Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, November 26, 2010

မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)

mgmgone
မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊
ဖခင်မယ်တို့တာ။
ကျနော်တို့ ငယ်ငယ်ကသင်ခဲ့ရတဲ့ ဆောင်ပိုဒ်လေးပါ။ တော်တော်များများ ရင်းနှီးနေကြလိမ့်မယ်လို့ ထင်ပါတယ်။ မိဘတွေက သားသမီးတို့အပေါ်ထားအပ်သော ၀တ္တရားများပေါ့၊ လောကမှာ မိဘတော်တော်များများဟာ သားသမီးအပေါ်မှာ မေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဘို့လိုမယ် မထင်တော့ပါဘူး၊ ဒါပေမဲ့လည်း တချို့သောချွှင်းချက်များတော့ ရှိတာပေါ့လေ၊ ဒါကလည်းဖြစ်တောင့်ဖြစ်ခဲပါ၊ မိဘတွေက သားသမီးကို သတ်ပစ်တာတို့၊ ပြည့်တံစာလုပ်ငန်းအတွက် ရောင်းချခဲ့တာတို့ ဆိုတာတွေက ကြုံရခဲတဲ့ကိစ္စပါ၊ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်၊ ဒီလိုအဖြစ်မျိုးရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့ ဂုဏ်ယူနေမှာမဟုတ်သလို ၀ိုင်းဝန်းပြစ်တင်ရှုတ်ချကြမှာအမှန်ပါပဲ။
လူတိုင်းမှာ ကိုယ့်ကိုမွေးထုတ်ခဲ့သူတွေဟာ မိဘတွေဖြစ်သလို ၊ တိုင်းပြည်တပြည်မှာ အစိုးရဆိုတာကလည်း တကယ်တော့မိဘပါ ၊ မိဘအစစ်တွေမဟုတ်သည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ မိဘနေရာမှာရှိနေရတဲ့သူတွေလို့ ကျနော်ယုံကြည်ပါတယ်။ သားသမီးများရဲ့ကောင်းမွေ၊ဆိုးမွေများကို မိဘများကခံကြရသလိုသားသမီးများအပေါ် တာဝန်ကျေကြဘို့ကိုလည်း မိဘတိုင်းနီးပါး ကြိုးစားအားထုတ်တတ်ကြပါတယ်။ ထို့နည်းတူစွာ အစိုးရဆိုတာကလည်း ပြည်သူများရဲ့ကောင်းမွေဆိုးမွေများကို ခံကြရပါမယ်။ ပြည်သူလူထုအပေါ် တာဝန်ကျေဘို့လိုပါလိမ့်မယ်။ ဒါမှ မိဘနဲ့တူသောအစိုးရဖြစ်နေမှာပါ။ ဘယ်ပြည်သူလူထုမဆို မိဘနဲ့တူသောအစိုးရကို အလိုရှိကြမှာအမှန်ပါ။
တနေ့ .. ကျနော်အင်တာနက်ပေါ်မှာ G- talk ဖွင့်ထားတုန်း ၂ ပတ်ကျော်လောက်လိုင်းပေါ်မှာပျောက်နေတဲ့ မြန်မာပြည်က ကျနော့်တူတစ်ယောက်နဲ့ အဆက်သွယ်ပြန်ရပါတယ်။ သူက အခုမှ ၁၆ နှစ်သား ဆယ်တန်းတက်နေတယ် ကျနော်က အမေရိကံပြည်ထောင်စု နယူးရောက်ပြည်နယ် ၊ ဘတ်ဖဲလိုးမြို့မှာနေတာပါ၊
“ ဦးဝမ်း… မြန်မာပြည်က .. အင်တာနက်တွေ.. ရွှေးကောက်ပွဲနီးလို့လားမသိဘူး ဖြတ်ထားတယ်”
“ဟုတ်လား……….”
“နောက်ပြီး လိုင်းတွေကလည်း.. အရမ်းနှေးတယ်ဗျာ.. အင်တာနက်သုံးရတာ အဆင်ကိုမပြေဘူး မီးကလည်းလာလိုက်မလာလိုက်နဲ့ ဦးတို့ဆီမှာရော အဲဒါမျိုးလိုင်းဖြတ်တာတွေ.. လိုင်းတွေနှေးတာတွေဖြစ်လား”……ကျနော်တချက်ပြုံးမိလိုက်တယ်.. ဒါပေမဲ့ ကျနော့်ရင်ထဲမှာတော့ တော်တော်လေးကိုထိခိုက်သွားပါတယ်။ သူက သူ့အမြင်နဲ့ ကြုံနေရတဲ့ အခက်ခဲကို လှမ်းငြီးကြည့်လိုက်တာပါ…..
---- ဘယ်ရှိမလည်း သားရဲ့.. ဦးတို့ဆီမှာ မီးပျက်တယ်ဆိုတာ.. လည်းမရှိဘူး.. အင်တာနက်လိုင်းတွေဖြတ်ထားတာတို့.. နှေးတာတို့ဆိုတာမရှိဘူး……ကျနော့်တူလေးရဲ့သက်ပြင်းချသံကိုတချက်ကြားလိုက်ရအပြီး သူ့ဘက်က အင်တာနက်လိုင်းက ပြတ်သွားပြန်ပါတယ်။ နောက်တခါ တတူတူနဲ့ လှမ်းခေါ်ပြီး စကားဆက်ပြောမယ်ကြံတော့ စကားသံကပြောရလိုက် မရလိုက်နဲ့…… ကျနော်တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ သူငြီးမယ်ဆိုလည်း ငြီးလောက်ပါတယ်။ မြန်မာပြည်မှာ အခု အင်တာနက် ၀န်ဆောင်မှု့လုပ်ပေးတဲ့ ကုမဏ္ဍီဘယ်နှစ်ခုရှိလည်းမသိဘူး ဒီမှာတော့ ကျနော်တို့မြို့သေးလေးမှာတောင်မှ .. ကုမ္မဏီ ၅ ခုအပြိုင်ရှိပါတယ်။ သုံးစွဲရာမှာလည်း စာအုပ်တအုပ်က စာရွှက်တွေကိုလှန်ဖတ်နေသလိုမျိုး မြန်ဆန်ပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီ ( Liberal Democracy ) ကျင့်သုံးနေတဲ့ နိုင်ငံရဲ့အနှစ်သာရဟာ ဒါမျိုးပါလား စဉ်းစားနေတုန်း.. တခါ တူလေးဆီကလှမ်းခေါ်သံကြားလို့ လက်ခံနားထောင်လိုက်တော့ စကားနည်းနည်းပြောရပြန်တယ်……
“ ဦးဝမ်း.. အလုပ်နားနေရတယ်ဆို.”
“ အေးကွ.. ငါအလုပ်ကနားနေရတယ်”
“ ဟင်.. ဒါဆို ဦးဝမ်း ၀င်ငွေမရှိတော့.. ဘယ်လိုလုပ်မလည်း.. ဘာနဲ့စားကြမလည်း”
“ အစိုးရကကြွေးတယ်.. အစိုးရကပေးတယ်ကွ ”
“ ဟာ.. ဦးဝမ်းကလည်း.. သားက အတည်ပြောနေတဲ့ ဥစ္စာ.. နောက်နေတယ် ”
“ ဘယ်ကလားနောက်ရမှာလည်း.. ဦးအလုပ်ကနားနေရတော့.. အစိုးရက စားဘို့ဆိုပြီး တလ.. မိသားစု ၃ ဦးကို ဒေါ်လာ ငါးရာကျော်ပေးတယ် .. နောက်ပြီး တပတ်ကို ဒေါ်လာ ၂၅၀ ပေးတယ်ကွာ.. တလ ၁၀၀၀ ပေါ့ .. ငါမနောက်ပါဘူးကွာ.. တကယ်ပြောနေတာပါ ”
“ တကယ်….”
“ တကယ်ပေါ့သားရဲ့.. ဦးဝမ်း.. သားကိုဘယ်တုန်းကလိမ်ပြောဘူးလို့လည်း ”
“ အစိုးရက.. တလကို ဒေါ်လာ ၁၅၀၀ ကျော် အလကားထောက်ပံ့ထားတယ်ဆိုတာ မြန်မာငွေနဲ့ဆို ၁၃သိန်းလောက်ရှိတယ်.. သားဖြင့် ဦးဝမ်းပြောလို့သာယုံရတယ်.. ကြားတောင်မကြားဘူးဘူး.. သားသူငယ်ချင်းတယောက်အဖေဆို..စစ်တပ်ထဲကနေပင်စင်နဲ့ထွက်လာတာတောင်မှ.. တလတလ.. စားဘို့ အလျှဉ်မမှီဘူးဗျာ.. သနားပါတယ်..” သူရဲ့အသံတွေထဲမှာ ကရုဏာနဲ့ရောစွက်နေတဲ့ မကျေနပ်သံတချို့ကိုလှမ်းမြင်လိုက်သလို ခံစားလိုက်ရတယ်။ အမေရိကားမှာ အလုပ်လုပ်နေတဲ့ လူတယောက်ဟာ သက်ဆိုင်ရာ ကုမဏ္ဍီက အကြောင်းအမျိုးမျိုးကြောင့်ရပ်နားလိုက်ရတယ်ဆို.. အဲဒီကုမဏ္ဍီနဲ့ အစိုးရပေါင်းပြီး ၀န်ထမ်းတွေကိုထောက်ပံ့ရပါတယ်။ တပတ်ကိုဘယ်လောက်ဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်မတူဘူး ( သူ အလုပ်လုပ်လို့ရလာတဲ့ ၀င်ငွေအပေါ်တည်မှီပြီးဆုံးဖြတ်တယ်) ၊ ပြီးတော့ အစားအသောက်အတွက် မိသားစုဦးရေ အပေါ်တည်မှီပြီးပေးတယ်..အလုပ်လက်မဲ့ထောက်ပံ့ကြေးကို ပျမ်းမျှအားဖြင့် ၂ နှစ်လောက်အထိပေးပါတယ်။ ဒီအတောအတွင်း အလုပ်တခုရအောင်ရှာပေါ့ ။ မရခဲ့ရင်ရောဆိုရင် အစိုးရကနေ တခါ လူမှု့ထောက်ပံ့ရေးအသွင်သဏ္ဍန်တမျိုးနဲ့ ထပ်ပေးပြန်တယ်။ ဒါကတော့ အမေရိကားမှာရှိတဲ့ ဘယ်သူမဆို.. လ ၆၀ ( ၅ နှစ် ) ခံစားခွင့်ရှိတယ်၊
အစားအသောက်အတွက်ကတော့ တော်တော်ကြာကြာထိကို ထောက်ပံ့ပါတယ်။ အစိုးရဟာ လူထုကိုဘယ်တော့မှအငတ်မခံဘူး။ ဒါဆို နအဖပြောသလိုမျိုး အိုးမဲ့ အိမ်မဲ့တွေ အများကြီးဆိုတာကို ကျနော်နည်းနည်းလေးရှင်းပြခြင်တယ်။ အမေရိကားမှာ လူတွေကို ခရက်တစ် ( credit ) ဆိုတာနဲ့ ချုပ်ထားတယ် ခရက်တစ်ဆိုတာ အကြွေးဝယ်စနစ်နဲ့ ပေးထားတဲ့ ကဒ်ကလေးတွေကို တင်ပြောတာမဟုတ်ပါဘူး.. လူတစ်ယောက်ရဲ့ရာဇ၀င်ဆို ပိုမှန်မလားမသိဘူး၊ လူတယောက်ရိုးသားတာ၊ အပြစ်မရှိတာ၊ အလုပ်ကြိုးစားလုပ်တာ၊ ပစ္စည်းတွေကို အကြွေးစနစ်နဲ့ ၀ယ်ရင်မှန်မှန်ပြန်ပေးတာ၊ ရာဇ၀တ်မှုကင်းတာ၊ စသဖြင့် ကျန်တာတွေလည်း အများကြီးရှိသေးတာပေါ့ အဲဒါတွေကို အမှတ်ပေးစနစ်နဲ့ ပေးတယ်။ မေးစရာတစ်ခုရှိမယ်.. ခင်ဗျားက လိုခြင်တဲ့ ပစ္စည်းတခုကို အကြွေးနဲ့ဝယ်ပြီး ပြန်မဆပ်ဘူးဆိုရင်ရော ( ဗမာပြည်မှာဆို အကြွေးရရင်ဆင်တောင်ဝယ်စီးမဲ့သူများအတွက်)၊ ရတယ်။ မဆပ်နဲ့ ၊ အချိန်တန်လို့ လစဉ်ပေးရမဲ့ အကြွေးကို မပေးတော့ဘူးဆိုရင်.. အဲဒီပစ္စည်းကို ပိုင်ရှင် ကုမဏ္ဍီတွေက လာသိမ်းမှာပဲ မပူနဲ့ ၊ မော်တော်ကားဆို ကြိုက်တဲ့နေရာမှာဖွက်ထား သူတို့ကသိတယ်.. ရေဒါစနစ်တွေနဲ့လုပ်ထားတာ။ ပြီးရင် ခင်ဗျား ခရက်တစ်ကဆုံးသွားပြီ ၊ ခရက်တစ်ဆုံးတော့ဘာဖြစ်မလည်း၊ ခင်ဗျားဘာမှအကြွေးဝယ်လို့မရတော့ဘူး၊ ဘဏ်တွေကလည်း ပိုက်ဆံချေးလို့မရတော့ဘူး၊ အနိမ့်ဆုံး အိမ်တောင်ဌားနေလို့မရတော့ဘူး၊ အလုပ်တွေက လက်မခံဘူး၊ ခရက်တစ်ကောင်းရင်ရောဘာဖြစ်မလည်း အိမ်ဝယ်ခြင်တယ် ဒေါ်လာတသိန်းတန်လောက် အိမ်တောင်မှ အရစ်ကျဝယ်လို့ရတယ် တလခြင်း နည်းနည်းဆပ်သွားရတယ် ခင်ဗျားပေးတာမှန်လေ ခရက်တစ် အမှတ်ကတက်လေပဲ။ စ၀ယ်ဝယ်ခြင်း တစ်ပြားမှမကုန်ဘူး ကျနော်နေတဲ့ နယူးရောက်ပြည်နယ်မှာဆို ပထမဆုံးအိမ်ဝယ်မဲ့သူအတွက် အစိုးရက ဒေါ်လာ ၈၀၀၀ လောက်အထိ အလကားပေးတယ် ။ ခင်ဗျား အလုပ်သာရှိ ( အနည်းဆုံး ၂ နှစ်လောက်ပေါ့ ) နောက်တခါ ခရက်တစ်လည်းကောင်းဆို အိမ်တလုံးတပြားမှ မကုန်ပဲဝယ်လို့ရတယ်။ ပြီးမှ တစ်လခြင်း နည်းနည်းပြန်ဆပ်ပေါ့၊ ကျနော်ပြောခဲ့တဲ့အတိုင်း ခရက်တစ်ဆိုးတဲ့သူတွေအတွက် အိမ်ဌားနိုင်တဲ့ပိုက်ဆံရှိလည်း အိမ်ရှင်တော်တော်များများက ခရက်တစ်စစ်ဆေးကြည့်လို့ဆိုးတယ်ဆိုရင်.. မဌားဘူး။ အဲဒီတော့ အိုးမဲ့ အိမ်မဲ့တွေဖြစ်ကုန်ရော၊ နောက်မေးစရာရှိနိုင်တာက.. အစိုးရက အမြဲထောက်ပံ့နေတော့.. ဗမာတွေးနဲ့ဆို အလုပ်မလုပ်ပဲထိုင်စားနေမယ်ဆိုရင်ရော… ဖြစ်တယ် ထိုင်စား။ ခင်ဗျား ခရက်တစ်ဆိုးနေမှာပဲ။ ခင်ဗျား အခွင့်ရေးတွေ အကုန်ဆုံးရှုံးမယ်.. ဒါပေမဲ့ ဘယ်တော့မှမငတ်ဘူး၊ အစိုးရကခင်ဗျားကိုကြွေးထားမယ်။ ခရက်တစ်ကောင်းရင် ခင်ဗျားလုပ်ငန်းတခုထူထောင်ခြင်တယ်ဆိုပါဆို့ . ဘဏ်တွေက ခင်ဗျားကို ပိုက်ဆံချေးခြင်ကြမှာ အလုအယက်ပဲ.. ဘာလုပ်ခြင်လုပ်ခြင်. သူတို့ထုတ်ချေးမယ်။ အမေရိကားမှာ အလုပ်လုပ်ခြင်းဟာလည်း ကောင်းမွန်သော ခရက်တစ်ကိုဖြစ်စေတယ်။ ပျင်းလို့မရဘူး၊
ကျန်းမာရေးနဲ့ပတ်သက်လို့ကလည်း ၀င်ငွေနည်းမိသားစုများကို အစိုးရကထောက်ပံ့တယ် နေထိုင်မကောင်း ကျန်းမာရေးချို့တဲ့ရင် အစိုးရကကူတယ် ( ကုန်ခြင်သလောက်ကုန်ပါစေ ) ကျနော်တို့ မြန်မာနိုင်ငံသားတွေထဲမှာ ဆေးကုလိုက်ရတာ ဒေါ်လာ သိန်းနဲ့ချီကုန်တဲ့သူတွေရှိတယ်။ အစိုးရက ကူတယ်။ ဒီမှာ ဆေးခန်း၊ ဆေးရုံတွေဆိုတာ ပုဂ္ဂလိကပိုင်တွေချည်းပဲ ဆေးကုသစရိတ်ကလည်းဈေးကြီးတယ်။( ဒါပေမဲ့ ခင်ဗျားမှာ ၀င်ငွေကောင်းတယ်ဆိုရင်တော့ အခမဲ့ဆေးကုသခွင့်မရဘူး၊) ကိုယ်ပိုက်ဆံနဲ့ ကိုယ်ကုရတယ်။ အဲဒီ ကုမဏ္ဍီတွေကို ခင်ဗျားဆေးကုလို့ ကုန်ကျစရိတ်အတွက် အစိုးရကပေးတယ်။ ဘာမှပူစရာမလိုဘူး၊ အလကားဆေးသွားကုရတာဆို သိမ်ငယ်စရာမလိုဘူး ၊ တကယ်တော့ အလကားကုတာမဟုတ်ဘူး ၊ ခင်ဗျားကုန်ကျမဲ့ငွေကို အစိုးရကပေးတာ။
တပ်မတော်သားတွေ ကဏ္ဍပြောပြဦးမယ်၊ ဒီမှာ နိုင်ငံရပ်ခြားကနေရောက်လာပြီး နေထိုင်ခွင့်တရားဝင်ရှိတဲ့သူတွေဆို စစ်ထဲဝင်ချင်ကြတာတွေ အများကြီး ဘာလို့လည်းဆိုတော့ ဘ၀အာမခံချက်အပြည့်ရှိတယ်။ ရပိုင်ခွင့်တွေအများကြီးပဲ။ တိုက်ပွဲမှာ ကျဆုံးသွားမယ်ဆိုရင်တောင်မှ ဒေါ်လာ သိန်းချီ ( မြန်မာငွေ သိန်းထောင်ချီပြီး ) ပေးတယ်။ မိဘ၊ သားသမီး၊ မိန်းမ၊ လင်ယောကျာင်္း သူတို့အတွက်တောင်မှ အားလုံးနေဘို့ ထိုင်ဘို့က အစအားလုံး အစိုးရက တာဝန်ယူပေးတယ်၊ သူတို့တတွေ အလုပ်လုပ်ချင်တယ်ဆိုရင်တောင်မှ အလုပ်လုပ်ခွင့် အခွင့်ရေး သူများထက်သာတယ် ( ဒါ စစ်သားမဟုတ်သေးဘူး စစ်သားဆွေမျိုးပဲရှိသေးတယ်)။ စစ်သားတွေပင်စင်ယူမယ်ဆို ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက်ကြည့်ပြီးလစာရကြတယ် ( အနည်းဆုံး ဒေါ်လာ ၂၀၀၀ နဲ့ အထက်မှာရှိတယ် ) ဒါသာမန်စစ်သားအဆင့် အရာရှိတွေဆို အများကြီး ပင်စင်လစာရတယ်။သူတို့ အလုပ်လုပ်လိုသေးတယ်ဆိုရင် ချက်ခြင်း အလုပ်သမားရှာဖွေရေးဌာနတွေက အလုပ်ရှာပေးတယ်။ စစ်သားဘ၀မှာလည်း အလုပ်ချိန် ဒါမှမဟုတ် တာဝန်ထမ်းဆောင်ချိန်မဟုတ်ပဲ အထက်အရာရှိက အောက်လက်ငယ်သားကို အမိန့်ပေးပိုင်ခွင့်၊ အာဏာပြပိုင်ခွင့်မရှိဘူး၊ သွားပြလို့ကတော့ ပြသနာတက်ပြီသာပြင်ပေတော့ အဲဒီလို၊ စစ်သားက စစ်သားအလုပ်ပဲလုပ်တယ် တခြားအလုပ်မှာဝင်မပါဘူး ၀င်မရှုတ်ဘူး၊ အဓိကထူးခြားတာက စစ်သားတွေ၊ရဲတွေကိုလူထုကချစ်တယ် လေးစားကြတယ်။ ဗမာပြည်နဲ့မကွာလားဗျာ၊


အပိုင်း ၂ ဆက်ပါဦးမည်
မူပိုင် ဟစ်တိုင်

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 17, 2010

ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းကို ပြန်လည်သုံးသပ်ကြည့်ခြင်း "ထွန်းအောင်ကျော် "

ဆောင်းပါး ထွန်းအောင်ကျော်

အစွန်းရောက် အတွေးအခေါ်များ
ဗိုလ်နေဝင်း၏ စစ်အာဏာစက်အား ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီးဖြင့် တိုက်ချလိုက် စဉ်က ဦးဆောင်သူများမှာ အတွေ့အကြုံ နုနယ်သည့် ကျောင်းသားများက အများစုဖြစ်ခြင်း၊ နိုင်ငံရေးတိုက်ကွက်ထက် ပုဂ္ဂိုလ်ရေးကြော်ကြားမှု Heroism ကို ဦးစားပေးခဲ့ကြခြင်း၊ အတွေ့ အကြုံရှိသော လူကြီးများက ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီး သူအိမ်ရှေ့ကဝင်ရင် ငါနောက်ဖေးက ထွက်မည်ဟု မာန်မာန အာဃာတကြီးမားခြင်းတို့ကြောင့် လက်တကမ်းအလို ပြည်သူလိုလား သည့် အစိုးရဖွဲ့စည်းနိုင်ခြေမှ လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။
တဖန် ၁၉၉၀ ရွေးကောက်ပွဲသည် ညစ်ပတ်မှုများကြားမှ NLD အနိုင်ရလာသည့် အခါတွင်လည်း လက်နက်မဲ့ပြည်သူအင်အားကို တဖက်သတ်အားကိုး၍ တင်းမာရေး လမ်းစဉ်ကို လိုက်ပါခဲ့ကြပြန်သည်။ ဦးကြည်မောင်၏ (Off the record) ထုတ်ပြန်ရန် ခွင့်မပြုသော ပြောကြားချက်ဖြစ်သည်၊ “အကယ်၍ အစိုးရဖွဲ့ပြီးလျှင် စစ်ခေါင်းဆောင်များကို နုရင်ဘတ်ခုံရုံး ကဲ့သို့ စစ်ခုံရုံးတင်၍ စစ်ဆေးမည်” ဆိုသည့် စကားကို သတင်းထောက် ဒိုမီနစ်ဖေါ်ဒါက စည်းကမ်းဖောက်၍ ရေးသားခဲ့ခြင်းကြောင့် တပ်ခေါင်းဆောင်များက NLD ကို အာဏာလွှဲပြောင်းမပေးချင်မှုအပေါ် အသုံးချရန်အတွက် အကြောင်းပြချက် ရရှိသွားခဲ့ပြီး အာဏာလွှဲပြောင်းပေးချင်သော တပ်တွင်းရှိ Moderate အလယ်အလတ်ပျော့ပြောင်းသူ စစ်ခေါင်းဆောင်များကို Radical တင်းမာသူများဘက်သို့ ကူးပြောင်းထောက်ခံစေခဲ့သည်။
တဖန် ဦးနေဝင်း ဝင်ရောက်ဖြန်ဖြေပေးလျှင် တပ်နှင့် NLD ကြားတွင် တင်းမာနေမှုကို အဆုံးသတ်နိုင်သည်ဟုဆိုသော ကျွန်ုပ်၏ အမျိုးသားရင်ကြားစေ့ရေး စာတမ်း Charter97 ကို လက်မှတ်ထိုးပြီးမှ ၎င်းတို့၏ လက်မှတ်များကို လိမ်ယူပါသည်ဟု ပြည်ပခေါင်းဆောင်အချို့မှ ဆိုကြသည်၊ အကြောင်းမှာ သတင်းဋ္ဌာနတခုမှ ဒီစာတမ်းဟာ ဦးနေဝင်းကို ဖားနေတာဟု သွေးထိုးလိုက်သဖြင့် ခေါင်းဆောင်ကြီး ဆိုသူများက ကြောက်အားလန့်အားနှင့် သူတို့ လက်မှတ်ကို ညာယူပါသည်ဟု ဗြောင်လိမ်ကြသည်။ ထောင်ကျဘက် တဦးကလည်း “နေဝင်း ပေးမှ ဒီမိုကရေစီရရင် မယူဘူးကွ” ဟု ရန်တွေ့တာ ခံရဘူးသည်။ ကျွန်တော့အနေနှင့် ယမမင်းက ဒီမိုကရေစီးပေးရင်လည်း ယူရမှာဘဲ ရဘို့လုပ်တာမဟုတ်လား၊ ဘယ်သူ ပေးပေးပေါ့။ ထိုအချိန်က ဦးနေဝင်းသည် အနားယူနေသော်လည်း တပ်တွင်း၌ သူ၏ သြဇာရှိနေသေးသည်။ NLD လူငယ်များ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဦးနေဝင်းကို ဒေါ်စုခွင့်ပြုချက်ဖြင့် ဖိတ်ကြား ဘူးသည်ကို ဖတ်ရတော့ ပြုံးမိပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ NLD လူငယ်များကို ဝေဘန်မှုများ ဒီမိုကရေစီအင်အားစုများအတွင်း၌ ပေါ်ထွက်ခဲ့သည်ဟု သိရပါသည်။ သို့ရာတွင် ဒေါ်စုခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်၍ ထိုလူငယ်များ ပြဿနာ မတက်ခဲ့ပါ။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို အခြေခံ၍ စဉ်းစားသော အစွန်းရောက် အတွေးအခေါ် များသည် မှန်ကန်သော ဆုံးဖြတ်ချက် ပေးလေ့မရှိပါ။ ခါးသည်းမှု၊ မုန်းတီးမှုတို့ဖြင့်သာ တန်ပြန်သက်ရောက်မှု ရှိတတ်သည်ကို သတိပြုမိကြဖို့ လိုပါသည်။

ယနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်သူတို့က ဝင်ကြသည်။ ကန့်ကွက်သူတို့က ကန့်ကွက်၍ သပိတ်မှောက်သူတို့က သပိတ်မှောက်ကြသည်။ ကျွန်တော်သည် ၂၀၁၀ ကို လုံးဝဆန့်ကျင် ကန့်ကွက်သူဖြစ်သည်။ သို့ရာတွင် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိခြင်း၊ မဲလိမ်မဲခိုးခြင်း၊ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်အနိုင်ရသူတို့အား ဗြောင်ကျကျ မဲလိမ်၍ တဖက် သတ် ကြံ့ဖွတ်ပါတီမှ အနိုင်ရပါသည်ဟု ကြေငြာခြင်းတို့ကြောင့် အတိုက်အခံ နိုင်ငံရေးပါတီ များက ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသဖြင့် ၎င်းတို့အနေဖြင့် အသိအမှတ်မပြုကြောင်း လက်မှတ်မထိုးနိုင်ဟု တညီတညွတ်တည်း ဆိုလာခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်ကိုယ်တိုင် ဆန့်ကျင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခြင်းမှ အမြတ် ထွက်မှုများရှိကြောင်းကိုတော့ ရဲရဲဝန်ခံနိုင်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲမှ အမြတ်ထွက်ခြင်း
(၁) ဘာတွေများ မြတ်လို့လဲဗျ? ဟု မေးလာလျှင် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ရေငုံနှုတ်ပိတ် နေခဲ့ကြရသော နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ဥပဒေကြောင့် ဖွဲ့စည်းခွင့်ရရှိ ပေါ်ပေါက် လာသော နိုင်ငံရေးပါတီအသစ်များ၊ တိုင်းရင်းသားပါတီသစ်များ ပေါ်ထွက်လာခြင်းသည် ပထမရရှိသော အမြတ်ဖြစ်သည်။
(၂) ထိုနိုင်ငံရေးပါတီများက လူထုကြားတွင် ထိုးဖောက်စည်းရုံးခွင့်ရရှိလာခြင်း၊ ပြည်သူတို့ ၎င်းတို့၏ အတွေးအခေါ်ဝါဒများကို ကန့်သတ်မှုများကြားမှ ထုတ်ဖော်ခွင့်၊ စည်းရုံးခွင့်ရခြင်း သည် ဒုတိယအမြတ်ဖြစ်သည်။ ထို့အပြင် ထိုနိုင်ငံရေးပါတီများက ရွေးကောက်ပွဲကို တရား မျှတမှု မရှိသဖြင့် အသိအမှတ်မပြုနိုင်ပါဟု ကန့်ကွက်လာသော်လည်း ၎င်းပါတီများကို ထိုကန့်ကွက်ခြင်းကြောင့် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်းကို အစိုးရတွင် ပြုလုပ်ပိုင်ခွင့် မရှိချေ။ ထိုအချက်သည် နိုင်ငံရေးပါတီများအတွက် အားသာချက်တရပ်အဖြစ် ကျန်ရစ်ခဲ့ သည်။
(၃) တတိယ အမြတ်မှာ ရွေးကောက်ပွဲသည် ညစ်ပတ်မှုကြောင့် ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများ စည်းရုံးသွားခြင်းသည် အရေးကြီးဆုံးသော အမြတ်ဖြစ်သည်။

NLD ၏ အခန်းကဏ္ဍ
NLD ပါတီသည် ရွေးကောက်ပွဲကို မယုံကြည်၊ ၂၀၀၈ အခြေခံဥပေဒကို လက်မခံနိုင် သဖြင့် ရွေးကောက်ပွဲကို ပြတ်သားစွာ သပိတ်မှောက်ခဲ့သည်။ ထိုကြောင့် ရွေးကောက်ပွဲလွန် ကာလတွင် ၎င်းတို့ ဆုံးဖြတ်ချက်မှန်ကန်ကြောင်းကို သက်သေပြနိုင်ခဲ့သည်။ တပြိုင်နက်တည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့သည့်အပေါ် ပြည်သူလူထုကြီးမှ လွန်စွာအားတက် မှုကို ဖြစ်ပေါ်စေခဲ့သည်။ တဖက်မှလည်း ရွေးကောက်ပွဲဝင်ခဲ့ပြီး မြန်မာ့သမိုင်းတွင် စံတင် လောက်သည့် အရှက်ကင်းမဲ့သည့် မဲလိမ်မဲခိုးမှုကြောင့် စုစည်းလာသည့် နိုင်ငံရေးပါတီများ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး သဘောထားကြီးကြီးဖြင့် ကမ်းလှမ်း ပူးပေါင်းသင့်သည်ဟုမြင်သည်။ NDFသည် ဖောက်ပြန်သည့် အင်အားစုမဟုတ်၊ NLD ၏ အင်အားစု အစိတ်အပိုင်းအနေဖြစ် မှတ်ယူသင့်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ဗိုလ်နေဝင်းလက်ထက် အာဏာသိမ်းခြင်း၏ အကြောင်းရင်းခံမှ ပြည်ထောင်စုကြီး ပြိုကွဲသွားမည် စိုးသည့်အတွက်ကြောင့်ဟု အကြောင်းပြခဲ့သည်၊ ထိုကြောင့် ဖယ်ဒရယ်ဆိုလျှင် တိုင်းပြည်ပြိုကွဲအောင် ပြုလုပ်မည့် စံနစ်ဟု လူထုကို လှည့်ဖျား ခြိမ်းခြောက်ထားခဲ့သည်။

ဗိုလ်နေဝင်းလက်ထက်တွင် ပြည်တွင်းစစ် မငြိမ်းခဲ့ပါ။ ယနေ့ ဗိုလ်သန်းရွှေ လက်ထက် တွင် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ကြီးများနှင့် ငြိမ်းချမ်းရေး ပြိုကွဲရန် တာစူလျက်ရှိ နေပြီဖြစ်သည်။ DKBA နှင့် မြဝတီ၊ ဘုရားသုံးဆူတိုက်ပွဲတို့က ပြည်တွင်းစစ် အရှိန်နှင့် တောက်လောင်တော့မည်ဟု မီးနီပြနေပြီဖြစ်သည်။

၈၈ ကျောင်းသားများ တောခိုလာပြီးနောက် ဖယ်ဒရယ်မူကို အများပြည်သူ သိရှိနား လည်လာရန် တဆင့်ဖြန့်ဖြူးနိုင်ခဲ့သလို တိုင်းရင်းသား အစွန်းရောက်မျိုးချစ်များကိုလည်း သီးခြားနိုင်ငံထူထောင်လိုမှုကို ရုတ်သိမ်းစေရန် ဆွေးနွေးညှိုနှိုင်းခဲ့ကြသည်။ ယနေ့ပြည်တွင်းရှိ အဓိကပါတီ NLD က ဖယ်ဒရယ်မူကို လက်ခံစကားပြောလာသဖြင့် တိုင်းရင်းသား ခေါင်း ဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားလာခဲ့ကြသည်မှာ အားတက် စရာပင် ဖြစ်သည်။

ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာမှ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ပင်လုံ ဒုတိယညီလာခံ ပြုလုပ်မှာကို ထောက်ခံကြောင်း ဆိုခဲ့သလို၊ ရှမ်းတောင်ပိုင်း SSA ခေါင်းဆောင်ကလဲ ယုံကြည်ကိုးစားကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။ ထို့အတူ ဝခေါင်း ဆောင်များကလဲ NLD ကို ယုံကြည်ကြောင်း ပြောကြားဘူးသည်။ KNU နှင့် မွန်ခေါင်းဆောင် များကလဲ ဒေါ်အောင်ဆန်းစုကြည်ကို တမျိုးသားလုံးကို စည်းရုံးပေးနိုင်မည့် ခေါင်းဆောင် အဖြစ် မြင်ကြသည်။ ထို့အတူ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က ပြည်ထောင်စုစိတ်ဓာတ်တွေ နိုးထလာတယ်။ ဇီုမီးအမျိုးကောင်စီဥက္ကဋ္ဌ ဦးဖုရှင်းထန်က ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်တွေ ဒေါ်အောင်ဆန်းစုကြည်ဆီမှာရှိတယ်ဟု ပြောခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အကောင်းမြင် တယ်လို့ ဆိုခဲ့တယ်။ KIO ဗိုလ်မှုးချုပ် ဂွမ်မော်ကလည်း ရှေ့မှာ တယောက်နဲ့ တယောက် ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ ထပ်မဖြစ်အောင် ကြိုးစားဖို့လိုတယ်လို့ ဆိုခဲ့ပြီး ကရင်နီအမျီုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခူးထယ်ဗူးတယ်က ကရင်နီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ကြိုဆိုတယ်၊ ဖယ်ဒရယ်ကို အားပေးမယ်၊ ထောက်ခံမယ်လို့လည်း ယုံကြည် တယ်လို့ ဆိုခဲ့တယ်။ ထိုကဲ့သို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများကရော၊ တိုင်းရင်း သားနိုင်ငံရေးပါတီခေါင်းဆောင်များက ပါ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ရော၊ သူမ၏လုပ်ရပ်အရပါ ယုံကြည်မှု ရှိနေကြောင်းကို ဖော်ထုတ်ပြသခဲ့ကြသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ တောက်လောင်နေခဲ့သော ပြည်တွင်းစစ်ကို ငြိမ်းအေးအောင် လုပ်ဆောင်ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်အဖြစ်မြင်သည်။

တပ်မတော်သားများ ဘဝ
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တပ်မတော်သားများက ထိပ်တန်းမှ ပါဝင်ခဲ့ ကြသည်။ ပါလီမန် ဒီမိုကရေစီခေတ်တွင် တပ်မတော်သားများ ရိက္ခာဖူလုံစွာ ရရှိခဲ့ကြသည်။ သာမန်စစ်သားများအတွက် အထူးဆိုင်များမှ လျော့ဈေးဖြင့် ဝယ်ယူခွင့်ရရှိခဲ့ကြသည်၊ ရုပ်ရှင်ရုံ တွင် ကြည့်လျှင် တဝက်ဈေးနှင့် ကြည့်ခွင့်ရကြသည်။ သို့ရာတွင် ပြည်တွင်းစစ်တွင် မြန်မာ့ တပ်မတော်သားများ၏ အသက်ပေါင်းများစွာကို ပေးလှူခဲ့ကြရသည်။

မဆလခေတ်တွင် တပ်သားများ အခွင့်အရေးများ မရှိတော့ချေ။ သို့ရာတွင် ထိပ်ပိုင်း စစ်ခေါင်းဆောင်များအတွက် ပဒုမ္မာပြခန်းဆိုသည့် အထူးဆိုင်များ၊ သီးသန့်ရုပ်ရှင်ရုံများ ပေါ်ပေါက်လာခဲ့ရပြီး တပ်မတော်သားများ ဘဝများစွာ နိမ့်ကျသွားခဲ့ရသည်။ ယနေ့ နအဖခေတ်တွင် မိမိစုငွေကိုပင် မိမိပြန်မရနိုင်သည့် ဘဝသို့ ရောက်နေရသည့် အခြေအနေ ဖြစ်သည်။

ပြည်တွင်းစစ်
ပြည်တွင်းစစ်ရှိနေသမျှ မြန်မာပြည်ကြီး တိုးတက်ဖွံ့ဖြိုးမှု ဖြစ်မလာနိုင်ပါ။ ပြည်တွင်း စစ်ကြောင့် တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်သားများ အများအပြား သေကြေပျက်စီးကြသလို၊ ပြည်သူ အသက်ပေါင်းများစွာ မြေဇာပင်ဖြစ်ခဲ့ကြရသည်။

ယနေ့ခေတ်အထိ ပြည်တွင်းစစ်ကြောင့် မြန်မာပြည်တွင် လူတသန်း အနည်းဆုံး သေဆုံးခဲ့မည်ဟု မှန်းဆနိုင်ပါသည်။ ဘယ်အရာနှင့်မှ မလဲနိုင်သော လူ့အသက်ပေါင်းများစွာ ပြည်တွင်းစစ်တွင် စတေးခဲ့ရသည်။ ၎င်းပြည်တွင်းစစ်ကို လက်ရှိတပ်မတော်မှ ခေါင်းဆောင် များက အမှန်တကယ် အဆုံးသတ်စေချင်ပါက တိုင်းပြည်ရှိပြည်သူလူထုက ချစ်ခင်လေးစား သော ဒေါ်စုနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ၎င်းတို့ကိုယ်တိုင် ပါဝင်၍ ပြုလုပ်သင့်ပေသည်။ နအဖခေါင်းဆောင်များ ပြည်တွင်းစစ်ကို အဆုံးသတ်ချင်သော သူများ ဖြစ်သလော၊ ပြည်တွင်းစစ်ကို မီးမွှေးနေသူများ ဖြစ်သလော အဖြေထုတ်ရန် အချိန်ကျပြီဟု မြင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ
ယနေ့မြန်မာပြည်တွင် ဒေါ်အောင်ဆန်းစုကြည်လောက် လူချစ်လူခင်များသောသူ တဦးမှ မရှိကြောင်း သူမ လွတ်လာသောနေ့နှင့် မိန့်ခွန်းပြောသော နေ့တို့တွင် သိနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပြည်သူလူထု၏ ချစ်ခင် လေးစားမှုကို ခံရသလို တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကို ရရှိထားသည့် အတွက် ပြည်တွင်းစစ်ရပ်စဲရေး၊ တိုင်းပြည်ထူထောင်ရေးကို ဦးဆောင်ခွင့် ရမည်ဆိုလျှင် မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ပြန်လည်ဦးမော့လာနိုင်ပါသည်။ ထိုကြောင့် ထိုကဲ့သို့ ရှားရှားပါးပါး ပြည်သူထောက်ခံမှု ရရှိထားည့် ခေါင်းဆောင်ကို ဘာလုပ်ပါ၊ ညာလုပ်ပါဆိုတာ မျိုးထက် သူမသိရန်လိုသည့် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ကူညီရိုင်းပင်းခြင်း တို့ဖြင့်သာ ဝန်းရံဘို့လိုပါသည်။ အခြေအနေ အရပ်ရပ်ကို ဘက်စုံမှ တင်ပြကြ၍ ဆုံးဖြတ်ပိုင်းဖြတ်မှုကို သူမဘာသာ ပြုလုပ်စေခြင်းဖြင့် သူမ၏ အခန်းကဏ္ဍကို မြှင့်တင် ပေးရမည်ဖြစ်ပါသည်။ NLD ပါတီအနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ်ကို အကောင်အထည်ဖော်ရာ၌ မိမိအတွင်းစည်း ဒီမိုကရေစီအင်အားစုများကြားတွင် သဘောထား ကြီးကြီးထား၍ စည်းရုံးခြင်းဖြင့် စတင်သင့်သည်ဟု မြင်ပါသည်။ ထိုမှတဆင့် တပ်ပေါင်းစုကြီး ကို ဦးဆောင်နိုင်မည်ဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲကို ဦးဝင်းတင်က ဒေါ်စုနဲ့ ပြည်သူတွေနိုင်တယ်၊ ဘီဘီစီက ဒေါ်တင်ထားဆွေကလည်း ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကနိုင်ပြီး စစ်အစိုးရက ရှုံးတယ်လို့ သုံးသပ်သွားပါသည်။ ဒေါ်တင်ထားဆွေက ရွေးကောက်ပွဲမှာ မဲပေးသူနည်းပါးခြင်းဟာ အစိုးရလုပ်ရပ်ကို အယုံအကြည်မရှိဘူးဆိုတာကို ပြသလိုက်တာဖြစ်ပြီး ပြည်သူတွေ ယုံကြည်မှု မရှိတဲ့ ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ မပြောနိုင်ဘူး။ မဲမသမာမှု လုပ်ရပ်တွေကြောင့် ပြည်သူတွေကို နာကြည်းမှု ဖြစ်စေနိုင်တယ်။ ရွေးကောက်ပွဲဟာ တရားဝင်အုပ်ချုပ်ခွင့်ရဖို့ လုပ်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် တရားဝင်မှု Legitimacy လည်း အားနည်းတယ်။ မဲလိမ်တဲ့ ကိစ္စဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အစိုးရကို ဂုဏ်သိက္ခာကျစေခဲ့တယ်။ ထို့အတူ ဝင်ရောက် မဲရွေးခဲ့ကြတဲ့ ကိုယ်စားတွေကလည်း စစ်အစိုးရအပေါ် ယုံကြည်မှုကို ကင်းမဲ့စေ ခဲ့တယ်။ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပေမယ့် နိုင်ငံတကာဖိအားတွေကလည်း မပြောက်ကွယ် ဘဲ ဆက်လက်တည်ရှိနေမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲသာ လုပ်လိုက်ရတယ်၊ စစ်အစိုးရ အမြတ်မထွက်ပဲ အရှုံးကြီးရှုံးသွားပြီး ပြည်သူတွေက အနိုင်ရတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
ကျွန်တော့အနေနဲ့ကတော့ စစ်အစိုးရ တကယ်ရှုံးတယ် မရှုံးဘူးဆိုတာထက် အရှုံး အမြတ်ကို တခဏခြင်း လုပ်ရပ်နဲ့ တိုင်းတာလို့ မရဘူးလို့ ထင်ပါသည်။ အမြတ်ထွက်တဲ့ ကိစ္စတွေ အတိုက်အခံဘက်မှာ ရှိသလို စစ်အစိုးရဘက်မှာ ရှိတယ်လို့ မြင်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့ပါသည်။ စစ်အစိုးရ ခွက်ခွက်လန်အောင် ရှုံးပါသည်။ ဒါပေမဲ့ ရေရှည်မှာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို NLD က အကောင်အထည်မဖော်နိုင်၊ ဖော်ခွင့် လည်းမရတဲ့အတွက် ရေရှည်မှာ NLD ရှုံးတယ်လို့ ပြောရမှာ ဖြစ်ပါသည်။

ယ္ခုလည်း မဲလိမ်မဲခိုးမှုတွေကြောင့်၊ လူတွေ စိတ်ဝင်စားမှု နည်းတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ ဂုဏ်သိက္ခာမရှိတဲ့ ရွေးကောက်ပွဲကြောင့် ရှုံးတယ်ဆိုရင် နအဖဟာ ရွေးကောက်ပွဲကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အမျိုးဆက် ခေါင်းဆောင်တွေကိုဖမ်းပြီး ပြုလုပ်ခဲ့သော်လည်း အာဆီယံကလည်း ရွေးကောက်ပွဲ ညစ်ပတ်မှုတွေကို ထုတ်မပြောဘဲ ကြိုဆိုပြီး ထောက်ခံလိုက်ပါသည်။ တရုတ်၊ အိန္ဒိယမှလည်း လက်ခံလိုက်ပါသည်။ ဥရောပမှ အစိုးရများကလည်း တက်လာတဲ့ အစိုးရနဲ့ ဆက်လက်ညှိုနှိုင်း သွားမယ်လို့ ဆိုခဲ့ပါတယ်။ နိုင်ငံတကာက ဒီလိုညစ်ပတ်စုတ်ပြတ်နေတဲ့ မသမာတဲ့ ရွေးကောက်ပွဲကြီးကို သိပင်သိငြားသော်လည်း ဒီရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ကြောင်း ၎င်းရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရကိုလည်း အသိအမှတ်မပြုကြောင်းကို ဘယ်နိုင်ငံကမှ မပြောခဲ့ကြတာကို သိကြဖို့ ကောင်းပါသည်။

ထိုအချက်က စစ်အစိုးရသည် မည်ကဲ့သို့ ညစ်ပတ်စွာ လုပ်ခဲ့လုပ်ခဲ့ နိုင်ငံတကာက အသိအမှတ်ပြု ဆက်ဆံနေဦးမည်ဆိုတာ သတိပြုမိဖို့ လိုပါသည်။ ထို့ကြောင့် ပြည်တွင်းမှာ ပလူပျံအောင် ကန့်ကွက်နေသော်ငြားလည်း အမေရိကန်နိုင်ငံအပါအဝင် တရုတ်နိုင်ငံအဆုံး စစ်အစိုးရက လက်ပြောင်းတင်လိုက်တဲ့ အစိုးရသစ်ကို ကန့်ကွက်ဖို့ မရှိဘူး။ ဆက်လက် ဆက်ဆံသွားဖို့သာရှိပါသည်။

အချုပ်အားဖြင့်။ ။၁၉၉၀ ရွေးကောက်ပွဲတွင် ရှုံးသွားသော်လည်း နအဖသည် အာဏာကိုဆက်လက်ယူထားနိုင်သလို ယ္ခု ၂၀၁၀ တွင်လည်း ညစ်ပြီး နိုင်သွားသည့်အခါ အာဏာဆက်လက်ယူထားခြင်းကိုလည်း နိုင်ငံတကာက မည်သို့မျှ ကန့်ကွက်သွားလိမ့်မည် မဟုတ်၊ ထိုကဲ့သို့ အနိုင်ယူထားခြင်းကို ဒီမိုကရေစီအင်အားစုများက မတိုက်နိုင်လျှင် ဒုတိယမ္ပိ အရှုံးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။

အနာဂါတ်တိုက်ပွဲ
ကဲဒါဖြင့် ဘယ်လို လုပ်ကြမလဲ? ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး တဖက်မှ ပြောနေသလို နအဖကို တရားစွဲဖို့လည်း လုပ်နေတာ တွေ့ရသည့်အခါ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်လို့ မြင်ပါသည်။ နောက်တခုက နအဖခန့်ထားတဲ့ တရားသူကြီး နအဖဖွဲ့စည်းပေးထားသည့် တရားရုံးတွင် နအဖကို တရားစွဲမည် ဟူသည်က အမှန်တကယ်တော့ အချိန်ကုန်လူပန်း လုပ်ရပ်ဖြစ်ပြီး အဓိပ္ပါယ် လည်း မရှိဘူးဟု သုံးသပ်ပါသည်။ တင်းမာရေး လမ်းစဉ်ကို ပြန်သွားနေတယ်လို့ နအဖက စွပ်စွဲမှာ မလွဲပါဘူး။ ထိုလုပ်ရပ်သည် ဒီမိုကရေစီထွန်းကားပြီး လူ့အခွင့်အရေးကို အခိုင်အမာ ပြဋ္ဌာန်းထားသည့် နိုင်ငံတွေမှာ ပြည်သူအများက သူတို့ကို အစိုးရက မတရားပြုကျင့်ရင် အခြေခံဥပဒေထဲမှာပါတဲ့ သူတို့ရဲ့ ခုခံပိုင်ခွင့်အရ အစိုးရကို တရားရုံးမှာ တရားစွဲပိုင်ခွင့် ရှိပါသည်။ တရားရုံးများကလည်း အုပ်ချုပ်သူ အစိုးရ၏ အာဏာစက်မှ သီးခြားကင်းလွတ်သည့် တရားရုံးများ ဖြစ်တဲ့အတွက် တင်လာတဲ့ အမှုများကို သမာသမတ်ကျကျ စီစစ်ပြီး အစိုးရက ဥပဒေမဲ့ ပြုကျင့်မှု လုပ်သည်ဆိုတာကို ထင်ရှားခဲ့ရင် တရားစွဲသူ ပြည်သူကို အနိုင်ပေးပါသည်။ ထိုကဲ့သို့ အစဉ်အလာ မြန်မာ့တရားစီရင်ရေးတွင် မရှိသေးပါ၊ မပေါ်ထွန်းသေးပါ။

NLD ပါတီအနေဖြင့် ထို့ထက်အရေးကြီးသော အကြောင်းအရာတွေ လုပ်ရန် အများကြီးရှိပါသည်။ ပြည်သူထောက်ခံမှု တခဲနက်ရနေသော ဒေါ်စုအနေဖြင့် ပြည်သူများ ပူနွေးတက်ကြွနေသော အချိန်တွင် ရန်ကုန်တိုင်းအတွင်း မည်သည့်နေရာ မည်သည့်နေ့ရက် တွင် တရားပွဲကျင်းပမည်ဖြစ်ကြောင်း ကြေငြာပြီး အနာဂါတ်မြန်မာပြည် တိုးတက်ဖွံ့ဖြိုးရေး အတွက် တိုင်းပြည်ကို မည်ကဲ့သို့ ပျိုးထောင်မည်ဟု ဟောပြောပွဲများ ပြုလုပ်သင့်ပါသည်။ နအဖကို ပုပ်ခတ်ပြောဆိုမှု မလုပ်ဘဲ မိမိတိုင်းပြည်အပေါ် ဖြစ်စေချင်သော ဆန္ဒကို ထုတ်ဖော်ခြင်း၊ လတ်တလော ဒုက္ခရောက်နေသော ရခိုင်လေဘေး ဒုက္ခသည်များနှင့် နာဂစ် လေးဘေးဒုက္ခသည်များကို ကူညီရိုင်းပင်းရန်အတွက် ဖောင်ဒေရှင်းများ တည်ထောင်ခြင်း စသည်တို့ကို စဉ်းစားသင့်ပါသည်။ ပြည်သူအများ ပါဝင်လာနိုင်သည့် အလုပ်များ၊ လမ်းစဉ်များကို ချပြ၍ Grass Root အောက်ခြေလူထု ၏ (ကိုယ်ထူကိုယ်ထ) မီစံကိန်းများကို ဦးစီးပြုပေးခြင်းဖြင့် NLD နှင့် လူထုအကြား တသားတည်း ဖြစ်စေမည့် အခြေအနေကို ဖန်တီးသင့်ပါသည်။ လူထု သည် တရားပွဲ နားထောင်၍ ပြန်သွားသည့် အနေအထားမျိုး မဟုတ်ပဲ NLD နှင့် ပေါင်းစပ်လက်တွဲလုပ်နိုင်သည့် လုပ်ကွက်များကို ဖန်တီး၍ ဦးဆောင်မှု ပြုရန် လိုပါသည်။ ထို့အတူ ဒီမိုကရေစီ အင်အားစုများနှင့် ညှိုနှိုင်းပြီး တူသည့်အရာများကို လက်တွဲလုပ်ခြင်းဖြင့် ပြည်သူ့အကျိုးကို လက်တွေ့ကျကျ ကွင်းဆင်း အကောင်အထည်ဖော် ကြရမည်ဖြစ်သည်။ နအဖ မလုပ်ပေးသော မလုပ်နိုင်သော အလုပ်များကို Civic အဖွဲ့အစည်းများ ဖွဲ့၍ ပြုလုပ်နိုင်ရန်နှင့် အရေးကြီးဆုံးမှာ Civil Society လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးကို အားပေးကူညီခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် တောင်သူလယ်သမား ၇၅ % ရှိသည့်အတွက် တောင်သူလယ်သမားအစည်းအရုံးများ သမဂ္ဂများ ပေါ်ထွက်လာရန် အားပေးကူညီခြင်း၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခြင်းကို အားပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ပျိုးထောင်ရာတွင် ကူညီခြင်း ထောက်ခံပံ့ပိုးခြင်းတို့သည် ယနေ့ NLD ပါတီ ဦးစားပေးလုပ်ရမည့် အလုပ်များ ဖြစ်လာနိုင်ပါသည်။ ဖြစ်လျှင် အလွန်ကောင်းမည်ဟု ယူဆပါသည်။

တပ်မတော်
တပ်မတော်တွင် လူအင်အားကို တိုးချဲ့၍ စစ်ဗိုလ်ချုပ်များ နအဖလက်ထက်တွင် မှိုလိုပေါက်လာခဲ့သော်လည်း သာမန်စစ်သားများ၏ ဘဝသည် ဒုံရင်းဒုံရင်း ဘဝမှ မတက်ဘဲ ၎င်းတို့၏ သမီးမယားများ မကောင်းသည့်အလုပ် လုပ်စားရသည့် အနေအထားသို့ပင် အချို့ မိသားစုများ စားဝတ်နေရေးအခက်အခဲကြောင့် ရောက်ရှိနေခဲ့ကြပါသည်။ နိုင်ငံတကာရှိ တပ်မတော်သားများ ဘဝနှင့် နှိုင်းယှဉ်၍ မြန်မာ့တပ်မတော်သားများဘဝ မြှင့်တင်လာရေး ကိုလည်း ဒီမိုကရေစီအင်အားစုများက အခွင့်သင့်လျှင် သင့်သလို ထုတ်ဖော်ပြောဆိုကြဖို့ လိုပါသည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွင် မြန်မာစစ်ဗိုလ်စစ်သားများ အဘယ်ကြောင့် ပါဝင်ခွင့်မရသနည်း၊ မပါဝင်ခဲ့သနည်း စသည်မေးခွန်းများကို ဖြေဆိုသင့်ပါသည်။ တခြားနိုင်ငံရှိ တပ်များ၊ ကုလသမဂ္ဂ အလံတော်အောက်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်သော တပ်များအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်နေကြသလို မြန်မာတပ်များ အဘယ့်ကြောင့် တာဝန် ထမ်းဆောင်ခွင့်မရသနည်း။ ထိုခဲ့သို့ တာဝန်ထမ်းဆောင်ခွင့် ရရှိပါက ကမ္ဘာအရပ်ရပ်တွင် လှည့်လည်သွားလာနိုင်၍ ပညာဗဟုသုတ ရရှိနိုင်သည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကူညီ စောင့်ရှောက်နေသော တပ်မတော်သားများအဖြစ် ဂုဏ်ယူနိုင်ခွင့်ရရှိကြမည် ဖြစ်ပါသည်။

ပြည်တွင်းစစ်ကြောင့် တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို တပ်မတော်သားများကလည်း လိုလားကြမည်ဟု ယုံကြည်မိပါသည်။ ကိုယ့်တမြေတည်းနေ တရေတည်းသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် သတ်ဖြတ်နေရသော အလုပ်ကို မည်သည့် မျိုးချစ်စိတ်ရှိသောသူကမျှ လိုလိုလားလား ထောက်ခံအားပေးလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန်အတွက် တိုင်းရင်းသားအင်အားစုများနှင့် အများသဘောတူ သည့် အချက်အလက်များကို ဆွေးနွေးညှိုနှိုင်းအတည်ပြုရန်အတွက် ပင်လုံညီလာခံ ကဲ့သို့သော ညီလာခံကြီးကို ခေါ်ယူဖို့ NLD က ဦးစားပေး ဆောင်ရွက်ဖို့ လိုသည်။ ညီလာခံ ခေါ်ယူမည်ဆိုသည့် အတွေးအခေါ်သည် အလွန်ကောင်းမွန်သော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေပြီး တိုးတက်ကြွယ်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးအတွက် အလွန်အရေးကြီးသဖြင့် ထောက်ခံပါသည်။ အထူးလုပ်သင့်လုပ်ထိုက်သော အလုပ်လည်း ဖြစ်ပါသည်။ ပြည်တွင်းစစ်အဆုံးသတ်ရေး ဦးတည်ချက်ကြောင့် တပ်မတော်တွင်းရှိ ကိုယ့်အချင်းချင်း သတ်ဖြတ်နေရမှုကို မနှစ်မြို့သော မျိုးချစ်တပ်မှုးများနှင့် အောက်ခြေထု တပ်မတော်သားများ၏ ထောက်ခံမှုကို မလွဲမသွေ ရရှိနိုင်မည်ဟု ယူဆပါသည်။ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးကိစ္စကို နောက်တပိုင်းတွင် ဆက်လက်ဖော်ပြသွား ပါမည်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, November 13, 2010

" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း (၇) ”

(မောင်မောင်ဝမ်း) nov 12,2010

"ကျနော်တို့တတွေ “ည” ဆိုတဲ့ ကာလတစ်ခုကို အချိန်အားဖြင့် အဓိပ္ပါယ်အားဖြင့် လိုသလို ဆွဲယူလို့ မရနိုင်တော့ဘူးလား။ ည ဟာ နေ့ ရဲ့ ရှေ့တော်ပြေး ၊ လေပြေလေညှင်းကလေးကော မဖြစ်နိုင်ဘူးလား။ ည ဟာ အနှုတ်လက္ခဏာ မဟုတ်ဘဲ အပေါင်းလက္ခဏာရဲ့ မိခင် အဖြစ် ကျနော်တို့ ပြောင်းယူလို့ မရနိုင်တော့ဘူးလား။" ( ကဗျာဆရာ-ငြိမ်းဝေ )

အမိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး ရရှိရေး- အမျိုးသားလွတ်မြောက်မှု့တိုက်ပွဲဟာ သိပ်ကြမ်းတမ်းလှပါတယ်။ ခက်ခဲနက်နဲလှပါတယ်။ အမှောင်ထုအားကြီး လွန်းလှပါတယ်။ ပေးဆပ်မှုတွေလည်း များလွန်းလှပါတယ်။
အပြည့်အစုံဖတ်မယ်ဆိုရင် အပေါ်က " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း (၇) ”ဆိုတာကိုသာ ကလစ်နှိပ်လိုက်ပါတော့ ၊
အဖိုးတန်သောအရာမှန်သမျှ ခက်ခက်ခဲခဲလုပ်ယူမှ ရတတ်တယ်....ဆိုတဲ့ ဥပဒေသကလည်း ရှိနေတယ်မဟုတ်လား။ အမှောင်ဆုံးသော သန်းခေါင်ဟာ အရုဏ်ဦးဖို့အတွက် နိမိတ်လက္ခဏာရပ်တွေများ ဖြစ်လာလေလိမ့်မလား။
ဒီလိုနဲ့...တနေ့ ကျနော်အိမ်ကို ပြန်အရောက်ပြီး မကြာခင်မှာပဲ အိမ်ရှေ့ကို ထောက်လှမ်းရေးက ကားတစီးထိုးဆိုက်လာတယ်။ကားပေါ်ကနေ လူ ၃ဦးဆင်းလာပြီး အိမ်ထဲကိုဝင်လာတယ်။ ကျနော်က သိလိုက်ပါတယ် ။ သူတို့ဘယ်သူတွေလဲ ဆိုတာ ။
ကျနော်က အိမ်ရှေ့ဧည့်ခန်းမှာ လူမှု့ဝတ္တရားအရ ဧည့်ခံလိုက်တော့ သူတို့ထဲက တယောက်က မိတ်ဆက်ပေးတယ်၊ တယောက်က ဗိုလ်ကြီးအဆင့်ရှိသူ၊ နောက်တစ်ယောက်ကတော့ ဒုတပ်ကြပ်တယောက် ၊ ကျနော့်ကို မိတ်ဆက်ပေးနေသူက ကျနော်နေထိုင်ရာအရပ်မှာ တာဝန်ကျနေတဲ့ နယ်မြေခံ ထောက်လှမ်းရေးတပ်ကြပ်ကြီး။ ကျနော်နည်းနည်းတော့ သဘောပေါက်လိုက်တယ် ။ ဒါလာဖမ်းတာတော့ မဖြစ်နိုင်သေးဘူး... ဆိုပြီး (ဘာရယ်လို့တော့မဟုတ်ပါဘူး။ ခန့်မှန်းကြည့်မိတာပါ။) အကြီးဆုံးအဆင့်ဖြစ်တဲ့ ဗိုလ်ကြီးဆိုသူက စ ပြောလာတယ်--------။
“မနက်ဖြန်မှာ ကျနော်တို့ လူကြီးက ခင်ဗျားတို့ကျောင်းသားတွေနဲ့ တွေ့ချင်တယ်ဆိုပြီး.... အကြောင်းကြားလာလို့ ကျနော်တို့ ခင်ဗျားဆီ လာခဲ့တာပါ”။ ပြောပြောဆိုဆိုနဲ့ သူ့ရဲ့လက်ကို ကမ်းပေးတော့ ကျနော်လည်း လက်ဆွဲနှုတ်ဆက်ရင်း ကနေ........
“ ဘယ်သူလဲ.. ခင်ဗျားတို့လူကြီးဆိုတာ ဘယ်သူလဲ” ဆိုတော့......

“ အဲဒါတော့ ကျနော်လည်းမသိဘူး.. ကျနော်တို့တပ်မှုး (ထောက်လှမ်းရေး ၁၆-တောင်ဥက္ကလာပ ) ကနေ လွှတ်ပြီး အကြောင်းကြားခိုင်းလိုက်လို့ လာပြောတာပါ”
“ ဒါဆို .. ခင်ဗျားတို့ထောက်လှမ်းရေးတပ်မှုးတော့ မဟုတ်နိုင်ဘူး ”
“ သူတော့ မဟုတ်ပါဘူး … လူကြီးတယောက်တော့ လူကြီးတယောက်ပဲ”
ကျနော်သဘောပေါက်လိုက်ပြီ၊လွန်ခဲ့တဲ့ ၂ ရက်က နအဖဆီ အကြောင်းကြားစာကို ကျနော်တို့တတွေ အန်တီအိမ်ထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ထောက်လှမ်းရေးတွေကနေ တဆင့်ပို့ခိုင်းလိုက်တာ အဲဒီကိစ္စပဲ ဖြစ်နိုင်လောက်မယ်။ စိတ်ထဲမှာ ကောက်ချက်ချနေရင်းက…

“ အဲဒါ… ခင်ဗျားတို့ကျောင်းသားတွေ စုစုပေါင်း ၅ ယောက်ကနေ ၁၀ယောက်ထက် မပိုဘဲတွေ့ချင်တယ်တဲ့.. ဖြစ်နိုင်..မဖြစ်နိုင် ကျနော့်ကို အခုအကြောင်းပြန်လို့ရနိုင်မလား”
မိုးကအတော်ကို ချုပ်နေပြီ၊ စီစဉ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ တွေ့ရမှာက မနက်ဖြန်ဆိုတော့ သိပ်တော့လွယ်လိမ့်မယ်လို့ ကျနော်မထင်မိ..။ “ မနက်ဖြန်တွေ့ရမယ်ဆိုတာတော့.. သိပ်လွယ်မယ် မထင်ဘူးဗျ.. ။ကျနော်ကျန်တဲ့သူတွေကို လိုက် အကြောင်းကြားရဦးမှာ”
“ဒါဆို ဘယ်နေ့လောက် ဖြစ်နိုင်မလဲ…သိပ်တော့ မခွာနဲ့ပေါ့ဗျာ”
ကျနော်စဉ်းစားကြည့်မိတယ်။ဒီကိစ္စကို ပေါ့ပေါ့လုပ်လို့မဖြစ်၊ ကျနော် လူကြီးတွေနဲ့တိုင်ပင်မှဖြစ်မည်။သို့်မဟုတ်ဘူး ဆိုရင် ကျနော်တို့သမိုင်းကို ထိခိုက်နိုင်သည့်အရာ ဖြစ်နေရင် ဘယ်လို လုပ်မလဲ၊ သူတို့နဲ့ဆက်ဆံရတာ နည်းနည်းတော့ လန့်သည်။အဖမ်းခံရမှာကို လန့်တာတော့မဟုတ်ပါ၊ ကျနော်တို့ သမိုင်းပုတ်မြောင်းထဲ ထိုးကျသွားမှာကို စိုးရိမ်မိသည်။ ထောက်လှမ်းရေးတွေ လုပ်တတ်သည့် အကျင့်ဆိုးတွေကို တွေ့ကြုံဖူးသူတယောက်အနေဖြင့် လွယ်လွယ်နဲ့မဆုံးဖြတ်ရဲ…….။
“ ကျနော် အဆုံးဖြတ်ပေးလို့ မရနိုင်ဘူးဗျ…..။ တိုင်ပင်ရဦးမယ်..။ ဒါတော့ခွင့်ပြုပါ ”
ထောက်လှမ်းရေးအရာရှိ နည်းနည်းတော့ စိတ်ရှုတ်သွားဟန်ရှိတယ်..။ ပြီးမှ သူက..
“ နေဦး.. ကျနော် လူကြီးဆီ လှမ်းသတင်းပို့ မေးကြည့်ဦးမယ် ” ဆိုပြီး ကျနော့် တို့အိမ်ထဲကနေ ကားရပ်ထားတဲ့နေရာကို ထွက်သွားပြီးဖုန်းတလုံးနဲ့ အဆက်သွယ်သွားလုပ်နေတာကို ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။ နည်းနည်းတော့ကြာတယ် ။ ၁၅ မိနစ်လောက်ရှိမယ်ထင်တယ်။ အိမ်ထဲကျန်ရစ်ခဲ့တဲ့ သူတွေကတော့ ဖွင့်ထားတဲ့ တီဗွီ ကို ကြည့်ရင်း စောင့်နေကြတယ်။နောက်ပြန်ဝင်လာပြီး…….
“ သဘက်ခါလောက်တော့ဖြစ်အောင်လုပ်ပေးပါ....တဲ့” “ ကျနော်ကြိုးစားကြည့်ပါ့မယ်…။ ဒါပေမယ့် အာမ တော့ မခံရဲဘူး ..။ တွေ့မယ် ..မတွေ့ဘူး..ဆိုတာ။ ကျနော်တို့ တိုင်ပင်ချင်ပါသေးတယ် ..။ တကယ်လို့ အကြောင်းပြန်ကြားမယ်ဆိုရင်.. ဘယ်လိုလုပ်ရမလဲ ”
“ ဟုတ်ပြီလေ ....ကျနော်တို့ ခင်ဗျားဆီကို လာဆက်သွယ်ပါ့မယ် .. ။ကျနော်တို့ဆီကို အမြန်ဆုံးအကြောင်းပြန်ပေးပါ ”
ပြောပြောဆိုဆိုနဲ့ အရာရှိလုပ်သူက ထပြီး ကျနော်အပါဝင် အိမ်မှာရှိနေတဲ့ သူငယ်ချင်းမိသားစုများကို နှုတ်ဆက်ပြီး ထွက်သွားတော့တယ်။ ကျနော်က သူငယ်ချင်းလုပ်သူနဲ့ မိသားစုကို မှာထားရတယ်။ တကယ်လို့ သူတို့ ဒီကိုလာပြီး ဆွေးနွေးတာတို့ ......စကားပြောတာတို့ကို မှတ်ထားပေးဖို့ ၊ အဲသလိုမဟုတ်ရင် သူတို့က ပြင်ပမှာ မဟုတ်မဟတ်တွေ ပြောဆိုလာရင် အခက်ကြုံမှာ ကြောက်ရလို့ သက်သေထူထားတာပါ။

ဒီလိုနဲ့ နောက်ရက်မှာပဲ ကျနော်တို့ကျောင်းသားများနဲ့ဆုံတွေ့ပြီး နအဖ ထောက်လှမ်းရေးအရာရှိရဲ့ကမ်းလှမ်းချက်ကို တင်ပြတိုင်ပင် ဆွေးနွေးကြတယ်။ အားလုံးကတော့ သွားရောက်တွေ့ဆုံဖို့ ကို သဘောတူခဲ့ကြပြီး ၊ ဆက်လက်ပြီးတော့ အန်တီစုအပါဝင် လူကြီးတွေနဲ့ဆက်လက်တိုင်ပင်ဖို့ ကိုပါ စီစဉ်ခဲ့ကြတယ်။ အန်တီစုအပါဝင် NLD က လူကြီးတွေနဲ့တွေ့ဆုံတော့ အားလုံးက သွားရောက်တွေ့ဆုံဖို့ ကို အားပေးခဲ့တယ်။ အန်တီစုကတော့-----
“ အန်တီတို့တောင် တွေ့ဆုံဆွေးနွေးဖို့ အမြဲတောင်းဆိုနေတာပဲ …။ အခုလို သားတို့ကို တွေ့ဖို့ ကမ်းလှမ်းချက်အတွက် သွားသင့်ပါတယ်…။ဘာပဲဖြစ်ဖြစ် အကျိုးအကြောင်း သိရတာပေါ့ ”
ကျနော် ညနေဘက် နေတော်တော်စောင်းလို့ အိမ်ပြန်သွားတော့ နယ်မြေခံထောက်လှမ်းရေးတပ်ကြပ်ကြီးက အိမ်မှာ အဆင်သင့်စောင့်နေတယ်..။ ကျနော်က အကျိုးအကြောင်းကို ရှင်းပြပြီး ကျနော်တို့ကျောင်းသားများ လာခေါ်ဖို့ ကိုပါ စီစဉ်ခိုင်းတော့ သူက ..” အားလုံးစီစဉ်ပေးမယ့်အကြောင်း” ပြောပြီးပြန်သွားခဲ့တယ်။

ကျနော့်ရဲ့စိတ်ထဲမတော့ မယုံရဲယုံရဲ နဲ့ အကောင်းဘက်ဖြစ်ပါစေလို့ပဲ မျှော်လင့်ရင်း ..။ နောက်တနေ့မှာတော့ ကျနော်တို့ကို သတ်မှတ်ထားတဲ့နေရာမှာ သူတို့ ကားနှစ်စီးနဲ့လာကြိုတယ်။ တစီးက ကျနော်တို့ကို ခေါ်သွားတဲ့ကားဖြစ်ပြီး နောက်တစီးကတော့ ထောက်လှမ်းရေးအမှတ် ( ၁၆ ) က တပ်မှုးစီးလာတဲ့ကား။ သူက ကျနော်တို့ကားရဲ့ရှေ့ဘက်ကနေ မောင်းရင်း.. သွားနေတာကတော့ မြို့ထဲဘက်ပဲ..။ ဘယ်ကိုသွားနေတာလဲဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိဘူး..။နောက်တော့မှ.. ၀န်ကြီးများရုံးထဲကို ထိုးဝင်သွားတယ်။ အဲဒီဝန်းထဲရောက်တော့ ထောက်လှမ်းရေး ဘာရုံးလည်း မသိဘူး ။ နည်းနည်းတော့ အဆောက်အဦကကြီးတယ်.. ။ ကျနော်တို့ကို ကားပေါ်က ဆင်းခိုင်းပြီး.. ”ပါလာတဲ့အိတ်တွေ၊ စာအုပ်တွေကို အပြင်မှာ ထားခဲ့ဖို့ ” ပြောတယ်။ နောက် အစည်းဝေးခန်းမလို (အခန်းကို လေးထောင့်စားပွဲ ပုံစံ ပတ်လည်ခင်းထား)နေရာကို ရောက်တော့ ကျနော်တို့ကို ထိုင်ခိုင်းလိုက်တယ်။ ကျနော်တို့ကို စားပွဲရဲ့တဘက်မှာ တန်းစီပြီး ထားတယ်။ပြီးတော့ ထောက်လှမ်းရေး ဗိုလ်ကြီးလုပ်သူက ကျနော်တို့ထဲက ပါလာတဲ့သူတွေရဲ့ နာမည်ကို တယောက်ချင်းစီ လိုက်မေးပြီး... သူ့ရဲ့မှတ်စုစာအုပ်လေးထဲမှာ ရေးမှတ်တယ်..။

သိပ်မကြာခင်မှာပဲ .. အရပ်ဝတ် အရပ်စား လူ ၅ ယောက်လောက် ၀င်လာပြီး အအေးပုလင်းတွေနဲ့၊ ကိတ်မုန့်တွေ သယ်လာပြီး.. ကျနော်တို့ကို တည်ခင်းကျွေးမွေး.. သူတို့ အားလုံးကလည်း ကျနော်တို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံနေလေတော့.. ကျနော့်စိတ်ထဲမှာ ” အခြေအနေကတော့ သိပ်မဆိုးဘူး ” လို့ကောက်ချက်ချမိတယ်..။ ကျနော်က ဘေးနားမှာရှိတဲ့ ကျောင်းသား ခင်မောင်သိန်း ( NLD-ကိုကိုးကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း သား ) ကို တိုးတိုးလေး ကပ်ပြောတယ်…။

“ ဟေ့ကောင် ...အကုန်စားကွ…။ ထောက်လှမ်းရေးက ဒီလိုကျွေးတာ စားရခဲတယ်” ဆိုတော့ -ဘေးတဘက်က ကျောင်းသူတဦးက လက်ညှိုးလေးကို ပါးစပ်နားမှာကပ်ပြီး……
”ရှုး..တိုးတိုး.. အခန်းထဲမှာ အသံဖမ်းစက်တွေ တပ်ထားရင်တပ်ထားမှာ ။ သိပ်စကားမပြောနဲ့တော့ ” ဆိုတော့မှ ကျနော်တို့လည်း ချကျွေးတာတွေကို စားနေချိန်မှာပဲ.. ကင်မရာတွေ ကိုင်လာတဲ့လူတချို့ အခန်းထဲ ၀င်လာတယ်..။
ကျနော်တို့စားသောက်နေတဲ့ပုံတွေကို..တဖျန်းဖျန်းနဲ့ ဓါတ်ပုံရိုက်ယူတော့တာပဲ..။ဘာတွေလုပ်ကြမှန်းတော့ မသိသေးဘူး။ ဓါတ်ပုံရိုက်သူတွေ ထွက်သွားပြီး ခဏလေးအကြာမှာပဲ အခန်းထဲကို ယူနီဖောင်းနဲ့လူကြီးလို့ပြောတဲ့သူ ၀င်လာတယ်။ ထောက်လှမ်းရေးတပ်မှုးရယ်၊ ဗိုလ်ကြီးရယ်က ထ အလေးပြု နေချိန်မှာ.... ကျနော်အကဲခပ်လိုက်တော့.. အဆင့်က ဗိုလ်မှုးကြီးအဆင့် ။ ကျနော်က လူပုဂ္ဂိုလ်ကို သေသေချာချာ မသိဘူး ။ သူက စားပွဲထိပ် တည့်တည့်မှာ နေရာယူအပြီး ထောက်လှမ်းရေးက ဗိုလ်ကြီးက ကျနော်တို့တယောက်ချင်းစီရဲ့နာမည်ကိုခေါ်ပြီး အဲဒီ ဗိုလ်မှုးကြီးနဲ့ မိတ်ဆက်ပေးတယ်။

ဗိုလ်မှူးကြီး သန်းထွန်း (ပုံ)
ကျနော်တို့ကို မိတ်ဆက်ပေးပြီးမှ.. သူကပဲ..” ဒါကတော့ ဗိုလ်မှုးကြီးသန်းထွန်း ပါ ” ဆိုတော့မှ ကျနော်လည်း သိတော့တယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့လက်ရုံး (သူ့ ရာထူး တိတိကျကျတော့ ကျနော်လည်း မသိဘူး).. ပြီးတော့ သူ့ရဲ့ရင်ဘတ်မှာလည်း အမျိုးသားညီလာခံကိုယ်စားလှယ်ဆိုတာကြီးလည်း တပ်လာသေးတယ်ဗျ။ သဘောကတော့ ၀တ်စုံပြည့်၊တာဝန်ပြည့်သဘော။ ကျနော်တို့အားလုံးကို တချက်ဝှေ့ကြည့်ပြီး..ပြုံးပြတယ်..။ ပြီးမှ သူ့ရှေ့မှာတင်ထားတဲ့ ယူလာတဲ့ မှတ်စုစာအုပ်လေးကိုဖွင့်ရင်း………

“ ကျနော် ဖတ်ပြတာလေး သေသေချာချာနားထောင်ပေးပါနော် ” ဆိုပြီး......
” မကြာသေးမှီက ကျောင်းသားများရဲ့ကမ်းလှမ်းဖိတ်ခေါ်ချက်ကို သိရှိရတဲ့အကြောင်း..၊ အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံရန်မှာ အချိန်ကာလအားဖြင့် စောနေသေးကြောင်း..၊ အခြေနေတရပ်ကိုစောင့်ကြည့်ရန်လိုနေသေးကြောင်း ...” စသဖြင့်စာအုပ်လေးကို ကြည့်ပြီးဖတ်ပြပါတယ်။
“ ကျနော် ပြောတာရှင်းရဲ့လား မသိဘူး ” ဆိုတော့ ကျနော်တို့အားလုံးက ”ရှင်းတဲ့အကြောင်း”ပြန်ပြောလိုက်တယ်။ စိတ်ထဲမတော့ ”ဒါလေးဖတ်ပြတာများ စာအုပ်ဖွင့်ဖတ်လုပ်နေရသေးတယ်၊ဒီအတိုင်း ပါးစပ်က ပြောလည်း ရနေရဲ့သားနဲ့။”လို့ ပြောမိတယ်။
ပြီးမှ ဗိုလ်မှုးကြီးသန်းထွန်းက ကျနော်တို့ကို .. “ဘာများပြောချင်သေးလဲ”ဆိုတော့.. ကျနော်တို့လည်း တယောက်ချင်းစီ ပြောတော့တာပဲ…။
ကျနော်တို့လုပ်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ကျနော်ကရှင်းပြတယ်.. ။ ကျနော်တို့ထဲက ကျောင်းသူ ခင်လေးငယ်နဲ့ အေးအေးခိုင် တို့ကလည်း အန်တီစုရဲ့ ယနေ့ရပ်တည်ချက်၊ သဘောထားတွေကို ပွင့်ပွင့်လင်းလင်းချပြကြတယ်။ သူကတော့ သိပ်ပြန်မပြောပါဘူး၊ နားပဲထောင်နေတယ်။ ကျနော်တို့ ဗိုလ်မှုးကြီးသန်းထွန်းနဲ့စုစုပေါင်းဆွေးနွေးချိန် နာရီဝက်သာသာပါပဲ။ နောက်တော့ ပြန်လာခဲ့ကြတယ်။

ကျနော်တို့ကိုပြန်ပို့တော့ ထောက်လှမ်းရေးဗိုလ်ကြီးလုပ်သူက လိုက်ပို့ပေးတယ်။သူက ကျနော်တို့သဘောမနောကို သိနေလို့လားမသိဘူး၊” အန်တီစုအိမ်ဘက် လိုက်ပို့ပေးရမှာ မဟုတ်လား“ ဆိုတော့.. ကျနော်တို့က တပြိုင်နက်ထဲ ခေါင်းငြိမ့်လိုက်ကြတယ်။
အန်တီစုအိမ်ရောက်တော့ အဆင်သင့်ပဲ ကျန်တဲ့လူကြီးတွေဖြစ်တဲ့.. ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့နဲ့ပါတွေ့တော့ အကျိုးအကြောင်းကို တင်ပြကြတယ်။ အန်တီကတော့…
“ သားတို့အနေနဲ့ လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးပြီပဲ.. ကိုယ့်တာဝန်ကျေတာပေါ့.. ကိုယ်ကလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေါ့ ”
ကျနော့်ရင်ထဲမတော့ နည်းနည်း စိုးထိတ်မိတာ ရှိတယ်..။ အထူးသဖြင့် ကျနော်တို့ နိုင်ငံရေးလောကမှာက အဲသလို နအဖ က ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံလာပြီဆို ၀ိုင်းဆော်ပလော် တီးခံရတာတွေက ရှေ့မှာ သင်ခန်းစာတွေက ရှိနေလေတော့…ကျနော်က ဖွင့်ပြောမိတယ်။

“ အန်တီ အပါအ၀င်..ဘဘ တို့ကို ကျနော်တို့ အသိပေးထားချင်ပါတယ်..။ အဲဒါဘာလဲဆိုတော့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ ကိစ္စရပ်တိုင်းကို ရိုးသား ပွင့်လင်းစွာလုပ်ကိုင်နေပါတယ် ...ဆိုတဲ့အကြောင်းကို လူကြီးတွေ သက်သေထား အသိပေးထားချင်ပါတယ်” ..
ဦးတင်ဦးက ချက်ချင်းပဲ....... “ ဘဘတို့သိပါတယ်.. သားတို့စိတ်မပူပါနဲ့ ”

ဒီလိုပြောလိုက်တော့မှ ကျနော်တို့စိတ်သက်သာရာ ရခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်.. ကျနော့်ကို မကျေနပ်လို့ နအဖက ထောင်ချပစ်လိုက်မှာထက် ....မိမိ ဒီမိုကရေစီ အင်အားစုတွေက အထင်မှား ဆန့်ကျင်မှာ ကို အကြောက်ဆုံးပါ။ တကယ်လည်းကြုံတွေ့ရတာပါပဲ၊ နောက်ရက်မှာပဲ စာတွေဖြန့်တယ်၊ အဲဒီစာတွေက ”ကျနော်တို့ လုပ်ဆောင်နေတဲ့ကိစ္စတွေဟာ သစ္စာဖောက်လုပ်ရပ်တွေဖြစ်ကြောင်း၊ ကျနော်တို့ကို ၀ိုင်းဝန်းဆန့်ကျင်ကြဖို့” ဆိုပြီး လုပ်ဆောင်လာတော့ ကျနော်တို့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဘာတတ်နိုင်မှာလည်းလေ.. အန်တီပြောခဲ့တဲ့စကားအတိုင်းပဲ.. ” ရည်ရွှယ်ချက်နဲ့လုပ်ဆောင်ချက်ကောင်းမွန်ရင် တနေ့တော့ နားလည်လာကြမှာပါ ” ဆိုတဲ့ စကားကိုပဲ နှလုံးသွင်းရင်း ဖြေသိမ့်ခဲ့ရပါတယ်။

”မျှော်လင့်ချက်ဆိုသည်မှာ ဘယ်တော့မှ အချည်းအနှီး မဖြစ်။ မနက်ဖြန်အထိ ဆက်လက် အသက်ရှင်နိုင်ဖို့ လူတစ်ယောက်ကို အဓိက တွန်းအားပေးသည့် ခွန်အားမှာ မျှော်လင့်ချက်သာ ဖြစ်သည် မဟုတ်လား။ ” ( စာရေးဆရာမ - ဂျုး )

အဲဒီနေ့က ၁၉၉၅ ခုနှစ် အောက်တိုဘာလ ( ၁၀ )ရက် သီတင်းကျွတ်လပြည့်နေ့ ၊ မြန်မာ ဓလေ့ထုံးလမ်းစဉ်လာမှာတော့ အနန္တော အနန္တ ( ၅ )ပါး အပါဝင် လူကြီးသူမ ဆရာသမား များကို လက်ဆယ်ဖြာမိုး ရှိခိုး ကန်တော့ကြတဲ့နေ့လည်းဖြစ်တယ်။ ဒီလိုရှိခိုး ကန်တော့ကြခြင်းဟာ မြန်မာ့ရိုးရာအစဉ်လာပါ၊ လက်နှက်ချခြင်းမဟုတ်၊အညံ့ခံခြင်းမဟုတ်၊ အောက်ကျခံခြင်းမျိုးလည်း မဟုတ်ပါ၊ ကျနော်တို့ စီစဉ်ခဲ့တဲ့ ဂါရ၀ပြုပွဲဆိုတာ သာမန်ကြည့်မယ်ဆို ဒီလောက်ပါပဲ ၊

ဒါပေမယ့် ရင်ထဲမှာရှိနေကြတဲ့ ရည်ရွှယ်ချက်တွေလည်း ရှိနေပါသေးတယ် ။ ဒါကတော့ သင့်မြတ်ခြင်းမှသည် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကို ဦးတည်ပါတယ်။ အန်တီစု ခြံဝန်းအတွင်းမှာ မြို့နယ်အသီးသီးက လူငယ်တွေဆောက်လုပ်ပေးထားတဲ့ မဏ္ဍပ်ကြီးကတော့ အဲဒီနေ့မှာ တင့်တင့်တယ်တယ် ကြွားကြွားဝံ့ဝံ့၊

ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားဆိုလည်း မှန်ပါတယ်။ ကျနော်တို့အားလုံး တတ်နိုင်သလောက် တာဝန်ကျေပွန်စွာ ဖိတ်ခေါ်ခဲ့ပါတယ်။ ပထမဦးဆုံးကျင်းပမယ့် အခမ်းအနားဆိုတော့ နည်းနည်းတော့ ရင်ခုန်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအခမ်းအနားကို အောင်အောင်မြင်မြင် ဖြစ်စေချင်တာ အမှန်ပါ၊ အဲဒီကာလက အခြေနေကလည်း သိပ်အကောင်းချည်းမဟုတ်သေးတော့ ...ရန်စွယ် အန္တရာယ်တွေကိုလည်း စိုးရိမ်ရပါတယ်။
အန်တြီ့ခံဝန်းထဲမှာ ကျင်းပမယ့် ပထမဆုံးအခမ်းအနားကို မပျက်ပျက်အောင် လာဖျက်နိုင်မယ့် အရာတွေကိုလည်း ကြိုတွေးပြီး ကြိုစီစဉ်နိုင်အောင် ဖန်တီးထားရပါတယ်။ လုံခြုံရေးကို ပါတီလူငယ်တွေနဲ့ ကျနော်တို့ကျောင်းသားတွေပဲ ယူခဲ့ပါတယ်။ အန်တီစု ခြံဝန်း တံခါးပေါက်ကြီးကို ဒိုးယိုပေါက် ဖွင့်လိုက်ပါတယ်။ အန်တီစု လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ ထောက်လှမ်းရေးတွေကို အဲဒီနေ့မှာပဲ မေတ္တာရပ်ခံပြီး ”တနေ့တာ အတွက် ကျနော်တို့ တာဝန်ယူပေးမယ့် အကြောင်း ” ကို သဘောတူညီချက်ရအောင် ဆွေးနွေးခဲ့တာ အဆင်ပြေခဲ့ပါတယ်။ (အန်တီက ထောက်ခံပြောဆိုတာလည်း ပါတာပေါ့လေ၊)
အခမ်းအနား ကျင်းပမယ့် ခန်းမရဲ့ရှေ့ဘက်မှာတော့ ကြိုဆိုရေးနဲ့ မှတ်တမ်းဌာန ဖွင့်ထားပါတယ်။ မှတ်မှတ်ရရ ကျနော့်ရင်ထဲမှာ မမေ့နိုင်တဲ့ မှတ်တမ်းလေးတစ်ခုကတော့ ...ဆရာမောင်လင်းယုန် ( ရှမ်းပြည်) ရေးပေးသွားတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးပါ---------------။

ဒေါင်းပျိုထိုးဆွတ် ၊ ဘယ်ညာခွပ်၍ လွတ်လပ်ရလေ၊တို့တတွေသည် အိုးဝေ ကျေးဇူးပါတကား။.....တဲ့၊

တက်ရောက်လာကြတဲ့ လူကြီးတော်တော်များများ မှတ်တမ်းတွေ ရေးပေးကြပါတယ်။ (အန်တီစု အပါအ၀င်ပေါ့လေ၊) တက်ရောက်လာကြတဲ့ လူကြီးတွေ တော်တော်များများရှိပါတယ်။ မှတ်မိသလောက်ဆို အယောက်( ၆၀ ) နီးပါးတော့ ရှိမယ်ထင်ပါတယ်။ ထူးခြားတာက ထင်ရှားတဲ့စာရေးဆရာကြီး နန်းညွန့်ဆွေ ၊ မြသန်းတင့်နဲ့ ဆရာအောင်သင်းကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဆရာကြီးတွေကလည်း တက်ရောက်ပေးပါတယ်။ အမျိုးသမီးထဲကတော့ လူကြီးပိုင်းက ဆရာမကြီး ဒေါ်ကြည်ဦး(ကိုဇာဂနာ့ အမေ) နဲ့ ဒေါ်ကြည်ကြည်(သခင်ဇင်ဇနီး)ရယ်။နောက်နှစ်ယောက်ကတော့ အန်တီစု နဲ့ ဒေါ်ချိုချိုကျော်ငြိမ်း= ပေါင်း လေးဦးပဲ ရှိပါတယ်။

ရာသီဥတုကလည်း အဲဒီနေ့က တော်တော့်ကို သာသာယာယာ ရှိခဲ့တာ ဆုတောင်းပြည့်ခဲ့သလား ထင်ရလောက်အောင်ပါ၊ ကုက္ကိုင်း လမ်းမကြီးပေါ်က အန်တီစုရဲ့ ခြံဝန်းရှေ့မှာရော ၊ ခြံတွင်းမှာရော ပရိသတ်တွေအပြည့် ။ ကားတွေ အစီအရီ ၊ ပြန်စဉ်းစားကြည့်မိတိုင်း အောက်မေ့ သတိရစရာတွေ ...ရင်ထဲဝင်ရောက်လာပါတယ်။ အခုချိန်မှာ အဲဒီလူကြီးတွေထဲက တချို့ဆို ကွယ်လွန်သွားကြပါလေပြီ၊
စိတ်မကောင်းစရာမြင်ကွင်းတခုကလည်း ရှိသေးသဗျ ။ အန်တီ့ ခြံဝန်းထိပ်နားက အဆောက်အဦငယ်လေးမှာ အမြဲနေရာယူထားတဲ့ ထောက်လှမ်းရေးတွေက သူတို့ထိုင်နေကျ နေရာလေးမှာ ငုတ်တုတ်ကလေးတွေ ထိုင်နေကြတော့ ..၀င်လာကြတဲ့ ပရိသတ်တိုင်းက သူတို့ကို ကြည့်သွားကြလေတော့.. ပရိသတ်ရဲ့အကြည့်ကို သူတို့ အကြည့်မခံနိုင်လောက်အောင် ထိတ်လန့်သွားခဲ့ပုံရပါတယ်။ နောက်ဆုံး ဘယ်လိုမှ နေလို့မရလောက်အောင်ကို ဖြစ်လာကြလို့ ထင်တယ်။ ထောက်လှမ်းရေးတွေဟာ သူတို့အိမ်ငယ်လေးထဲ ပြေးဝင်သွားရလောက်အောင်ပါပဲ။ (တူသောအကျိုးပေးဆိုတာ ဒါမျိုးများလား။)

ဦးခွန်ထွန်းဦးကတော့ သူတို့ရဲ့ရိုးရာ တိုင်းရင်းသားဝတ်စုံအပြည့်နဲ့ လာတာကို တွေ့လိုက်ရတယ်။ တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေလည်း အသီးသီး ၊ ဗိုလ်ချုပ်ရဲ့အပါးတော်မြဲ (ဗိုလ်ထွန်းလှ ( တက္ကသိုလ်နေ၀င်း ) ရယ် ...ဗိုလ်မင်းလွင် ရယ်၊) ၂ ဦးလုံး ရောက်လာတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေနဲ့လူငယ်တွေကလည်းအပြည့် ၊ သူတို့ကတော့ ပျော်နေကြတယ်။ နောင်ဆို အခမ်းအနားတွေ ၊ နိုင်ငံရေးပွဲတွေကို လုပ်မယ်ဆို ပူစရာမလိုတော့ဘူးလေ ၊ အန်တီ့ ခြံဝန်းအတွင်းမှာ အဆင်ပြေသွားပြီ၊ နိုင်ငံရေးလောကမှာ အတန်ငယ်ပျောက်နေတဲ့ သူတွေကိုလည်း ပြန်တွေ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သျှမ်းတိုင်းရင်းသား ခေါင်းဆောင်များ(တိုက်ပုံအပြာနှင့် ဦးခွန်ထွန်းဦးဖြစ်သည်)

အခမ်းအနား စတော့ လူကြီးတွေက စင်မြင့်ပေါ်မှာ နေရာယူပေးတယ်။ အန်တီရယ်၊ ဒေါ်ချိုချိုကျော်ငြိမ်းရယ် နှစ်ယောက်ကတော့ ကျနော်တို့ကျောင်းသား၊လူငယ်တွေနဲ့အတူပဲ နေရာယူပြီး လူကြီးတွေကို ကန်တော့တယ်၊ ပြီးမှ ကျောင်းသားတွေ ၊ လူငယ်တွေက သူတို့နှစ်ဦးကို ကန်တော့ကြတယ်။ စိတ်ချမ်းမြေ့စရာ အကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံးမြင်ကွင်းတခုက.. ကျနော်က လူကြီးတွေ တစ်ယောက်ချင်းစီကို နာမည်ခေါ် မိတ်ဆက်ပေးတော့ တစ်ယောက်ခေါ်လိုက်တိုင်း... မတ်တပ်ရပ်ပြတဲ့လူကြီးက မတ်တပ်ရပ်ပြ၊ ထိုင်ရာက လက်ထောင်ပြတဲ့လူကြီးက လက်ထောင်ပြပေါ့ ၊
ဆရာကြီးမင်းသုဝဏ်ကို နာမည်ခေါ် မိတ်ဆက်ပေးတော့ ဆရာကြီးက သိဟန် မတူဘူး။ အဲဒါ ဘေးမှာရှိတဲ့ ဗိုလ်မှုးအောင်က လက်တို့လိုက်မှ လက်ညှိုးလေးထောင်ပြတယ် ။ ( အတန်းထဲမှာဆရာမက နာမည်ခေါ်လို့ လက်ညှိုးထောင်ပြတဲ့ ပုံသဏ္ဍာန်မျိုးလေး။) လူထုက သဘောကျလွန်းလို့ ရီလိုက်ကြတာ၊ တခါ ဗိုလ်မှုးအောင်ကို မိတ်ဆက်ပေးပြန်တော့ ဗိုလ်မှုးအောင်က မသိလိုက်ပြန်ဘူး။ ဘေးကလူက လှမ်းပြောမှ လက်ထောင်ပြတယ်။ လူကြီးတွေအားလုံးလည်း ပျော်ရွှင်နေပုံရတယ်။ သခင်ချစ်မောင်က ဆုတောင်းစကားကို ပြန်လည်ပြောကြားပေးတယ်။

မှတ်မှတ်ရရ ဖြစ်သွားတာလေး တခုလည်းရှိသေးတယ်.. ။ ဒါက ဆရာအောင်သင်းကို ကျနော်တို့က စကားပြောပေးဖို့  မေတ္တာရပ်ခံလို့ ဆရာက စကားပြောပေးတယ်..။ စစချင်း ဘာပြောသလဲ ဆိုတော့……
“ ငါ လူငယ်တွေ၊ကျောင်းသားတွေကို သနားတယ်ကွာ ..။ တကယ်တော့ မင်းတို့တတွေဟာ.. စာသင်ရမယ့် အချိန်မှာ စာမသင်နိုင်..။ တိုင်းပြည်တာဝန်တွေကို မနိုင့်တနိုင်ထမ်းပိုး .. ထောင်တွေတန်းတွေကျကြ၊ အနှိပ်စက်တွေခံရ .. ငါ့ရင်ထဲ မချိဘူး …။ အဲဒါဘာဖြစ်လို့ .. ဒီလိုဖြစ်ရတာလည်း.. သိလား.. မှတ်ထားကွ.. ငါ အပါဝင် ( စင်မြင့်ပေါ်ကလူကြီးတွေကို လက်ညှိုးထိုးပြပြီး ) ဒီလူကြီးတွေ မကောင်းခဲ့လို့ ....ညံ့ခဲ့ကြလို့ ...ဒီလိုဖြစ်တာကွ ” ဆိုတော့ စင်မြင့်ပေါ်မှာ ရှိနေတဲ့လူကြီးတွေ ရိုးတိုးရွတ... လှုပ်စိလှုပ်စိတွေဖြစ်ကုန်တယ်။ နောက်ဆက်ပြောသေး တယ်…။
လူငယ်တွေကို ချစ်တယ်၊ မှန်တယ်ဆို အမုန်းခံ ပြောရဲတဲ့ ဆရာအောင်သင်း(ပုံ)
“ ရှင်ဘုရင်ဆိုတာလည်း.. ရှင်ဘုရင်အလုပ်ကို လုပ်ရတယ်… တနေ့ သက်ဦးဆံပိုင်ဘုရင်တပါးက တိုင်းခန်းလှည့်လာတော့ အမျိုးသမီးတယောက်က မန်ကျည်းပင်ပေါ်မှာ အရွက်နုလေးတွေ တက်ခူးနေတယ်လေ.. ။အဲဒါကို တယောက်လှမ်းပြောတယ်..။” ဟဲ့.. ရှင်ဘုရင်ကြွလာပြီ.. သစ်ပင်ပေါ်က ဆင်း ” ဆိုတော့ .. သူကပြောတယ်..” ရှင်ဘုရင်.. ရှင်ဘုရင် အလုပ်လုပ်.. မကျည်းရွက်သည်က မကျည်းရွက်သည်အလုပ် လုပ်မယ် ...” တဲ့ ။

နားထောင်နေကြတဲ့ ပရိသတ် လက်ခုပ်သံတွေ ညံသွားတယ်။ ( နောင်အခါမှတော့ ဆရာအောင်သင်းက ကျနော်နဲ့တွေ့တဲ့အခါ ပြောပါတယ်.. ။ "ငါ့ကို ဒီလိုအခမ်းအနားတွေမှာ စကားပြော မခိုင်းပါနဲ့ကွာ..."တဲ့။ ..”ငါကလည်း မှန်တာတွေပြောမိရင် .. ငါ့ကို အတော်အမြင်ကပ်ကြမှာကွ...”တဲ့ …။ ) တကယ်လည်း အမြင်ကပ်ခံခဲ့ရပါတယ်..။ ကျနော်လူကြီးအချို့နဲ့တွေ့တဲ့အခါမှတော့ ”နောက်တခါ ဆရာအောင်သင်းလို လူမျိုးတွေကို အခမ်းအနားဖိတ်ခေါ်မယ်ဆို သူတို့မလာနိုင်ဘူး..”ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ပါတော့တယ်….။

အန်တီကတော့ လူငယ်တွေရဲ့အခန်းကဏ္ဍကိုပဲ ရှေ့တန်းတင် ပြောဆိုသွားပါတယ်။ ” လူငယ်တွေဟာ တိုင်းပြည်မှာအရေးကြီးတဲ့အကြောင်း၊ သူ့အနေနဲ့ လူငယ်တွေကို အားကိုးတဲ့အကြောင်း ” ပြောသွားတယ်။

အခန်းအနားပြီးတဲ့ အချိန်မှာတော့ ဆရာအောင်သင်းက ကျနော့်ကိုပြောတယ်..။” ဟေ့ကောင်.. ငါ မစုနဲ့တွေ့ချင်တယ်ကွာ ” ဆိုလို့ ကျနော် အန်တီစု ရှိရာကို ဆရာ့ကို ခေါ်သွားပြီး တွေ့ဆုံပေးတော့…
“ မစု.. ကျနော့်ကိုသိလား ”
ဆရာအောင်သင်းက သူ့ရဲ့မျက်မှန်ကိုင်းလေးကို မ တင်ရင်း မေးလိုက်တယ်။
“ ဆရာ့လို လူမျိုးကို ကျမ မသိလို့ ဘယ်ဖြစ်မလဲ ဆရာ.. သိပ်သိတာပေါ့…ဆရာက နာမည်ကျော်ပဲ ” ဆိုတော့ ဆရာအောင်သင်းရဲ့မျက်နှာပြင် ၀င်းလက်သွားတာကို တွေ့လိုက်ရတယ်။
“ ကျမ မိတ်ဆွေတဦးက မြန်မာစာသင်ပေးမယ့် ဆရာတယောက်လို လို့ ဆို ပြောတုန်းက ကျမ ဆရာ့ကို တောင် ပြေးသတိရမိသေးတယ် ”
ဆရာအောင်သင်းနဲ့ အန်တီစု ရယ်ရယ်မောမောနဲ့ အိမ်ရှေ့က ဆင်ဝင်အောက်နားလေးမှာရပ်ပြီး စကားတွေ ဖောင်ဖွဲ့ကြတော့တယ်။ ကျနော်လည်း ကျန်တဲ့ကိစ္စရပ်တွေကလည်းရှိနေသေးတာမို့ အနားကခွာလာတော့ ဘာတွေဆက်ပြောကြလဲ မသိတော့ဘူး။
နောက်ရက်များ မကြာခင်မှာတော့ ဆရာအောင်သင်းရော.. ဆရာကြီး မြသန်းတင့်ရော နှစ်ယောက်လုံးကို စာပေရေးသားခွင့်၊စာပေဟောပြောပွဲတွေမှာ ဟောပြောခွင့်ပိတ်လိုက်တယ်လို့ကြားရတော့တာပါပဲ။ တကယ်တော့ ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရခြင်းရဲ့အဓိကရည်ရွှယ်ချက်ကိုက သင့်မြတ်စေချင်တဲ့ရည်ရွှယ်ချက်ပါ၊ ဒါပေမယ့်လည်း အတိုက်အခံအင်အားစုဘက်မှာတော့ အတိုင်းတာတခုထိ သင့်မြတ်မှု့၊ ညီညွတ်မှု့၊ လက်တွဲလုပ်ဆောင်မှု့ဆိုတဲ့ အကျိုးရလာဒ်ကောင်းတွေကို ပေါ်ထွက်လာစေခဲ့ပါတယ်။
နအဖ ဘက်ကတော့ သင့်မြတ်ဖို့ နေနေသာသာ။ နှိပ်ကွပ်မှု့တွေရဲ့ အရှိန်က လျှော့ကျ မသွားခဲ့ပါဘူး။ ဒါ အတော့်ကို ရုပ်ဆိုးအကျည်းတန်လှတဲ့ ကိစ္စပါ ။ ဆရာအောင်သင်း ကျနော့်ကို ပြောခဲ့တဲ့ စကားလေးရှိပါတယ်……….။

“ တိုင်းပြည်ကိုချစ်တယ်ဆိုတာ..လူတွေကို ချစ်တာကိုပြောတာ..။ လူတွေကို ချစ်တာ တိုင်းပြည်ကို ချစ်တာပဲ။ တိုင်းပြည်ကိုချစ်တယ်ဆိုပြီး … နိုင်ငံရဲ့မြေကြီးကို ကုန်းနမ်းနေလို့ မရဘူး.. ။ တခြားတဖက်က စဉ်းစားမယ်ဆိုရင်.. လူတွေကို မုန်းတာဟာ..တိုင်းပြည်ကို မုန်းတာပဲ ....”တဲ့။

ကျနော်တို့အားလုံး ကျေနပ်ပါတယ်။ ဒီအခမ်းအနား ကျင်းပပေးခဲ့ရခြင်းအပေါ် ပီတိတွေဖြစ်ခဲ့တယ်။ ဘာပဲပြောပြော ......ဒီမိုကရေစီအင်အားစုတွေဘက်မှာတော့ အတိုင်းတာတခုမှာ ညီညွတ်ရေးဖြစ်စေခဲ့ပြီ မဟုတ်ပါလား။
တရုတ်ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန်ပြောခဲ့တဲ့စကားတခွန်းရှိတယ်…။
”ကြောင်ဖြူ ၊ကြောင်နီ၊ ကြောင်ဝါ ခွဲဖို့မလိုဘူး…ကြွက်ခုတ်တတ်ဖို့ ပဲ လိုတယ် .....” တဲ့။
( မောင်မောင်ဝမ်း )

အပိုင်း ( ၈ ) ဆက်ပါဦးမည်။
အပိုင်း ၁ မှ ၇ အထိ မဖတ်ရသေးသူများအတွက် အောက်ကလင့်တွေမှာ ဖတ်နိုင်အောင် ချိတ်ပေးထား ပါတယ်
မူပိုင် ဟစ်တိုင်မှ

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲလွန် ကာလမှာ ဘာတွေလုပ်သင့်သလဲ?

ဆောင်းပါး ဦးထွန်းအောင်ကျော်

ရွေးကောက်ပွဲကတော့ ပြီးသွားပြီ၊ ထင်ထားတဲ့ အတိုင်းဘဲ ညစ်ပတ်မှုမျိုးစုံလုပ်ပြီး ကြံ့ဖွတ်က အရှက်ကင်းမဲ့စွာ နိုင်တယ်လို့ ကြေငြာလိုက်ပါပြီ။ ဒီနေရာမှာ မေးရမှာက သူတို့ အရှက်မရှိ နိုင်တယ်လို့ ကြေငြာတာကို အတိုက်အခံတွေက လက်ခံမလား လက်မခံဘူးလား ဆိုတာပါဘဲ။
ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ ပြောင်းယူ မယ်ဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ ပြုပြင်ပြောင်းလဲ ရေး စိတ်ကူးယဉ်အိပ်မက်ဟာ နအဖရဲ့ မျက်လှည့်ပြကွက်အောက်မှာ အငွေ့ပျံ ပျောက်ကွယ်လို့ သွားခဲ့ပါပြီ။

၂၀၁၀ ရွေးကောက်ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်သွားတဲ့ အဓိက အကြောင်းအရာကတော့ ကြိုတင်မဲဆိုတဲ့ ဗြောင်ကလိန်ကျနည်းဘဲဖြစ်ပါတယ်။ ဒီလိုဗြောင်လိမ်ဗြောင်စားလုပ်တာကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မကြာခင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်သွားတဲ့ အဓိက အကြောင်းအရာကတော့ ကြိုတင်မဲဆိုတဲ့ ဗြောင်ကလိန်ကျနည်းဘဲဖြစ်ပါတယ်။ ဒီလိုဗြောင်လိမ်ဗြောင်စားလုပ်တာကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မကြာခင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
ဒီမိုကရတစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌဦးသုဝေက ဒီလိုမတရားတဲ့ လုပ်ရပ်တွေကို တိုင်တန်းနေလို့လဲ အပိုဘဲ၊ ဒါကြောင့် ကမ္ဘာနဲ့ မြန်မာပြည်သူများသိအောင် သတင်းစာ ရှင်းလင်းပွဲလုပ်မယ်လို့ ဆိုခဲ့ပါတယ်။ အင်မတန်ကောင်းတဲ့ အကြံအဉာဏ်ပါ။ ဒါပေမဲ့ ဦးသုဝေတို့ တပါတီတည်း မပြုလုပ်ဘဲ ဒီလိုညစ်ပတ်ခံရတဲ့ ပါတီအားလုံး၊ ပုဂ္ဂလိက ဝင်ရောက်ယှဉ်ပြိုင်သူများကပါ စုပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ဘို့ လိုပါ တယ်။
အားလုံးစုပေါင်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြင့် ရွေးကောက်ပွဲ မသမာမှုကြီးကို အတိုက်ခံများက တစ်သံတည်း ထုတ်ဖော်ဖွင့်ချလိုက်ခြင်းသည် အလွန်ထိရောက်သော အမှန်တရား ဖော်ထုတ်သည့်တိုက်ကွက်ဖြစ်ပြီး နိုင်ငံတကာရှိ အစိုးရနှင့် ပြည်သူများ အနေ ဖြင့်လည်း ထိုမသမာမှုကို မျက်ဝါးထင်ထင် သိမြင်နိုင်ပြီး တတ်ရောက်လာသော အစိုးရသစ် အား အသိမှတ်ပြုရန် အလှမ်းဝေးသွားမှာ ဖြစ်ပါတယ် ။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာနဲ့ တပြိုင်နက်တည်း မဲလိမ်မဲခိုးမှုကို စုံစမ်းစစ်ဆေး ဘို့အတွက် လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးရေး ကောက်မီရှင် တရပ်ကို အတိုက်အခံ များက ဖွဲ့စည်းပြီး စစ်ဆေးဖို့ လိုပါတယ်။ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ မဲလိမ်မဲခိုးမှုတွေ ရှိတတ်ပါတယ်။ အဲဒါကို တိုင်ကြားသူရှိရင် အစိုးရအပါအဝင် မည်သည့်အဖွဲ့အစည်းများရဲ့ သြဇာလွမ်းမိုးမှုမှ ကင်းလွတ်တဲ့ စုံစမ်းရေး ကော်မီရှင်ဖွဲ့ဘို့လိုပါတယ်။ ဒါမှ မဲလိမ်မဲခိုးတဲ့ မသမာလုပ်ရပ်များကို ပေါ်ပေါက်အောင် ဖေါ်ထုတ်ပြီး အမှန်ကို ရောက်အောင်လုပ်နိုင် မှာဖြစ်ပါတယ်။

အခုချိန်ဟာ အတိုက်အခံ ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းညီညွတ်စွာ ဘုံရန်သူ နအဖကို ဥပဒေဘောင်ထဲကနေ တောင်းဆိုရမဲ့ အချိန်ပါဘဲ။ Collective Action ဆိုတဲ့ စုပေါင်းလုပ်ဆောင်မှုဟာ ဒီအချိန်မှာ အထူး လိုအပ်နေပါတယ်။

NLD ပါတီကလဲ ရွေးကောက်ပွဲ ဝင်ခဲ့သူတွေကို သူတို့လို သပိတ်မမှောက်ရ ကောင်းလားဆိုပြီး လစ်လျူရှုမနေဘဲ ပူးပေါင်းဘို့ လိုပါတယ်။ ဒီမိုကရေစီအင်အားစု အချင်း ချင်း ချဉ်းကပ်ပုံသာကွာပြီး၊ သွားတဲ့ ရည်ရွယ်ချက်တူသူတွေဖြစ်လို့ ပူးကိုပူးပေါင်းဘို့လိုပါ တယ်။
ကြိုတင်မဲပေးမှုကြောင့် နိုင်နေရာက နောက်တနေ့မိုးလင်းတော့ ရှုံးသွားတယ်လို့ သိရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးဘို့ တောင်းဆိုကြဖို့ လိုပါတယ်။ ဒီလိုတောင်းဆိုမှုတွေ မရရှိခဲ့ရင် (ရမှာလည်း မဟုတ်ပါဘူး။) ရွေးကောက်ပွဲကို တရားမျှတမှု မရှိတဲ့အတွက် အသိအမှတ်မပြုနိုင်ဘူးဆိုပြီး ရဲရဲထုတ်ပြန် ကြေငြာရဲဘို့ လိုပါ တယ်။

အတိုက်အခံ နိုင်ငံရေးပါတီတွေအားလုံး စည်းလုံးစွာ လုပ်ဆောင်နိုင်မယ့် (Command Ground) တူညီတဲ့ လုပ်ကွက်တခုကို ရှာကြရပါမယ်။ အဲဒါကတော့ ရွေးကောက်ပွဲဟာ တရာမျှတမှု မရှိဘူး ဒါကြောင့် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဘို့ လိုအပ်တဲ့ အချက်အလက်များနဲ့ တောင်းဆိုရပါမယ်။ နိုဝင်ဘာလ (၇) ရက်ရွေးကောက်ပွဲကို မိမိတို့နိုင် တဲ့နေရာ (၄) (၅) နေရာ (၁၀) နေရာလောက်ကို နှမြောက်မနေဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း လက်မခံနိုင်ကြောင်း၊ အသိအမှတ်မပြုကြောင်းကို ရွေးကောက်ပွဲဝင် ပါတီ အားလုံး တစညအပါအဝင် ညှိုနှိုင်းထုတ်ပြန်ဘို့ အထူးလိုအပ်ပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ ရသလောက်လေး ယူမယ်ဆိုရင် လွှတ်တော်ထဲမှာ ကြံ့ဖွတ် အသံတွေချည်း ဟိန်းနေပြီး၊ အတိုက်အခံအနေနဲ့ အဆိုတင်ခွင့်မရ၊ ဥပဒေပြုခွင့်လဲ မသာ၊ ဘယ်ဟာ တင်တင် ကြံ့ဖွတ်အမတ်အများစုကသာ ထင်သလို ချယ်လှယ်နေတဲ့ လွှတ်တော်မှာ ငုတ်တုတ်ထိုင် ဖင်ပူရုံသာ နေရမယ့်အဖြစ်ကို ရနိုင်ပါလိမ့်မယ်။ ဒီရွေးကောက်ပွဲကို အလျော့ ပေးလိုက်ရင် ဗိုလ်သန်းရွှေအတွက် ရွေးကောက်ပွဲနိုင်ရုံတင်မကဘူး ရွေးကောက်ပွဲဝင် သူနဲ့ ဆန့်ကျင်သူဆိုပြီး ဒီမိုကရေစီအင်အားစုတို့ထဲ ၂ ခြမ်းကွဲတဲ့ အမြတ်ပါ ပိုပြီး ထွက်သွားတာကို နားလည်သဘောပေါက်ကြစေချင်ပါတယ်။
အချိန် မနှောင်း သေးပါ။ အတိုက်အခံများအားလုံး စည်းလုံးညီညွတ်မှုကို ဒီနေရာမှာ အကောင်းဆုံး လက်တွေ့ ပြသရန် အချိန်ရောက်ပါပြီ။ ဒါကြောင့် အားလုံး ညီညွတ်ကြပါ။ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတာကို ထုံ့ပြန်ဘို့ ညှိုနှိုင်းဆောင်ရွက်ကြပါလို့ အနူး အညွတ် မေတ္တာရပ်ခံလိုက်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 7, 2010

လူထု တိုက်ပွဲ ကို သစ္စာ လက်နက်များ တပ်ဆင်ခြင်း

burmathwe

ပြည်သူလူထု အပေါင်းတို့ ခင်ဗျာ ၊ ကျွန်ူပ်တို့မှာ ရွေးချယ်စရာ လမ်းမရှိတော့ လို့ လူထုတိုက်ပွဲ ၀င်ဖို့ သက်ဆိုင်ရာ နိုင်ငံရေး ပညာရှင်များသာမက ပြည်သူလူထု အပေါင်းတို့ကပါ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ် ။ တကယ်တော့ လူထုတိုက်ပွဲ ဆိုတာ ပြည်သူလူထုတွေရဲ့ လိုလားတောင့်တချက်ကို အာဏာရှင်တွေ ဆီက ပြည်သူလူထု ရဲ့ စည်းလုံးညီညွှတ်မှု ကို ခွန်အား အဖြစ် အသုံးချပြီး တောင်းဆိုတာပါ ။ဒီလမ်းစဉ်ဟာ လက်ရှိ အနေအထား မှာ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းစဉ်တစ်ခုပါ ။ တရားမျှတမှု မရှိတဲ့ အခြေခံ ဥပဒေ နဲ့ အာဏာရှင်တွေနှစ်ပေါင်းများစွာ ဆက်လက်အုပ်စိုး မင်းမူသောင်းကျန်းမှု တွေကို ရပ်တန့်သွားဖို့ ကျင်းပတဲ့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာမဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန်ရမည် ဆိုတဲ့ ဆောင်ပုဒ်ကို စွဲမြဲစွာ လက်ကိုင်ထားပြီး ကျွန်ူပ်တို့ ရဲရဲကြီး ချီတက်ကြမှ သမိုင်းအစဉ်အလာ တရပ်ကို ထိန်းသိမ်း တာဖြစ်တယ် ။ ပြည်သူလူထု ဟာ အာဏာရှင်တွေ ပုံသွင်းသမျှ လိုက်လုပ်နေကြရင် ယခုဘ၀ နောင်သံသရာ နှစ်ဖြာသော အကျိုးယုတ်တယ်လို့ ပညာရှင်များက လိုက်လံ သတိပေး နေကြပါတယ်။ သူတို့တွေ ဒီလို ဘာဖြစ်လို့ သတိပေးကြတာလည်း ဆိုတာ ရှင်းရှင်းလေးပါ ။ ယခုချိန်မှာတောင် ကမ္ဘာ့အလယ်မှာ မြန်မာပြည်ကြီး အောက်ကျနောက်ကျ ဖြစ်နေတာ နောင်ဆို ပိုဆိုးကုန်မှာပေါ့ ။
ကျွန်ူပ်တို့ တိုင်းပြည်က သယံဇာတတွေ ပေါကြွယ်ဝပါတယ် ။ ဒါပေမယ့် တိုင်းပြည် အုပ်ချုပ် တဲ့ လူတွေက ညံ့ဖျင်းတော့ တိုင်းပြည်က ဆင်းရဲလာတယ် ။ တိုင်းပြည်က ဆင်းရဲတော့ ပြည်သူလူထု က စားဝတ်နေရေး အရမ်းကြပ်တည်းတယ် ၊ ၀န်ထမ်းတွေက လစာ မလုံလောက်ဘူး ။ မလုံလောက် တော့ တောင်းစား တယ် ၊ ခြိမ်းခြောက်တယ် ၊ လုယက်တယ် ၊ လိမ်တယ် ၊ ခိုးတယ် ။ ကိုယ်ကျင့်တ၇ားကို ငွေနဲ့ လဲစားတယ် ။ သိက္ခာကို ငွေနဲ့ ရောင်းစားတယ် ။ အဲဒီ အကျိုးဆက် မြန်မာနိုင်ငံ ၀န်ထမ်းမှန်သမျှ အထက်ပါ အရည်အချင်းနှင့် ပြည့်စုံရမည် ဆိုတဲ့ သတ်မှတ်ချက်ကို တရားဝင် ဥပဒေ ထုတ်ထားသလို ဖြစ်နေပြီ ။ အဲဒါ တိုင်းပြည်ကို အုပ်ချုပ် တဲ့ လူတွေရဲ့ ညဏ်အမြော် အမြင် နည်းပါးမှု ကြောင့်ပါ ။ကိုယ်ကျင့်တရားတွေ ပျက်စီးလာတော့ သဘာဝ ဘေးအန္တာရယ်တွေ ကျရောက်လာတယ် တို့ တရားတော်တွေမှာ အထင်အရှားပါရှိပါတယ် ။ လက်တွေ့ကျကျ သုံးသပ် ကြည့်လိုက်ရင်လည်း မျက်မြင်ကိုယ်တွေ့ မြင်နေရတာပါဘဲ ။ ဒီလိုအဖြစ်ဆိုးတွေက ရုန်းထွက်ဖို့ အာဏာရှင် စနစ်ဆိုးကို အမြန်ဆုံး ဖြုတ်ချ နိုင်အောင် ကြိုးစားကြရမယ် ။
ငွေကြေးဥစ္စာ မပြည့်စုံတဲ့ လူဟာ သီလကို ထိန်းသိမ်းစောင့်ရှောက် ဖို့ ခက်ခဲတယ် ။ မသတ်ချင်လည်း သတ်ရတယ် ၊ မခိုးချင်လည်း ခိုးရတယ် ၊ မလိမ်ချင်လဲ လည်း လိမ်နေရတယ် ။ အဲဒီလို အလုပ်တွေ လုပ်တဲ့ လူတွေ က စိတ်တည်ငြိမ်ပါ အုံးမလား ။ စိတ်မတည်ငြိမ်တော့ အတွေးအခေါ်တွေ ညစ်ညမ်းလာတယ် ၊ အမှန်နဲ့ အမှားကို မခွဲခြား နိုင်ကြတော့ဘူး ။ အဲဒီတော့ တရားမျှတမှု ကိုလည်း သူမသိတော့ဘူး ၊ အများကောင်းစားရေးထက် ကိုယ်ကျိုးအတ္တကို ပိုပြီး လုပ်ဆောင်တယ် ၊ ဒီလိုအလုပ်တွေဟာ ကောင်းသည် ဆိုးသည်ကို ဝေဖန်ပိုင်းခြား နိုင်တဲ့ ညဏ်မရှိတော့ဘူး ။ အဲဒီတော့ သူတို့လုပ်သမျှ အမှန်ထင် မှတော့ သူတို့ လုပ်ရပ်ကို ဘယ်သောအခါမှ ရပ်တန့်တော့မှာ မဟုတ်ဘူး ။ ဒီလို မှားယွင်းစွာ လုပ်ဆောင်နေတာကို အမှန်ပါလို့ ထင်နေတော့ တကယ့်စစ်မှန်တဲ့ တရားမျှတမှု ကို သူတို့ မသိမြင်ကြတော့ဘူး ။ အဲဒီတော့ ဘာဖြစ်လည်း သူတို့လိုဘဲ အများကိုလည်း လုပ်စေချင်တယ် ၊ ပုံသွင်းထားတယ် ၊ အချန်ကြာ လာတော့ ရင်းနှီးလာတယ် ၊ စွဲစွဲမြဲမြဲ လုပ်ဆောင် လာတော အချိန်ကြတော့ အကျင့်ဖြစ်သွားတယ် ။ အဲဒီ အကျိုးဆက်ကို လက်ရှိ မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ မတွေ့ချင် အဆုံး မြင်နေရပါတယ် ။ ကိုယ်တိုင် ပြန်စမ်းသပ်လို့ ရတယ် ။ သူတို့ စိတ်တွေထဲမှာ သူတို့ လုပ်သမျှ အမှန်လို့ ထင်နေသလို ဘေးကလည်း မြှောက်ပေးတဲ့ လူတွေ ရှိတော့ ထင်တိုင်းကြဲနေကြတာ အားလုံးအသိဘဲ ။ အာဏာ အတွက် ဆို ၊ သံဃာ လည်း ရိုက်လိုက် ၊ ကျောင်းသားလည်း သတ်ကွာ ၊ လူတွေလည်း သတ် ၊ အမှန်ပြောတဲ့ လူဆို ထောင်ထဲထည့် ။ သူတို့သိတာ တစ်ခုဘဲ ရှိတယ် သူတို့လုပ်သမျှ မှန်ကန်တယ်လို့ ထင်ထားတဲ့ စိတ်ဘဲ ရှိကြတော့တယ် ။ သူတို့တွေရဲ့ အမှားတွေကို သိထားကြတဲ့လူတွေက အခုလို ဒုက္ခနွံကြီးထဲက ရုန်းထွက် လွတ်မြောက်ဖို့ ကြိုးစားသင့်တယ် ။
ဒီလို အဖြစ်အပျက်တွေဟာ သူတို့တွေ ယုတ်မာကောက်ကျစ်တဲ့ စိတ်ထားနဲ့ ပုံသွင်းထားတာကို လိုလားစွာ လက်ခံဆောင်ရွက်ကြတဲ့ အကျိုးဆက်တွေပါ ။ သူတို့ ပုံသွင်းသမျှ လိုက်လုပ်နေကြ ရင် ကျွန်ူပ်တို့ ဘယ်တော့မှ လူပီသမည် မဟုတ် ။ လူမပီသရင် လူဖြစ်ရကျိုး မနပ်ဘူး ၊အင်မတန်မှ ရှည်းလျားလွန်းလှတဲ့ သံသရာ ဆိုတာနဲ့ နှိုင်းရင် လက်ရှိဘ၀ ဆိုတာ တဒင်္ဂပါ ။ ဒီလိုပါဘဲ တိုက်ပွဲ ၀င်ကြရတဲ့ တခဏတာ အချိန်လေး ဆိုတာ တဘ၀စာနဲ့ နှိုင်းယှဉ်ရင် တိုတောင်းလွန်းလှပါတယ် ။ ဒါပေမယ့် ရလာမယ့် အကျိုးဆက်က ယခုဘ၀သာ မကဘူး နောင်သံသရာ မှာ ကောင်းစားမှာနော်။ သီလ ကို တမနက်လေး စောင့်ရှောက်ပြီး သေရတာက တဘ၀လုံး အကုသိုလ်လုပ်ပြီး သက်ရှင် နေထိုင် ရတာထက် မြတ်ပါတယ် လို့ မြတ်ဗုဒ္ဓက မှာကြားခဲ့ဘူးပါတယ် ။ ဒါကြောင့် ကျွန်ူပ်တို့ တိုက်ပွဲဝင်ပြီး ပြည်သူလူထု အားလုံး ကောင်းစားရေး အတွက် တိုက်ပွဲဝင်တာဟာ လူပီသတဲ့ လူသားတစ်ယောက်ရဲ့ အမြတ်ဆုံး ကျင့်စဉ်ပါ ။ အကောင်းဆုံးသော နည်းလမ်းပါ ၊ သူရဲကောင်းတို့ သွားရာလမ်းပါ ။ ရဲဘော် မသေ ၊ သေသော် ငရဲမလား ဆိုတာ အခုလိုမျိုး တမျိုးသားလုံး အတွက်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရင်တောင် မွန်မြတ်သော လုပ်ရပ်များကြောင့် အပယ်ကို မလားဘူးလို့ ပြောတာပါ ။ တမျိုးသားလုံး လွတ်မြောက်ရေး အတွက် ငြိမ်းချမ်းစာ ဆန္ဒပြတဲ့ အပြစ်မရှိတဲ့ လူတွေကို ရက်စက်လိုတဲ့ စိတ်ဆန္ဒနဲ့ အကြမ်းဖက် နှိမ်နှင်းကြတဲ့ လူတွေရဲ့ သွားရာလမ်းက မဟာအ၀ီစိငရဲမှ တပါးအခြားမရှိပါဘူး ။
" ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည် " ဆိုတဲ့ စကားလေးကို သတိထားကြည့်စမ်းပါ ။ မွေးဖွားလာခြင်း ရှိတဲ့နောက် သေခြင်းတရားက ဘယ်သူမှ မလွတ်မြောက် နိုင်ပါဘူး ။ မသေခင် အချိန်လေးမှာ ကိုယ်လုပ်နိုင်တာလေးကို အကျိုးရှိရှိ လုပ်ဆောင် နိုင်မှ
လူပီသတဲ့ လူသားတစ်ယောက် အဖြစ် လူဖြစ်ရကျိုး နပ်မှာပါ ။ တိုက်ပွဲဝင်မှ သေတာ မဟုတ်ပါဘူး ။နေရာတိုင်း အချိန်တိုင်း မှာ သေခြင်းတရား ဆိုတာ ကျရောက် လာတတ်တာ အားလုံး အသိပါ ။ သေရမှာကို သိမှတော့ သေခြင်းတရား အတွက် ပြင်ဆင်ထားသင့်တာပေါ့ ။ ကုသိုလ် ကို လုပ်နိုင်သမျှ လုပ်ပြီး အကုသိုလ် အလုပ်ကို ရှောင်ကြဉ် ကြရမှာ သေခြင်းတရား အတွက် ပြင်ဆင် ထားခြင်းဘဲပေါ့ ။ မိသားစု အကျိုးစီးပွားကို လုပ်ဆောင်တာထက် တိုင်းပြည်အကျိုးစီးပွားကို လုပ်ဆောင်တာ ပိုပြီး မွန်မြတ်ပါတယ် ။ တစ်ဦးတစ်ယောက်ဆီက ပစ္စည်းကို မတရား ခိုးဆိုးလုယက် လိမ်ညာလှည့်ဖျား ပြီး သိမ်းပိုက်တာထက် ပြည်သူ့ဘဏ္ဍာကို မတရား ခိုးဆိုးလုယက် လိမ်ညာ လှည့်ဖျား သိမ်းပိုက်တာက ပိုပြီး အပြစ်ရှိပါတယ် ။ ဒါကြောင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်းကို စတင်အကောင် အထည်ဖော် ဆောင်ရွက်ပေးမယ့် လူထုတိုက်ပွဲဝင် ကြမည့် လူတွေဟာ အင်မတန်မှ မြင့်မြတ်တဲ့ အလုပ်ကို လုပ်ဆောင်ကြတဲ့ သူရဲကောင်းတွေပါ ။ အဲဒီလို တိုင်းပြည်ကို အကျိုးကို သယ်ပိုးဆောင်ရွက်နေတဲ့ အချိန်မှာ ကျဆုံးခဲ့တဲ့ လူမှန်သမျှကို အာဇာနည် လို့ ပြည်သူတွေက ကင်ပွန်းတပ်ပြီး ထာဝစဉ် စွဲမြဲစွာ ဂုဏ်ပြုလေ့ ရှိတယ် ဆိုတာ အားလုံး အသိပါ ။ သေခြင်း၏ အခြား တဘ၀ ၌ လည်း ဘ၀ များ စွာ ကောင်းကျိုး အဖြာဖြာကို စံစားကြရတယ် ဆိုတာ တရားတော်များမှာ အထင်အရှားပါရှိပါတယ်။အမှန်တရားဘက် ရပ်တည်ပြီး ပြည်သူလူထု အကျိုးအတွက် တိုက်ပွဲဝင်သွားလို့ တဘ၀ စတေးခံ လိုက်ရတာဟာ အာဏာရှင်တွေ ခိုင်းသမျှ လိုက်လုပ်ရင်း ဘ၀များစွာ သေဆုံးသွားကြရမယ့် လူတွေထက် မြင့်မြတ်ပါတယ် ။
တမျိုးသားလုံး လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွှဲကြတဲ့ နေရာမှာ ကိုယ်ကျိုးအတ္တလေး များကို ဘေးဖယ် ပေးထားကြပါ ၊ သူအဖွဲ့ ၊ ငါ့အဖွဲ့ အငြင်းမပွားကြပါနဲ့ ၊ ခေါင်းဆောင်ရှိရင် ကိုယ်က နောက်လိုက် လုပ်ပေးကြပါ ၊ ခေါင်းဆောင် မရှိရင် ကိုယ်က ခေါင်းဆောင်ပါ ၊ ကျွန်ူပ်တို့ တိုင်းပြည်အတွက် မားမားမတ်မတ် ရပ်တည်နေကြတဲ့ ပညာရှင်တွေ အများကြီးပါ ။ လူထုတိုက်ပွဲ ကိုယ်တိုင်ပါဝင် မဆင်နွှဲ နိုင်ကြတဲ့လူများကတိုက်ပွဲဝင်နေသူများကို ငွေကြေး ၊ နည်းပညာ ၊ စားနပ်ရိက္ခာ များ ကူညီထောက်ပံ့ပေးထားကြပါ ။ အားလုံး သူရဲကောင်း စိတ်ဓါတ်များ ကိုယ်တိုင်မွေးမြူကြပြီး သမိုင်းဝင်မယ့် ဒီတိုက်ပွဲကို ကျရာ အခန်းဂဏ္ဍကနေ ပါဝင် ဆင်နွှဲကြကာ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ချစ်ပြ ရမယ့် လက်ရှိ အချိန်ဟာ အကောင်းဆုံး အချိန်ပါ လို့ ပြောကြားရင် မကြာခင် တိုက်ပွဲဝင် ကြမည့် သူရဲကောင်း အပေါင်းနှင့် တကွ မြန်မာ့တမျိုးသားလုံး လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရင် ကျဆုံးခဲ့ရသော အာဇာနည် ပုဂ္ဂိုလ် များကို ဒီနေရာလေးကနေ လေးစားစွာ ဂါရ ၀ ပြုလိုက်ပါတယ် ။

အို သူရဲကောင်း အပေါင်းတို့ ၊ စစ်မှန်သော သစ္စာစကားတို့၏ စွမ်းပကားတို့ကား အင်မတန်မှ ကြီးလွန်းလှ၏ ။ ရွတ်ဆိုသော လူတို့၏ စိတ်စွမ်းအင် နှင့် မှန်ကန်မှု အပေါ်ကို မူတည်၍ အကျိုးပေးလေ့ ရှိကြပါသည် ။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း သီလကား လုံခြုံမှုကို ပေး၏ ။ အန္တာရယ် အပေါင်းမှ ကင်းဝေး၏ ။ တိုင်းပြည်ကောင်းစားရေး ဆိုသည့် မြင့်မြတ်သည့် စိတ်ထားသည် သင်တို့ထံ လာလတ္တံ့သော ဒုက္ခံအဖုံဖုံကို ကာကွယ်ပေးနိုင်၏ ။ ထို့ကြောင့် ကျွန်ူပ်တို့သည် ယခုချိန်မှ စ၍ သီလဆိုသော ခြုံထည်ကို ၀တ်ရုံကာ ၊ တိုင်းပြည်ကောင်းစားရေး ဆိုသော စိတ်ထားကို ဒိုင်းသဖွယ် အသုံးချ၍ ၊ သစ္စာတရားကို လက်နက် အဖြစ် ကိုင်စွဲကာ စည်းလုံးညီညွတ်မှု ကို စွမ်းအားအဖြစ် အသုံးပြုကာ တိုက်ပွဲဝင် ကြလျှင် မကြာမှီ အချိန်တွင် ကျွန်ူပ်တို့ တိုင်းပြည် အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သို့ ချီတက်နိုင်မည် ဟု ယုံကြည်သော စိတ်ဓါတ်ကို ရင်ဝယ်ပိုက်လျှက် စတင် တိုက်ပွဲဝင်ကြပါစို့ ... ။

ကျွန်ူပ်တို့သည် မြန်မာနိုင်ငံကြီး ကို ဒုက္ခဆိုးများမှ လွတ်မြောက်စေလိုသော စိတ်ဆန္ဒတို့ဖြင့် တိုက်ပွဲဝင်ကြခြင်းဖြစ်ပါသည် ။ ဤ သစ္စာစကားသည် မှန်ကန်ပါ က အာဏာရှင် စနစ်ဆိုးကြီးအောက် မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ။
ကျွန်ူပ်တို့ တိုင်းပြည်သည် ကိုယ်ကျိုးရှာ အာဏာရှင်တို့ ၏ ယုတ်မာကောက်ကျစ်မှု ကြောင့် နိုင်ငံသားများမှာ ဆင်းရဲဒုက္ခရောက်လျှက် ရှိပါသည် ။ ဤသစ္စာ စကားသည် မှန်ကန်ပါက အာဏာရှင် စနစ်ဆိုးကြီး ၏ အောက်မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ။
ကျွန်ူပ်တို့ တိုင်းပြည်၏ သူရဲကောင်း အများစုသည် အာဏာရှင်တို့၏ အကြမ်းဖက် ရက်စက်မှု ကြောင့် ကျဆုံးခဲ့၇ပါ၏ ။ ဤသစ္စာစကားသည် မှန်ကန်ပါက အာဏာရှင် စနစ်ဆိုးကြီး အောက်မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ။
ကျွန်ူပ်တို့ တိုင်းပြည်၏ ခေါင်းဆောင်များအဖြစ် အာဏာရှင် ကိုယ်ကြိုးရှာ လူတစ်စု က မတရား သိမ်းပိုက်ထားပါသည် ။ ဤသစ္စာ စကားသည် မှန်ကန်ပါက ကျွန်ူပ်တို့တိုင်းပြည် ၏ အချုပ်အချာ အာဏာကို ပြည်သူလူထု လက်ထဲ ပြန်ရောက်ရပါလို၏ ။
ကျွန်ူပ်တို့ တိုင်းပြည်အတွက် တရားမျှတမှု ကို တောင်းဆို တိုက်ပွဲဝင်ခဲ့ ကြသော သူရဲကောင်းများ သည် အာဏာရှင်တို့၏ မတရား ဖမ်းဆီးချုပ်နှောင်မှုကို ခံနေကြပါ၏ ။ ဤသစ္စာ စကားသည် မှန်ကန်ပါက ထိုသူရဲကောင်းများ အချုပ်အနှောင် ဘ၀ မှ ကင်းလွတ်ကာ ပြည်သူလူထုမှ အုပ်ချုပ်ရေး အာဏာကို လက်ခံ၍ တိုင်းပြည်ကို ခေါင်းဆောင်ကောင်းများအဖြစ် မြင်တွေ့ရပါစေသား ။

တိုက်ပွဲဝင် သူရဲကောင်း အပေါင်းအား ဦးညွှတ် ဂါရ၀ ပြုလျက်

ဗမာ့သွေး

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, November 6, 2010

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း (၆)

"တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှု့နဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နှက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာကို မွေးကတည်းက ကျမကိုသင်ထားလို့ သိခဲ့တဲ့ သင်ခန်းစာပါပဲ။ "

အန်တီပြောခဲ့တဲ့ စကားလေးပါ၊

တနေ့ အန်တီနဲ့တွေ့ကြလို့ ပြောခဲ့တဲ့စကားတွေကိုလည်း နားထဲကြားယောင်နေဆဲပါပဲ။ ----

“ အန်တီ စဉ်းစားကြည့်မိတယ်… အန်တီတို့ လူမျိုးတွေက အာဏာနဲ့သိပ် အယဉ်ပါးမခံနိုင်ဘူး ..။ နိုင်ငံတော်အာဏာက စလို့ .. သေးသေးငယ်ငယ် အဆင့်ထိ အာဏာနဲ့ထိတွေ့မိပြီဆို ပျက်စီးသွားကြတာများတယ်..။ ဥပမာ လူတယောက်ဒုတ်ကိုင်ထားတယ်ဆိုရင်တောင်..သူက ဒုတ်ရှိတဲ့အာဏာနဲ့ယစ်မူးသွားချင်တာ..လူတွေတွေ့ရင်ရိုက်ပစ်၊ နှက်ပစ်လိုက်ချင်တာ…အဲဒါတွေကို ပြုပြင်နိုင်ရမယ်၊
အဲဒီလိုပြောတော့ ကျနော်ကအဖြစ်အပျက်တွေကိုသွားသတိရမိတယ်။ ကျနော်တို့ကျောင်းသားတွေက အန်တီ့အိမ်ကို အ၀င်အထွက် အရမ်းများတော့ အန်တီ့ အိမ်ရှေ့မှာ တားဆီးစစ်ဆေးတဲ့ ထောက်လှမ်းရေးတွေက တော်ရုံဆို သိပ် မစစ်ဆေး မမေးမြန်းတော့ပါဘူး။ ဒါကလည်း တာဝန်အရကိုး။

အန်တီကိုယ်တိုင်က နေအိမ်အကျယ်ချုပ်က လွတ်လာတော့ သူ့လုံခြုံရေးအတွက် ခွင့်ပြုထားတာဆိုတော့ သူတို့မှာတာဝန်ရှိတယ်။ အန်တီ့ အိမ်ကို ၀င်လာသူမှန်သမျှ အစစ်ဆေးခံရတယ်။ ဓါတ်ပုံရိုက်ယူတယ်။
(တနည်းအားဖြင့် ထောက်လှမ်းရေးက အန်တီနဲ့ဆက်စပ်သူ မှန်သမျှ မှတ်တမ်း အသေအချာယူတာလည်း ပါမှာပါ -။ လုံခြုံရေးအရဆိုတော့လည်း ဘယ်သူပြောသာမှာလဲ)။

တနေ့ အဲသလိုပဲ ကျနော်တို့ထဲက ကျောင်းသားတစ်ယောက်ကို စစ်ဆေး၊ ဓါတ်ပုံရိုက်တော့ သူက ဒေါသူပုန်ထပါလေရော……။

“ ကျုပ်တို့က အန်တီက ခွင့်ပြုထားလို့ လာကြတာဗျ ၊ ချစ်လို့ လေးစားလို့ အလုပ်တွေ အတူတူတွဲလုပ်ဖို့လာကြတာ။ သတ်ဖို့ လာတာမဟုတ်ဘူး ” ဆိုတော့ လုံခြုံရေးတာဝန်ရှိသူက---

“ ခင်ဗျား ..ဒေါ်အောင်ဆန်းစုကြည် ကို မလုပ်ကြံပါဘူးလို့ ဘယ်လိုအထောက်အထားနဲ့.. ယုံကြည်ရမလဲ.. ။တခုခုဖြစ်သွားရင် ကျုပ်တို့က ဘ၀နဲ့ရင်းရမှာ..။ တာဝန်အရ စစ်ဆေးမှု့ကို မခံနိုင်ရင်.. မ၀င်ပါနဲ့။”

စကားလုံး လှလှလေးနဲ့ ဟန့်တားလိုက်ခြင်းပါ။ ကျနော်ကပဲ ကြားက၀င်ပြီး ၊ အမောင် ကျောင်းသားကို မေတ္တာရပ်ခံရတော့တယ်။ ကျနော်တို့ထဲက ကျောင်းသားကလည်း .. မလိုအပ်ဘဲနဲ့ မပြောပ လောက်တဲ့ ပါဝါကို ထုတ်သုံးချင်တယ်။(သူ့ကို ယုံယုံကြည်ကြည် ၀င်ခွင့်ပေးထားတဲ့ ပါဝါပေါ့ )။ တဘက်ကလည်း စောစောကပြောတဲ့စကားတွေကို တဘက်သားလက်ခံချင်လာအောင် မပြောဘဲ ၊ အထက်အရာရှိက အောက်လက်ငယ်သားကို ငေါက်တဲ့လေသံနဲ့ပြောတော့ ..မလိုအပ်တဲ့ပြဿနာကို ရှင်းရတော့တာပါပဲ။

အသေးစားကိစ္စလေးဆိုတော့ အာဏာလို့ မမြင်ကြဘူး။တကယ်တော့ အာဏာဆိုတာ လုပ်ပိုင်ခွင့်ပဲ ။ အင်္ဂလိပ်လိုမှာတော့ ( power )ပေါ့။ အဲဒါကို သွားသတိရမိတယ်။ အန်တီ့ခြံရှေ့ အ၀င်တံခါးနဲ့ကပ်လျှက်နားမှာ အဆောက်ဦငယ်လေးတစ်လုံးကို လုံခြုံရေးအရဆိုပြီး ထောက်လှမ်းရေးက တာဝန်ပေးထားတဲ့သူတွေနေဖို့ အန်တီက ခွင့်ပြုထားတယ် ။ အဲဒီဘေးဘက်နားမှာတော့ လက်နှက်ကိုင် အစောင့်အရှောက်ရဲဘော်တချို့နေကြတယ် ။

သူတို့ကိုတော့ မြင်ကွင်းမှာ မနေဘို့ အန်တီက မေတ္တာရပ်ခံထား သလား မသိဘူး ။လူမြင်ကွင်းရှေ့မှာ သိပ်မနေကြဘူး။ အဲဒီထဲမှာတောင်မှ သဘောထားပျော့ပြောင်းသူတွေ ပါသလို တင်းမာသူတွေလည်း ပါကြတယ်။ တခါတရံ အန်တီ့ဆီလာကြတဲ့သူတွေကို (လုံခြုံရေးဘန်းပြပြီး) တော်တော် မဖွယ်မရာပြုမှုဆက်ဆံတာတွေနဲ့ဆုံရပါတယ်။ အဲဒီလိုပြဿနာက ခဏခဏ ဆိုသလိုဖြစ်တာ ။

နောက်တော့ အန်တီက လုံခြုံရေးတာဝန်ခံ ဗိုလ်မှုးသူရ ( သူကလည်းထောက်လှမ်းရေးက အရာရှိတဦးပါပဲ။ ) နဲ့ညှိနှိုင်းလိုက်မှ နောက်ပိုင်း တော်တော်အဆင်ပြေသွားတော့တယ်။ အန်တီက ခရီးစဉ်တခုသွားတော့မယ်ဆို ပထမဦးဆုံး-- စောစောကပြောတဲ့ ထောက်လှမ်းရေးမှုး (သို့်)လုံခြုံရေးအရာရှိပေါ့ ။သူ့ကို ပြောရတယ် ။ သူက လမ်းကြောင်းစီစဉ် လုံခြုံရေးပေးပေါ့ ။(ကျနော်မြင်သလောက်ပြောရရင် အဲဒီအချိန်က အန်တီ အနေထားက ပုံသဏ္ဍာန် ၂ မျိုးလိုဖြစ်နေတယ် ။) တမျိုးက ဘယ်သွားသွား- အကျယ်ချုပ်ပုံစံနဲ့သွားလာရတာမျိုးဖြစ်ပြီး၊နောက်ပုံသဏ္ဍာန်တမျိုးက လက်ရှိအာဏာရ နိုင်ငံအကြီးအကဲပုံစံမျိုး ၊ အန်တီနဲ့ သွားလေရာ ပါသွားတတ်တဲ့ လူငယ်အချို့ပြောပြတာကတော့ အန်တီခရီးစဉ်သွားပြီဆို လမ်းကြောင်းရှင်းထားတာမျိုး ၊ မီးပွိုင့်တွေ နီထားတာမျိုးတွေ လုပ်တယ်။

ဒါပေမယ့် အန်တီဟာ ဘယ်တော့မှ ဘယ်သူ့ကိုမှ မောက်မောက်မာမာ အထက်စီးကနေ ဆက်ဆံတယ်ဆိုတာတော့ ကျနော်တို့ မကြံဖူးဘူး ။သူ့ခြံထဲမှာလာနေတဲ့ စစ်သားတွေ၊ ရဲတွေကိုတောင်မှ လေးလေးစားစား ဆက်ဆံတတ်တယ်။ နောက်တစ်ခုက အန်တီဟောပြောပွဲမှာ ပြောတဲ့စကားတွေကို တော်တော်များများ ဌာနဆိုင်ရာ အကြီးအကဲတွေဆို ရင်တုန်စွာ နားစွင့်နေကြရတာ ။ (ဥပမာ) နေရာတခု၊ဌာနတခုရဲ့မမှန်မကန်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လူထုက တင်ပြမေးခွန်းမေးလို့ အန်တီက ထင်မြင်ချက်ပေးပြန် ဖြေမိပြီဆို ၊ အဲဒီ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အနိမ့်ဆုံး စစ်ဆေးမေးမြန်းခံရမယ် ၊ တချို့ဆို အရေးယူခံရတာတွေတောင်ရှိတယ်ဆိုတာ ပြန်သိရပါတယ်။

ဒါပေမယ့် အန်တီစုဟာ အဲဒါတွေအပေါ်မှာ ကျေနပ်နေတာ (လုပ်ခွင့်သာတုန်း ဖိထောင်းလိုက်မယ်ဆိုတာမျိုး) ဘယ်တော့မှ မရှိခဲ့ဘူး။အဲဒီသဘောကို ကြည့်ရင်တောင်မှ ပါဝါရဲ့သဘောကို ခံနိုင်ရည်ရှိသူနဲ့ မရှိသူရဲ့ခြားနားမှု့ကို သိနိုင်ပါတယ်။ ဒါကတော့ အန်တီစုရဲ့နှလုံးသားပုံရိပ် တစိတ်တဒေသကို လေ့လာနိုင် ဖို့ တင်ပြပေးတာပါ။

ဒီလိုနဲ့ အန်တီစုရဲ့ခြံဝန်းအတွင်းမှာ အခမ်းအနားလုပ်ဖို့ အဆောက်အဦကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ လူငယ်များစုပေါင်းဆောက်လုပ်လိုက်တာ အကောင်ထည်ပေါ်သွားပါတယ်။ သူတို့ခမျာ တော်တော် ပင်ပန်းရှာပါတယ်။မြေကြီးတွေ ရှင်းရတာကို တော်တော်ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ စိတ်ဓါတ်ကြောင့်သာ လာလုပ်အားပေးကြတာပါ။တော်ရုံဆို သိပ်မလွယ်လောက်ပါဘူး။ အဲဒီအချိန်ကာလက အန်တီစုကို ၀န်းရံပေးခဲ့တဲ့ လူငယ်အင်အားစုတွေထဲမှာ- ကျနော်တို့ တကသ အပါအ၀င် - ကျောင်းသားတွေနဲ့ NLD လူငယ်အဖွဲ့ အင်အားက အတိုင်းတာတခုထိ အင်အားကောင်းခဲ့ပါတယ်။

ကျနော်တို့ကျောင်းသားများအနေနဲ့ကတော့ မူလက စီစဉ်ထားတဲ့အတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို အထောက်အပံ့ဖြစ်စေနိုင်မယ့် ဆောင်ရွက်ချက်များကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ ဟာ ၀ါရင့်နိုင်ငံရေးသမားကြီးများအပါဝင်၊တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေ ၊ တသီးပုဂ္ဂလ နိုင်ငံရေးခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းချက်တွေကို အဆက်မပြတ်လုပ်ဆောင်ခဲ့ပါတယ်။

တိုင်းရင်းသားပါတီခေါင်းဆောင်ထဲကဆိုရင် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး ၊ ဦးစိုင်းညွန့်လွင် တို့အပါဝင် မြေပေါ်နိုင်ငံရေးပါတီခေါင်းဆောင်လူကြီးများနဲ့တွေ့ပြီး သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပါတယ်။ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်( SNLD )ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တော်တော်များများ အနိုင်ရခဲ့တဲ့ပါတီတခုလည်းဖြစ်ပါတယ်။ ကျနော်တို့ ဦးခွန်ထွန်းဦးရယ်၊ ဦးစိုင်းညွန့်လွင်ရယ်ကို တနေ့မှာတော့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က သူတို့ကလည်း သူတို့ရင်ထဲမှာရှိနေတဲ့ မကျေနပ်ချက်တွေ၊မွန်းကြပ်မှု့တွေကို အတိုင်းတာတခုထိ ဖွင့်ချခဲ့တယ်။ ဦးခွန်ထွန်းဦးဆိုရင် အဲဒီအချိန်က အမျိုးသားညီလာခံတက်ရောက်နေသူတစ်ဦးပါ ၊ သူတို့ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လူထုခေါင်းဆောင်တယောက်မို့ သူတို့လည်း လေးစားမှု့ရှိပါတယ် ။ ဒါပေမယ့် NLDပါတီအပေါ်မှာတော့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလက ကြုံခဲ့ရတဲ့ အထစ်အငေါ့လေးတွေကြောင့် စိတ်ထဲမှာတော့ ဖုတုတုပါပဲ။ ကျနော်တို့ကို ပြောတဲ့အခါတိုင်းမှာလည်း ဗမာတွေက ဗမာတွေက ဆိုတဲ့ အသုံးကို ခဏခဏသုံးတော့ ကျနော်တို့ထဲက ကျောင်းသားတယောက်က………………

“ အန်ကယ်.. တကယ်တော့မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို.. ဖိနှိပ်တာ၊ အခွင့်ရေးတွေကို ကန့်သတ်တာ၊တန်းတူညီမျှရေး မရှိတာ.. အဲဒါတွေကိုလုပ်တာ ကျနော်တို့ ဗမာပြည်သူတွေ မဟုတ်ပါဘူး… စစ်အာဏာရှင် အစိုးရအဆက်ဆက်က လုပ်တာပါ……။ကျနော်တို့အမြင်အရပြောရရင်.. ဗမာလူမျိုးအများစုဟာ.. ဘယ်တိုင်းရင်းသား လူမျိုးနွယ်စုကိုမှ အဲဒီလိုလုပ်တာ ရှိမယ်မထင်ပါဘူး.. ရှိခဲ့ရင်လည်း အနည်းစုပဲဖြစ်ပါလိမ့်မယ်။" ဒီစကားရပ်အပေါ်မှာတော့ ဦးခွန်ထွန်းဦးက ဘာ ဝေဖန်ကောက်ချက်မှ မပေးခဲ့ဘူး၊

ဦးစိုင်းညွန့်လွင်က ရုတ်တရက်ကြားကနေ စကားကို ၀င်ထောက်လိုက်တယ်…….။ “ မဟာဗမာလူမျိုးကြီးဝါဒ ကတော့ တော်တော်စက်ဆုတ်စရာ ကောင်းတယ်ဗျ.. ။အနည်းစုတိုင်းရင်းသားလူမျိုးစုတွေအပေါ်ကျင့်သုံးတဲ့ .. မဟာဗမာလူမျိုးကြီးဝါဒကိုတော့ ကျနော်တို့ ဆန့်ကျင်ရလိမ့်မယ်။”

ကျနော် သောက်လက်စ ကော်ဖီခွက်လေးကို စားပွဲပေါ် အသာတင်လိုက်ရင်းက…..

“ မဟာဗမာလူမျိုးကြီးဝါဒမှ မဟုတ်ပါဘူး…။ မဟာကရင်၊မဟာရှမ်း၊မွန်၊ရခိုင်၊ကချင်၊ကယား၊ချင်း စတဲ့ ဘယ်မဟာ လူမျိုးကြီးဝါဒ မဆို ကျနော်တို့ကတော့ ဆန့်ကျင်သွားမယ်……..။”

အိမ်ရဲ့ပြင်ပက တိုက်ခတ်နေတဲ့လေသံတွေကိုကြားနေရတယ်၊ နံရံပေါ်ကတိုင်ကပ်နာရီရဲ့စက်သံမှ တပါး…..ဦးခွန်ထွန်းဦးကတော့ မျက်လုံးလေးကိုမှေးပြီး၊ တခုခုကိုပြောဖို့ စဉ်းစားနေပုံရတယ်။ ကျနော်တို့ထဲက ကျောင်းသားတယောက်ရဲ့ဝင်ရောက်ပြောဆိုမှု့က ငြိမ်သက်ခြင်းကို ဖြိုခွင်းပစ်လိုက်တယ်………။

“ ငါ့လူမျိုးသာလျှင်မြင့်မြတ်တယ်၊ ငါ့လူမျိုးသာလျှင် အရာရာကို လွှမ်းမိုးရမယ်၊ချုပ်ကိုင်ရမယ်...ဆိုတဲ့ မဟာလူမျိုးကြီးဝါဒ ဟာ ၂၁ ရာစု ဒီနေ့ကမ္ဘာကြီးမှ ခေတ်မမှီတော့ပါဘူး..။ တကယ်တော့မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးတွေဆိုတာ ရာနဲ့ချီရှိနေတာပဲ…..။ အားလုံးတန်းတူအခွင့်အရေးရှိဖို့ ကို ကျနော်တို့လည်း ထောက်ခံတယ်..။ ”
ဆိုဖာခုံပေါ်မှာ အားရပါးရ မှီထိုင်နေရင်းက ဦးခွန်ထွန်းဦးက ရုန်းထလိုက်ပြီး….၊

“ အမျိုးသားညီလာခံမှာလည်း - တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အဲဒီတန်းတူအခွင့်ရေးအတွက် ကျနော်တို့တင်သွင်းခဲ့တာပဲ.. ။ဒါပေမယ့် မလွယ်ပါဘူးဗျာ..။ လက်ရှိ နအဖက သူ့သဘောထားတွေကိုပဲ ဇွတ်အတင်း အားထုတ်ကြိုးစားနေတာ.. တွေ့ရတော့ .. အမျိုးသားညီလာခံကိုလည်း အားကိုးလို့ မရပါဘူး။”…

ဦးခွန်ထွန်းဦးရဲ့စကားလုံးတွေက သူ့ရင်ထဲမှာရှိနေတဲ့ ခံစားချက် အကုန်အစင် မဟုတ်သေးဘူးဆိုတာ ကျနော်နားလည်လိုက်တယ်။

“ အန်ကယ်ရာ… အမျိုးသားညီလာခံဆိုတာ.. အစစ်အမှန်မှ မဟုတ်တာပဲ..။ အတုအယောင်ပဲ .. ။ ဒါကိုအားလုံး သိပါတယ်..။တကမ္ဘာလုံးလည်းသိပါတယ် ..။ ကျနော်တို့လိုချင်တာ.. ဒီနေ့အချိန်မှာ ..အမျိုးသားပြန်လည်သင့်မြတ်ရေးပါပဲ။ ”

“ မှန်တာပေါ့ဗျာ.. ။သိပ်လိုအပ်တာပေါ့…။ ခက်တာက နအဖဘက်ကကျတော့ သူတို့ပြောထားတယ် မဟုတ်လား.. ။ တွေ့ဆုံဆွေးနွေးရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလိုရှိတယ်ဆိုရင်.. ညီလာခံထဲ ၀င်လာခဲ့ပါ...ဆိုတာလေ.. ။အမျိုးသားညီလာခံမှာ ဆွေးနွေးပါ ဆိုတာလေ”

“ တကယ်ရော.. အမျိုးသားညီလာခံကနေ .. အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို လုပ်ဆောင်နိုင်ပါတယ်ဆိုတာကို .. အန်ကယ် ယုံရဲ့လား”

ဦးခွန်းထွန်းဦးက မျက်မှောင်တစ်ချက်ကျုံ့သွားတယ်။ ပြီးမှဖျော့တော့တော့အပြုံးတချက်နဲ့ ခေါင်းကို လေးတွဲ့စွာ ရမ်းလိုက်ရင်း…….အပြင်ကို တချက်ကြည့်လိုက်တော့ တော်တော်တောင်မှောင်နေပြီ။

“ အန်ကယ် .... အခု အန်တီ နေအိမ် အကျယ်ချုပ်က လွတ်လာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်.. အဲဒါ အန်ကယ် သဘောထားကို သိပရစေ ” ဆိုတော့ ဦးခွန်ထွန်းဦးရဲ့မျက်နှာပြင်ဟာ အပြုံးတွေနဲ့ဝင်းလက်သွားတယ်……..။

“ ကြိုဆိုရမှာပေါ့ဗျာ… ကျနော်တို့ထောက်ခံတယ်…. လက်တွဲလုပ်မယ်”

ကျနော်တို့ကျောင်းသားများနဲ့ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ရဲ့တာဝန်ရှိသူ ၂ ဦးနဲ့ အနာဂတ်နိုင်ငံရေးအတွက် ဆွေးနွေးတိုင်ပင်တဲ့ကိစ္စပြီးလို့ အလွတ်သဘောပြောဆိုတဲ့ အခါမတော့ အားပါလှတဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ရဲ့ တိုင်းရင်းသားရေးရာ ခံစားချက်တွေကလည်း ကျနော်တို့ရဲ့နှလုံးသားထဲကို စူးစူးရှရှဖြစ်စေခဲ့တာအမှန်ပါ။

နောက်မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဦးခွန်ထွန်းဦး တို့ SNLD နဲ့ အန်တီစု အပါဝင် NLD ခေါင်းဆောင်ပိုင်းတွေနဲ့တွေ့ဆုံခဲ့ကြောင်းကို သိရပါတယ်။

ဟင့်အင်းကို ကျော်ဖြတ်ခြင်းဆိုတဲ့ထဲက စာသားလေးတစ်ခုကို သွားသတိရမိပါတယ်။
““ညှိနှိုင်းဆွေးနွေးခြင်းဆိုသည်မှာ နေ့စဉ်ရင်ဆိုင်ကြရသည့်ကိစ္စဖြစ်သည် ”
ပြဿနာအရပ်ရပ် ရှိမယ်ဆိုရင်တောင်မှ ညှိနှိုင်းဆွေးနွေး အဖြေရှာမယ်ဆိုရင် … ဆုံးရှုံးနစ်နာမှု့အား ပိုမသက်သာလာနိုင်ဘူးလား......” ဆိုတဲ့ အသိက ရင်ထဲမှာစွဲနစ်လျှက်…….။

ကျနော်တို့ တတွေ တနေ့မှာတော့ ဦးနေ၀င်း ( ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်း- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( မဆလ) ဥက္ကဌ ဟောင်း - ယခု ကွယ်လွန် ) ဆီ သွားရောက်ကမ်းလှမ်းခဲ့တယ်။ လူချင်းတော့ မတွေ့ဆုံခဲ့ပါဘူး။ ဒါပေမယ့် အကြောင်းပြန်ကြားချက်တော့ ရခဲ့တယ်။

”ကျောင်းသားတွေ ခုလိုလာရောက်ကမ်းလှမ်းတာကို ကြိုဆိုတဲ့အကြောင်း၊၀မ်းသာတဲ့အကြောင်း၊ ဒါပေမယ့် သူ့ရဲ့ကျန်းမာရေးအရ မလာရောက်နိုင်တာကို နားလည်ပေးဖို့ ” စသဖြင့် အကြောင်းပြန်ခဲ့ပါတယ်။ အခုလို ကျနော်တို့သွားရောက်ကမ်းလှမ်းတာကို နိုင်ငံရေးအင်အားစု တချို့ကသိသွားတဲ့အခါ ကျနော်တို့ကို ၀ိုင်းဆော်ပလော်တီးကြတော့တာပဲ ။ ကျနော်တို့ ဒီအလုပ်ကို ခိုးကြောင်ခိုးဝှက်လုပ်ခဲ့တာ မဟုတ်လေတော့ (ဆော်ပလော်ဝိုင်းတီးလည်း ခံဖို့ကလွဲလို့ ဘာတတ်နိုင်မှာလဲ)။ အန်တီကျနော်တို့ကို ပြောကြားခဲ့တဲ့ .. “ ရည်ရွှယ်ချက်နဲ့စေတနာမှန်ရင် နားလည်လာကြမှာပါ ” ဆိုတဲ့ စကားကို နားထဲကြားရင်း… ရင်ထဲမှာတော့ကျိတ်မျိုခဲ့ရပါတယ်။

နောက် တစည ပါတီ ( တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ) ဆီကို သွားတော့ ကျနော်တို့ကို ပထမတော့ ခပ်စိမ်းစိမ်း၊ ခပ်တွန့်တွန့်ပဲ ဆက်ဆံခဲ့တယ်။ ကျနော်တို့ရဲ့လုပ်ရပ်နဲ့သဘောထားအမှန်ကို နားလည်သွားတဲ့အခါမတော့ သက်ဆိုင်ရာတာဝန်ရှိသူက နွေးနွေးထွေးထွေး ပြောဆိုဆွေးနွေးခဲ့ပါတယ်။” သူတို့ ဆွေးနွေးပြီးအကြောင်းပြန်ကြားပေးပါမယ်......”ဆိုတဲ့စကားကို ရရှိခဲ့ပါတယ်။

တဖက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အန်တီစုအပါဝင် ပါတီခေါင်းဆောင်တွေ ကျနော်တို့ကျောင်းသားလူငယ်တွေဟာ အသည်းအသန် ကြိုးစားနေပေမယ့် တဘက်က နှိပ်ကွပ်မှု့တွေကတော့ လျှော့မသွားပါဘူး၊ အထူးသဖြင့် အန်တီစုဆီကို လာရောက်တွေ့ဆုံတဲ့သူတွေကို ဒုက္ခမျိုးစုံပေးတာ ခံရပါတယ်။ ပါတီဝင်နဲ့ နိုင်ငံရေး အသိုင်းဝိုင်းက လူတွေကို အဓိက ပစ်မှတ်မထားဘဲ ၊ သာမန်ပြည်သူထဲကပြည်သူတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်လာတယ်။

ဥပမာ- သာမန်ပြည်သူတစ်ယောက်က အန်တီ့ဆီ လာတွေ့ပြီးတာနဲ့ နောက်ပိုင်း ဂယက်တွေက ရိုက်တော့တာပဲ။ စီးပွားပျက်အောင်လုပ်တာတို့၊ အသိုင်းဝိုင်းအပြင်ဘက်ရောက်သွားအောင်လုပ်တာတို့ပေါ့၊ အဲဒီကိစ္စတွေက တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ (အဲဒီထဲက နာမည်ကျော် အဆိုတော် ကိုတင်လှိုင်တို့ ၊ စီးပွားရေးလုပ်ငန်းရှင်ထဲကဆို ဦးသိန်းရွှေ (စာရေးဆရာမ မမေငြိမ်းဖခင်) တို့ အပါအ၀င် တော်တော်များများခံရတယ်။)

ကျနော်ကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးမှာ နေစရာနေရာတွေအများကြီးရှိပါရဲ့နဲ့ နေလို့မရလောက်အောင်ကို ဖြစ်ခဲ့ရတယ်။ ကျနော်နေတဲ့ အိမ်တိုင်းကို ညစဉ်ဧည့်စာရင်းစစ်တယ်။ဘာရယ်လည်းမဟုတ်ဘူး၊ ပြီးပြန်သွားတယ်။ အဲဒါမျိုးနေ့စဉ်လုပ်တော့ ကျနော်နေတဲ့ အိမ်တွေက ကြောက်လာကြတယ်။(ကျနော့်ညီမ အရင်းခေါက်ခေါက် အပါအ၀င်ပေါ့။)

နောက် ကျောင်းအဆောင်မှာ သွားနေတော့ အဆောင်ပိုင်ရှင်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖိအားပေးလာပြန်ရော။ နေလို့ မရပြန်ဘူး၊ ဒီလိုနဲ့ပဲ ၊ ဟိုရွှေ့လိုက်-ဒီရွှေ့လိုက် နေရာပေါင်းများစွာ ပြောင်းနေခဲ့ရတာပါ။ ဒီကြားထဲမှာ ကိုယ့်ဒီမိုကရေစီဘက်တော်သားများရဲ့ဖိအားပေးမှု့၊ဆန့်ကျင်ရှုတ်ချမှု့၊ကလိမ်ကျမှု့တွေနဲ့ရင်ဆိုင်ရတဲ့ အခါမတော့ နိုင်ငံရေးကို အတော်ကို စိတ်ကုန်ခမ်းမတတ် ဖြစ်ခဲ့ပါတယ်။

တနေ့ အန်တီနဲ့ဆုံတဲ့အခါ ကျနော့်ရင်ထဲမှာမွန်းကြပ်နေတာတွေ စိတ်ပျက်၊စိတ်ကုန်ခန်းမတတ် ဖြစ်နေတာတွေကို ဖွင့်ဟပြောပြတော့……….အန်တီက -

“ နိုင်ငံရေးဆိုတာ ဒီလိုပဲ သားရဲ့..။ ကိုယ်က ဘယ်လောက်ပဲ မှန်တာလုပ်လုပ်…။ အမှန်တရားဆိုတာ မပေါ်ပေါက်သေးသရွေ့.. ခါးစည်းခံရတာပဲ..။ အဲဒါကို စိတ်ပျက်၊စိတ်ကုန်လို့ မရဘူး….။ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ရှိသေးတယ် မဟုတ်လား ”



သားတို့စဉ်းစားကြည့်လိုက်ပါ…။ “ ဖေဖေ့တုန်းကဆို.. အောင်ဆန်းအက်တလီစာချုပ်နဲ့ လွတ်လပ်ရေးအရယူဖို့ လက်တကမ်းအလို … အင်္ဂလန်က ခေါ်လို့ ဖေဖေတို့ သွားကြတယ်..။ ဟိုရောက်မှ .. ပါသွားတဲ့သူတွေထဲက လက်မှတ်မထိုးကြလို့.. (ဗိုလ်ချုပ်အား လုပ်ကြံသတ်ဖြတ်သူ ဦးစောနဲ့ ကျန်တယောက်က သခင်ဘစိန် ကို ရည်ညွှန်းခြင်းဖြစ်သည်။) အရမ်းကို ဗျာများခဲ့ရတာ.. ဘယ်လောက်စိတ်သောက ရောက်လိုက်မလဲ.. ။ခံစားကြည့်လိုက်ပါ…။ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်လာတဲ့ လွတ်လပ်ရေးကို .. လက်တကမ်းအလိုကျမှ .. ဒီလိုဖြစ်တယ်ဆိုတော့.. ။ ဒါပေမယ့်လည်း အဆုံးမတော့.. အောင်မြင်သွားပါတယ်။ ”

အန်တီရဲ့စကားသံတွေထဲမှာ..သံဝေဂသံတွေ ရောနှောပါနေတယ် ဆိုတာကို ကျနော်တို့ သတိထားမိလိုက်ကြတယ်။ ကျနော်တို့ ကိုယ်ချင်းစာနိုင်ပါတယ်။

“ အန်တီမှတ်မိသေးတယ်.. ။ဖေဖေ .. အင်္ဂလန်က ပြန်လာတော့.. အိမ်မှာ.. စာတန်းတခု ထပ်ကပ်ထားတယ်.. ။ ” လှေခွက်ချည်းကျန် အလံမလှဲ ..” တဲ့…..။ ဒီလိုပါပဲ ..။ အန်တီ အပါအ၀င် အန်တီတို့ပါတီဆိုလည်း သားတို့သိတဲ့ အတိုင်း ဘက်ပေါင်းစုံက တိုက်လိုက်ကြတာ.. မားမားမတ်မတ် ရပ်ခံရတာပဲ.. ။ အဲ့ဒါကို စိတ်ပျက်အားလျှော့နောက်ဆုတ်သွားလိုက်မယ်ဆိုရင်.. ဘာဖြစ်မလဲ…. စဉ်စားကြည့်ကြပေါ့….”

အန်တီရဲ့အားပေး စကားတွေက ကျနော့်အဖို့ အားတက်စေခဲ့တာ အမှန်ပါ။ ကုန်ခမ်းသွားတဲ့ စိတ်ဓါတ်တွေ အသစ်ပြန်မွေးဖွားလာစေခဲ့တယ်။ ခွန်အားသစ်တွေဖြစ်လာတယ်။ အကယ်လို့ အဲဒီတုန်းက အန်တီသာ ခုလို အားပေးစကား မပြောခဲ့ဘူးဆိုရင်.. ကျနော် ရန်ကုန်ကနေ ဇာတိမြို့မှာပဲ ပြန်ပြီး အေးအေးဆေးဆေးသွားနေဖို့  ဆုံးဖြတ်ချက် ချလုနီးပါးဖြစ်နေပါပြီ။ (ခံနိုင်ရည် နည်းတယ်ပြောလည်း ခံရမှာပါပဲ။)၊ ဒါမျိုးဖြစ်စဉ်များကို ဦးဆောင်လုပ်တဲ့ကျောင်းသားတော်တော်များများ ခံခဲ့ရဖူးပါတယ်။

တဆက်တည်း တင်ပြလိုတာက ယနေ့ ဒီမိုကရေစီ လွတ်မြောက်ရေးတိုက်ပွဲအတွက် ကြိုးစားဆောင်ရွက်နေတဲ့ ကျောင်းသားလူငယ်များကို ကျနော်တို့ အတွေ့အကြုံတွေထဲက အရေးကြီးတဲ့ အချို့ကို ကောက်နှုတ်တင်ပြပါရစေ၊

လုပ်ရပ်တခုအတွက် အကောင်ထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အဲဒီလုပ်ရပ်ဟာ အောင်မြင်မှု့ရောင်ခြည်တွေ မြင်လာရပြီဆို ကြီးစွာသော အနှောက်အယှက်၊ အဟန့်အတားတွေ၊ တိုက်ခိုက်မှု့တွေ ၀င်လာမှာ မလွဲဘူး....ဆိုတာ မှတ်ထားစေလိုပါတယ်။
သိပ်ဆန်းပြားတဲ့ဖြစ်ရပ်တွေ မဟုတ်ပေမယ့် ယနေ့အထိတော့ အသုံးတွင်နေဆဲပါ၊ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များရဲ့လက်ကိုင်ဒုတ် ထောက်လှမ်းရေးဌာနအသီးသီးရဲ့ စိတ်ဓါတ်ရေးရာ စစ်ဆင်မှု့ကို အလူးအလဲ ခံရပါလိမ့်မယ်။ ပြည်ပနိုင်ငံရေးလှုပ်ရှားမှု့ရော- ပြည်တွင်းမှာပါ အတော်ကို အရေးပါ ခရီးရောက်လှပါတယ် ။

ထောက်လှမ်းရေး အင်အားစုတွေဆိုတာ နိုင်ငံတော် ဘဏ္ဍာကို ရေလို သုံးလုပ်နေတဲ့ အဖွဲ့အစည်းတွေ ဆိုတော့ စိတ်ဓါတ်နဲ့လုပ်နေတဲ့ ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေ အလူးလူးအလိမ့်လိမ့်၊ အပြိုပြို အကွဲကွဲဖြစ်အောင်လုပ်နိုင်ခဲ့တာအမှန်ပါ၊

ကျနော့်အတွေ့အကြုံအရပြောရရင်… ပထမ ဦးဆောင်လုပ်တဲ့သူတွေကို သမိုင်းအညွှန့်ကျိုးအောင် အရင်ချိုးပါတယ်။ ဒါမှလည်း ကျန်တဲ့သူတွေက ဦးဆောင်နေတဲ့သူတွေကို အယုံကြည်ကင်းမဲ့ သွားစေတာကိုး။ ဒါကိုလည်း သူတို့မွေးထားတဲ့ သတင်းပေးတွေကတဆင့် တွင်တွင်ကျယ်ကျယ်ဖြစ်အောင် စီမံချက်ချ လုပ်ကြတာပါ။

ဒီလိုလူမျိုးတွေက အန်တီစုလိုလူမျိုးကို သူတို့လောက် မချစ်ဘူးလို့ ထင်ရလောက်အောင် ဟန်ဆောင်မှု့တွေနဲ့ စိမ့်ဝင်လာကြ တယ်။ လက်သီးလက်မောင်းကို သူများတွေထက် ပိုတန်းတယ်။ ကြွေးကြော်သံကို သူများတွေထက် ပိုကျယ်လောင်စေတယ်။ ဒီလို အယုံသွင်းပြီးပြီဆိုကာမှ သူတို့ရဲ့စီမံချက်တွေကို တစ်ဆင့်ချင်း အကောင်ထည်ဖော်တော့တာပါပဲ။

မိမိ ဒီမိုကရက်တစ်အင်အားစုတွေဖြစ်လင့်ကစား ကိုယ်နဲ့အဆင်မပြေတဲ့ အင်အားစုတွေဆီကို သူတို့ထဲက သတင်းပေးများက ချဉ်းကပ်မယ်။ မိမိအင်အားစုထဲမှာလည်း သတင်းပေးများကို ထည့်သွင်းထားမယ်။ သတင်းလိုချင်တာထက် ဖြိုခွဲဖို့ ဗျုဟာကို ပိုအသားပေးပါတယ်။ ဦးဆောင်၊ခေါင်းဆောင်လုပ်နေတဲ့သူတွေ ရဲ့သမိုင်းအညွှန့်တွေကို တစစီချွေတော့တာပဲ။ အဲသလိုဖြစ်ပြီဆို မိမိနဲ့ အဆင်မပြေဖြစ်နေတဲ့ ဒီမိုကရက်အင်အားစုများဘက်ကိုလည်း စိမ့်ဝင်သွေးထိုးလိုက်တော့ ..ထောက်လှမ်းရေးရဲ့နည်းစနစ်တွေဟာ တစ်ခုပြီးတစ်ခု အောင်မြင်တော့တာပဲ။သိပ်ကိုအောင်မြင်ခဲ့ပါတယ်။ အခုလည်း အောင်မြင်ဆဲပါပဲ။နောင်လည်း ဆက်အောင်မြင်နေဦးမှာပါ၊

( အဲ...ဒါပေမယ့် ခြွင်းချက်တခုတော့ရှိပါတယ်။ ကိုမင်းကိုနိုင်တို့ ၊ ကိုကိုကြီးတို့ ထောင်ထဲကလွတ်လာပြီး၊ ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး လှုပ်ရှားမှု့တွေ လုပ်ကြတော့ သူတို့ဟာ အဲဒီအချိန်မှာ များစွာသော အတွေ့အကြုံတွေ၊သင်ခန်းစာတွေ ရနေသူတွေဖြစ်နေကြတော့ ...အဲသလိုလုပ်ဖို့ တော်တော်အခက် တွေ့ပါလိမ့်မယ်။

တချိန်က တဘက်နဲ့တဘက် (ဗကသနဲ့မကသ) အပြင်းအထန် တိုက်ခိုက်လာတဲ့ သူတွေဟာ ခုချိန်မှာ သွေးစည်းညီညွတ်စွာနဲ့လက်တွဲလုပ်ဆောင်နိုင်ခြင်းအပေါ်..ကြားဝင်သပ်လျှို ဖြိုခွဲလို့ မရတဲ့ အဆုံးမှာတော့ ထောင်ထဲဆွဲထည့် ပစ်လိုက်တာပါပဲ။

သွေးကွဲအောင်ဖြိုခွဲခြင်းဖြင့် သမိုင်းအညွှန့်ကျိုးအောင်လုပ်ဆောင်ခြင်းဆိုတဲ့ နအဖ လက်ကိုင်ဒုတ် ထောက်လှမ်းရေးများရဲ့ဗျူဟာ-ဟာသူတို့အဖို့ သိပ်တွက်ခြေ ကိုက်ပါတယ်။ မျောက်အမြည်းနဲ့မျောက်ကို ချည်ခြင်းပါ၊ ကုန်ကျစရိတ်သက်သာတဲ့အပြင် ဖမ်းဆီးထောင်ချခြင်းကြောင့်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ -နအဖကို နာမည်ပျက်စေနိုင်မယ့် အမည်းစက်ကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

ဒီလိုနဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ လွင့်စင်သွားသူတွေ၊ဘေးရောက်သွားသူတွေဟာ (ဒီမိုကရက်တစ်အင်အားစုများအဖို့ ..) အင်မတန်မှ ၀မ်းနည်းစရာကောင်းလှပါတယ်။ နှမြောစရာကောင်းလှပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးခေတ်အဆက်ဆက်မှာ ဘယ်တော့မှ တိမ်ကော မသွားတဲ့ ၊ ဘယ်တော့မှလည်း ပျောက်မသွားဘဲ ၊ ထပ်ခါထပ်ခါ အသုံးချတိုင်း အောင်မြင်နေတဲ့ ထောက်လှမ်းရေးများရဲ့ မာယာကျော့ကွင်းဗျူဟာများဟာ ယနေ့ထက်တိုင် ခေတ်မှီနေဆဲပါ။

ဥပမာပြရရင်- အန်တီစုကို ၀န်းရံနေသော ကျောင်းသားလူငယ်များ၊ပါတီလူငယ်များ၊ လုံခြုံရေးအနီးကပ်တာဝန်ယူနေသူများကို သူတို့သတင်းပေးများမှတဆင့် တီးတိုးဝါဒဖြန့်ပါတယ်။ အဲဒီလူတွေကို ထောက်လှမ်းရေးကပဲ လစာပိုက်ဆံပေးထားသလိုလို၊ အကျိုးစီးပွားတွေ ပုံအောပေးထားသလိုလို၊ အန်တီ့အနီးနားကို ကပ်လာပြီး အဲဒီလူတွေကပဲ နိုင်ငံအကျိုးကို ပျက်စီးအောင်လုပ်တော့မယ့် သူတွေလိုလို ၊ အန်တီကျဆုံးသွားအောင်၊ နာမည်ပျက်သွားအောင် လုပ်တော့မယ့် သူတွေလိုလို ဖြစ်အောင် တီးတိုးလှုံ့ဆော်ဖြန့်ပါတယ်၊

ဒီလူငယ်တွေဟာ တဘက်မှာ မိမိကိုယ်ကျိုးကို စွန့်ပြီးလည်း လုပ်ရသေး၊လူထုနဲ့ မိမိ ဒီမိုကရက်တစ်အင်အားစုတွေရဲ့မျက်လုံးစိမ်းတွေ၊တံတွေးစက်တွေကြားမှာလည်း နေရသေး ဆိုတော့ စိတ်ဓါတ်ရေးရာအတွက် တော်တော့်ကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ အန်တီစုနဲ့လူကြီးများကသာ နားလည်မှု့မပေးနိုင်ဘူးဆိုရင်.. နိုင်ငံရေးကို တသက်လုံး မလုပ်ချင်တော့လောက်အောင် စိတ်ကုန်သွားမှာအမှန်ပါ။

ဒီမိုကရေစီလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် မျိုးဆက်သစ်လူငယ်များ သင်ခန်းစာယူနိုင်ဖို့လိုပါလိမ့်မယ်။ စာရေးဆရာ- ဆရာအောင်သင်း စကားနဲ့ပြောရရင်.. ”လူလိမ္မာဆိုတာ သူများအမှားပေါ်မှာ သင်ခန်းစာယူနိုင်ရပါ့မယ်။”

ဒီနေရာမှာ ကျနော်ရဲဝံ့စွာ အားမနာတမ်း ပြောနိုင်တာရှိပါတယ်။
အန်တီစုဟာ ဘယ်သောအခါမှ အဲသလို အောက်တန်းကျတဲ့ လုပ်ရပ်များကိုမှ လုပ်ဖို့ နေနေသာသာ စဉ်းတောင် မစဉ်းစားပါဘူး၊ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရိုးသားဖြောင့်မတ်စွာ သွားပါတယ်။ ဖြူစင်တဲ့အကျင့်ကိုပဲ ကျင့်ပါတယ်။ ပရိယာယ်လို ၊ မာယာလို နည်းစနစ်တွေ၊ ဗျူဟာတွေကို ဘယ်သောအခါမှ မကျင့်သုံးပါဘူး၊ အပြုံးနဲ့ခုတုံးလုပ် မဆက်ဆံပါဘူး။ ဒါကိုတော့ ရဲရဲကြီးပြောရဲပါတယ်။ တစ်ခါက အန်တီကျနော်တို့ကိုပြောခဲ့ဖူးပါတယ်….။

“ တိုင်းပြည်ခေါင်းဆောင်လုပ်မယ့်သူဆိုတာ .. ရိုးသားဖြောင့်မတ်ဖို့လိုတယ်......တဲ့ ”

ဘယ်သူတွေ ဘယ်လိုပဲ လုပ်လုပ်၊ပြောပြော၊ သွေးခွဲနေပါစေ ။အန်တီစု အပါအ၀င် လူကြီးများရဲ့နားလည်မှု့ ပေးတတ်ခြင်းတွေ အပေါ်မှာတော့ ကျနော့်တသက်မှာ ဘယ်သောအခါမှ မေ့သွားမှာမဟုတ်ပါ၊ ကျနော်တို့တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေထဲမှာတောင်မှ ရင်ဝကို လက်သီးနဲ့ပစ်ထိုးလိုက်သလိုမျိုး ခံစားခဲ့ရတဲ့ဖြစ်စဉ်များလည်း ဆုံတွေ့ခဲ့ဘူးပါတယ်။

ကျနော်တို့ရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ကြိုးစားဆောင်ရွက်နေစဉ်မှာ တချို့နိုင်ငံရေးသမားကြီးများရဲ့ သင်္ကာမကင်းအကြည့်တွေ၊ ရိသဲ့သဲ့အပြောတွေနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ကျနော်တို့လုပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ်မကျေနပ်လို့ ၊ ဒါမှ မဟုတ် အန်တီစုအပေါ် အစာမကြေလို့ တုန့်ပြန်တာမျိုးကို ကိစ္စမရှိပါဘူး။ ခံနိုင်ပါတယ် ။ ဘယ်လိုပုံသဏ္ဍန်မျိုးနဲ့ပဲဖြစ်ဖြစ် အောင်မြင်အောင် ကျော်ဖြတ်ဖို့ ကျနော်တို့မှာဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ ဘယ်လိုပဲအောက်ကျ ခံရခံရ ကျနော်တို့လုပ်ဆောင်ပါ့မယ်။ ဒါပေမယ့် အဲသလို မဟုတ်ဘူး..။

ကျနော်တို့ကပဲ နအဖ လက်ကိုင်ဒုတ်ကျောင်းသားတွေလိုလို၊ ထောက်လှမ်းရေးကြိုးဆွဲသမျှ လိုက်လုပ်နေရတဲ့သူတွေလိုလို ဆက်ဆံခံရတဲ့အခါမတော့.. ကျနော်တို့ လူငယ်ကျောင်းသား အငယ်တွေကပဲ အောင့်အီးသည်းခံပေးလိုက်ရပါတယ်။

ကျနော်တို့နဲ့ဆွေးနွေးဖို့ စတောင် မစရသေးခင်….
“ ဗိုလ်ခင်ညွှန့်က.. ဘာမှာလိုက်လဲ” ဆိုတာမျိုးဟာ သိပ်ကို ခံရခက်တဲ့စကားတွေပါ။ လူကြီးတွေက သဘောထားအမြင်မကြီးနိုင်ဘဲ ၊ လူငယ်တွေက နားလည်ပေးရတာ အတော် ကသိကအောင့် နိုင်စေခဲ့ပါတယ်။

”အမှန်တရားက ဖိနပ်စီးဖို့ ကြံနေတုန်း.. မုသားက ကမ္ဘာကို ပတ်ပြီးပြီ ..။” ဆိုတဲ့စကားကို သွားသတိရမိတယ်။ နအဖ လက်ကိုင်ဒုတ် ထောက်လှမ်းရေးတွေရဲ့သွေးခွဲသပ်သျှို ၊ အညွန့်ချိုး နည်းဗျူဟာများဟာ အောင်မြင်ပါပေတယ်။ ဒီမိုကရက်တစ်အင်အားစုတွေ တဖွဲ့နဲ့တဖွဲ့၊ တယောက်နဲ့တယောက်ကြားမှာ သံသယတွေပွားအောင် လုပ်တာလည်း သူတို့လက်ချက်ပါပဲ။ အန်တီစုလို ပုဂ္ဂိုလ်မျိုး အနားမှာ ၀န်းရံသူတွေ ကင်းမဲ့သွားအောင် ၊ အထီးကျန်အောင် အမျိုးမျိုးလုပ်ဆောင်ခဲ့တာလည်း သူတို့လက်ချက်ပါပဲ။

တကယ်တော့ မြန်မာနိုင်ငံစစ်အာဏာရှင်အဆက်ဆက်မှာ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဆန့်ကျင်ဘက် အတိုက်အခံလို့ပဲ ခေါ်ခေါ်၊ရန်သူလို့ပဲ သုံးသုံး၊ အဲဒီလူပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေ၊အင်အားစုတွေကို ရှုမြင်သုံးသပ်၊လုပ်ဆောင်ရာမှာ စစ်အမြင်၊စစ်ရှုထောင့်ကနေပဲ လုပ်ဆောင်တာများတယ်။ စစ်ပွဲတွေမှာ အကောင်းဆုံးစစ်ပွဲဟာ ဘာလည်းဆိုတော့ မတိုက်ပဲနဲ့ နိုင်တဲ့စစ် ဆိုတဲ့ ဥပဒေသ တခုရှိတယ် ၊ အဲဒီဥပဒေသကို နအဖက မြေပေါ်မြေအောက်ကျင့်သုံးတယ်။

(လောလောဆယ် အဲဒီဥပဒေသနဲ့ပတ်သက်လို့မြင်သာတာကတော့ နယ်ခြားစောင့်တပ် အဖွဲ့ခံလိုက်ရတဲ့ တိုင်းရင်းသားလက်နှက်ကိုင်တွေပါ။) ထို့နည်းတူစွာပါပဲ မြေပေါ်နိုင်ငံရေးအင်အားစုများကိုလည်း ဒီသဘော ကျင့်သုံးတယ်။သူတို့ တိုက်စရာမလိုတော့ဘူး ၊ ဖမ်းပြီးထောင်ထဲထည့်စရာမလိုတော့ဘူး။ (အဲသလို လုပ်နေရရင် - သူတို့အဖို့ သိပ်တွက်ချေ မကိုက်ဘူးထင်ပါရဲ့-ပျက်လက်စ နာမည်က ပိုပျက်လာဦးမယ်။) ဒီအဆင့်နဲ့မရမှ ထောင်ထဲထည့်ပေါ့။

အချင်းချင်းတွေ ရန်တိုက်ပေးလိုက်တယ်၊ ဦးဆောင်နေသူတွေ သမိုင်းအညွှန့်ကျိုးအောင် ဖန်တီးပေးလိုက်တယ်၊ နာမည် မပျက်ပျက်အောင် ဗျူဟာတွေ ၊ မဟုတ်မမှန် တီးတိုးဝါဒဖြန့်မှု့တွေနဲ့ အများစုကို အယုံသွင်းပြီး အဲဒီသူတွေကို ယုံကြည်တဲ့သူတွေ မရှိအောင် ၊နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွားရေးလောကပါ မကျန် ဘေးရောက်...၊ အားလုံးနဲ့ အထီးကျန်ဖြစ်အောင် တွန်းပို့ပေးလိုက်တယ်၊ အဲသလို အခြေနေတရပ်ကို ရောက်အောင် စစ်အာဏာရှင်လက်ကိုင်တုတ် ထောက်လှမ်းရေးတွေက ရေလာမြောင်းပေး နည်းနည်းလေးလောက် ဖန်တီးပေးလိုက်ရုံဆို လုံလောက်ပါပြီ ။ ကျန်တဲ့အပိုင်းကို မိမိ ဒီမိုကရက်အင်အားစု ဘက်တော်သားများက ဆက်လုပ်ကြတော့တယ်။သူတို့က ကျန်ရှိအပိုင်းကို ဆက်တွန်းကြတယ်။ တချို့ ကိုယ့်အင်အားစုတွေဆို ထောက်လှမ်းရေးက အဲသလိုခင်းပေးလို့ သူတို့ဆက်လျှောက်နေတာတောင် ဆက်လျှောက်မှန်းမသိရလောက်အောင် ထောက်လှမ်းရေးတွေက ပါးနပ်ပါတယ်။ကျွမ်းကျင်ပါတယ်။

တခါက နပိုလီယံပြောခဲ့တဲ့စကားကို ဖတ်ဖူးမိတယ် ။ “ရန်သူလျှောက်စေချင်တဲ့ လမ်းကို လျှောက်မိတာလောက် မှားတဲ့အမှား မရှိဘူး...တဲ့ ”
ဆင်ခြင်နိုင်စရာစကားလေးပါ။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ထင်ရှားနေတဲ့ ကျောင်းသားခေါင်းဆောင် မင်းဇေယျ တို့ ၊ ကိုကိုကြီး တို့ဆို ..ဒီလို အောက်တန်းကျတဲ့ ထောက်လှမ်းရေးများရဲ့ ဗျူဟာအောက်မှာ ကာလတခုထိ လူးလိမ့်နေအောင် ခံခဲ့ရပါတယ်။မိမိ အင်အားစုများရဲ့ အထင်မှားခြင်း၊ ၀ိုင်းကြဉ်ခြင်းကို ခံခဲ့ရပါတယ်။ အမှန်တရား ကမ္ဘာပတ်မှပဲ သက်သာရာရခဲ့တာ မဟုတ်လား၊

ဒါ့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အပြောလွယ်သလောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အတော်ခက်ခဲတယ်ဆိုတာကို အတွေ့အကြုံတွေက သက်သေခံနေပါတယ်။

တကယ်လို့သာ အန်တီစု အပါဝင် လူကြီးများရဲ့ အားပေးမှု့မရှိဘူးဆိုရင် ကျနော်တို့ လုပ်ငန်းစဉ်များဟာ တလက်မ တောင် ရွှေ့နိုင်စရာ အကြောင်းမရှိခဲ့ပါဘူး။ ။

အပိုင်း ( ၇ ) ဆက်ပါဦးမည်။ ။

( မောင်မောင်ဝမ်း )
မူပိုင် ဟစ်တိုင်

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, October 30, 2010

“မရွံ့သတ္တိ .. ဇွဲလုံ့လ .. အားစိုက်ညီညာ”

ရေးသားသူ မောင်ကျောင်းသား
ကျောင်းသားတပ်မတော် ၂၂ နှစ်ပြည့်အမှတ်တရ


 ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကနေ မွေးဖွားပေါ်ထွက်လာခဲ့ရတဲ့ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး   ( မကဒတ ခေါ် ကျောင်းသား တပ်မတော် ) ABSDF ကတော့ အခက်အခဲ အချိုးအကွေ့များစွာ ၊ တိုက်ပွဲများစွာ ၊ အောင်မြင်မှုများစွာ ၊ ပြဿနာများစွာ ရင်ဆိုင်ကျော်လွှား ရင်း (ကျော်လွှားနေဆဲ)မှာပဲ ၂၂နှစ်သက်တမ်း ဖြတ်သန်းခဲ့လေပြီ ။ မျက်မှောက်ကမ္ဘာရဲ့ တော်လှန်စစ်လမ်းစဉ်တွေအပေါ်သဘောထား ၊ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေရဲ့ အခြေအနေ ၊ စစ် အာဏာရှင်တွေရဲ့အညှိုး တကြီးချေမှုန်းမှု ၊ ဆင်ခြေမျိုးစုံနဲ့ ကျောခိုင်းသွားကြသော ရဲဘော်ဟောင်းများ စတဲ့ အကြောင်းတရားမျိုးစုံကြောင့် (မာနယ်ပလောမကျခင် ဟိုဘက်ကာလ များလောက်) ရန်သူစစ်အာဏာရှင်တွေအပေါ် ထိုးစစ်ဆင်နိုင်ခြင်းမရှိ ၊ ရဲဘော်များ အားမလိုအားမရ ဖြစ်ရလောက်အောင် တပ်ကိုတိုးချဲ့တည်ဆောက်နိုင်မှု မရှိတော့ပေမဲ့ ရန်သူက အမြဲသတိထား စောင့်ကြည့်နေရ လောက်အောင် အရှိန်အ၀ါရှိဆဲ ၊ ကျောင်းသားတပ်မတော်အဖြစ် တောင့်ခံထားနိုင်ဆဲ ၊ ရန်သူနှင့် မညှိနှိုင်းစတမ်း ၊ လက်နက်ကိုင် လမ်းစဉ်အပေါ် ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဆက်လက်လျှောက်လှမ်းဆဲပါပဲ ။


အရာရာစွန့်လွှတ်ခဲ့ကြတယ်၊ မိဘ, ညီအကိုမောင်နှမ , ဆွေမျိုးသားချင်းတွေနဲ့ခွဲခွာခဲ့ကြရတယ် ၊ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှု၊ အတတ်ပညာ အားလုံးစွန့်လွှတ် ထားရစ်ခဲ့ရတယ်၊ အနေအစား ဆင်းရဲပင်ပန်းမှုမျိုးစုံ ရင်ဆိုင်ခဲ့ကြရတယ် ၊ ရောဂါမျိုးစုံ ၊ မြွေကင်း သဘာဝဘေးမျိုးစုံ ၊ ရန်သူ့ ကျည်/မိုင်း အသက်အန္တရာယ် မျိုးစုံကြားမှာဖြတ်သန်းခဲ့ကြရတယ် ၊ တစ်ချို့ တိုက်ပွဲထဲမှာ သူရဲကောင်းပီသစွာကျဆုံးခဲ့ကြတယ် ၊ တစ်ချို့ ရောဂါဘယမျိုးစုံကြောင့် ဖျားနာကျဆုံးခဲ့ရတယ် ၊ တချို့ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ကြတယ် ၊ တချို့ ရန်သူ့နယ်မြေထဲ လျှို့ဝှက်ရေးလုပ်ငန်းတွေဝင်ဆောင်ရွက်ရင်း ရန်သူကဖမ်းမိပြီး နှိပ်စက်ညှင်းပန်းမှု မျိုးစုံခံခဲ့ကြရတယ်၊ ထောင်နှစ်ရှည် ချခံခဲ့ကြရတယ် ၊ ဒီနေ့ ဝေဘန်ပြစ်တင်မှုအမျိုးမျိုးခံနေရတဲ့ ကျောင်းသားတပ်မတော်ရဲ့ရဲဘော်တွေဟာ အဲလိုစွန့်လွှတ်မှု တွေနဲ့ (၂၂နှစ်တာကာလ တစ်လျှောက်လုံး) ဖြတ်သန်း ခဲ့ကြရတာပါ ။


ခေါင်းဆောင်ပဲဖြစ်ဖြစ် ၊ တပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့နေထိုင်မှုအမှားဟာ ABSDF တစ်ဖွဲ့လုံးရဲ့အမှားမဟုတ် ပါဘူး၊၂၂ နှစ်တာ ရုန်းကန်ခဲ့ရမှု အခြေအနေများစွာအရ ထိုးစစ်မဆင်နိုင်သေးတဲ့ အခြေအနေဟာ အပြစ်တင်ကဲ့ရဲ့နေဘို့မဟုတ်ပါဘူး ၊ ဖိနှိပ်ခံပြည်သူတရပ်လုံး စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ ၊ ဦးတည်ချက် လေးရပ်နဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစည်းရေး ကြိုးပမ်း အားထုတ်ရင်း စစ်အာဏာရှင်စနစ်၊စစ်ဗျူရိုကရေစီယန္တရားကို အဓိကပစ်မှတ်ထား တိုက်ပွဲဝင်လျက်ရှိတဲ့ ကျောင်းသားတပ်မတော်ဖြစ် ပြီး ယုံကြည်ချက်အတွက် ဒုက္ခမျိုးစုံ ၊ ပင်ပန်းဆင်းရဲမှုမျိုးစုံ ၊ ဝေဘန်ပြစ်တင်မှုမျိုးစုံကိုကြံ့ကြံ့ခံရင်း တောတောင်တွေထဲမှာ ရပ်တည် နေထိုင်နေတဲ့ ရဲဘော်တွေ ရှိနေသေးတယ်ဆိုတာ သတိထားကြဘို့လိုပါတယ် ။


နိုင်ငံရေးအရပဲဖြစ်ဖြစ် ၊ စစ်ရေးအရပဲဖြစ်ဖြစ် ရန်သူနဲ့ရင်ဆိုင်ရာမှာ အခြေနေသုံးရပ်ကြုံတွေ့ရပါမယ် ၊ ရန်သူကအသာရပြီးကိုယ့်ဘက် ကနိမ့်ပါးနေတဲ့ (အရှုံး)အခြေအနေ ၊ ရန်သူနဲ့တန်းတူ အနေအထားရှိတဲ့ (သရေ)အခြေအနေ ၊ ကိုယ့်ဘက်ကအသာစီးနဲ့ ရန်သူကိုထိုးစစ် ဆင်နိုင်နေတဲ့(အနိုင်)အခြေအနေ ဆိုပြီးဖြစ်ပါတယ် ၊ ဒီနေ့အခြေအနေက အားလုံးရဲ့ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်တွေက နိုင်ငံရေး အရပဲဖြစ်စေ ၊ စစ်ရေးအရပဲဖြစ်စေ အသာရထားပြီး သူတို့ အာဏာသက်ကိုဆွဲဆန့်မဲ့ ၂၀၀၈ဖွဲ့စည်းပုံကို အသက်သွင်းမဲ့ရွေးကောက်ပွဲကို သူတို့စိတ်တိုင်းကျရွေးချယ်ထားတဲ့ စစ်ယူနီဖေါင်းချွတ်တွေ ၊ ကြံ့ဖွတ်တွေနဲ့ ချည်ပြီးတုပ်ပြီးလုပ်တော့မယ်ဆိုတာ မျက်ဝါးထင်ထင်ပါပဲ ၊ ဒါက ပကတိအခြေနေမှန်ပါ ၊ စစ်အာဏာရှင်တွေက နိုင်ငံတကာကိုလိမ်ချင်သလိုလိမ် ၊ ဒီမိုကရေစီအင်အားစုတွေကို နည်းမျိုးစုံသုံး နှိပ်ကွတ် ၊ ပြည်သူတွေကိုဖိနှိပ် အနိုင်ကျင့်ချင်တိုင်း ကျင့်နေနိုင်နေသေးတာ ကျွန်တော်တို့ အင်အားစုအားလုံးက အရှုံးဆိုတဲ့အခြေအနေ မှာရှိနေပြီး သူတို့ကအနိုင်ဆိုတဲ့အခြေအနေမှာရှိနေလို့ပါ ၊ အဲဒီအခြေအနေရဲ့ဆိုးကျိုးဂယက်ကို ပြည်သူတွေ ၊ ပြည်တွင်းနိုင်ငံရေးအင် အားစုတွေ ၊ ပြည်ပအတိုက်အခံ အဖွဲ့တွေ ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ထပ်တူ ကျောင်းသားတပ်မတော်လဲ ခံနေရတာပါ ။


ခုလို ရှုံးနိမ့်နေတဲ့အခြေအနေကနေ အနိုင်ဆိုတဲ့ အထက်စီးအခြေအနေကို ရုတ်တရက်ပြောင်းလဲနိုင်ဘို့ မဖြစ်နိုင်ဘူးဆိုတာ စဉ်းစားတွေး တောတတ်သူတိုင်း သိမှာပါ၊ နိုင်ငံရေးအရလဲ ရှစ်လေးလုံးအရေးတော်ပုံလို (အနိုင်ရလုလု) အခြေအနေကိုပြန်ရောက်ဘို့ မဖြစ်နိုင်သေးသလို တန်းတူအခြေအနေဖြစ်တဲ့ စားပွဲဝိုင်း ပေါ်ဆွေးနွေးရေးဆိုတဲ့ အခြေအနေတောင် ဖြစ်အောင်ကြိုးစားနေကြဆဲသာရှိပြီး မလုပ်နိုင်ကြသေးပါဘူး ၊ စစ်ရေးတိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အင်အားစု အားလုံးလဲ ဒီလိုပါပဲ၊ ကိုယ့်စခန်းတွေအတိုက်မခံရအောင် ၊ မကျအောင်၊ နယ်မြေဒေသစိုးမိုးထားနိုင်အောင် ဆိုတဲ့ တန်းတူနီးပါးဖြစ်ရေးကိုပဲ မနဲကြိုးစား နေကြရပြီး ၊ အနိုင်ကိုဦးတည်မဲ့ မြို့သိမ်းတိုက်ပွဲတွေ ၊ စခန်းသိမ်းတိုက်ပွဲထိုးစစ်တွေ မလုပ်နိုင်သေးပါဘူး ၊ တော်လှန်ရေးသက်ဝါရင့်ပြီး အတွေ့အကြုံရော အင်အားရောအများကြီးရှိတဲ့ အဖွဲ့စည်းကြီးတွေတောင် ဒီကနေ့အခြေအနေကို မလွှဲသာမရှောင်သာ ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းနေရတာ ၊ ကျောင်းသားတွေ ဘ၀ကနေမှ လက်နက်ကိုင်ဖြစ်လာကြရတဲ့ ၊ တော်လှန်ရေးခရီးကို ရှစ်လေးလုံးအရေးတော်ပုံကနေမှ စဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားတပ်မတော် အတွက် ဘယ်လောက် တောင့်ခံရင်ဆိုင်ဖြတ်သန်းနေရလဲ ဆိုတာ စာနာနားလည်စိတ်နဲ့ ခံစားတွေးတောကြည့်ကြပါလေ ။


စစ်အာဏာရှင်တွေက လတ်တလောအသာစီးရရှိထားမှုကိုဆုတ်ကိုင်ပြီး ဒီမိုကရေစီ အင်အားစု အားလုံးရဲ့ လိုလားချက်ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် အသက်ဝင် ရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေး တို့ကို ပြောင် ပြောင်တင်းတင်းကျောခိုင်းပြီး စစ်အာဏာသက်တမ်းတိုးမဲ့ ၊ ကြံ့ဖွတ် အစိုးရတစ်ရပ် ပေါ်ထွန်းရေးရွေးကောက်ပွဲကို တစ်ဘက်သတ်ကျင်းပ ပေတော့မယ် ၊ အဲဒီနောက် စစ်အာဏာရှင်စနစ်ပုံစံသစ်နဲ့ စစ်ပါလီမန်ကို နိုင်ငံတကာက လက်ခံရပ်တည်နိုင် အောင် လုပ်သွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ ဖိနှိပ်ခံဘ၀ ၊ ဆင်းရဲမွဲတေနေမှုဘ၀တွေက ဆိုးသထက်ဆိုးတဲ့အခြေအနေနဲ့ ရှိနေတော့မှာ ဖြစ်တယ် ၊ ဒါ့ကြောင့် ကျောင်းသား တပ်မတော်အနေနဲ့ နအဖရဲ့ နိုင့်ထက်စီးနင်း ရွေးကောက်ပွဲကို တိုက်ဖျက်ရေးနဲ့ ဆန့်ကျင်သပိတ်မှောက်ရေး လုပ်ငန်းတွေအားလုံးကို ထောက်ခံသဘောတူကြောင်း ၊ လုံလောက်တဲ့တိုက်ပွဲနဲ့ဖိအားမရှိပဲ နိုင်ငံရေးနည်း နဲ့စားပွဲဝိုင်းမှာဖြေရှင်း နိုင်ရေးဆိုတာ ဖြစ်လာမှာ မဟုတ်တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်သာမက စစ်အုပ်စုကိုအထိနာ အကြပ်ရိုက်စေမဲ့နည်းလမ်းမျိုးစုံနဲ့ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားတော့မယ် ဆိုတဲ့အကြောင်း ၊ ဘုံရန်သူကို လက်တွဲတိုက်ရေးအတွက် ယုံကြည် ချက်တူ ဘ၀တူ ဒီမိုကရေစီရေးတိုက်ပွဲဝင်မှုများ နှင့် ပူးပေါင်းကာ လူထုတရပ်လုံးနှင့် တသားထဲတိုက်ပွဲဝင်သွားမဲ့အကြောင်း ၊ လူထု လှုပ်ရှားမှု ၊ နိုင်ငံရေး အန်တုမှု ၊ လက်နက်ကိုင် တိုက်ပွဲနှင့် သံတမန်ရေးဖိအား ၊ တခုနဲ့တခုပေါင်းစည်း ဟန်ချက်ညီတိုက်ပွဲဝင်နိုင်ရေး ၊ နိုင်ငံရေး တော်လှန်ရေး အင်အားစုအားလုံးက ၀ိုင်းဝန်းကြိုးစားနိုင်ကြပါရန်ပန်ကြားကြောင်း ၊ နအဖစစ်အုပ်စုရဲ့ (၂၆.၁၀.၂၀၁၀)နေ့ သတင်းထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၏ သဘောထား ထုတ်ပြန်ကြေငြာချက်နဲ့ ကျောင်းသားတပ်မတော် (မကဒတ) ထူထောင်ခြင်း၂၂နှစ်ပြည့်ထုတ်ပြန်ချက်တွေမှာ တွေ့ရတာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓါတ် ရှိသူတိုင်းက ထောက် ခံအားပေးကြရမှာပါပဲ ။


ခုချိန်က ကျောင်းသားတပ်မတော်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပြစ်တင်ကဲ့ရဲ့နေရမဲ့အချိန် ၊ လိုအပ်ချက်တွေ ထောက်ပြဝေဘန်နေရမဲ့အချိန် မဟုတ်ပါဘူး ၊ ကိုယ် လုပ်နိုင်တဲ့ပမာဏကိုယ်ပြောပြီး အတူပူးပေါင်း တိုက်ပွဲဝင်ကြရမဲ့ အချိန်ဖြစ်ပါတယ် ၊ တော်လှန်ရေးအပေါ်ခံယူချက် ရပ်တည်ချက်မှန်ကန်ရင် ၊ ကျောင်းသား တပ်မတော်အပေါ် စေတနာမှန်ကန်ရင် ကျောင်းသားတပ်မတော်ကို ပြန်လည်အားဖြည့် ၀ိုင်းဝန်း ပံ့ပိုးကြဘို့ပဲလိုပါတယ် ။


ကျောင်းသားတပ်မတော်ကတော့ အရာရာစွန့်လွှတ်ပေးဆပ်နေမှာဖြစ်သလို ၊ ဖြစ်သန်းပြီးတဲ့ ၂၂နှစ်လို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ မရွံ့သတ္တိ ၊ ဇွဲလုံ့လ အားစိုက်ညီညာရပ်တည်နေမှာဖြစ်ပြီး တော်လှန်တဲ့ မျိုးဆက်သစ်တွေအတွက် ခေတ်သမိုင်းရဲ့ လိုအပ်ချက်အဖြစ် ကြံ့ကြံ့ ခံတည်ရှိနေမယ်ဆိုတာ အလေး အနက် ယုံကြည်နေပါတယ်။


စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။

ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည် ။


ရဲဘော်အားလုံးအားအလေးပြုပါသည်။

မောင်ကျောင်းသား

အပြည့်အစုံသတင်းဖတ်ရန်....

လက်ညိုးထောင်၍ ခေါင်းညိတ်ပါ ” သရော်စာ”


ကိုအေးဆွေ တစ်ယောက် ရွေးကော်ပွဲ ဆိုသည့် အသံ ကြားကတည်းက ဂနာမငြိမ်တော့လွှတ်တော် အမတ် ဖြစ်ချင်ဇောက အားကြီးနေသည် ။ သတင်းများကို နားစွင့်နေသည် ။ အကြားချင်ဆုံး သတင်း ကြားရပါပြီ သတင်းကောင်း NLD ရွေးကောက်ပွဲ မ၀င် ။ ထိုအချိန်မှ စ၍ ကိုအေးဆွေ တစ်ယောက် အမတ်ရောဂါ ရနေပြီ ။ သူသာမဟုတ် နိုင်ငံရေး လက်စလက်န နည်နည်း ရှိသူများကလည်း ပါတီတွေ အပြေးအလွှား ထောင်ကြသည် ။ သူသာ မဟုတ် နိုင်ငံကျော် တဲ့လူတွေပင် လွှတ်တော် အမတ်ဖြစ်ချင်ကြသည်ဟု မီဒီယာများကို ဖွင့်ဟ ကြသည် ။ မလုပ်၍ မရ ဒေါ်စု ဦးဆောင်သည့် NLD မပါတုန်း အပီအပြင် ၀င်ကြုံးရမည့် ဟု အားလုံးက အားခဲထားသည့် ပွဲဖြစ်သည် ။ အခြေခံ ဥပဒေ စာအုပ်ကို ယောက်၍ တောင် ပြီးအောင် မဖတ်ဖူး ။ လိုချင်သည့် အချက်အလက်ကို သာ နူတ်တိုက် ကျက်ထားရသည် ။

ဒေါ်စု ဆိုသည့် အမျိုးသမီးကလည်း သူ့အဖလို ဘဲ တော်တော်လေးကို တိုင်းပြည်ကို ချစ်သည် ။ တရားမျှတမှု မရှိ၍ ရွေးကောက်ပွဲ မ၀င် ။ တုံးလိုက်သည့် အမျိုး ၊ အလိုက်သည့် အမျိုးဟု သူ့စိတ်ထဲက ထင်မိနေသည် ။ ဘာဘဲ ဖြစ်ဖြစ် လွှတ်တော် အမတ်ဖြစ်ဖို့က အဓိက ဆိုသည့် သူ့ဝါဒအတိုင်း ဟုတ်သည် မဟုတ်သည် အသာထား လူထု ယုံကြည်လာအောင် ကြားဖူးသမျှ အကုန် ဖျန်းဖြီးရသည် ။ လိမ်နိုင်လျှင် သမာဓိ ၊ ညာနိုင်လျှင် ပညာရှိ ဆိုသည့် ခေတ်ကြီးတွင် များများ လိမ်နိုင် ၊ ညာနိုင်မှ လွှတ်တော် အမတ် ဖြစ်ဖို့ လမ်းစရှိသည် ။ လူလိမ်နေအေး စာအုပ်ထဲက လိမ်နည်းများကို လည်း ကျင့်ကြံရသေးသည် ။ ပါတီတံဆိပ် အတွက်လည်း သိပ်ပူစရာ မလို ၊ ရှိပြီးသား တံဆိပ်ကို နည်းနည်းလေး မွမ်းမံ လိုက်လျှင် အလုပ်ဖြစ်သွားမည် ။ဒီလောက် ကောင်းတဲ့ အစိုးရ ရှိအုံးမလား ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် နောက်ကွယ်ကနေ ငွေများ ပံ့ပိုးပေးသေးသည် ။ လူထုကို အသိမပေးပါနှင့် လို့တော် မှာထားသည် ။ ဘာဘဲ ဖြစ်ဖြစ်ကိစ္စမရှိ ၊ လွှတ်တော် အမတ်ဖြစ်ရေးက အဓိက ။

လွှတ်တော် အမတ် ဖြစ်ရေး အတွက် လူထုကို အသည်းအသန် စည်းရုံးနေပါသည် ။ မသိနားမလည်တဲ့ လူငယ်တွေကို NLD နှင့်ဒေါ်စု မကောင်း ကြောင်း နည်းနည်းချင်းစီ မှိုင်းတိုက် သွင်းထား၍ တော်တော်လေးကို ဟုတ်နေသည် ။ သမိုင်းကြောင်းကို ပြောင်းပြန်လှန်ရလည်း ကိစ္စမရှိ ။ နဂိုက အသိညဏ် မရှိတာကို အချို့က အသိညဏ်ကို သစ္စာဖောက်သည် ဆိုသည့် စကားကို နည်းနည်းတော့ ၇ီချင်သေးသည် ။ သို့သော ရီ၍ မဖြစ် ၊ ဟန် တခွဲသားနှင့် နိုင်ငံရေး စကားတွေ များများ ပြောပေးရသည် ။
တွေ့သမျှ စာအုပ်တွေကို ဖတ်ပြီး ကောင်းတာ မှန်သမျှ အကုန် ကော်ပီ ကူးကာ ကျက်မှတ်ထား၍ ပြောသမျှ စကားလုံးတိုင်းက လည် လူထု ကောင်းစားရေး ဆိုသည့် စကားလုံးကို တွင်တွင် သုံးထား၍ ပြည်သူလူထုက တော်တော်လေးကို အထင်ကြီးနေသည် အချိန်တွင် ရှိသမျှ ပစ္စည်းရောင်းကာ အကုန်ပုန်အော၍ မဲဆွယ်နေရသည် ။



ပြည်သူလူထုကို သူ့ပါတီကိုသာ အမှန်ချစ်ခိုင်းနေရသည် ။ မဲရုံများကိစ္စကို သေချာ မသိ ။ ဒါတွေက ကိစ္စမရှိ ၊ အင်တာနက် ဆိုသည့် အရာကြီးကိုတော့ တော်တော်လေးမုန်းတီးသည် ။ သူတို့ လုပ်သမျှ လိုက်လိုက်ဖော်နေသည် ၊ သမိုင်းစာအုပ် အမှန်များကလည်း ထွက်ထွက်လာသေးသည် ။ ဒီကြားထဲ အချို့လူငယ်လေးတွေက သမိုင်းအမှန်များကို ထထအော် နေကြသေးသည် ။ ဒီကောင်တွေ လုပ်ပုံနဲ့ ဆို အကုန်ခက်ပြီ ။ နံမည် အကြီးဆုံး စာရေးဆရာကို ရှာ ၊ သူ့ကို ငွေပုံပေးပြီး သမိုင်းတွေ ဆက်လက် ပြောင်းပြန် လှန်ခိုင်းရမည် ။ ထိုစာရေး ဆရာ ဆောင်းပါးကို ဖတ်၍ သဘောကျ လွန်းလှသည် ။၊ စာရေးဆရာက လည်း ဆော်ချင်စိတ်တွေ ဘယ်လောက်ပြင်းပြနေသည် မသိ အကုန် သိမ်းကြုံး ရမ်းပြထားသည် ။
သိပ်မကြာ ထိုဆောင်းပါး ကို တုန့်ပြန်သံတွေ ညံလာသည့် အခါ စာရေးဆရာက လည်း ထိုရွေးကောက်ပွဲကို စိတ်မ၀င်စား တော့ပါဟု ထအော်လာ သည့်အတွက် စိတ်တော့ ပျက်မိသေးသည် ။ ရွေးကောက်ပွဲ ကြီး ဖြစ်မြောက်မှ လွှတ်တော် အမတ် ဖြစ်ရမည့် အတွက် ဆန့်ကျင်သူများ ကို တန်ပြန် တိုက်ထုတ်ရန် လူငယ်များကို နေ့စားဖြင့် ဌားရသည် ။ ကိုယ်ဌားထားတဲ့ကောင်တွေ မဆိုးဟု တွက်ဆမိသည့် အချိန်တွင် သူတို့ပြန်မေးသည့် မေးခွန်းများကို ပြန်မဖြေတတ်တော့ စိတ်တော့ပျက်မိသေးသည် ။ လူငယ်တွေ နားမလည်နိုင်သည့် စကားလုံးတွေ လှိုင်လှိုင် သုံးပြီး ဖြေရှင်းလိုက်သည် ။ နောက်ဆုံး ဒေါ်စု နှင့် ခမောက်ကို အားကိုး၍ လူထုကို တပါတ်ရိုက်သင့်သည့် နေရာတွင် ရိုက် ၊ ခြေထိုးသင့်သည့် နေရာတွင် ခြေထိုးနှင့် စခန်းသွားနေရာက ရွေးကောက်ပွဲ ကြီး အထမြောက်ဖို့ က အဓိက သာ ဖြစ်သည် ဟု နှလုံးသွင်းထားသည် ။

တွေ့သမျှ လူတိုင်းကို ကျွန်တော်တို့ကတော့ ပူးသတ်မှာပါ ။ ဒီမိုကရေစီ ရဖို့ နည်းလမ်းကတော့
ဒီတလမ်းထဲ ရှိလို့ ကျွန်တ်ာတို့ ရသလောက်လေး တိုးကြည့်မှာပါ ။ ထိုသို့သော စကားများကြောင့် ကိုအေးဆွေနားကိုလူများ သိပ်မကပ်ရဲ

ကံအားလျော်စွာ ကိုအေးဆွေ တစ်ယောက် လွှတ်တော်ထဲ ကို ရောက်ခဲ့ပါသည် ။ နေရာတော်တော်များများတွင် နေရာယူထားသည်က အရေခွံလည်းထားသည့် ကြံ့ဖွတ်များ နှင့် အစိမ်းရောင် လူသားများသာဖြစ်သည့်အတွက် ဒီမိုကရေစီ ဘက်တော်သား အဖြစ် သူကိုယ့်သူလည်း တော်တော်လေးကို ဘ၀င်မြင့်ချင်သလို ဖြစ်သွားသည်။
အစည်းအဝေး စတင်ကျင်းပသည့် နေ့တွင် သဘာပတိ အဖြစ် အမိုက်မဲဆုံးနှင့် အယုတ်မာဆုံး လူသားဆုကို ရရှိထားသူက လွှတ်တော်တွင် ပထမဆုံး မိန့်ခွန်းပြောပါ သည် ၊ ဘယ်သူက ဘယ်လို အဆို ကို တင်သွင်းရင် ဘယ်လို တုန့်ပြန်လိုက်မည် ဟု ကိုအေးဆွေ စဉ်းစားနေပါသည် ။ သဘာပတိ၏ မိန့်ခွန်းမှာ မည်သည့် လွှတ်တော် အမတ်မဆို တင်းသွင်းလာသည့် အဆိုမှန်သမျှကို ကျွန်ူပ်က သဘောတူလျှင် လက်ညိုးထောင် ခေါင်းငြိမ့်ရမည် ။
ကန့်ကွက်ကြောင်း အဆို တင်သွင်းလျှင် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည် ဖြစ်သည် ။ လွှတ်တော် အမတ်တိုင်လက်ညိုးထောင် ခေါင်းငြိမ့်တတ်ရမည် ။ ထိုကဲ့သို့ မဟုတ်ဘဲ ဆန့်ကျင်လျှင် အခြေခံ ဥပဒေတွင် ပါရှိသည့် အတိုင်း ဥပဒ အသစ်ထုတ်ကာ ကန့်ကွက်ပြောဆိုသူအား လွှတ်တော် အမတ်အဖြစ်မှ အနားပေးမည် ။

ကိုအေးဆွေ တစ်ယောက် လွှတ်တော်မှ အပြန် ကိုယ်လုံးပေါ်မှန်ကြီးကို ၀ယ်ချလာပါသည် ။ အိမ်ရောက်သည်နှင့် တပြိုက်နက်ထဲ လက်ညိုးထောင် ၊ ခေါင်းငြိမ့် လေ့ကျင့်ခန်းကို စတင် လုပ်ဆောင်ပါတော့သည် ။ သို့သော သူ့မျက်နှာ အနေအထားက လက်ညိုးထောင် ခေါင်းငုံ့သည့်အခါ ပုံသိပ်မကျချင် ။ ကိုအေးဆွေ တစ်ယောက် အသည်းအသန် ကြိုးစားကြည့်သည် ၊ မဟုတ်သေး ။ ဘာသူ့ဆီက သင်ရရင် ကောင်းမလည်း စဉ်းစားကြည့်သည် ။ အိမ်တွင် ချစ်စရာ အကောင်းဆုံးမှာ သူ့မြေးလေးသာ ရှိသည် ။ သူ့မြေးလေး ဆီက အမူအရာကို အတုခိုးလျှင် တော်တော်လေး ဟုတ်ကာ လွှတ်တော်ထဲ တွင်
သူ့လက်ညိုးထောင် ခေါင်းငြိမ့်ပုံက ချစ်စရာကောင်းနေမည် ဟု အကြံရသည် ။


ထိုကြောင့် မြေးလေးအား အခန်းထဲ ခေါ်ကာ လက်ညိုးထောင် ခိုင်းလိုက် ၊ မုန့်လေး ပေးလိုက် ခေါင်းငုံ့ခိုင်းလိုက် မုန့်လေး ပေးလိုက်နှင့် သူ့လုပ်ရပ်ကို အတော်လေး သဘောကျနေသည့် အချိန်တွင် သူ့မိန်းမ မှ လွှတ်တော် အကြောင်းကို သိချင်ဇော အားကြီးလျှက် အခန်းထဲကို ဗြုန်းစားကြီး ၀င်ချလာပါသည် ။

မိန်းမ ။ ။ ကိုအေးဆွေ .......ရှင်ဘာလုပ်နေတာလည်း ၊ မကြီးမငယ်နဲ့ ၀တ်စုံအပြည့် ၀တ်ထားပြီး
လက်ညိုးထောင်ခိုင်း လိုက် ခေါင်းငုံ့ခိုင်းလိုက် ကလေးကို မုန့်လေးပေးလိုက် နဲ့ ။

ကိုအေးဆွေ ။ ။ မသိရင် အသာနေစမ်းပါ ။ ဒီနေ့ဘဲ လွှတ်တော်ထဲမှာ အမိန့် ထုတ်ထားတယ် ၊
လွှတ်တော် အမတ်တိုင်း လက်ညိုးထောင် ခေါင်းငြိမ့်တတ်ရမည် တဲ့ မိန်းမရဲ့ ။ သူတို့ ပြောတဲ့အတိုင်း မလုပ်ရင် နောက်နေ့ ရာထူးပြုတ်ဘဲကွ ။ ဒါကြောင့်ငါ လက်ညိုးထောင် ခေါင်းငြိမ့် ကျင့်စဉ်ကို သင်ယူနေတာ

မိန်းမ ။ ။ ဒါဆို ရှင်စည်းရုံးရေး ဆင်းတုန်းက ရွတ်ခဲ့တဲ့ ပြည်သူ့အကျိုးပြု စာသားတွေအတွက် ဘယ်လို လုပ်မလဲ ။

ကိုအေးဆွေ ။ ။ ဒီစာသားတွေ က နောက် တခါ မဲဆွယ်ခါနီး ကျရင်တော့ ပြန်သုံးရမှာပေါ့ ။
ပထမ နှစ်ကို လွှတ်တော် ထဲမှာ အခြေကျအောင် ကြိုးစားရမယ် ။
ဒုတိယနှစ်ကို မဲဆွယ်ပွဲမှာ ကုန်ထားတဲ့ ငွေ ရဖို့ အတွက် အတိုးကို အရင်းပါ ရအောင် ဂွင်ဖန်ရမယ် ။
တတိယနှစ်ကတော့ နောက်နှစ် မဲဆွယ်ဖို့ ကြံရဖန်ရမယ် ။
နောက်ဆုံးနှစ်ကြရင် အကောင်းဆုံး ဆိုတဲ့ စာအုပ်တွေ ဖတ် ၊ အလန်းဆုံးစကားလုံး ကို ပြန်ရှာ ၊ အဲဒီတွေကို
အလွတ်ကျက် ပြီး ရွေးကောက်ပွဲ အတွက်ပြင်ဆင်ရမယ်လေ မိန်းမရဲ့ ။ ဒါဟာ လွှတ်တော် အမတ်တွေရဲ့ အဓိကလုပ်ဆောင်ရမည့် လေးနှစ်တာ တာဝန် ၀တ္တရားတွေပါဘဲ ။
အေးဆွေပိုင်ပါတယ်ကွ ၊ ပူးသတ်မှာပါ ၊ ရသလောက်လေး ၀င်တိုးကြည့်အုံးမှာပါ ။ ကဲမြေးလေးရေ
လက်ညိုးထောင်ပါ အုံး ၊ ခေါင်းငြိမ့်ပါအုံးကွာ ..................။
ထိုနေ့မှ စ၍ ကိုအေးဆွေ နားကို အိမ်သူအိမ်သားတွေ သိပ်မကပ်ကြတော့ ၊ မုန့်လိုချင်သည့် သူ့မြေးနှင့်သူ လက်ညိုးထောင်လိုက် ခေါင်းညိတ်လိုက် နှင့် အဟုတ်မှတ်ကာ လေးနှစ်တာ လွှတ်တော် အမတ်တို့၏ အဓိက လုပ်ဆောင်ရမည့် အချက်များကို သာ တစိုက်မတ်မတ် လုပ်နေကြလေတော့ သတည်း ...................။

ဗမာ့သွေး

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်