနှစ်နှင့် (၂ဝဝ၉)ခုနှစ် နောက်ပိုင်း အစောပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း လေ့လာတွေ့ရှိရပြီး သွေးလွန်တုပ်ကွေးရောဂါ (Dengue) ကြောင့်ဖြစ်ပွားသော အချို့သွင်ပြင် လက္ခဏာများနှင့် တူညီသော်လည်း ချီကန်ဂန်ညာရောဂါအား အမြစ်ပြတ်အောင် ကုသ၍ မရနိုင်ဘဲ ရောဂါသက်သာအောင်သာ ကုသပေးနိုင်ကြောင်း သိရသည်။

၎င်းရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပြီး ရောဂါလက္ခဏာအနေဖြင့် ကိုယ်အပူချိန် (၁ဝ၄)ဒီဂရီ မြင့်တက်၍ ဖျားခြင်းနှင့် အဆစ်အမြစ် ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အရေပြားပေါ်၌ အင်ပျဉ်ကဲ့သို့ အဖုအပိမ့် အနီကွက်များ ထွက်ပေါ်ခြင်းတို့ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာသည်။
ကမ္ဘာပေါ်တွင် ယင်းရောဂါစတင်ဖြစ်ပွားမှုမှာ မကြာလှသေးဘဲ (၂ဝဝ၇)ခုနှစ်တွင် ဥရောပတိုက်ရှိ အီတလီ နိုင်ငံ၊ အရှေ့မြောက်ပိုင်း ဒေသတို့၌ ပထမဆုံး အကြိမ် စတင်ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ ကြေညာချက်က ဆက်လက်ဖော်ပြသည်။
ချီကန်ဂန်ညာရောဂါ၏ ပိုးအနေဖြင့် (၁၉၅၂)ခုနှစ်တွင် အာဖရိကတိုက်ရှိ တန်ဇန်နီးယား တောင်ပိုင်း၌ စတင်ပျံ့နှံ့ခဲ့ပြီး တွန်ဂါဘီရီဒေး (Togaviridae) ဗိုင်းရပ်စ်အုပ်စုဝင် အယ်လ်ဖာဗိုင်းရပ်စ် အမျိုးအစား ဖြစ်သည်ဟု ဆေးသိပ္ပံ သုတေသီများက ဆိုသည်။ ချီကန်ဂန်ညာဟူသော အဓိပ္ပာယ်မှာ ရောဂါခံစားရချိန်၌ အဆစ်အမြစ်များကိုက်ခဲလှသဖြင့် ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးအောင် ခံစားရခြင်းကို အစွဲပြု၍ အာဖရိကတိုက်၊ မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းနှင့် တန်ဇန်နီးယားနိုင်ငံ၊ အရှေ့ တောင်ပိုင်းရှိ မာကွန်ဒေးလူမျိုးစု ဘာသာစကားမှ ဆင်းသက်လာသော အခေါ်အဝေါ် ဖြစ်ကြောင်းသိရသည်။
ကူးစက်ပုံအနေဖြင့် ချီကန်ဂန်ညာရောဂါပိုးရှိသူအား ကိုက်ထားသောခြင်မှတစ်ဆင့် အခြားသူများအား ကူးစက်စေသဖြင့် ကူးစက်လွယ်သော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုး သယ်ဆောင်လာသည့်ခြင်သည် နေ့အလင်းရောင်ရှိချိန် နံနက်ပိုင်းနှင့် မွန်းလွဲ ပိုင်းတို့တွင် လူကိုအများဆုံး ကိုက်တတ်သည်။ ၄င်းခြင်အကိုက်ခံရပြီးနောက် (၄)ရက်မှ (၈)ရက်အတွင်း ခြင်ကိုက်ခံရသူသည် ဖျားနာခြင်းစတင်ဖြစ်ပေါ်ပြီး ကိုယ်အပူချိန် ကျဆင်း စေရန် (၂)ရက်မှ (၁၂)ရက်အထိ ကြာမြင့်တတ်ကြောင်း သိရသည်။
ကုသမှုအနေဖြင့် အမြစ်ပြတ်အောင် ကုသနိုင်သည့် ဆေးဝါးများ ယခုအချိန်၌ မပေါ်ပေါက်သေးဘဲ ရောဂါသက်သာအောင်သာ ကုသပေးနိုင်သည်။ ထို့ပြင် ချီကန်ဂန်ညာ ရောဂါအတွက် သီးသန့်ကာကွယ်ဆေးလည်း ထွက်ပေါ်လာခြင်းမရှိသေးကြောင်းသိရသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည် ဟူသော ဆောင်ပုဒ်အတိုင်း ခြင်အန္တရာယ်ကာကွယ်ရေးနှင့် ခြင်ကိုက်ဒဏ်မှ ကင်းဝေးစေရန် ဆောင်ရွက်ခြင်းတို့ကို သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကဲ့သို့ လိုက်နာ ဆောင်ရွက်သင့်ကြောင်း ဆေးသိပ္ပံပညာရှင်များက အကြံပြု ထားသည်။ ခြင်အမျိုးအစားများစွာရှိရာတွင် Ae. aegypti နှင့် Ae.albopictus ခြင်အမျိုးအစားနှစ်မျိုးတို့သည် ချီကန်ဂန်ညာရောဂါကို ဖြစ်ပွားစေကြောင်းသိရသည်။ ¤င်းခြင်နှစ်မျိုးအနက် Ae.albopictus သည် အများ ဆုံးတွေ့ရသည်။ အဆို ပါခြင်သည် သစ် ခေါင်းများ၊ ကျောက်တုံးများကြား၊ ဝါးပင်များကြားနှင့် မော်တော်ကား တာယာအဟောင်းများကြား၌ ခိုအောင်း နေတတ်ပြီး ကျေးလက်ဒေသများ၊ ဆင်ခြေဖုံးဒေသများ၊ အရိပ်ကောင်းသော ပန်းခြံများ၌ အများအပြား ပေါက်ဖွားလေ့ရှိသည်။ နောက်ခြင်တစ်မျိုးသည် Ae.aegypti ခြင်သည် လူနေအိမ်များနှင့်နီးကပ်သည့် ပန်းပင်ကြို ပန်းပင်ကြား၊ ရေလှောင်ကန်၊ ရေချိုးခန်းအပေါ် ရှိ ရေလှောင်ကန်များ အကြားတွင် ပေါက်ဖွားကြောင်းသိရသည်။
ထို့ကြောင့် ချီကန်ဂန်ညာရောဂါမကူးစက်အောင် ခြင်နှိမ်နင်းရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆေးပညာရှင် များက တိုက်တွန်းထားသည်။ AA
http://www.baymyanmar.com/2010/02/blog-post_7904.html မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်