ခိုင်လင်း / ၁၄ မေလ ၂၀၁၀
မြန်မာနိုင်ငံတ၀န်း နေ့အပူချိန်မြင့်တက်မှုများကြောင့် မြန်မာပြည်အထက်ပိုင်းတွင်လည်း အပူချိန်များ မကြုံစဖူး ကြုံတွေ့ရကာ စီးပွားရေးလုပ်ငန်းများ ကျဆင်းလာနေပြီး ပျံကျ အလုပ်သမားများ၊ လက်လုပ်လက်စားများ ထိခိုက်နေကြသည်။
အပူရှိန်မြင့်မားမှုကြောင့် နေ့ခင်းဘက် အပြင်ထွက် ဈေးဝယ်သူမရှိသဖြင့် ဈေးဆိုင်များ၊ စတိုးဆိုင်များ အရောင်းအဝယ် ပါးနေပြီး အကျိုးဆက်အနေဖြင့် ဆိုက္ကားသမား၊ မြင်းလှည်းသမားတို့ ဝင်ငွေ ကျဆင်းလာရကြောင်း မိုးညှင်းမြို့မှ ဈေးသည်တဦးက ပြောသည်။
၎င်းက “မနက်ပိုင်းလောက်ပဲ ရောင်းကြဝယ်ကြတော့တယ်။ နေ့ဘက်ဆို ဈေးဝင်းထဲ ရောင်းသူပဲ ရှိတယ်၊ အတော်ပူတာ။ မိုးကမရွာ လေကမတိုက်ဆိုတော့ ဒီလို ရာသီဥတုမျိုး အခုမှ ကြုံဖူးတယ် မှတ်တယ်။ မိုးက ခဏလေး ရွာတယ်၊ ရွာပြီး ပိုတောင် ပူလာသလို ခံစားရတယ်။ ဒီနှစ် မြေပဲတွေက မိုးမရတော့ အထွက်မကောင်းဘူး။ နေကလည်း ပူတော့ ပဲဆွတ်ငှားတာတွေ၊ ပဲဆွတ်လိုက်တာတွေတောင် မရှိကြဘူး။ ကိုယ့်ဘာသာကိုယ် မနက်ပိုင်း၊ ညနေပိုင်းလေး လုပ်နေရတာ။ မိုးညှင်း၊ နမ္မား၊ ဟိုပင် တနယ်လုံး အဲလိုဖြစ်နေတာ” ဟု ပြောသည်။
ချောင်းရေများ နည်းပါးကာ ရေအိုင်များ ခန်းခြောက်နေသဖြင့် ကျွဲ၊ နွားများ အသေအပျောက်ရှိနေပြီး တိရစ္ဆာန်များ ရေရရှိရေးအတွက် တောင်သူများက ဂရုတစိုက်လုပ်နေကြရသည်ဟု မိုးကောင်းဒေသခံတဦးက ပြောသည်။
၎င်းက “မိုးကောင်းချောင်းလည်း ရေအတော်နည်းသွားတယ်၊ နန့်ရင်းချောင်းဆို သိသိသာသာ ကျသွားတယ်။ တောင်သူတွေ သူတို့ ကျွဲ၊ နွားတွေကို ချောင်းတွေဘက် သွားလွှတ်ရတော့တာ။ အရင် အနီးနားက အိုင်တွေက ရေတွေခန်းခြောက်၊ မြေတွေ အက်ကွဲလို့ ကျွဲတွေအတွက် နေစရာမရှိတော့ဘူး။ ဖားကန့်သွားတဲ့လမ်းပေါ်က တချို့နေရာတွေမှာ ကျွဲတွေ သေနေကြတယ်။ သူတို့ကျတော့ နွားတွေလို အပူဒဏ်မခံနိုင်ဘူး” ဟု ပြောသည်။
ယခုနှစ်အတွင်း သိသိသာသာ ရေခန်းခြောက်မှုများ ကြုံတွေ့နေရသဖြင့် အချို့နေရာများရှိ ရွှေတူးလုပ်ငန်းများပင် ရပ်နားလိုက်ရသည်ဟု မိုးညှင်းဒေသခံတဦးက ပြောသည်။
၎င်းက “ဒီနှစ် ရေခန်းတာကတော့ အင်းတော်ကြီးအိုင်ကို နမူနာပေးလို့ရတယ်။ ပြီးခဲ့တဲ့ တပေါင်း ဘုရားပွဲတုန်းက ဘုရားသွားတဲ့ လမ်းမှာ အရင်နှစ်တွေက ခြေမျက်စိလောက် ရေတွေရှိတယ်။ ဒီနှစ် အုတ်ခုံလမ်းရဲ့အောက် (၁) တောင်လောက် ရေကျသွားတယ်။ မြို့ထဲမှာ တွင်းရေတွေတောင် ခန်းနေတယ်။ ချောင်းတွေလည်း ရေတွေခန်းလို့၊ မှော်ဟန် ရွှေတွင်းကလူတွေတောင် ပြန်လာကြတယ်။ ရွှေကျင်တယ်ဆိုတာက ရေနဲ့ မျှောတိုက်ရတာလေ။ ရေမရတော့ အလုပ် နားလိုက်ရတာပေါ့။ တောတောင်တွေထဲက စိမ့်စမ်းတွေလည်း ပျောက်တဲ့ဟာ ပျောက်တဲ့။ အဲဒါကြောင့် ရွှေတွင်းမှာလည်း ရေတွေခန်း အဲလိုဖြစ်ကုန်တာပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း သစ်တောခုတ်ကာ တောင်ယာစိုက်ပျိုးရေးစနစ် အပါအဝင် နှစ်စဉ် သစ်တန်ချိန် သိန်းနှင့်ချီ ထုတ်ယူနေခြင်း၊ ရွှေတွင်း၊ ကျောက်တွင်းများတွင် သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကြောင့်လည်း ပူပြင်းသည့် ရာသီဥတုဒဏ်ကို ပိုပြီးခံစားနေရသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကချင်အန်ဂျီအို အဖွဲ့ဝင်တဦးက ပြောသည်။Rest of your post
No comments:
Post a Comment