Monday, November 29, 2010

လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင်နှစ်နှစ်

လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆိုခွင့် ဗိုလ်ချုပ်မှူးကြီး ပိတ်ပင်

ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ပိတ်ပင်လိုက်ကြောင်း AP သတင်းတွင် ရေးသားထားသည်။

လာမည့် လွှတ်တော်ထဲ၌ နိုင်ငံတော်လုံခြုံရေးနှင့် တို့တာဝန်အရေးသုံးပါးအား ထိခိုက်နိုင်မည့် ပြောဆိုမှုများ၊ ၂၀၀၈ဖွဲ့စည်းပုံအား ဝေဖန်ပြောဆိုမှုများ ရှိလာပါက ထောင်ဒဏ် ၂ နှစ်ချမှတ်မည်ဟု စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် လွှတ်တော်အတွင်း၌ ပြောဆိုစရာ ရှိသည်ကို ပြောဆိုသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင် တချို့က ဆိုသည်။

“ကျနော်တို့ သွားနေတဲ့ လမ်းစဉ်ကိုက တို့ တာဝန် အရေးသုံးပါးကို ဦးတည်သွားနေ ကြတာပဲ။ မလိုက်နာတာက သူတို့ပဲလေ။ ထောင်ချမယ် ဆိုရင်လည်း သူတို့ကိုပဲ ချရမှာပေါ့” ဟု မွန်ဒေသ လုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်း က ဧရာဝတီကို ပြောသည်။

တိုင်းရင်းသားအားလုံးသည် တိုင်းရင်းသားစည်းလုံးညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ ဒီမိုကရေစီ ရရှိရေး စသည့် မူအရ လုပ်ဆောင် နေကြကြောင်း၊ ထို့ကြောင့် ပေါ်ပေါက်လာမည့် လွှတ်တော် ထဲတွင်လည်း ထိုလမ်းစဉ်များ အတိုင်းသာ ပြောဆို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆက်ပြောသည်။

“ပြောစရာရှိတာကို ပြောဆိုရမှာပဲ ကြောက်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဟုလည်း ဦးနိုင်ငွေသိန်းက ဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ထောင်ချမယ်လို့ ပြောပေမယ့် ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါတဲ့ အတိုင်းပဲ ပြောစရာရှိတာ ပြောရမှာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြောတာလည်းပဲ ဒါကို အခြေခံပြီးတော့ ပြောတာလို့ ထင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပါဝင်သည့် အချက်များကို သဘောတူကြောင်း လက်မှတ် ထိုးထားသည့်အတွက် ပါတီ ထောင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပါရှိသည့် ပြောဆိုနိုင်သော ဘောင်အတွင်းမှ ပြောဆို သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ထိုသို့ပြောဆိုလိုက်ခြင်းသည် ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်ထဲ၌ စစ်တပ်အား ဝေဖန်ထောက်ပြမည်ကို စိုးရိမ်၍ ကြိုတင် တားမြစ်သည့်သဘော ဖြစ်နိုင်
ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့်အစိုးရသစ်တွင် ပါဝင်မည်မဟုတ်ဘဲ စစ်ကော်မရှင် တရပ်ဖွဲ့ကာ အစိုးရ အဖွဲ့၏ အပေါ်မှနေ၍ အာဏာကို ဆက်လက်ချုပ်ကိုင် သွားနိုင်ကြောင်း နိုင်ငံရေး လေ့လာသူ တချို့က ဆိုသည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးက “ဒီလို ထုတ်ပြန်လိုက်တာဟာ တက်လာမယ့် လွှတ်တော် အမတ်တွေကို ထောင်ချောက် ဆင်တာ ဖြစ်သလို၊ ခြိမ်းခြောက်လိုက်တဲ့ သဘောပါ။ ဘာမှမပြောရဲတော့အောင် ကြိုတင် တားလိုက်တာပါ။ လွှတ်တော်အမတ်တွေ အနေနဲ့လည်း ဘာမှ ပြောခွင့်ရမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ဗိုချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်သည် လွှတ်တော်ထဲ၌ ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြလာ မည်ကို ကြိုတင်တားမြစ်လိုသည့် အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးသိန်းဦးက ဆိုသည်။

ရွေးကောက်ပွဲ၌ အနိုင်ရထားသော ဒီမိုကရက်တစ်အင်အားစုထဲမှ တချို့ကမူ ၎င်းတို့အနေနှင့် ပြည်သူ ပေးထားသည့် တာဝန်ကို ယူထားရသော ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ပြည်သူတို့၏ လိုအပ်ချက်များကို ပြောဆိုရန် အတွက်သာ လွှတ်တော် သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု လိုအပ်ချက်ကို မပြောဆိုနိုင်ပါက ပြည်သူအပေါ် သစ္စာဖောက်ရာ ရောက်မည် ဖြစ်ကြောင်း ပြောကြသည်။

“တချို့ကိစ္စတွေက ခေတ်နဲ့မညီတော့ဘူး။ ဒါကြောင့် ပြောင်းလဲသင့်တာ ပြောင်းရမယ်။ ဒါမှ မဟုတ်ရင်တော့ တယောက်တည်း ကျန်ခဲ့မှာ သေချာတယ်။ ကန့်သတ်တယ် ဆိုတာက နေရာတကာမှာ မလုပ်သင့်ဘူး။ ဖက်ဒရယ် စနစ်ကြောင့်လည်း တိုင်းပြည် ဘယ်တော့မှ ပြိုကွဲမှာ မဟုတ်ဘူး” ဟု နိုင်ငွေသိန်းက ဆိုသည်။

ဆက်လက်၍ ၎င်းက လက်ရှိ သွားမည့် နိုင်ငံရေးလမ်းကြောင်းသည် ဒီမိုကရေစီ လမ်းကြောင်းဟု ဆိုထားသဖြင့် တိုင်းရင်းသားများနှင့် ဒီမိုကရက်တစ် အင်အားစုများက စည်းလုံးညီညွတ်စွာ ဥပဒေ ဘောင်အတွင်းမှ ပြောဆိုသွားပါက အတိုင်းအတာ တခုထိ အောင်မြင်မှု ရလာမည်ဟု ယုံကြည်ကြောင်း ပြောသည်။

ဒေါက်တာ အေးမောင်ကလည်း “ပြည်ထောင်စုကြီးကို ဘယ်သူကမှ မပြိုကွဲစေချင်သလို၊ ပြည်တွင်းမှာ စစ်ဖြစ်နေကြတာ ကိုလည်း မလိုလားကြပါဘူး။ အချုပ်အခြာ အာဏာ မကျဆုံးစေချင်ဘူး။ တပ်မတော်ဆိုတာလည်း ပြည်ပရန်သူကို ကာကွယ်ဖို့ အရေးကြီးဆုံးပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံကို လက်ရှိတာဝန်ယူ အုပ်ချုပ်နေသူများ၊ နိုင်ငံရေး ခေါင်းဆောင်များ အားလုံး၏ ရင်ထဲ၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တန်းတူအခွင့်အရေးကို အလေးထားကြမည် ဆိုပါက ပင်လုံညီလာခံ ကဲ့သို့သော ဆွေးနွေးပွဲကြီးပင် လိုအပ်မည် မထင်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်သည် တိုင်းရင်းသား များ၏ အရေးအကြီးဆုံး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ချင်းအမျိုးသားပါတီ (CNP) ၏ ဥက္ကဋ္ဌ ဦးဇိုဇမ်က “လွှတ်တော်ထဲမှာ နပန်းလုံး တာမျိုးတွေ ဖြစ်လာမှာစိုးလို့ ထုတ်တာလည်း ဖြစ်နိုင်ပါတယ်။ တယောက်နဲ့တယောက် ဟိုဟာ ဒီဟာနဲ့ ပစ်ပေါက် ကြတာမျိုးတွေ ဖြစ်မလာအောင် တားတဲ့ သဘောလို့ ထင်ပါတယ်” ဟု ပြောသည်။

အင်း အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းကမူ ၎င်းတို့ပါတီသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမျိုး မြှင့်တင်ရေး၊ ယဉ် ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးတို့ကိုသာ ပြောဆိုမည်ဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ မပြောဟု ဆိုသည်။

တိုင်းသားပါတီများအနက် အကြီးဆုံးပါတီတခု ဖြစ်သောရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီ၏ တာဝန်ရှိသူကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြောဆိုရန် စောသေးသည်ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီသတင်း

အပြည့်အစုံသတင်းဖတ်ရန်....

တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား

လျှပ်စစ် ဓာတ်အား ထုတ်ယူမှု လုပ်ငန်းအား တရုတ် Datang ကုမ္ပဏီက စတင် လုပ်ဆောင်နေ

တရုတ် နိုင်ငံ၏ ရေအား လျှပ်စစ် ကုမ္ပဏီကြီး ငါးခု အနက်မှ တစ်ခု ဖြစ်သော Datang ကုမ္ပဏီ၏ မြန်မာနိုင်ငံ အရှေ့ မြောက် ပိုင်းမှ လျှပ်စစ် ဓာတ်အား ထုတ်ယူမှု လုပ်ငန်းအား စတင် လည်ပတ်ရန် ၂၄၀ မီဂါဝပ် (MW) ရှိ စက်များ တပ်ဆင် လျက်ရှိ ကြောင်း အဆိုပါ ကုမ္ပဏီက စက်တင်ဘာ ၇ ရက်တွင် ထုတ် ပြန် ကြေညာသည်။ ကုမ္ပဏီ၏ ထုတ်ပြန် ကြေညာ ချက်အရ ၆၀ မီဂါဝပ် (MW) ရှိ စက် လေးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင် အင်အား ၂၄၀ မီဂါဝပ် (MW) စတင် လည်ပတ် နေပြီ ဖြစ်သည်။

ထို့ပြင် နှစ်စဉ် ကီလိုဝပ် နာရီ သန်းပေါင်း ၁.ဝ၇ ကို ထုတ်လုပ် နိုင်မည့် စက်တပ်ဆင် အင်အား ၄၀ဝ မီဂါ ဝပ် အထိ တိုးချဲ့ မြှင့်တင် သွားရန် စီစဉ် နေကြောင်း ကုမ္ပဏီက ပြောဆိုသည်။ မြန်မာ အစိုးရနှင့် Datang ကုမ္ပဏီ တို့၏ BOT စနစ် စာချုပ် အရ Datang ကုမ္ပဏီမှ မြန်မာ နိုင်ငံ အရှေ့ မြောက်ပိုင်း လျှပ်စစ် ဓာတ်အား ထုတ်ယူရေး လုပ်ငန်းခွင်တွင် လျှပ်စစ် ဓာတ်အား ထုတ်ယူ ခြင်းကို နှစ်ပေါင်း ၄၀ ကြာ လုပ်ကိုင် ဆောင်ရွက်ပြီး ပါက မြန်မာ အစိုးရသို့ ပြန်လည် လွှဲပြောင်း ပေးအပ်မည် ဖြစ် သည်။

အဆိုပါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းခွင်မှ ထုတ်ယူသည့် လျှပ်စစ် ဓာတ်အား ပမာဏ၏ ၉၀ ရာခိုင်နှုန်း ကို တရုတ် နိုင်ငံသို့ ပြန်လည် တင်ပို့ သွားမည် ဖြစ်ကြောင်း Datang ကုမ္ပဏီက ဆိုပါသည်။ Datang ကုမ္ပဏီမှ အဆိုပါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းခွင် ဆောက်လုပ် ခြင်းကို ၂၀ဝ၇ ခုနှစ် ဒီဇင် ဘာလတွင် စတင် လုပ်ဆောင် ခဲ့သည်။
ဟံသာဝတီသတင်း

အပြည့်အစုံသတင်းဖတ်ရန်....

ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု


သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းရွာ ရဲစခန်းက ရွာရှိ မူးယစ်ဆေးဝါးရောင်းသူများအားဖမ်းဆီး ခြင်း မရှိပဲ လာဘ်ငွေယူ၍ ရောင်းချခွင့် ပြုထားကြောင်း သိရသည်။

အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ကွန်ဟိုင်းရွာတွင် မူးယစ်ဆေးရောင်းသူ ၆ ဦးခန့်ရှိပြီး တစ်ဦးလျှင် တစ်လစာ ကျပ်ငွေ ၅ သောင်း ရဲစခန်းသို့ လာဘ်ထိုးရကြောင်း ဒေသခံများထံမှ တဆင့် သိရသည်။

ရှေ့တစ်လ (သို့မဟုတ်) နှစ်လ မူးယစ်ဆေးရောင်းချခွင့် အတွက် ကြိုတင်ငွေကို လကုန်ရက်များတွင်ပေးသွင်းရ ကြောင်း သိရသည်။

ရဲတပ်ကြပ် အိုက်မောင်သည် ကွန်ဟိုင်းရဲစခန်းမှူးဖြစ်ပြီး မူးယစ်ဆေးရောင်းသူများမှာ စိုင်းရီထွန်း ၊ စိုင်းဆိုင်ထွန်း ၊ အိုက်ယွန့် ၊ စိုင်းရီခန့် ၊ စိုင်းမောင်မြင့်နှင့်စိုင်းမောင်တို့ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ကြူကုတ်(ပန်ဆိုင်း) မြို့နယ် နမ့်ဟွန်းရွာသူ ရာမ (ခေါ်) စိတ်ကြွရူးသွပ်ဆေး သုံးစွဲသူ လူငယ် ၅ ဦးကို ရဲကဖမ်းဆီးပြီး တစ်ဦးလျှင် ကျပ်ငွေ ၁၆၀၀ စီတောင်းယူ၍ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။
သျှမ်းသံတော်ဆင့်

အပြည့်အစုံသတင်းဖတ်ရန်....

သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)

by ရဲ ထက် http://www.facebook.com/#!/notes/-71/-/180927481923716
(လိမ်တာညာတာ အကျင့်ပါနေလို့)

“လိမ်တဲ့ညာတဲ့အခါမှာ သေးသေးမွှားမွှားမလိမ်နဲ့၊ ကြီးကြီးမားမားလိမ်၊ အဲဒါမှအလိမ်ခံရတဲ့သူတွေက အမှန်လို့ထင်သွားမှာ” ဆိုတဲ့ ဒုတိယကမ္ဘာစစ်ကြီးကို မီးမွှေးပေးခဲ့သူ ဂျာမနီအာဏာရှင်ကြီး ဟစ်တလာရဲ့ လက်သုံးစကားကို မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေ အူလှိုက်သည်းလှိုက် သည်းခြေကြိုက် ဖြစ်ခဲ့ပုံရပါတယ်။ သူတို့ထပ်တိုးပြီး ဆောင်းပေးလိုက်တာက “လိမ်ချင်ရင်အရမ်းကာရောမလိမ်နဲ့ ၊အချက်အလက်နဲ့လိမ်၊ ကိန်းဂဏန်းအတိအကျနဲ့လိမ်” ဆိုတာပါပဲ။

ဒီလိုနဲ့ မြန်မာ့သမိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ အလိမ်အညာဇာတ်လမ်းတွေနဲ့ မှတ်တမ်းတင်ခဲ့တာ ယနေ့အထိ အဆုံးမသတ်နိုင် သေးပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂ စင်မြင့်မှာ၊ အာဆီယံ အစည်းအဝေးတွေမှာ မဆလ၊ န၀တ၊ နအဖတို့တင်သွင်းဖော်ပြမြဲ သိန်းဂဏန်း အချက်အလက်တွေ အထင်အရှားရှိနေသလို အကျိုး သက်ရောက်မှုတွေလည်း ရှိနေခဲ့ပါတယ်။ရှိနေဆဲလည်းဖြစ်ပါတယ်။ လက်တွေ့နဲ့ကိုက်ညီမှုရှိတာ မရှိတာ အသာထား တရားဝင်ဖော်ပြထားတဲ့ အချက်အလက်ဆိုတာ လိုအပ်ရင် ကိုးကားလို့ရတယ်ဆို တာလည်း အားလုံးသိပါတယ်။ “မြန်မာပြည်မှာ စာမတတ်သူမရှိဘူး” “ပြည့်တန်ဆာ မရှိဘူး”ဆိုတဲ့ မဆလ အစိုးရရဲ့ထုတ်ပြန်ချက် တွေကြောင့် မြန်မာပြည်ကို LDC အဆင့်သတ်မှတ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ဦးနှောက်စားခဲ့ရတယ် မဟုတ်လား။ အခုလည်း နှစ်စဉ် GDP တိုးတက်နှုန်းတွေကို လိမ်ညာတင်ပြနေပြန်ပြီ။

သို့ပေမယ့် စစ်အစိုးရအဆက်ဆက်ထုတ်ပြန်ကြေညာတဲ့ အချက်အလက်ကိန်းဂဏန်းတွေဟာ အနား နီးမှ ကြံရာမရဖုတ်ပူမီးတိုက် လုပ်ဆောင်တာတော့ မဟုတ်ပါဘူး။ အချိန်ယူပြင်ဆင်ပြီးမှ အဆင့်ဆင့်သော အချက်အလက်တွေအပေါ်မှာ တွက်ချက်ယူထားတဲ့ စာရင်းအင်း၊ ကိန်းဂဏန်းတွေပါ။ စစ်အစိုးရမှာ ရေရှည် Plan ရှိပါတယ်။ နောက်ပြီး ဘာပဲလုပ်လုပ် စနစ်တကျစီမံချက်နဲ့ လုပ်တတ် အောင် စစ်ခေါင်းဆောင်အဆင့်ဆင့် ကို လေ့ကျင့်သင်ကြားပေးထားပါတယ်။ ဘယ်လောက်ထိလဲဆိုရင် သင်္ကြန်တွင်းရေကစား တာတောင်မှ “သင်္ကြန်ကာလအတွင်း လုံခြုံရေးစီမံချက်”ဆိုတာ ရှိပါတယ်။ အဲဒီတော့ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ ကြိုတင် အချိန်ယူပြင်ဆင်ထားတဲ့ လိမ်ညာမှုတွေအများစု ပါဝင်နေတယ်ဆိုတာကိုတော့ အငြင်းပွားမယ့်သူ ရှိလိမ့်မယ်မထင်ပါဘူး။ ဘယ်လိုဘယ်ပုံ လိမ်ညာတယ်ဆိုတဲ့ အချက်အပေါ်မှာပဲ ထဲထဲဝင်ဝင်သိသူနဲ့ အပေါ်ယံ အကြမ်းဖျင်းသိသူရယ်လို့ ကွဲပြားမှာပါ။

ကျွန်တော်လည်း စစ်မှုထမ်းတစ်ဦးဖြစ်ပေမယ့် ဒီယန္တရားကြီးကို ပြည့်ပြည့်စုံစုံ သိမထားပါဘူးလို့ ၀န်ခံ ရမှာပါ။ သို့သော်လည်း ထင် သာမြင်သာဖြစ်နေတဲ့ လုပ်ဆောင်ချက်အချို့ကို တင်ပြပေးပါ့မယ်။ အဲဒီလုပ်ဆောင် ချက်တွေဟာ မှန်ကန်မှု မရှိပေမယ့် အရာရှိ/ စစ်သည် တွေကြားမှာတော့ သာမန်လုပ်ရိုးလုပ်စဉ်လို သဘော ထားနေကြပါပြီ။

တပ်၊ စခန်း၊ ရေယာဉ် တွေမှာ လစဉ်ပြန်တမ်းဆိုတာရှိပါတယ်။ မိမိတို့ တပ်၊ စခန်း၊ရေယာဉ် အလိုက် တစ်လတာအတွင်း ဖြစ်ပျက်မှုေ တွ၊ လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာ အထက်ဌာနကြီးတွေသိရှိရအောင် စာရင်းဇယားနှင့်တကွ ပြုစုပေးပို့ရတာပါ။ စစ်တပ်အသုံးနဲ့ပြောရရင် ဦး/ရေး/ ထောက် ပြန်တမ်းတွေဆိုပါတော့။ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် ပေးပို့ရတဲ့ ကြီးကြပ်ကန့် သတ်ပစ္စည်း ပြန်တမ်းတွေကလွဲရင် လစဉ်ပေးပို့ရတဲ့ ပြန်တမ်းအများစုမှာ အလိမ်အညာစာရင်းဇယားတွေနဲ့ ပြည့်နှက် နေပါတယ်။

လစဉ်ပြန်တမ်းတွေမှာ အင်အားပြန်တမ်းကို အတတ်နိင်ဆုံးမှန်အောင် ပြုစုပေးပို့ပါတယ်။ သို့သော် စစ်ပြေးအင်အား၊ ခွင့်မဲ့ပျက်ကွက် အင်အား သိပ်များတဲ့လတွေမှာ လျှော့ပြီးပို့တာ ရှိပါတယ်။ အဆိုးဆုံးကတော့ တပ်တွင်းသက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု အခြေအနေပြန်တမ်းဖြစ်ပါတယ်။ စစ်သည်တစ်ဦးကို လစဉ်ဘယ်လောက်ထောက်ပံ့ပေးတယ် မိသားစုတွေကို ဘယ်လိုအကူ အညီ ပေးတယ် စသည်ဖြင့် ကိန်းဂဏန်းတွေနဲ့ ဖော်ပြပေးရပါတယ်။ အင်မတန်ရိုးသားမှုရှိတဲ့ တပ်မှူးအချို့ကသာ မိမိဆောင်ရွက်ပေး နိုင်သလောက်ကို အမှန်အတိုင်း တင်ပြပြီး တပ်အများစုမှာတော့ အတုအယောင်ကိန်းဂဏန်း တွေနဲ့ မစားရ ၀ခမန်း တင်ပြလေ့ရှိပါ တယ်။ အရပ်ဖက်မှာ ၀ါဒဖြန့်ဖို့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ရှိသလို တပ်ထဲမှာလည်း တပ်ရင်းစည်းရုံးရေးကော်မတီနဲ့ မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဆိုပြီး ရှိပါတယ်။ အဲဒီအဖွဲ့တွေဟာ လက်တွေ့လုပ်ဆောင်ချက် ဘာမှမယ်မယ်ရရမရှိဘဲ စာရွက် ပေါ်မှာ အလုပ်လုပ်နေ တဲ့ အလိမ်အညာ အဖွဲ့သက်သက်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့က ပေးပို့တဲ့ပြန်တမ်းအရေအတွက်ဟာ တပ်တွေက ပုံမှန်ပေးပို့နေရတဲ့ ပြန်တမ်းအရေအတွက်ထက် အများကြီးပိုပါတယ်။


တပ်မတော်ခေါင်းဆောင်ကြီးတွေ စုဝေးတိုင်ပင်တဲ့ လေးလပတ် ဦး/ရေး/ထောက် ညှိနှိုင်းစည်းဝေးပွဲ တွေမှာ သက်ဆိုင်ရာစစ်ခေါင်း ဆောင်ကြီးတွေက အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ ပြန်တမ်းတွေကို စုပေါင်းစာ ရင်းချုပ်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ကိုင်ပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။ အဲဒီစာရင်းဇယားတွေ ကို အမှန်အဖြစ်အတည်ပြုကြပါတယ်။ ဒီတော့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ အခြေအနေမှန်ကိုမသိဘဲ (သိရင်လည်း မသိယောင်ဆောင်ပြီး) ငါတို့တပ်တွေရဲ့ အခြေအနေတိုးတက်လာပြီ။ တပ်မိသားစုတွေရဲ့ စားဝတ်နေရေး အခြေအနေမြင့်မားလာပြီ။ ကလေးတွေပညာရေးကောင်းလာပြီ စသည်ဖြင့် တပ်ခေါင်းဆောင်ကြီးတွေ အထင် ရောက်တော့တာပေါ့။ “ ရုပ်တည် (ယုတ္တိ)ကြီးနဲ့ လိမ်နေတယ်” ဆိုတဲ့စကားဟာ စစ်တပ်ထဲမှာ ခေတ်စား ပါတယ်။

ကျွန်တော် ဟိုင်းကြီးရေတပ်စခန်းမှာ ရှိစဉ်တုန်းက ဗိုလ်ချုပ်ကြီးမောင်အေး ဦးဆောင်တဲ့ VIP အဖွဲ့ ရောက်လာပြီး မင်းရဲကောင်း ပုံခန်းမမှာ မိန့်ခွန်းပြောတော့ “ခုခေတ်မှာ စစ်သားဖြစ်ရတာ တန်ပါတယ်။ ချပ်ဝတ်တန်ဆာ အပြည့်အစုံထုတ်ပေးထားတယ်။ လစာလည်းရတယ်။ BIA ခေတ်ကဆိုရင် လစာမရှိ၊ ရိက္ခာမလုံလောက်၊ ရှိသမျှလက်နက်နဲ့ ပင်ပန်းဆင်းရဲခံပြီး တိုက်ပွဲဝင်ရတာ” တဲ့။ စကားလေးကလှပါတယ်။ ဒါပေမယ့် သူလည်းလွတ်လပ်ရေးတိုက်ပွဲမှာ ပါခဲ့တာမှတ်လို့။

ရန်ကုန်ရဲ့တစ်ဖက်ကမ်း သန်လျင်တပ်နယ်မှာကြုံရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်ပါတယ်။ တပ်သစ်တစ်ခုမှာပါ။ တပ်ပိုင်မြေဆိုပြီး သိမ်းထားတဲ့ လယ်မြေ(၁၀) ဧကလောက်ရှိတယ်။ တပ်အဆောက်အဦး တွေ ဆောက်လိုက်တော့ မြေ(၇)ဧက လောက် ကျန်နေသေးတယ်။ အဲဒီမှာ လွတ်နေတဲ့ မြေအလကားမထားနဲ့ ဆိုပြီး ဧက(၂၀)စပါးစိုက်ပျိုးဖို့ ကက(ရေ) မှ ညွှန်ကြား ပါတယ်။ တပ်မှူးခေါင်းခဲသွားတာပေါ့။ ဒါပေမယ့် လူကြီးတွေ ကျေနပ်အောင် ဖြေရှင်းပေးပါတယ်။ နီးစပ်ရာကျေးရွာက လယ်သမားကြီးတစ်ဦးကို ခေါ်တွြေ့ပီး စပါးစိုက်ပျိုးရေး ကုန်ကျစရိတ်၊ ရိတ်သိမ်းကုန်ကျစရိတ်နဲ့ သီးနှံအောင်မြင်ရင် ရနိုင်တဲ့ အမြတ် ကိုတွက်ချက်ပြီး စီမံချက်စာရင်းဇယား နဲ့တကွ ကက(ရေ) ကို တင်ပြလိုက်တယ်။ အဲဒီမှာ ကက(ရေ) G1 ပြန်ကြားလာ တာက “စီမံချက်တင်ပြပုံတွေကောင်းပါတယ်။ လိုအပ်ချက်အရ ဧက(၂၀)အစား ဧက(၄၀) စိုက်ပျိုးပေးပါ” လို့ဆိုလာ တယ်။ ဒီလိုနဲ့ပဲ စာရွက် ပေါ်မှာ စပါးဧက (၄၀) စိုက်ပျိုးဖြစ်သွားတယ်။ ဟိုင်းကြီးကျွန်းမှာတုန်းကတော့ လက် တွေ့စပါးစိုက်တဲ့ တပ်မှူးတစ်ယောက် ခွက်ခွက် လန်အရှုံးပြ သွားတာကို မြင်ခဲ့ဖူးလေရဲ့။ သူလည်း အခုကက (ရေ)မှာ G1တစ်ဦး ဖြစ်နေပြီဆိုတော့ အောက်ကတပ်မှူးတွေကို မဖြစ်နိုင်တဲ့စီမံချက်တွေနဲ့ ဆက်ပြီးမညာခိုင်းဖို့ အရေးကြီးပါတယ်။


တပ၊်စခန်း၊ရေယာဉ်အသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို အထက်လူကြီးတွေ လာရောက်စစ် ဆေးတဲ့အခါမှာ လက်တွေ့မြင် ကွင်းထက် “ ရှင်းလင်းဆောင်” For Show ကောင်းကောင်းလုပ်ထားနိုင်ဖို့ အရေး ကြီးပါတယ်။ ရှင်းလင်းဆောင်ကို သပ်သပ် ယပ် ယပ်လေး ပြင်ဆင်ထားမယ်။ တပ်ဧရိယာ Site plan မြေပုံကားချပ်၊ စာရင်းဇယားကားချပ်တွေ နေရာတကျ ချိတ်ဆွဲထားမယ်။ သက်တောင့်သက်သာ ဖြစ်မယ့်ထိုင် ခုံလေးတွေ ချထားမယ်။ အဆင်ပြေတဲ့ ဧည့်ခံကျွေးမွေးမှုလေးတွေ စီစဉ်ပေးမယ်ဆိုရင် လာရောက်စစ်ဆေးတဲ့ လူကြီးမင်းဟာ ကျေနပ် ၀မ်းမြောက်သွားမှာဖြစ်ပြီး တွေ့သမျှမြင်ကွင်းကို ချီးမွမ်းပြောဆိုမှာ အမှန်ပါပဲ။ (အရပ်ဖက်ဌာနတွေမှာလည်းဒီလိုပဲ ရှိလိမ့်မယ်ထင်ပါတယ်) အထက်လူကြီးအကြိုက် လုပ်ဆောင်ပေးတတ်တဲ့ အကျင့်ဟာ စစ်ဖက်/ အရပ်ဖက် ၀န်ထမ်းအများစုကြားမှာ ယဉ်ကျေးမှု တစ်ရပ်လို ဖြစ်နေပါပြီ။ ဒီအစဉ်အလာဆိုး ကြီးကို ပြုပြင်ပြောင်းလဲနိုင်ဖို့နှစ် အတော် ကြာ အချိန်ယူရဦးမှာပါ။

မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မြင်မကောင်းကြားမကောင်း အောင် ဖြစ်ပေါ်ခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်ထားတဲ့ကြားက အလွဲလွဲအမှားမှားတွေ ဖြစ်ရပါတယ်။ မဲရလဒ်ဘယ်လိုပဲပေါ်ပေါ် ပြောင်လိမ်ပြောင်စား ကော်မရှင်က သိက္ခာမဲ့တဲ့ကြံ့ဖွံ့ ကိုယ်စားလှယ် လောင်းတွေကို အနိုင်ပေးလိုက်ပါတယ်။ ကြံ့ဖွံ့ ပါတီရဲ့ လိုတရကြိုတင်မဲတွေကြောင့် အနိုင်ကနေရှုံး သွားခဲ့ရတဲ့ ကိုယ်စားလှယ် လောင်းတွေနဲ့ ပါတီအဖွဲ့အစည်းများရဲ့ မချိတင်ကဲခံစားညည်းညူသံတွေကို ကြားရတော့ စိတ်မကောင်း ဖြစ်မိ တဲ့ကြားက ကျွန်တော်တို့သူငယ်ချင်းတစ်စု အရွှန်းဖောက်ရပါသေးတယ်။သူတို့အနေနဲ့ လက်ရှိစစ်အစိုးရ အပေါ် အကောင်းမြင် မျှော်လင့်ချက်တွေ အားကြီးခဲ့လေသလားလို့ တွေးမိပါတယ်။ စစ်အစိုးရလုပ်စားလာတဲ့ သဘာကိုလည်း လျှော့တွက်ပုံ ရပါတယ်။

ကြံ့ဖွံ့ပါတီကို ဦးဆောင်နေတာက စစ်ခေါင်းဆောင်ကြီးများနဲ့ ခေတ်ပျက်သူဌေး လုပ်ငန်းရှင်ကြီးတွေ မဟုတ်လား။ မဲရုံတွေကို ကြီး ကြပ်ပေးသူတွေကလည်း စစ်အစိုးရ လက်အောက်က၀န်ထမ်းတွေဖြစ်နေလေ တော့ ခေါင်းဆောင်ကြီးတွေရဲ့ လိုအပ်ချက်ကို ပြည့်မီ အောင် ဖြည့်ဆည်း ပေးရတာလို့ သဘောထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် အရှက်မရှိတဲ့ စစ်ခေါင်းဆောင်ကြီးတွေအတွက်ကတော့ ဖျက်မရတဲ့ အမဲစက်များစွာပေါ်မှာ အနက်ရောင် စုတ်ချက်တင်ပေးလိုက်တာလို့ သမိုင်းမှာ မှတ်တမ်း တင်ခံရတော့မှာပေါ့ဗျာ။

တပ်ကြပ်ကြီး-နေမင်းသူ ၂၅-နိုဝင်ဘာ-၂၀၁၀း

အပြည့်အစုံသတင်းဖတ်ရန်....

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အခွင့်အရေး ဆိုင်ရာ စာပေနှီးနှော ဖလှယ်ပွဲ


Summaryမင်္ဂလာပါ မိတ်ဆွေတို့

လူဖြစ်လာရင် လူပီသဖို့ အတွက် လူသားတစ်ယောက်၏ ရသင့်ရထိုက်သော အခွင့်အရေးတို့ကို တန်းတူညီမျှ ရရှိစေရမည် ဆိုသည့် ဆောင်ပုဒ်လေးကား အင်မတန်မှ ပင် နှစ်လိုဖွယ်ကောင်းသောကြောင့် နိုင်ငံတကာတွင် လူ့အခွင့်အရေး ဟူသည့် စကားလုံးလေး သည် ရေပန်းစား လာခဲ့သည်ကို အားလုံးသိရှိပြီး ဖြစ်ပါသည် ။ နိုင်ငံတကာတွင်လည်း လူ့အခွင့်ရေး တောင်းဆိုသံတို့ ဘ၀ဂ်ညံခဲ့သလို ကျနော်တို့ မြန်မာနိုင်ငံတွင်လည်း လူ့အခွင့် တောင်းဆိုသံတွေ ပွက်ပွက်ညံခဲ့လေသည် ။ ညဏ်အမြော် အမြင်ကြီးကာ ကိုယ်ချင်းစာ တရား လက်ကိုင်ထားသည့် နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များသည် သူတို့တိုင်းပြည် တိုးတက်ကောင်းမွန် ရေး အတွက် ကြိုးစားကြ သလို သူတို့နိုင်ငံသားများ၏ အခွင့်အရေး တန်းတူညီမျှ ရရှိရေး အတွက် အထူးကြိုးစားဆောင်ရွှက်လေ့ရှိကြသည် ။ ကိုယ်တိုင် က ညဏ် အမြော်အမြင် နည်းသည့်အပြင် ပညာမတတ်သော နောက်လိုက်များ၏ မြှောက်ပင့်ပြောဆိုမှုကို အဟုတ်ထင်မှတ်နေကြသည့် အာဏာရှင်များကမူ လူအခွင့်ရေး ဆိုသော စကားလုံးကို နားလည် လက်ခံလေ့ မရှိကြချေ ။ သူတို့တွေရဲ့ မလိမ္မာတဲ့ အတွေးအခေါ်နဲ့ ကိုယ်ကြိုးရှာလိုတဲ့ အတ္တကို အခြေခံပြီး သုံးသပ်ကြတော့“ လူ့အခွင့်အရေး ဆိုတဲ့ စကာလုံးဟာ သူတို့တွေရဲ့ နားထဲမှာ မုန်းတီးစရာ ကောင်းနေမှာ အမှန်ပါဘဲ ။ ငါသာလျှင် အဓိက ၊ ငါသာလျှင် ပဓါန ၊ ငါ့မိသားစု ၊ ငါ့အသိုင်းအ၀ိုင်း ၊ ငါလုပ်မှ မှန်တယ် ၊ ငါသာလျှင် ပညာရှိ ၊ ငါဆိုတဲ့ စကားလုံးတွေကို လှိုင်လှိုင်သုံးပြီး သူတို့အရပ် သူတို့ဇတ်က တာကို အဟုတ်မှတ်ပြီး အများကောင်းကျိုးဆိုတဲ့ စကားလုံးကို ချောင်ထိုးထားတတ်ကြတာ ဘယ်သူမှ ငြင်းလို့မရပါဘူး ။

လူတစ်ဦးတစ်ယောက်သည် အမြင်တခုကို ရှုမြင်ရာ၌ သူတို့၏ ပင်ကိုယ်စိတ်ဓါတ် နှင့် သူ၏ အသိအမြင်ပေါ်တွင် အခြေခံ၍ သုံးသပ် လက်ခံလေ့ ရှိကြသည် ။ လောဘ ကြီးသူတစ်ယောက်ကို ငွေရလျှင် ပြီးရော ဘာမဆို လုပ်သင့်သည်ဟု တင်ပြလိုက်လျှင် နှစ်ခြိုက်စွာ လက်ခံလေ့ရှိသည် ။ အာဏာတပ်မက်သူ တစ်ယောက်ကို အာဏာရဖို့သာ အဓိက ဘာလို လုပ်ဆောင်ချက် ဖြစ်ဖြစ် လုပ်ကိုင်သင့်သည် ဟု တင်ပြလိုက်လျှင်လည်း နှစ်ခြိုက်စွာ လက်ခံပေ လိမ့်မည် ။ မေတ္တာ တရား ကြီးမားလွန်းသူတစ်ယောက် သီးခံခြင်း သည် အရာရာကို အောင်မြင်နိုင်၏ ဟု အကြံပေးလျှင်လည်း
ယုံကြည် လိုက်နာ ဆောင်ရွက်ပေလိမ့်မည် ။ ထို့ကြောင့်လူသားတို့ လက်ခံကျင့်သုံးသော ၀ါဒများသည် သူတို့၏ ပင်ကိုယ် စိတ်နေစိတ်ထားကို များစွာ ဖော်ပြလေ့ရှိသည် ။ လောဘကြီးသူကို ရိုးသားဖြောင့်မတ်စွာ ဖြင့် နေထိုင်ခြင်းသည် ကောင်းမွန်ပါသည် ဆိုသည့် အယူအဆကို တင်ပြလျှင် ခါးသီးစွာ ငြင်းဆန်ပေလိမ့်မည်။ အာဏာတပ်မက်ကာ ကိုယ်ချင်းစာတရားခေါင်းပါးသူကို နိုင်ငံသားတိုင်း လူ့အခွင့်အရေး အပြည့်အ၀ ကို တန်းတူညီမျှ ရရှိခံစားသင့်သည် ဆိုသည့် အယူအဆသည် ကောင်းမွန်ပါသည်ဟု တင်ပြလျှင်လည်း ငြင်းဆန်မည် မှာ သဘာဝ ပင်ဖြစ်သည် ။

သူတို့တွေ လက်မခံနိုင်တဲ့ လူ့အခွင့်အရေး ဆိုတဲ့ စကားသံကို ပြည်သူလူထုပါ နားမလည်အောင် အသိညဏ်ကို အဆိပ်ခတ် တတ်ကြတာ အာဏာရှင်တိုင်းရဲ့ မဖောက်ပြန်တဲ့ သဘောတရား အမှန်ပါ ။ ဒီတော့ သူတို့တွေ မသိစေချင်တဲ့ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးကိုကျနော်တို့ သိအောင် ကြိုးစားရမယ် ဆိုတာလည်း ပြည်သူလူထု အားလုံးရဲ့ သမိုင်းပေးတာဝန် တရပ်ပါဘဲ ။ ဒါကြောင့် လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် အဖြစ်ကျင်းပမည့် လူ့အခွင့်အရေး ဆိုင်ရာ စာပေနှီးနှော ဖလှယ်ပွဲကို ကြွရောက်ပါရန် ပွဲဖြစ်မြောက်ရေး ကြိုးစားနေသူမျာ၏ ကိုယ်စား ကျနော် ဗမာ့သွေးမှ မိတ်ဆွေတို့ကို လေးစားစွာ ဖိတ်ကြားလိုက်ရပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

အပြည့်အစုံသတင်းဖတ်ရန်....

အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစိန်ဝင်း )

နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နှစ်ပေါင်းငါးဆယ်နီးပါး နေထိုင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်တစ်လောက အလည်ပြန်လာရင်နဲ့ အိမ်ကိုရောက်ချလာပါတယ်။ ခုနှစ်ဆယ်အရွယ် အဘိုးကြီးနှစ်ယောက် မင်းတစ်လုံးငါတစ်လုံးနဲ့ စကားတွေ အားရ ပါးရ အကြာကြီးပြောကြပါတယ်။
-
နန်းတော်တိုင်ဖက် မွေးသူ
သူက အများဆုံးပြောသူပါ။ ငယ်စရိုက်ကတော့ သေတဲ့အထိပျောက်မှာ မဟုတ်ပါဘူး။ ငယ်ငယ်တည်းကလည်း မောင်းကွဲသံကြီးနဲ့ စကား တဖောင်းဖောင်း ပြောတတ်သူ ဖြစ်ပါတယ်။ “ဟေ့ကောင်ကြီး၊ ဗမာစကားပြောတတ်သေးရဲ့လား” လို့ ကျီစယ်တော့ “နန်းတော်တိုင် ဖက်မွေးတဲ့ မန္တလေးသား စစ်စစ်ပါကွ၊ ဘယ်ရောက် နေနေ ဗမာဟာ ဗမာပါပဲ” လို့ မောင်းကွဲသံကြီးနဲ့ ပြန်ဖြေတယ်။ နောက်တော့ ဗမာ စကားတွေကို မြိန်ရေရှက်ရေနဲ့ မနားတမ်း ပြောပါတော့တယ်။ သူအသက်လည်း ခုနစ်ဆယ်ရှိပါပြီ။ အလုပ်ဆက်လုပ်နေ သေးတယ်လို့ ပြောပြတယ်။ သူကစိတ်အထူးဆရာဝန်ကြီးပါ။ ဆေးရုံက အနားယူလိုက်ပြီ ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး ဆက်လုပ်နေတာဖြစ်တယ်။

နှစ်ငါးဆယ်ကွက်လပ်
ငယ်သူငယ်ချင်းတွေဆိုတော့ ပြောစရာတွေ မကုန်နိုင်ဘူး။ သူ့အကြောင်းကိုကမေး။ ကိုယ့်အကြောင်း သူကမေးနဲ့ မပြီးနိုင်တော့ဘူး။ နှစ်ငါးဆယ်နီးပါး ကွက်လပ်ကြီး ဖြစ်နေခဲ့တာ မဟုတ်လား။ သူ့မှာ သားတစ်ယောက်၊ သမီးနှစ်ယောက် ရှိပြီး သုံးယောက်စလုံး၊ အလုပ်ကိုယ်စီ၊ အိမ်ထောင်ကိုယ်စီနဲ့ တစ်နေရာစီနေကြ လို့အဘိုးကြီး၊ အဘွားကြီးနှစ်ယောက်တည်း ရှိနေတဲ့အကြောင်း၊ မြန်မာပြည်ကို တစ်ခါတော့ အရောက်ပြန်မယ်လို့ ရည်မှန်းထားတဲ့အတိုင်း လင်းမယားနှစ်ယောက် ထွက်လာခဲ့ကြတာ ဖြစ်ကြောင်း၊ ဒီနေရာရှိ၊ မရှိ မသေချာလို့ ဇနီးကို ဟိုတယ်မှာ ထားခဲ့ကြောင်း၊ နောက်တစ်ခေါက်မှ ခေါ်လာမယ်ဆိုတဲ့ အကြောင်းတွေလည်း ဆက်တိုက်ပြောသွားတယ်။ နည်းနည်းလေးမှ မောပုံပန်းပုံမပေါ်ပါဘူး။

ရင်းနှီးမှု ခံစားချက်
အဲဒီနေ့က သူသုံးနာရီလောက်ကြာနေပြီး စကားတွေ ဖောင်းနေအောင်ပြောသွားတယ်။ ပြန်ကာနီးတော့“သူငယ်ချင်းကလည်း အရင်တိုင်း ပဲ၊ ဘားမှမပြောင်းလဲဘူး။ သူယ်ချင်းအိမ်ကလည်း ဘာမှမပြောင်းလဲဘူး။ အဲဒါလေးကိုက ချစ်စရာကောင်းနေတာ” လို့ပြောသွားတယ်၊ ဟုတ်မှာပေါ့ သူတို့ဆီကမှာတော့ နေစဉ်နဲ့အမျှ တစ်ခုပြီးတစ်ခု ပြောင်းလဲနေတာဆိုတော့ Homely atmosphere ဆိုတဲ့ ရင်းနှီးကျွမ်းကျင်ဝင်မှု၊ ခံစားမှုမျိုး ဘယ်ရနိုင်မှာလဲ။ အိမ်နီးနားချင်းတွေဆိုတာလည်း ခဏခဏ အသစ်ဖြစ်နေကြမှာပေါ့။ တိုးတက်ဖွံ့ဖြိုးမှု နှေးကွေးတာ ကောင်းတဲ့အချက်လည်းရှိတယ်။ ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်ရပ်ကွက်ဆိုတဲ့ ရင်းနှီးမှုခံစားချက်တွေ ပျောက်ကွယ်မသွားဘူး၊ ကျေနပ်ဖွယ်ဖြစ်တယ်။

အိမ်လွမ်းစိတ်တော့ ရှိမှာပါ
သူငယ်ချင်းက မန္တလေးသားဆိုတော့ တစ်ပြပတ်လည်ဝင်းကြီးတွေထဲမှာ တစ်အိမ်နဲ့တစ်အိမ် ဆွေတွေမျိုးတွေလို ကုးလူး ဆက်ဆံ နေ ခဲ့ကြပုံ တွေ ကို မမေ့ဘူး ထင်ပါတယ်။ မန္တလေးမှာတော့ သူအိမ်က ထမင်းဝိုင်း ၀င်နှိုက်လိုက်၊ ကိုယ့်အိမ်က ထမင်းဝိုင်း သူဝင် စားလိုက် နဲ့ ပျော်စရာကြီး မဟုတ်လား။ ကိုယ်တော်င ခဏခဏ မန္တလေးကို လွမ်းနေတာ၊ အဝေးကြီးရောက်နေတဲ့သူဆို ပိုလွမ်းမှာပါ။ လွမ်းရင်ဘာဖြစ်လို့ ပြန်မလာဘဲနေသလဲလို့ အပြစ်အတင်ချင်ပါဘူး။ ပျော်ရာမှာ မနေရတောရာမျာ နေရဆိုတဲ့ စကားအရှိသားပဲ။ သူလည်း သူအကြောင်းနဲ့သူ ပြန်မလာနိုင်တာ ဖြစ်မှာပေါ့။ ပြန်မလာချင်းပေမယ့် အိမ်လွမ်းစိတ်တော့ ရှိနေမှာ သေချာတယ်။

နှစ်ငါးဆယ်အိပ်မက်
“ဘယ်နေရာရောက်နေနေ ဗမာာဟာ ဗမာပါပဲ” လို့ သူပြောခဲ့သလို၊ ဗမာစိတ်ကတော့ ပျောက်မသွားနိုင်ပါဘူး၊ ကိုယ့်ရပ် ကိုယ့်ရွာကို မပြန်ချင်တဲ့သူ ရှိပါ့မလား။ သူလည်း ပြန်ချင်မှာပါ။

မြန်မာနိုင်ငံကို အာရှတိုက်ရဲ့ အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံအဖြစ်အမြန်ဆုံးရောက်စေချင်ပါတယ်။ မဖြစ်နိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ သယံဇာတ လူအင်းအား၊ ဥာဏ်ရည်ဥာဏ်သွေး ကျွန်တော်တို့မှာ အားလုံးပြည့်စုံပါတယ်။

တစ်ခုတည်းသော ဆန္ဒ
ဒီနေ့ ဒီအချိန်မှာတော့ ပြီးခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်နဲ့ မတူတော့ဘူး။ တစ်တုင်းပြည်လုံးမှာ ရှိကြတဲ့ လှည်းနေလှေအောင်း၊ မြင်းဇောင်း မကျန် လူကြီးလူငယ် အားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး တူညီတဲ့ လမ်းကြောင်းတစ်ခုတည်းအပေါ်မှာ ရပ်တည် နေမိကြပြီး၊ ဒီအခြေအနေမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး၊ အခုအချိန်မှာ တစ်နိုင်ငံလုံးရဲ့ တစ်ခုတည်းသော ဆန္ဒက တိုင်းရင်းသားအားလုံး တန်းတူ ညီတူမျှ လွတ်လပ်ပြီးချမ်းသာယာတဲ့ တရားဥပဒေစိုးမိုးမှုရှိပြီး ဗြဟ္မစိုရ်တရားထွန်းကားတဲ့ ဒီမို ကရေစီနိုင်ငံတော်သစ် ထူထောင်ရေး သာဖြစ်တယ်။

လမ်းကြောင်းအမျိုးမျိုး လျှောက်ခဲ့ကြ
လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် မတူညီတဲ့ လမ်းကြောင်း အမျိုးမျိုး ကို လျှောက်လှမ်း ခဲ့ကြတယ်။ အခုအချိန်မှာတော့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသာမက အုပ်ချုပ်တဲ့အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းမယ်လို့ အတိ အလင်း ကြေညာထားခဲ့တယ်။ မရှိခဲ့ဖူးတာ အမှန်ဖြစ်တယ်။

အကျိုးမျှော်လို့
ဒီအခြေအနေဟာ တိုင်းပြည်အတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်တယ်။ နှစ်ငါးဆယ်လောက် ကာလအတွင်း မရစဖူးကို လက်လွတ်မ ခံ ဘဲ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လူတန်းစား အလွှားအသီးသီး တို့ရဲ့ ခိုင်မာသိပ်သည်းပြီး တန်းတူညီမျှတဲ့ အမျိုးသား အင်အား စုကြီး တစ်ရပ် ပေါ်ထွန်းလာအောင် တက်ညီ လက်ညီ ကြိုးပမ်း အားထုတ်ကြပါစို့လို အကျိုးမျှော်လို့ နှိုးဆော် လိုက်ရပါတယ်။

လူထု ဦးစိန်ဝင်း စောင့်ကြည့်ဂျာနယ်- အတွဲ ၆- အမှတ် ၁၉

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲ အထူးအစီရင်ခံစာ

AAPP(Burma) မှ ဖြန့်ဝေသည်

၂၀၁၀ရွေးကောက်ပွဲနှင့်နိုင်ငံရေးအကျဉ်းသားများ
ပြည်သူ့ဆန္ဒကို အမှန်တကယ်ထင်ဟပ်ကိုယ်စားပြုသည့် ရွေးကောက်ပွဲတခုဖြစ်ရန် အတွက်လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ထုတ်နိုင်ခွင့်၊ လွတ်လပ်သည့်သတင်းမီဒီယာ၊လွတ်လပ်စွာ စုရုံးနိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်း နိုင်ခွင့်နှင့် လွတ်လပ်စွာ သတင်းအချက်အလက်ရယူနိုင်ခွင့်တို့ ရှိနေရန်လိုအပ်ပါသည်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက် ပွဲများဖြစ်ရန်အတွက် ထိုအခြေခံလိုအပ်ချက်များ မြန်မာနိုင်ငံတွင် ကင်းမဲ့နေပါသည်။

ထိုမျှမက ပြည်သူများအနေဖြင့်စဉ်ဆက်မပြတ် ဆိုသလို နှိပ်စက်ညှဉ်းပမ်းခြင်းံချုပ်နှောင် ထိန်းသိမ်းခြင်းများ ခံနေကြရပါသည်။၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များအတွင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ တောက်လျှောက်ဖြစ်ပွား နေသည့် နိုင်ငံရေးလှုပ်ရှားသူများ၊နိုင်ငံရေး လှုပ်ရှားသူများနှင့် ပတ်သက်သူများထောက်ခံအားပေးသူများ အပြင်သာမန်ပြည်သူများအား ၄င်းတို့၏နိုင်ငံသား အခြေခံရပိုင်ခွင့်များနှင့်နိုင်ငံရေး အခွင့်အရေးများရရှိရန်အတွက် ငြိမ်းချမ်းစွာဖော် ထုတ်ဖွင့်ဟသဖြင့် ထောင်သွင်း အကျဉ်းချ ခံရမှုများနှင့်ပတ်သက်ပြီးအချက်အလက်များ စုဆောင်းကာ မှတ်တမ်းတင်ထားပါသည်။

ရွေးကောက်ပွဲ အကြိုကာလတလျှောက် နိုင်ငံရေးအကျဉ်းသား အရေအတွက်တိုးမြင့်လာသည် ကိုသာမက နှိပ်စက် ညှဉ်းပမ်းမှုနှင့် ဆိုးရွားလှသည့် ထောင်အခြေအနေများကြောင့်နိုင်ငံရေး အကျဉ်းသားများ လူ့အခွင့်အရေးအချိုး ဖောက်ခံနေရမှုများ နှင့်နောက်ဆက် တွဲရလဒ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင် အတွင်းသေဆုံးရမှုများနှင့် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ကျန်းမာရေးထိခိုက် ချို့ယွင်းမှုများကို လည်းမှတ်တမ်းတင် ပြုစုထားပါသည်။

အတိုက်အခံများအား ဖိနှိပ်ညှဉ်းပမ်းမှု၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ကြောက်ရွံ့မှုနှင့် စိတ်ပျက်မှု နိုင်ငံရေးလှုပ်ရှားသူများအား ဥပဒေနှင့် ညီညွတ်မှုမရှိပဲ ဖမ်းဆီးချုပ်နှောင် ထားမှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးမျက်နှာ စာတွင်အသွင်နှစ်မျိုးဖြင့် ထူးခြားစွာ တည်ရှိနေ ပါသည်။ ပထမတမျိုးမှာ လူသိထင်ရှားသော နိုင်ငံရေးလှုပ်ရှား သူများအားလူထုမြင်ကွင်းနှင့် နိုင်ငံရေးဘ၀တို့မှဖယ်ထုတ်ထားခြင်း ဖြစ်ပါသည်။ ၈၈ မျိုးဆက် ကျောင်းသား လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူ ခေါင်းဆောင် အားလုံးနီးပါးသည်လက်ရှိအချိန်တွင် အကျဉ်းထောင်များ အတွင်းအကျဉ်းချ ခံနေကြရပါသည်။ သည်မှာ နိုင်ငံရေးအားဖြင့်သော်၎င်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍သော်၎င်းစစ်အစိုးရအား ဆန့်ကျင်ကာ လူထုအားပညာပေးခြင်း၊ စည်းရုံးခြင်းများ မပြုလုပ်နိုင်စေရန် တားမြစ်ထားခြင်းဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်အဖွဲ့ဝင်များ၊ ခေါင်းဆောင်များ သည် လည်းထောင်သွင်း အကျဉ်းချထားခြင်းခံနေကြရသည်။ အလားတူပင် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက်ငြိမ်းချမ်းစွာတောင်းဆိုအကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြသည့် ဗိုလ်ချုပ်ဆေထင်နှင့် ဦးခွန်ထွန်းဦးတို့ကဲ့ သို့တိုင်းရင်းသား ခေါင်းဆောင်အများ အပြားသည်လည်းထောင်သွင်း အကျဉ်းချကာ ပြည်သူလူထုနှင့်အဆက်ဖြတ်ထားခြင်း ခံနေကြရ ပါသည်။

ဒုတိယအချက်အနေဖြင့် ပြည်သူတရပ်လုံးအား အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုများအားထောက်ခံခြင်း၊ ကူညီအားပေးခြင်းမပြု လုပ်ရဲ စေရန် ခြိမ်းခြောက်သည့် အနေဖြင့်နိုင်ငံရေး လှုပ်ရှားသူများအားပြင်းထန်ကြမ်းတမ်းသည့် ထောင်ဒဏ်များချမှတ်ခြင်း၊ညှဉ်းပမ်း နှိပ်စက်ခြင်းနှင့်ရက်စက်စွာပြစ်ဒဏ်ပေးခြင်းများအားစစ်အစိုးရမှ ကျူးလွန် နေပါသည်။ ထိုပြစ်ဒဏ်များ၊ နှိပ်စက်ညှဉ်းပမ်းမှုများ၏ နောက်ဆက်တွဲအကျိုးဆက်များမှာထင်ရှားသိသာလှသည်။ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ညှဉ်းပမ်းနှိပ်စက်မှုများအား၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များအတွင်း စစ်အစိုးရမှ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပါသည်။

သာမန်အရပ်သားပြည်သူများအား နိုင်ငံရေး လှုပ်ရှားမှုများတွင်မပါဝင်ရဲစေရန် အကြောက်တရားဖြင့် ခြိမ်းခြောက်ခြင်းဖြစ်ပါသည်။ ထိုအ ကြောက်တရားသည် အတိုက်အခံများအားလှုပ်မရအောင်ချုပ်ကိုင်သည့်အပြင်စစ်မှန်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဓိက အချက်များဖြစ်သည့် တက်ကြွရှင်သန်သည့်လူမှု အသိုင်းအ၀ိုင်းဖြစ်လာစေရေးနှင့်အစိုးရ၏လုပ်ဆောင်ချက်များအားဝေဖန်ခြင်းမှ ဟန့်တား ထာားပါသည်။

နိုင်ငံရေးအကျဉ်းသားအခြေအနေ
လက်ရှိအချိန်တွင်မြန်မာနိုင်ငံအတွင်း ခန့်မှန်းခြေနိုင်ငံရေးအကျဉ်းသားပေါင်း၂၂၀၃ ဦးရှိပါသည်။ နိုင်ငံရေးအကျဉ်းသားအရေအတွက်သည် ၂၀၀၆ခုနှစ်တွင် ၁၁၀၀ကျော်ရှိရာမှ၂၀၀၈ခုနှစ် စက်တင်ဘာလ တွင်၂၁၂၃ ဦးအထိ နှစ်ဆတိုးလာခဲ့သည်။ ထိုအထဲမှ နိုင်ငံရေးအကျဉ်းသားပေါင်း၉၀၀ ခန့်သည် ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်များဦးဆောင်ခဲ့ သည့် ၂၀၀၇ သြဂုတ်လဆန္ဒပြပွဲများနှင့် ၂၀၀၇ စက်တင်ဘာလသံဃာတော်များ ဦးဆောင်ခဲ့သည့်ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲများ အလွန်တွင်အဖမ်းခံ အကျဉ်းချခံကြရသူများဖြစ်ကြပါသည်။

နိုင်ငံရေးအကျဉ်းသား အရေ အတွက်သည် ၂၀၀၉ခုနှစ်နှင့် ၂၀၁၀ ခုနှစ် တလျှောက်လုံးတိုးမြဲတိုးနေခဲ့သည်။ ၂၀၀၉ခုနှစ် အောက်တို ဘာလ မှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ တနှစ်တာအတွင်းစစ်အစိုးရ၏အတိုက်အခံများဟုယူဆခံရသော သာမန် ပြည်သူများနှင့်နိုင်ငံရေး လှုပ်ရှားသူ ၁၁၀ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသော်လည်းလက်တွေ့တွင်မူ ထိုပမာဏထက် ပိုမို များပြားနိုင်ပါ သည်။အေအေပီပီမှ ထုတ်ပြန်သည့် အကျဉ်းသားစာရင်းများတွင်သတင်းအချက်အလက် ရရှိနိုင်ရန်ခဲယဉ်းသည့်အတွက် တခါတရံ ဝေးလံ ခေါင်ဖျား တိုင်းရင်းသားဒေသများမှ ဒေသခံပြည်သူများမကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းညှဉ်းပမ်း နှိပ်စက်ခံရမှုများမပါဝင်သေးပါ။

ထို့အပြင် ၂၀၀၉ ခုနှစ်အောက်တိုဘာလမှစ၍ လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသား ဦးရေမှာ ၆၉ ဦးသာရှိပါသည်။ ရွေးကောက်ပွဲမတိုင်ခင် ၂ လတာကာလအတွင်း အဖမ်းအဆီး ၁၈ ဦးရှိခဲ့ပြီး ၆ ဦးသာ လွတ်မြောက်လာသည့် စာရင်းတွင်ပါဝင်ပါသည်။ ထိုစာရင်းများတွင် စက်တင်ဘာလအတွင်းအဖမ်းခံရသည့် ကျောင်းသား ၁၁ ဦးနှင့် စစ်အစိုးရမှ ရွေးကောက်ပွဲများအား နှောက်ယှက် ဖျက်ဆီး ရန် ဦးတည်လုပ်ဆောင်သည်ဟု စွပ်စွဲထားသည့် ဗုံးဖောက်ခွဲမှုများနှင့်ပတ်သက်ပြီး အဖမ်းခံရသူ ၅ ဦးပါဝင်ပါသည်။
မြန်မာနိုင်ငံတွင်းတွင်အကျဉ်းထောင်ပေါင်း ၄၃ ခု၊ရဲဘက်စခန်းပေါင်း ၁၀၉ ခုနှင့်အရေအတွက် မသိနိုင်သော လျှို့ဝှက်စစ်ကြောရေးစခန်း ပေါင်းများစွာရှိပါသည်။မြန်မာပြည်တွင်း၌ လူသိများသောစစ်ကြောရေးစခန်း အနည်းငယ်မှလွဲ၍ လျှို့ဝှက်စစ်ကြောရေးစခန်းများစွာ လူမသိသူမသိ တည်ရှိနေပါသည်။

ရွေးကောက်ပွဲအကြိုကာလတွင်လျှို့ဝှက်စွာ ချုပ်နှောင်ထိန်းသိမ်းထားခြင်း၊ ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ထားခြင်း၊ အချုပ် အနှောင် ခံရသူများထံမှမတရားသဖြင့် ဖြောင့်ချက်ရယူရန်ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့်အခြားသော နည်းလမ်းများဖြင့်နှိပ်စက်ခြင်း၊ အစိုးရအား ဝေဖန်သဖြင့် လက်စားခြေခြင်းနှင့် မဝေဖန်ရဲစေရန် ပြစ်ဒဏ်ပေးခြိမ်းခြောက်ခြင်းများတရံမလပ် ဖြစ်ပွားလျက်ရှိပါသည်။

၂၀၀၉ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တလျှောက်လုံးနိုင်ငံရေးလှုပ်ရှားသူများသည်ဥပဒေဆိုင်ရာ အခြေခံ အခွင့်အရေးများမရှိသည့် ဥပဒေမဲ့ တရားရံးများမှ အမိန့်ချပြစ်ဒဏ်ပေးခြင်းများ ခံခဲ့ကြရပါသည်။ ဥပမာအနေဖြင့် အသက် ၂၁ နှစ်အရွယ် တက္ကသိုလ် ကျောင်းသား ဗိုလ်မင်းယုကို သည် မည်သည့် ဥပဒေရေးရာအခွင့်အရေးများမှ မရရှိပဲ မည်သည့်ရှေ့နေနှင့်မှခုခံ ကာကွယ်ပိုင်ခွင့်မရပဲထောင်ဒဏ် ၁၀၄ နှစ် ချမှတ်ခံခဲ့ရပါသည် ။ ထောင်ဝင်းအတွင်း ဖွင့်လှစ်ကြားနာသည့်လျှို့ဝှက် တရားရုံးတခုမှ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၃ ရက်နေ့တွင် အမိန့်ချခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့သော ကြမ်းတမ်းပြင်းထန်ရက်စက်သည့် ထောင်ဒဏ်များနှင့်ဥပဒေနှင့် မညီညွတ်သည့် တရားရုံး လုပ်ထုံးလုပ်နည်းများသည်မြန်မာနိုင်ငံတွင် ဥပဒေမဲ့တရားရေးစံနစ်အား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်းထင်ရှား စေပါသည်။

၁၉၉၀ရွေးကောက်ပွဲနှင့် ၂၀၁၀ရွေးကောက်ပွဲကာလနှစ်ခုစလုံးတွင်အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများ ရွေးကောက်ပွဲကျင်းပ သည့်အချိန်တွင် ထောင်တွင်း၌နိုင်ငံရေးအကျဉ်းသား အနည်းဆုံး၂၁၀၀ကျော် အကျဉ်းကျနေကြဆဲဖြစ်ပါလိမ့်မည်။ ထိုနိုင်ငံရေးအကျဉ်းသားများအနေနှင့် လွတ်လပ်မှုဆုံးရှုံးရုံတင်သာမက မဲပေးခွင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင်ပါဝင်ပိုင်ခွင့်နှင့် နိုင်ငံရေး ပါတီများတွင်ပါတီဝင် အဖြစ်ပါဝင်ခွင့်တို့ဆုံးရှုံးနေကြပါသည်။ အချို့ဆိုလျှင် ပါတီအဖျက်ခံရသည့် အတွက်ရှိရင်းစွဲ ပါတီဝင်အဖြစ်မှ ဆုံးရှုံးရခြင်းများ ရှိပါသည်။

ကိုမင်းကိုနိုင်ကဲ့သို့သော သူများအတွက်မူ ဒုတိယအကြိမ်မြောက်ရွေးကောက်ပွဲကာလအား ထောင်တွင်းမှဖြတ်သန်းရသည့် အတွေ့အကြုံ ပင်ဖြစ်ပါသည်။ လက်ရှိနိုင်ငံရေးအကျဉ်းသားများထဲမှအနည်းဆုံး ၄၅ ဦးသည် ရွေးကောက်ပွဲကာလနှစ်ခုစလုံးတွင် ထောင်ကျနေရသူများ ဖြစ်ပါသည်။ ထိုအထဲမှ အနည်းဆုံး ၃၀ ဦးသည် ၁၉၉၀ရွေးကောက်ပွဲနှင့် ၂၀၁၀ရွေးကောက်ပွဲကာလ နှစ်ခုစလုံးတွင်အနှစ် ၂၀ လုံးလုံး အကျဉ်းကျ နေကြခြင်းဖြစ်ပါသည်။ တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူကရင် အမျိုးသားအစည်းအရုံးမှ ကိုခင်မောင်လင်း သည် ၁၉၈၂ခုနှစ်ကတည်းက ယခုအချိန်အထိအကျဉ်းကျနေခဲ့သူ ဖြစ်ပါသည်။

ဦးအုန်းသန်း နှင့်ပြည်သူ့အချစ်တော် အနုပညာရှင် ကိုဇာဂနာ ကဲ့သို့ နိုင်ငံရေးလှုပ်ရှားသူများသည် လွန်ခဲ့သည့် အနှစ် ၂၀ တာကာလ တလျှောက် လုံးအကြိမ်ကြိမ် ထောင်ကျလိုက် ပြန်လွတ်လိုက်ဖြစ်ခဲ့ပြီး ၁၉၉၀ရွေးကောက်ပွဲ ကာလတွင် အကျဉ်းကျနေခဲ့ကြပါသည်။ ထို့နောက်ပြန်လွတ်လာပြီး ယခုအချိန်တွင် ထပ်မံအကျဉ်းကျနေ ကြသဖြင့် ၂၀၁၀ရွေးကောက်ပွဲကာလ ကိုလည်း ထောင်တွင်းမှပင် ဖြတ်သန်းရမည့် သူများ ဖြစ်ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဆိုလျှင် ၁၉၈၉ ခုနှစ်မှစတင်ကာ ထိန်းသိမ်းခံခဲ့ရသူဖြစ်သဖြင့်ယခုရွေးကောက်ပွဲသည် အကျယ်ချုပ်အဖြစ် ဖြတ်သန်းရမည့် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ ဖြစ်သည်။

အကျဉ်းထောင်တွင်းရှိနိုင်ငံရေးခေါင်းဆောင်များ
ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး တို့ကဲ့သို့အကျဉ်းချခံ နိုင်ငံရေး ခေါင်းဆောင်များသည် မည်သည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် မဆိုအရေးပါသော အခန်းကဏ္ဍမှ ရှိကြသူများဖြစ်ကြပါသည်။ အလားတူစွာပင် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တလျှောက် ပြည်သူကိုဦးဆောင်မှု ပေးနိုင်သော ကိုမင်းကိုနိုင် ကဲ့သို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ကိုဇာဂနာကဲ့သို့ ပြည်သူချစ်သည့်အနုပညာရှင်များနှင့် ဦးဂမ္ဘီရ ကဲ့သို့ သံဃာခေါင်း ဆောင်များ စသည့် လူသိထင်ရှား နိုင်ငံရေး ခေါင်းဆောင် အများအပြားသည်လည်း အကျဉ်းချ ခံနေကြရပါသည်။

၁၉၉၀ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၈၅ယောက်အရွေးခံခဲ့ရပြီး ထိုအထဲမှ ၃၉၂ယောက်သည် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်မှ ဖြစ်ပါသည်။ လက်ရှိတွင် အရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၂ယောက် အကျဉ်းကျနေကြဆဲဖြစ်ပြီး ၃၄ယောက်မှာ ပြည်ပတွင် ရောက်ရှိနေကြပါသည်။ ထိုအကျဉ်းကျနေဆဲ လွှတ်တော်ကိုယ်စားလှယ် ၁၂ယောက်အနက် ၁၀ယောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်ပြီးအခြားနှစ်ဦးမှာ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးခွန်ထွန်းဦးနှင့် ဦးကျော်မင်းတို့ ဖြစ်ပါသည်။ ဦးကျော်မင်းသည် ၁၉၉၀ ရွေးကောက်ပွဲ တွင်အမတ်နေရာ ၄ နေရာ အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရက်တစ် လူ့အခွင့်အရေးပါတီမှ ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် ဖမ်းဆီးခံရကာလက်ရှိတွင် မြင်းခြံထောင်၌ထောင်ဒဏ် ၄၇ နှစ် ကျခံနေရပါသည်။ ဦးကျော်မင်းသည် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ဦးခွန်ထွန်းဦးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးလျှင် အင်အားအကြီးဆုံးပါတီအဖြစ် ၁၉၉၀ ရွေးကောက်ပွဲ တွင် အမတ်နေရာ ၂၃ နေရာ အနိုင်ရရှိခဲ့သည့် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်ပါသည်။ ဦးခွန်ထွန်းဦးသည် လက်ရှိတွင်ရာသီဥတု ဆိုးရွားသည့် မြန်မာပြည် မြောက်ပိုင်းရှိကချင်ပြည်နယ် ပူတာအိုထောင်၌ထောင်ဒဏ် ၉၃ နှစ် ကျခံနေရပါသည်။ ဦးခွန်ထွန်းဦးသည် ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်အဖမ်းခံခဲ့ရပြီး အမျိုးသားညီလာခံအားနှောက်ယှက်မှု၊ နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှု၊ စာပေစိစစ်ရေးဥပဒေနှင့် မတရားအသင်းဥပဒေတို့နှင့် ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ဦးခွန်ထွန်းဦးအား အခြားသောနိုင်ငံရေး ခေါင်းဆောင်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းနှင့်အတူ ရှမ်းပြည်ငြိမ်းချမ်းရေး ကောင်စီမှဗိုလ်ချုပ် ဆေထင် ကဲ့သို့ အခြားတိုင်းရင်းသားခေါင်းဆောင်အများအပြားလည်း ဖမ်းဆီးခံခဲ့ကြရပါသည်။

အသက် ၇၄ နှစ်အရွယ်တွင် ဗိုလ်ချုပ်ဆေထင်သည် ထောင်ဒဏ် ၁၀၆ နှစ်ချမှတ်ခံခဲ့ရသည်။ ထိုရှမ်းတိုင်းရင်းသား ခေါင်းဆောင်နှစ်ဦး သည်အဖမ်းမခံရခင် အချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အားထောက်ခံကြောင်းနှင့် ၄င်းတို့လိုလားသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက် ရဲရင့်ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုခဲ့သူများ ဖြစ်ကြပါသည်။ လက်ရှိတွင်မြန်မာနိုင်ငံ အကျဉ်းထောင်များ၊ ထိန်းသိမ်းရေး စခန်းများနှင့်ရဲဘက် စခန်းများတွင် တိုင်းရင်းသားနိုင်ငံရေးအကျဉ်းသား အနည်းဆုံး၂၃၃ကျော် အကျဉ်းကျ နေကြသည်။

စက်တင်ဘာလ၁၆ ရက်နေ့တွင် စစ်အစိုးရမှမွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်ကြားရှိ ကျေးရွာပေါင်း၃၄၀၀ကျော်တွင် ရွေးကောက်ပွဲများကျင်းပမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် အဓမ္မနေရာပြောင်း ရွှေ့ခံရသူတိုင်းရင်းသားပြည်သူ ၅၀၀၀၀၀ကျော်သည်လည်း ရွေးကောက်ပွဲတွင်မဲပေးနိုင်မည်မဟုတ်ပါ။ ခန့်မှန်းခြေပြည်သူ တစ်သန်းခွဲ ခန့် မဲပေးခွင့်ဆုံးရှုံးခဲ့ရပါသည်။

စစ်အစိုးရ၏ယခုကဲ့သို့ တိုင်းရင်းသားဒေသများအား ရွေးကောက်ပွဲများမှ ဖယ်ထုတ်ထားခြင်း၊ ထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင် များ အား နှစ်ရှည်ထောင်ဒဏ်များဖြင့် ထောင်သွင်းအကျဉ်းချ ထားခြင်းသည် စစ်မှန်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မဖြစ်မနေ ပြုလုပ်ရန်လိုအပ်သော တိုင်းရင်းသား အားလုံးပါဝင်သည့်တွေ့ဆုံ ဆွေးနွေးရေးကို ဖော်ဆောင်ရန်စစ်အစိုးရဘက်မှ ဆန္ဒမရှိကြောင်းသက်သေတခုပင်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ပေါင်း အနည်းဆုံး၄၁၃ ဦး လက်ရှိတွင် အကျဉ်းကျနေကြပါ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်၂၁ နှစ်တာကာလတွင် ၁၅ နှစ်ကျော်နေအိမ် အကျယ်ချုပ်အဖြစ် အကျဉ်းချခံခဲ့ရ ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များသည် နိုင်ငံရေး အကျဉ်းသားများထဲတွင် အများစုဖြစ်သည်။ ၂၀၀၉ ခုနှစ် ဧပရယ်လ ၂၉ ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည့် ရွှေဂုံတိုင်ကြေငြာစာတမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှရွေးကောက်ပွဲဥပဒေများအား သေချာစွာလေ့လာပြီး ဒီမိုကရက်တစ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှသာ ၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြေငြာခဲ့ပါသည်။

ထိုအထဲတွင်နိုင်ငံရေးအကျဉ်းသား အားလုံးအားခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ဒီမိုကရက်တစ် စံချိန်စံညွှန်းများနှင့် မကိုက်ညီသော ၂၀၀၈ အခြေခံဥပဒေအားပြန်လည်ပြင်ဆင်ရေး၊ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတပြီး နိုင်ငံတကာစောင့်ကြည့် လေ့လာမှု အောက်တွင်အလုံးစုံပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်ရေး စသည်တို့ ပါဝင်ပါသည်။

စစ်အစိုးရသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏တောင်းဆိုချက်များအား လျစ်လျူရှုခဲ့ပြီးယခုအပတ်အတွင်း နိုဝင်ဘာ ၇ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်သည်။ ထိုသို့ ရွေးကောက်ပွဲ ကျင်းပအံ့ဆဲဆဲ ဖြစ်သော်လည်း နိုင်ငံရေး အကျဉ်းသားပေါင်း အနည်းဆုံး ၂၂၀၃ ဦးသည် ထောင်တွင်းအကျဉ်းချခံ နေရဆဲဖြစ်ပြီးနိုင်ငံတကာ သတင်းမီဒီယာနှင့်လေ့လာသူများအားလည်း ပြည်တွင်းဝင်ခွင့်မပြုပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ် ဟုဆုံးဖြတ်ခဲ့ပါသည်။

၂၀၁၀ ခုနှစ်မတ်လတွင် ထုတ်ပြန်ခဲ့သည့်ရွေးကောက်ပွဲဥပဒေသစ်နှင့်နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်းဥပဒေ (၂/၂၀၁၀) အခန်း ၁၊ အပိုဒ်ခွဲ၂ (ဈ) အရ နိုင်ငံရေး ပါတီများအားအကျဉ်းထောင်များအတွင်း အကျဉ်းကျနေသည့် (သို့) ထိန်းသိမ်းခံထားရသည့်ပါတီဝင်များအား ပါတီဝင် အဖြစ် လက္ခံထားခြင်းအားတားမြစ်ထားသည်။ စစ်အစိုးရမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားအကျဉ်းကျနေသည့် ပါတီဝင်များအား ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းရန်သို့မဟုတ်ပါက နိုင်ငံရေးပါတီအဖြစ်ရပ်တည်ခြင်းမှ ရပ်ဆိုင်းရန်ရာဇသံပေးခဲ့ပါသည်။ အကျဉ်းကျနေသည့် ပါတီခေါင်းဆောင်နှင့် ပါတီဝင် ၄၁၃ ယောက်အား ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းရန် ငြင်းပယ်ခဲ့သည့် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား စစ်အစိုးရမှ နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

အတိုက်အခံများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများအား ရာဇ၀တ်မှုအဖြစ်သတ်မှတ်ခြင်း
ရွေးကောက်ပွဲများနီးကပ်လာသည်နှင့် အမျှပြည်သူလူထု၏ နိုင်ငံသားဆိုင်ရာ အခြေခံရပိုင်ခွင့်များနှင့်နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ အား ထပ်မံကန့်သတ်ချုပ်ချယ်သည့် တားမြစ်ပိတ်ပင်မှုအသစ်များအားစစ်အစိုးရမှ တိုးမြှင့် လုပ်ဆောင်နေပါသည်။ တည်ရှိပြီးသားကန့်သတ်ချုပ်ချယ်မှုများ ဖြစ်သည့် ၅ ဦးထက်ပို မစုဝေးရန်၊ အခြေခံဥပဒေအားဆန့်ကျင်ခြင်း၊ ဝေဖန်ခြင်းမပြုရန်နှင့် အလုပ်သမားလယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ လူ့အခွင့်အရေး အဖွဲ့များတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း အပေါ်ပိတ်ပင် တားမြစ်ခြင်း များအပြင်၂၀၁၀ ခုနှစ် ဂျွန်လ ၂၃ ရက်နေ့တွင်ပြဌာန်းလိုက်သော အမိန့်အမှတ်၂/၂၀၁၀ အရ အလံကိုင်ဆောင်ခြင်း၊ ကြွေးကြော်သံများ အော်ဟစ်ခြင်းနှင့်လမ်းလျှောက် ချီတက်ခြင်းများအားစစ်အစိုးရမှ ထပ်မံပိတ်ပင် ကန့်သတ်လိုက်ပါသည်။

ရွေးကောက်ပွဲအပေါ်နှောက်ယှက်ဟန့်တားသူ မည်သူမဆို ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန များမှတဆင့် စစ်အစိုးရမှ သတိပေးခြိမ်းခြောက်မှုများလည်း ပြုလုပ်လျက်ရှိပါသည်။ မြန်မာ့ အလင်းသတင်းစာမှတဆင့် “နိုင်ငံတော်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးတရားဥပဒေစိုးမိုးရေးကို နှောက်ယှက်ဟန့်တားသည့်မည်သည့် ပြောဆိုမှုမျိုး၊ရေးသားဖြန့်ဝေမှုမျိုး၊ ဝေ ဖန်မှုမျိုးကိုမဆို” ထောင်ဒဏ် အနှစ် ၂၀ အထိပြစ်ဒဏ်ပေးနိုင်သည့် နိုင်ငံတော် တာဝန်ဝတ္တရားများနှင့်ပတ်သက်သည့် ၁၉၉၆ဥပဒေ သည် တည်နေဆဲဖြစ်ကြောင်းပြည်သူလူထုအား အသိပေးခြိမ်းခြောက်ခဲ့ပါသည် ။

၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ရေးလှုပ်ရှားမှုများ
ဖမ်းဆီးအကျဉ်းချအနှိပ်စက်ခံရမည့် အန္တရာယ်များနှင့်ပြည့်နှက်နေသည့်တိုင် ရဲရင့်သော ပြည်သူများက ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများအား တက်တက်ကြွကြွ လုပ်ဆောင်လျက် ရှိကြပါသည်။ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင်မဲမပေးပဲ ဆန့်ကျင်ရန် တိုက်တွန်းသည့်စာရွက်စာတမ်း ကြေငြာချက်ဖြန့်ဝေခြင်းများ ရန်ကုန်နှင့်မန္တလေးမြို့များတွင် ပျံ့နှံ့လျက်ရှိပါသည်။ ထိုလှုပ်ရှားမှုများအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့်မျိုးဆက်လှိုင်းလူငယ်အဖွဲ့တို့မှ ဦးဆောင်နေကြခြင်း ဖြစ်ကြောင်းသိရှိရသည်။ ထိုအဖွဲ့များမှအချို့အဖွဲ့ဝင်များမှာ လက်ရှိကာလတွင် အကျဉ်းကျနေကြဆဲ ဖြစ်ပါသည်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ၃၉ ဦး၊ မျိုးဆက်လှိုင်းအဖွဲ့မှ၂၁ ဦးနှင့် ဗကသမှ အဖွဲ့ဝင်၁၀၀ ကျော်ခန့်တို့ ဖြစ်သည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့တွင် စစ်အစိုးရမှ တဘတ်သတ်ဖျက်သိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှလူငယ်အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းအတွင်းရှိအင်းစိန်နှင့် မင်္ဂလာဒုံ မြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြပါ သည်။ ထိုကြေငြာချက်များတွင် ‘လူတိုင်းတွင် မဲပေးခွင့်ရှိသလိုမဲမပေးပဲလည်း နေပိုင်ခွင့်ရှိသည်’ ဟု ဖော်ပြထားပြီး လူစည်ကားရာ လမ်းများ၊ ဘတ်စ်ကားဂိတ်များနှင့် ဈေးများတွင် ဖြန့်ဝေခဲ့ကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တဦးမှ “ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့လူတိုင်း မဲပေးခွင့်ရှိသလိုမဲမပေးပဲ နေပိုင်ခွင့်လည်းရှိတယ်ဆိုတဲ့အပေါ် အခြေခံပြီး ဒီစာရွက်တွေကိုဝေတာပါ” ဟု ဆိုသည်။ အာဏာပိုင်များမှဖမ်းဆီးမှုများ မလုပ်ခဲ့သော်လည်း စာရွက်ဝေနေသူများအား ဓါတ်ပုံ ရိုက်ယူခြင်းများပြုလုပ်ခဲ့ပါသည်။ ( ဓါတ်ပုံရိုက်ခြင်းမှာ တချိန်တွင် ဖမ်းဆီးထိမ်းသိမ်းရန် အထောက်အထားယူခြင်းဟု ဆိုနိုင်သည် )

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဖမ်းဆီးအရေးယူမှုများ ထိန်းသိမ်းချုပ်နှောင်ထားမှုများ
ရွေးကောက်ပွဲအကြိုကာလတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း များစွာအားမှတ်တမ်းပြုစု ထားပါသည်။ အေအေပီပီမှမှတ်တမ်းတင်ထားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင်စစ်အစိုးရ၏ ရွေးကောက်ပွဲအားဆန့်ကျင်မှုအပါအ၀င် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခြားနိုင်ငံရေးလုပ်ငန်းများ ကြောင့်ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထိန်းသိမ်းခြင်း၊ အကျဉ်းချခြင်းများ ပါဝင်ပါသည်။

၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်းကြောင့် နိုင်ငံရေးလှုပ်ရှားသူပေါင်း၁၅ ဦးထက်မနည်း အဖမ်းခံရပြီးဖြစ်သည်။ စက်တင်ဘာလထဲတွင်တက္ကသိုလ် ကျောင်းသား ၁၁ ဦးရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရပါသည်။ ၄င်းတို့ထဲမှ ၅ ဦးသည် စက်တင်ဘာလ၁၄ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး၃ ဦးမှာ ၁၇ ရက်နေ့နှင့် နောက်ထပ်၃ ဦးမှာ ၁၈ ရက်နေ့တို့တွင်အသီးသီး အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်။ ထိုကျောင်းသား ၁၁ ဦးအနက်ကိုချမ်းမြေ့အောင်နှင့် ကိုရဲလင်းဖြိုးတို့နှစ်ဦးပြန်လွတ်လာသည့် အတည်ပြုချက်သာအေအေပီပီမှ ရရှိခဲ့ပါသည်။ ကျန်၉ ဦး မှာ အင်းစိန်ထောင်အတွင်းတရားရုံးတင် စစ်ဆေးကြားနာခြင်းမရှိသည့်အပြင် ဥပဒေနှင့်အညီမဟုတ်ပဲ ထိန်းသိမ်းခံနေရဆဲဖြစ်ပါသည်။ ထိုကျောင်းသားများသည်ဒဂုံတက္ကသိုလ်ဝင်းအတွင်း “ကြံ့ခိုင်ရေးပါတီကို မဲပေးရင်ပြည်သူနဲ့ သံဃာတွေ ထပ်အသတ်ခံရလိမ့်မယ်” “၂၀၀၈ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကစစ်အစိုးရကို သက်ဆိုး ရှည်စေ လိမ့်မယ်” ဟု ရေးသားထားသည့် စာတမ်းများဖြန့်ဝေခဲ့ကြသည်။

ကျောင်းသားများအားပစ်မှတ်ထားခြင်းမှာ အသစ်အဆန်းတော့ မဟုတ်ပါ။လက်ရှိတွင် ကျောင်းသား ၂၈၃ဦးထက်မနည်း နိုင်ငံရေး လှုပ်ရှားမှု များတွင်ငြိမ်းချမ်းစွာ ပါဝင်ခဲ့သည့်အတွက်အကျဉ်းကျ ခံနေကြပါသည်။ ထိုအထဲမှအချို့မှာ အသက် ၁၄ နှစ်အရွယ်မျှသာ ရှိသေး သည်။

သက်တော်၂၈ နှစ်ရှိ သံဃာတော် ဦးဥက္ကံသသည်ရွေးကောက်ပွဲအား ဆန့်ကျင်လှုပ်ရှားခဲ့သည့်အတွက်ဇန္န၀ါရီလအတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှဖမ်းဆီးခြင်း ခံခဲ့ရသည်။ဦးဥက္ကံသသည် ရေှးမော်လမြိုင် ကားလမ်းပေါ်တွင် “၂၀၁၀ရွေးကောက်ပွဲ အလိုမရှိ” ဟု မှုတ်ဆေးဖြင့်ရေးသားခဲ့ပါသည်။ ရဲသတင်းတပ်ဖွဲ့မှဦးဥက္ကံသနှင့်အတူ လက်ပ်တော့ပ်ကွန်ပျူတာ၊ ဗီဒီယို ကင်မရာနှင့် ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်စာတမ်းများ သိမ်းယူခဲ့သည်။ ဦးဥက္ကံသအား စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပုံနှိပ်ဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေနှင့်အများပြည်သူ တည်ငြိမ်အေးချမ်းမှုအားနှောက်ယှက်ဟန့်တားသည့် ဥပဒေပုဒ်မ ၅၀၅ (ခ) တို့အရ ထောင်ဒဏ်၁၅ နှစ် ချမှတ်ခံခဲ့ရပါသည်။

ဦးဥက္ကံသသည်အစာအိမ်ဝေဒနာနှင့် အဖျားဝေဒနာတို့ခံစားနေရသော်လည်း အာဏာပိုင်တို့မှသူ့အား အင်းစိန်ထောင်မှသာယာဝတီ ထောင် သို့ အောက်တိုဘာလ၁၃ ရက်နေ့တွင် ပြောင်းရွေ့လိုက်ကြောင်းအေအေပီပီမှ သတင်းရရှိပါသည်။မွန်ပြည်သစ်ပါတီမှရရှိသည့် သတင်းအရဦးဥက္ကံသအား သံဖြူဇရပ်မြို့နယ်တွင်ထိန်းသိမ်းချုပ်နှောင်ထားစဉ်အာဏာပိုင်များမှ အတင်းအဓမ္မလူဝတ်လဲစေခဲ့ပြီး ညှဉ်းပမ်း နှိပ်စက်ခဲ့ကြောင်း သိရှိရသည်။ ထို့အတွက်ဦးဥက္ကံသအား မော်လမြိုင်တွင်ခေတ္တ ဆေးရံတင်ခဲ့ရကြောင်းလည်းသိရပါသည်။

ယခုလက်ရှိကာလတွင်သံဃာတော် စုစုပေါင်း ၂၆၂ ပါးထက်မနည်းအကျဉ်းကျနေကြဆဲဖြစ်ပါသည်။

အတိုက်အခံအားသိက္ခာချတိုက်ခိုက်ရန် နိုင်ငံပိုင်သတင်းမီဒီယာအားအသုံးချမှု စစ်အစိုးရသည် နိုင်ငံပိုင် သတင်းဌာနများ အား အတိုက် အခံအား သိက္ခာချတိုက်ခိုက်ရန်အသုံးပြုလျက် ရှိပါသည်။ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ အားအသုံးပြုကာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက် ရှိသော ပြသနာအားလုံးတို့သည် ပြည်ပ အဖျက်သမားများနှင့် ပြည်တွင်းရှိပုဆိန်ရိုးတို့ကြောင့်ဖြစ်သည်ဟုအပြစ်ပုံချ တိုက် ခိုက်မှု များကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိသည်။

၂၀၁၀ခုနှစ်အတွင်းတွင် နိုင်ငံရေးလှုပ်ရှားသူများနှင့်ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းများနှင့်ဆက်စပ် ပတ်သက်သူများအား လူ၁၀ ဦးထက် မနည်း သေဆုံးခဲ့ရသောသင်္ကြန်ဗုံးကွဲမှုအပါအ၀င်ဗုံးပေါက်ကွဲမှုများနှင့်ဖေါက်ခွဲရန် ကြံစည်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲထားပါသည်။
ရွေးကောက်ပွဲများကျင်းပရန်ရက်ပိုင်းမျှသာအလို အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်အစိုးရသည် မြန်မာ့အလင်းသတင်းစာ မှတဆင့် ပြည်ပရှိ အတိုက်အခံအဖွဲ့အစည်းများနှင့် ပြည်တွင်းရှိအဖွဲ့အစည်းများအား အကြမ်းဖက်သမားများအဖြစ် “သောင်းကျန်းသူများနှင့်ပြည်ပနိုင်ငံများ၏ လက်ဝေခံနောက်မြီးဆွဲ အဖွဲ့အစည်းများသည်ရွေးကောက်ပွဲများ အား နှောက်ယှက်ဖျက်ဆီးရန်နိုင်ငံတော်တည်ငြိမ်မှုနှင့်အေးချမ်း သာယာရေးတို့ ပျက်ပြားစေရန်ရည်ရွယ်ကာ တိုင်းပြည်အတွင်းတွင် အကြမ်းဖက်လုပ်ရပ်များအားကျူးလွန် လျက်ရှိကြသည်” ဟု ခေါင်းစဉ်တပ် စွပ်စွဲခဲ့ပါသည်။

ရွေးကောက်ပွဲအား နှောက်ယှက်ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ရန်ကုန်လေဆိပ်အပါအ၀င် အခြား အရေးပါသော အဆောက်အဦများအား ဖောက်ခွဲရန်ကြံစည်သည်ဟု စွပ်စွဲကာ အနည်းဆုံး လူ ၅ ဦးအား ဖမ်းဆီးချုပ်နှောင်ထားပါသည်။ ထိုသူတို့အား ကရင်အမျိုးသား အစည်းအရုံးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တို့နှင့် ဆက်နွယ်ပတ်သက်သည်ဟု အတိအလင်း စွပ်စွဲထားသည့် သတင်းတပုဒ်အား မြန်မာ့အလင်းသတင်းစာမှ ဖော်ပြခဲ့ပါသည်။

သင်္ကြန်ကာလအတွင်းပေါက်ကွဲမှုဖြစ်ပြီးနောက်ကိုဖြိုးဝေအောင်အား “အကြမ်းဖက်ဖေါက်ခွဲရေးသမား” “လူသတ်သမား” ဟု မေလ ၆ ရက်တွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲတခုတွင်ရဲချုပ်မှ လူသိရှင်ကြား စွပ်စွဲခဲ့ပါသည်။ ကိုဖြိုးဝေအောင်သည် နိုင်ငံရေးလှုပ်ရှားမှုများ နှင့် မည်သို့မျှမပတ်သက်သော်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ အတိုက်အခံ အဖွဲ့အစည်းများမှ အချို့အားသိကျွမ်းရုံမျှဖြင့် ယခုကဲ့သို့ စွပ်စွဲ ဖမ်းဆီးခံရခြင်းဖြစ်ပါသည်။ နောက်နှစ်လ အကြာတွင်မှ ကိုဖြိုးဝေအောင်အားရုံးတင်ကြားနာ စစ်ဆေးခဲ့ပါသည်။ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၁၁ တွင် “လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်း ခံရသည့် အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိ သည်” ဟု အတိအလင်း ပြဌာန်းထားပါသည်။အပြစ်မဲ့သူဟု ယူဆရာတွင် အမှုမစစ်ဆေးခင်နှင့် အမှုအား ကြားနာ စစ်ဆေးနေစဉ် ကာလတ လျှောက်လုံးပါအကျုံးဝင်ပါသည်။

အတိုက်အခံများအားအမှုဆင်ခြင်း
မြန်မာနိုင်ငံတွင်စစ်အစိုးရအား ပြန်လည်ပြောဆိုဝံ့သူရင်ဆိုင်ဝံ့သူ နိုင်ငံရေးအတိုက်အခံများနှင့်ဒီမိုကရေစီရေး လှုပ်ရှားသူများအား ဘယ်တုန်းကမှ မကျူးလွန်ခဲ့သည့်ရာဇ၀တ်မှုများနှင့် စစ်အစိုးရမှ အပြစ်ရှာ ပုဒ်မတပ်ကာဥပဒေနှင့်အညီမဟုတ်သော ထောင်သွင်းအ ကျဉ်းခြင်းသည် အမြစ်တွယ်နေသည့် နှိပ်ကွပ်မှုပုံစံတမျိုးဖြစ်ပါသည်။ ထိုကဲ့သို့ အမှုဆင်ဖမ်းဆီးထောင်ချခြင်းသည်ဥပဒေအား ဆိုးရွားစွာ အလွဲသုံးစားလုပ်မှုဖြစ်ပါသည်။ ထိုသို့ ချိုးဖောက်ရာတွင်ပြစ်မှုအမှန်တကယ် ကျူးလွန်သူအားဖော်ထုတ်ရန် သင့်တော်သည့်စုံစမ်း စစ်ဆေးခြင်းမျိုးပြုလုပ်ခြင်း မရှိသည့်အပြင်အမှန်တကယ်ကျူးလွန်သူများအားလည်းဥပဒေရှေ့မှောက်သို့ ဆောင်ကြဉ်းမှုမျိုးလည်းမရှိပါ။ ၂၀၁၀ ခုနှစ် ၂၀၀၅ ခုနှစ် ၁၉၉၆ခုနှစ်နှင့် ၁၉၈၉ ခုနှစ်များတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအပြီးတွင်စစ်အစိုးရမှ အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းများ၏ နာမည်နှင့်ဂုဏ်သိက္ခာကျဆင်းစေရန် ကြိုးပမ်းသည့်အနေနှင့်နိုင်ငံရေး လှုပ်ရှားသူများအားမတရားစွပ်စွဲကာ ညှဉ်းပမ်း နှိပ်စက်၍ထောင်သွင်းအကျဉ်းချခြင်းများရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ကိုညီညီဦးနှင့် ကိုသန့်ဇော်တို့အား၁၉၈၉ခုနှစ် သန်လျင် ရေနံချက်စက်ရုံဗုံး ပေါက် ကွဲမှုတွင် ပါဝင်ပတ်သက်ကျူးလွန်သည်ဟု စွပ်စွဲကာ သက်သေမခိုင်လုံပဲ အတင်းအကျပ် နှိပ်စက်ညှဉ်းပမ်းရယူထားသည့် ဖြောင့်ချက်များ အပေါ်အခြေခံကာနိုင်ငံတော်ပုန်ကန်မှုနှင့် သေဒဏ်ချမှတ်ခဲ့သည့် သက်သေသာဓကရှိပါသည်။ နောက်ပိုင်းတွင် ဗုံးခွဲမှုအားအမှန်တကယ် ကျူးလွန်ခဲ့သူမှဖြောင့်ချက်ပေးကာ ထောင်ဒဏ်၁၀ နှစ်အမိန့်ချမှတ်ခံခဲ့ရပြီးလွတ်ရက်စေ့၍ ပြန်လွတ်ပြီးသည့်တိုင် ကိုသန့်ဇော် နှင့် ကိုညီညီဦး တို့ပြန်မလွတ်ပဲ ယနေ့အထိ အကျဉ်းကျနေကြဆဲဖြစ်ပါသည်။

သတင်းလွတ်လပ်ခွင့်ကင်းမဲ့ခြင်း
စာနယ်ဇင်းသမားများအားထောင်သွင်း အကျဉ်းချမှုများနှင့် ကျပ်တည်းပြင်းထန်သည့် စိစစ်ရေး ဥပဒေများချုပ်ချယ် ကန့်သတ်မှုများ ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်သတင်းလွတ်လပ်မှု အကင်းမဲ့ဆုံး နိုင်ငံများစာရင်းတွင်ပါဝင်နေပါသည်။ စာနယ်ဇင်းသမားများ၊ ဓါတ်ပုံဆရာများ၊ ဘလော့ဂ်ဂါများ အပါအ၀င်လက်ရှိကာလတွင် သတင်းနှင့်စာနယ်ဇင်းသမား အနည်းဆုံး၄၀ ဦး အကျဉ်းကျနေကြပါ သည်။ စာနယ်ဇင်းသမားများသာ ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများရင်ဆိုင်ကြရသည်မဟုတ်ပဲ ဂီတပညာရှင်များ၊ ဟာသသရုပ်ဆောင်များနှင့် အခြားအနုပညာရှင်များ သည် လည်းဖိနှိပ်မှု အမျိုးမျိုးအားရင်ဆိုင် နေကြရပါသည်။

၂၀၁၀ ခုနှစ်အောက်တိုဘာလ အတွင်းတွင် နယ်စည်းမခြားသတင်းထောက်များ အဖွဲ့မှ နှစ်စဉ်သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့် အစီရင်ခံစာအားထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာထဲတွင် အီရန်နှင့်မြောက်ကိုရီးယား နိုင်ငံတို့အထက်တွင်မြန်မာနိုင်ငံသည် ၁၇၈ နိုင်ငံ တွင် ၁၇၄ အဆင့်ဖြင့် သတင်းလွတ်လပ်ခွင့်မရှိဆုံးပဉ္စမေ မြာက်နိုင်ငံအဖြစ် ရပ်တည်နေကြောင်းတွေ့ရပါသည်။ ပြည်ပ အဆက်အ သွယ် ဖြတ်တောက်ထားပြီးဖြစ်သည့်တိုင်စစ်အစိုးရသည် ရွေးကောက်ပွဲကာလအတွင်းမည်သည့်နိုင်ငံရပ်ခြား သတင်းထောက်များကို မှပြည် တွင်း သို့ ၀င်ခွင့်ပြုမည်မဟုတ်ကြောင်းအောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကန္တာရ၀တီသ တင်းဌာနမှအယ်ဒီတာ ကိုညီညီထွန်းသည် အဖမ်းခံရပြီးတနှစ်အကြာ အောက်တိုဘာလ ၁၃ရက်နေ့တွင် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခြင်းခံခဲ့ရပါသည်။ကိုညီညီထွန်းအား မတရားအသင်းဥပဒေ၊လူဝင်မှု ကြီးကြပ်ရေးဥပဒေနှင့်ကြိုးမဲ့ကြေးနန်း ဆက်သွယ် ဆောင် ရွက်ရေး ဥပဒေတို့ဖြင့်အမိန့်ချခြင်းဖြစ်ပါသည်။စစ်အစိုးရ အာဏာပိုင်များမှကနဦးတွင် ကိုညီညီထွန်းအား မြန်မာပြည် တွင်းဖြစ်ပွား ခဲ့သည့်ဗုံးပေါက်ကွဲမှုများနှင့်ဆက်စပ်ကာ တရားရုံးတင်ရန်စီစဉ်ခဲ့သော်လည်းထိုစွပ်စွဲချက်များအား နောက်ပိုင်းတွင် ပယ်ဖျက်ခဲ့ကြောင်း ထင်ရှားပါသည်။အတင်းအဓမ္မ ဖြောင့်ချက် ရယူရန်ကြိုးပမ်းသည့်အနေနှင့် ကိုညီညီထွန်းအားရဲအုပ် အောင်စိုးနိုင် အပါအ၀င်ရဲ ၁၆ ဦးတို့မှ ခြောက်ရက်တိုင်တိုင်အလှည့်ကျ နေ့ရောညပါ နှိပ်စက်ညှဉ်းပမ်းခဲ့ကြသည်။အရိုက်အနှက် ခံရသောကြောင်းကိုညီညီထွန်း၏ ခေါင်းနှင့်ခန္ဒာ ကိုယ်တွင် ဒဏ်ရာဒဏ်ချက်များရရှိခဲ့သည်။ ကိုညီညီထွန်းသည်ရိုက်နှက်ခံရရုံမျှမက လိင်ပိုင်းဆိုင်ရာလည်းစော်ကားခံရပါသည်။ စစ်ဆေးသောရဲအရာရှိများမှ ကိုညီညီထွန်း၏စအိုအတွင်း နံပါတ်တုတ်ဖြင့်ထိုးသွင်းမွှေနှောက်ခြင်းများကျူးလွန်ခဲ့ကြပါသည်။ နှိပ်စက်ခံရသောဒဏ်ကြောင့် ကိုညီညီထွန်း၏ ဦးခေါင်းနှင့် ခန္ဒာကိုယ် ပေါ်တွင် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ကျန်ရှိနေပါသည် ။
အလွတ်ပညာသင်ဆရာမနှင့်ဒီမိုကရက်တစ် မြန်မာ့အသံသတင်းထောက်ဖြစ်သူမလှလှဝင်းသည် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေအားချိုးဖောက်သည်ဟုဆိုကာ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပါ သည်။မလှလှဝင်းသည် ဒီမိုကရက်တစ်မြန်မာ့အသံအတွက် မကွေးတိုင်းပခုက္ကူမြို့ ဘုန်းကြီးကျောင်းတခုတွင်သံဃာတော်များအား တွေ့ဆုံမေးမြန်းပြီးအပြန် ၂၀၀၉ ခုနှစ် စက်တင်ဘာလ၁၁ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး။အောက်တိုဘာလ ၆ ရက်နေ့တွင်မလှလှဝင်းနှင့် အဖော်ဖြစ်သူကိုမြင့်နိုင်တို့အား ပခုက္ကူတရားရုံးမှတရားမ၀င် တင်သွင်းထားသည့်မော်တော်ဆိုင်ကယ် ပိုင်ဆိုင်မောင်းနှင်မှုနှင့်ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါသည်။
ထောင်တွင်း၌ညှဉ်းပမ်းနှိပ်စက် စစ်ကြောပြီးသည့်အခါသူတို့နှစ်ဦးအား အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ အရ တားမြစ်ပိတ်ပင်ထားသည့်အီလက်ထရောနစ်ပစ္စည်းများအားအသုံးပြုကာ နိုင်ငံတော်အားဆန့်ကျင်သည့် သတင်း အချက်အ လက်များ အား ပြည်ပသို့ပေးပို့မှုဖြင့်ထပ်မံတရားစွဲဆို ခဲ့ပါသည်။ယခုအခါတွင် မလှလှဝင်းသည်ထောင်ဒဏ် စုစုပေါင်း ၂၇ နှစ်ကျခံနေရသည်။
ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်ပြည့်စုံသည့်ရွေးကောက်ပွဲတခုအတွက်လွတ်လပ်သောသတင်း မီဒီယာများ လိုအပ်ပါသည်။ သတင်းနှင့် စာနယ်ဇင်းသမားများအားဖမ်းဆီးနှိပ်စက်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့်ထောင်သွင်း အကျဉ်းချခြင်းတို့သည် စစ်အစိုးရမှပြောဆိုနေသော ဒီမိုကရေစီလမ်းကြောင်းနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည့်အပြင် မည်သည့်နည်းနှင့်မဆို အာဏာဆက်လက် ကိုင်စွဲထားရန် ကြိုးပမ်းမှုတခုအဖြစ်သိသာထင်ရှားနေပါသည်။

စစ်အစိုးရအားဆန့်ကျင်အတိုက်အခံလုပ်ခြင်း၏နောက်ဆက်တွဲများ
စစ်အစိုးရမှ၎င်း၏ဒီမိုကရေစီလမ်းကြောင်းဟုခေါ်ဆိုသည့်နိုင်ငံရေးလမ်းပြမြေပုံအားထိခိုက်အောင် ဆန့်ကျင် ကန့်ကွက်သူနှောက်ယှက်သူ မှန်သမျှ မည်သည့်အကျိုးဆက်များခံစားရမည်ဆိုသည်ကို ရက်ရက်စက်စက်ဖိနှိပ်ခြင်း ထောင်ဒဏ် နှစ်ရှည်ချခြင်းများဖြင့် နမူနာ ပြခြိမ်း ခြောက်ခဲ့ပါသည်။ အခြေခံဥပဒေမူကြမ်း ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမည်ဟု ကြေညာပြီးသည့်နောက် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် စစ်အစိုးရမှ ပြည်သူ့ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် ဥပဒေ ၁/၂၀၀၈ အားထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုဥပဒေအရ ဆန္ဒ ခံယူ ပွဲအား နှောက်ယှက်သူ၊ နှောက်ယှက်ရန်ကြံသူ၊ ဆန့်ကျင် စာရွက်စာတမ်းဖြန့်ဝေသူ ပိုစတာကပ်သူများအား ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု ထုတ်ပြန်ထားပါသည်။ ထိုဥပဒေထုတ်ပြန်၍ ပြည်သူများအားဆန္ဒခံယူပွဲအား မကန့်ကွက်နိုင်စေရန်၊ ကန့်ကွက်မဲ ပေးရန် လှုံ့ဆော်မှုများ မပြုနိုင်ရန် တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ပါသည်။

၂၀၀၈ခုနှစ် မေလတွင် ကျင်းပခဲ့သော၂၀၀၈ အခြေခံဥပဒေမူကြမ်း ပြည်သူ့ဆန္ဒခံယူပွဲများ ကျင်းပသောအခါအဖမ်းအဆီး အနှိပ်အကွပ် များလှသော်လည်းဆန့်ကျင်မဲပေးရေး လှုပ်ရှားမှုပေါင်းများစွာဖြစ်ပေါ်ခဲ့ပါသည်။ ဆန့်ကျင်မဲပေးရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အဖမ်းခံရသူ အကျဉ်းချခံရသူပေါင်း၇၉ ဦးအား အေအေပီပီမှ မှတ်တမ်းတင်စာရင်းပြုစုထားပါသည်။ ဆန့်ကျင်မဲပေးရေး လှုပ်ရှားမှု သည်ပြည်သူလူထုအား ၄င်းတို့၏ အခြေခံနိုင်ငံရေးအခွင့် အရေးများ အားလက်တွေ့ကျင့်သုံးတတ်စေရန်အားပေးရင်း မတရားသည့် ၂၀၀၈ခုနှစ် အခြေခံဥပဒေအား ကန့်ကွက်မဲပေးရန်ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်လှုံ့ဆော်သည့် လှုပ်ရှားမှုဖြစ်ပါသည်။

ယခုလက်ရှိတွင် ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီးအကျဉ်းကျနေသူ အနည်းဆုံး ၂၂ဦး ထောင်ထဲတွင် ရှိနေဆြဲဖစ်ပါ သည်။

စစ်အစိုးရ၏ မည်သည့်အတိုက်အခံကိုမျှ သည်းမခံပဲ ဖိနှိပ်ခြင်းအား နာဂစ်မုန်တိုင်းအပြီး မုန်တိုင်းဒဏ်ခံ ပြည်သူများအား ကူညီ စောင့်ရှောက် ရန်ကြိုးပမ်းသည့် စေတနာ့ဝန်ထမ်း ၂၁ ဦးအား ဖမ်းဆီးအကျဉ်းချထားခြင်းအား သာဓကအဖြစ် ကြည့်နိုင်ပါသည်။ မုန်တိုင်းတိုက်ခတ်အပြီး စစ်အစိုးရမှ ပြည်သူများအား ကူညီထောက်ပံ့စောင့်ရှောက်ရန် ပျက်ကွက်ခဲ့ချိန်တွင် သာမန်ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများမှ စစ်အစိုးရလုပ်ဆောင်ရန်ပျက်ကွက်သည်များအား ၀င်ရောက်လုပ်ကိုင်ကူညီရန် ကြိုးစားလာကြပါသည်။

နိုင်ငံရေးလှုပ်ရှားမှုနှင့်မည်သို့မျှမသက်ဆိုင်သည့် သေဆုံးသူများ၏ ရုပ်ကလာပ်များအား လိုက်လံကောက်ယူကာ မြှုပ်နှံသဂြိုလ် ပေးခြင်းများ၊ မုန်တိုင်းဒဏ်ခံပြည်သူများအား ထောက်ပံ့ကူညီခြင်းများအတွက် အချို့ စေတနာ့ဝန်ထမ်း များသည် ထောင်ဒဏ် ၃၅ နှစ်အထိ ချမှတ်ခြင်းခံခဲ့ကြရပါသည်။ ဒေါက်တာနေ၀င်းနှင့် သမီးဖြစ်သူ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ မဖြိုးဖြိုးအောင် အပါအ၀င် စေတနာ့ဝန်ထမ်း ၂၁ ဦး အကျဉ်းကျနေဆဲဖြစ်ကြပါသည်။

ညှဉ်းပမ်းနှိပ်စက်မှုများ
၂၀၁၀ခုနှစ်တွင်လည်း စစ်အစိုးရ၏နိုင်ငံရေးလှုပ်ရှားသူများအပေါ်ညှဉ်းပမ်းနှိပ်စက်မှုများဆက်လက် ရှိနေဆဲ ဖြစ်ပါသည်။အေအေပီပီမှ မှတ်တမ်းပြုဖော်ထုတ်ထားသည့် လတ်တလောတွေ့ရှိချက်များအရညှဉ်းပမ်းနှိပ်စက်မှုများမှာပို၍ပင် ပြင်းထန်ရက်စက်လာပါသည်။ ညှဉ်းပမ်းနှိပ်စက်မှုဒဏ် ခံစားရသူများနှင့်၎င်းတို့၏ မိသားစုဝင်များမှဖွင့် ဟချက်များအရ အာဏာပိုင်များသည် ၄င်းတို့ချုပ်နှောင် ထိန်းသိမ်းထားသည့် နိုင်ငံရေးလှုပ်ရှားသူများ အပေါ်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတင်မကလိင်ပိုင်းဆိုင်ရာ ညှဉ်းပမ်း နှိပ်စက်မှုများ ကိုပါကျူးလွန်လျှက်ရှိကြောင်းတွေ့ရသည်။ အကျဉ်းသားများအတွက် အခြေခံအကျဆုံးသော ကာကွယ်ပေးမှုမှာညှဉ်းပမ်းနှိပ်စက်မှုမှ ကာကွယ်ပေးခြင်းပင်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေများအရစစ်အတွင်းကာလဖြစ်စေ၊ ပြည်တွင်းမငြိမ်မသက်ဖြစ်နေသည့် ကာလဖြစ်စေ၊ တိုင်းပြည်တွင် အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလဖြစ်စေ မည်သည့်ညှဉ်းပမ်းနှိပ်စက်မှုမျိုးမဆိုဥပဒေမဲ့ လုပ်ရပ်ပင်ဖြစ်သည်ဟုအတိအလင်းဖော်ပြထားပါသည်။

စစ်အစိုးရမှ ဆက်တိုက်ကျူးလွန်နေသည့်ရက်စက်ပြီး လူမဆန်သည့် ညှဉ်းပမ်းနှိပ်စက်မှုများသည်အပြည်ပြည်ဆိုင်ရာ ဥပဒေအား စစ်အစိုးရမှ လုံးဝ လေးစားလိုက်နာခြင်းမရှိကြောင်း ပြသနေပါည်။ ထို့အပြင် ညှဉ်းပမ်းနှိပ်စက်မှု ကျူးလွန်သူများအားလည်း အပြစ်ပေး အရေးယူခံရခြင်းမှကင်းလွတ်ခွင့်ရရှိရန် စစ်အစိုးရမှတာဝန်ခံပေးထားကြောင်းတွေ့ရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အများအပြားသည်လည်း ၂၀၁၀ ခုနှစ်အတွင်း ညှဉ်းပမ်းနှိပ်စက်ခံရသူများ ထဲတွင် ပါဝင်နေပါ သည်။ ၂၀၁၀ ခုနှစ် ဧပရယ်လ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ဦးသန်းမောင်သည် စစ်တပ်နှင့်ရဲမှ ညသန်းခေါင်အချိန်တွင် လာရောက်ဖမ်းဆီးသည်ကိုသာမက မိသားစုဝင်များရှေ့ ၄င်း၏အိမ်၏အိမ်တွင်ပင် နှိပ်စက် ညှဉ်းပမ်း ရိုက်နှင်ခြင်းခံခဲ့ရပါသည်။ အာဏာပိုင်များမှ မည်သည့်ခွင့်တောင်းခြင်းမျှမရှိပဲ အိမ်တွင်းသို့ ပိုင်စိုးပိုင်နင်းဝင်ရောက်လာပြီး ဧည့်စာ ရင်းစစ်ခြင်းဖြစ်ပါသည်။

သြဂုတ်လအတွင်းတွင်နိုင်ငံတော်ပုန်ကန်မှုဖြင့်စွဲဆိုကာ အကျဉ်းချခံရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တဦးဖြစ်သူ ကိုဌေး အောင်သည် စစ်ကြောရေးကာလအတွင်းညှဉ်းပမ်း နှိပ်စက်မှုများဒဏ်ကြောင့်နားတဖက် အကြားအာရုံထိခိုက်သည့်ဝေဒနာအားခံစား နေရပါသည်။ ကိုဌေးအောင်၏ညီမဖြစ်သူမစန်းစန်းအေးမှအာဏာပိုင်များက ကိုဌေးအောင်အား အချုပ်ခံထားရသည့် ကာလတလျှောက်လုံး ဆေးကုသခွင့် မပေးသည့်အပြင်မိသားစုမှ ဆေးဝါးပို့ပေးခွင့်လည်း မပြုခဲ့ကြောင်း ပြောပြပါသည်။ဆရာဝန်မှ ကိုဌေး အောင် ၏ နားစည်သည်ပေါက်နေပြီ ဖြစ်သောကြောင့်ခွဲစိတ်ကုသမှု ပြုရမည်ဖြစ်ကြောင်းအာဏာပိုင်များအား အသိပေးခဲ့ သော်လည်းအာဏာပိုင်များမှ လျစ်လျူရှုခဲ့ပါသည်။

စစ်အစိုးရအနေဖြင့် အတိုက်အခံများအား နှိပ်ကွပ်ရန် အခြားသောအကြမ်းဖက် နည်းလမ်းများအားလည်း အသုံးပြုပါသည်။ နိုင်ငံရေးအတိုက်အခံများသည် စစ်အစိုးရမှဖွဲ့စည်းပေးထားသော ကျောထောက်နောက်ခံပြုထားသော လက်ကိုင်တုတ်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများအားလည်း ရင်ဆိုင်ကြရပါသည်။ မေလ ၆ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ကိုချစ်တင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင် နှစ်ဦး၏ အကြမ်းဖက်တိုက်ခိုက်မှုခံရပြီးနောက် တလကျော်ကြာအောင် ဆေးရုံတက်ကုသခဲ့ရပါသည်။

မြန်မာနိုင်ငံအတွင်းတွင် နှိပ်စက်ညှဉ်းပမ်းခံရသည်မှာ နိုင်ငံရေးအကျဉ်းသားများသာ မဟုတ်ပါ။ ၂၀၁၀ ခုနှစ်အတွင်း အေအေပီပီမှနိုင်ငံရေးအမှုမဟုတ်သော အခြားအမှုများတွင်လည်း ထိန်းသိမ်းခံရသူများ နှိပ်စက်ခံရသည့်သတင်းများ ရရှိခဲ့ပါသည်။ ပဲခူးမြို့တွင် လူ ၆ ဦး ရဲ၏ ကိုယ်ထိလက်ရောက်စော်ကားမှုအပြင်အချုပ်ခံနေရစဉ်အတွင်း လိင်အင်္ဂါများအား မီးနှင့်တို့ခြင်းအပါအ၀င်ညစဉ်ညတိုင်း လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသာမက သာမန် ပြည်သူများ ကိုပါ ညှဉ်းပမ်းနှိပ်စက်မှုများအား သတိပေးချက်အနေဖြင့် အသုံးပြုပါသည်။ ၄င်းတို့၏ အခြေခံ လူ့အခွင့်အရေးများအား အသိအမှတ်ပြုခြင်း အာမခံခြင်းမျိုးမရှိကြောင်းနှင့် လွတ်လပ်အေးချမ်းလုံခြုံသည့် လူမှု ပတ်ဝန်းကျင်တွင် နေနေရခြင်း မဟုတ်ကြောင်း ထိုအချက်က သက်သေပြနေခြင်းဖြစ်ပါသည်။

ထောင်ပြောင်းမှုများ
နိုင်ငံရေးအကျဉ်းသားများအားမိသားစုနှင့် ဝေးလံသောနယ်စွန်နယ်ဖျား ထောင်များသို့ထောင်ပြောင်းခြင်းများ ၂၀၀၉ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်းတွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှစ၍ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၂၇၅ ဦး ငှက်ဖျားဧရိယာအတွင်း တည်ရှိပြီး ရာသီဥတုကြမ်းတမ်း၍ ဆရာဝန်မရှိသော နယ်စွန်နယ်ဖျား ထောင်များသို့ ထောင်ပြောင်း ခံခဲ့ကြရ သည်။ ထိုထောင်များတွင် ဆေးဝါးပစ္စည်းမပြည့်စုံသည့် အပြင်ထောင်အာဏာပိုင်များအား လာဘ်ထိုးမှ ဆေးဝါးသွင်းခွင့်ရပါသည်။ ပုံမှန်အားဖြင့် မိသားစုများအနေ ဖြင့်အကျဉ်းကျနေသူအား အစားအစာနှင့် ဆေးဝါး ထောက်ပံ့ခွင့်ရှိပါသည်။ ဝေးလံသော ထောင်များသို့ ထောင်ပြောင်းလိုက်ခြင်းသည်မိသားစုမှ ထောက်ပံ့နေသည့်အစားအစာနှင့်ဆေးဝါးအား ပိတ်ပင်တားဆီးဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။ ထောင်ပြောင်းလိုက်ခြင်းသည် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအစားအသောက် ဆေးဝါး ပြတ်တောက်စေသည် သာမကမိသားစုများအားလည်း အခက်အခဲမျိုးစုံကြုံ တွေ့စေပြီးစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်အောင် အစီအစဉ်ရှိရှိ ပြုလုပ်ခြင်းဖြစ်သည်။

၂၀၀၉ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၇၁ ဦး နှင့် ၂၀၁၀ ခုနှစ်တွင်နိုင်ငံရေးအကျဉ်းသား ၃၀ ဦးနယ်စွန်နယ်ဖျား ထောင်များသို့ ထောင်ပြောင်းခံခဲ့ရပါသည်။
အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးချို့ယွင်းနေသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဗိုလ်ချုပ် ဆေထင်အား ၂၀၁၀ခုနှစ် သြဂုတ်လ အတွင်း၌ တပတ်အတွင်းထောင်သုံးထောင် ပြောင်းခဲ့သည်ကို ထင်ရှားသည့်သာဓကအဖြစ် မြင်တွေ့နိုင်ပါသည်။ အသက် ၇၄ နှစ်အရွယ် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဗိုလ်ချုပ်ဆေထင်သည် လက်ရှိတွင်ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရပါသည်။

သြဂုတ်လ၂ ရက်နေ့တွင် ဗိုလ်ချုပ်ဆေထင်အား ခန္တီးထောင်မှ မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ပါသည်။ထိုမှ တဖန် သြဂုတ်လ ၅ ရက်နေ့တွင်အိုးဘိုထောင်မှ ရန်ကုန် အင်းစိန်ထောင်သို့ ပြောင်းပါသည်။ ထို့နောက် အင်းစိန်မှ ထောင်ဆရာဝန်မရှိသည့်စစ်တွေထောင်သို့ ပို့ဆောင်လိုက်ပါသည်။ ဗိုလ်ချုပ်ဆေထင်သည် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် မျက်စိတိမ်စွဲသည့်ဝေဒနာများ ခံစားနေရသူ ဖြစ်သော်လည်း အာဏာပိုင်များမှ ၄င်းဝေဒနာများ အတွက်ဆေးကုသခွင့်အား အဆက်မပြတ် ငြင်းဆန်နေခဲ့ပါသည်။

ဗိုလ်ချုပ်ဆေထင်၏သမီးဖြစ်သူ ဒေါ်နမ်းခမ်းပေါင်ထောင်ဝင်စာသွားတွေ့သည့် အခါတွင်ထောင်ပြောင်းစဉ်က လမ်းတလျှောက်လုံး ဗိုလ်ချုပ် ဆေထင်အား သံခြေကျင်းခတ်ထားသည့်အပြင်လက်အဆစ်လွဲသည့်တိုင် ဆေးကုသမှုလုံးဝမပေးသည်ကို သိရှိခဲ့ရသည်။ ယခုကဲ့သို့ အသက်အရွယ် ကြီးရင့်သူဝါရင့်ရှမ်းတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တဦးအား အသက်အန္တရာယ် ထိခိုက်နိုင်သည့် တိုင်အောင်နှိပ်စက်ညှဉ်းပမ်းမှုသည် နအဖစစ်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးစုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရန်အတွက်မည်သည့် ရည်ရွယ်ချက်နှင့် စိတ်စေတနာကောင်းမှမရှိကြောင်း ပြဆိုနေပါသည်။

ကျန်းမာရေးပြသနာများ
၂၀၀၉ခုနှစ် မေလတွင် အေအေပီပီမှမြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများရင်ဆိုင်နေရသည့် ကျန်းမာရေးပြသနာများ၊ အာဏာပိုင်များမှ ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းနှင့် ဆေးကုသခွင့် ငြင်းပယ်ခြင်းများ အားဖော်ပြထား သည့် အစီရင်ခံစာတစောင်ထုတ်ဝေခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေများသည်၂၀၁၀ ခုနှစ်ထဲတွင်လည်း တိုးတက်လာခြင်းမရှိသည့် အပြင်စနစ်တကျ ကျူးလွန်နေသည့် ညှဉ်းပမ်းနှိပ်စက်မှု၊ နှစ်ရှည်ထောင်ဒဏ်များ၊ ဝေးလံခေါင်ဖျားဒေသ များသို့ ထောင်ပြောင်းခြင်းများနှင့်ဆေးကုသခွင့်ပေးရန် ငြင်းဆန်မှုများသည် အခြေအနေကို ပိုမိုဆိုးဝါးစေပါသည်။

ဗိုလ်ချုပ်ဆေထင် ကဲ့သို့ပင် ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှုမရသည့်အပြင် ဆေးဝါးကုသခွင့်ပါ ငြင်းပယ်ခံနေရသူ ဦးတင်ယု ၊ကိုမြအေးနှင့် ဦးခင်မောင်ချိုကဲ့သို့နိုင်ငံရေး အကျဉ်းသားပေါင်းအနည်းဆုံး ၁၄၂ ဦးရှိနေပါသည်။၎င်းတို့မှာ မိသားစုများနှင့်ဝေးရာ နယ်စွန်နယ်ဖျား ရှိထောင်များသို့ထောင် ပြောင်းခံထားရသူများဖြစ်ကြပါသည်။ ထိုနိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေ အားအေအေပီပီမှ အထူးစိုးရိမ်မိပါသည်။ ထိုသူများအနေဖြင့် ပြည့်စုံလုံလောက်သင့်တော်သည့် ဆေးဝါးကုသမှု အချိန်မီမရရှိပါက အသက်ရှင် လျက် ထောင်မှ ပြန်လွတ်နိုင်မည်မလွတ်နိုင်မည် ဆိုသည်မှာသံသယဖြစ်ဖွယ်ရှိပါသည်။

နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌သေဆုံးမှုများ
၂၀၁၀ခုနှစ် မေလတွင် အသက် ၃၉ နှစ်အရွယ်နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုးသည်ထောင်၏ဆိုးဝါးလှသည့် အခြေအနေများ ကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာများ ခံစားနေရသော်လည်းထောင်အာဏာပိုင်များမှ ဆေးဝါးကုသမှုမပေးခဲ့သဖြင့် မြင်းခြံ ထောင်တွင်း၌အသက်ဆုံးရှုံးခဲ့ရပါသည်။ ကိုကျော်စိုး သည်ညှဉ်းပမ်းနှိပ်စက်မှု၊ အစားအစာချို့တဲ့ဆင်းရဲမှုနှင့် ဆေးဝါးကုသမှုပြည့်စုံ လုံလောက်စွာမရရှိခြင်းတို့ကြောင့် ၁၉၈၈ ခုနှစ်မှစတင်၍ ထောင်တွင်း၌၁၄၄ ဦးမြောက်သေဆုံးခဲ့သူ နိုင်ငံရေးအကျဉ်းသားဖြစ်သည်။

ကိုကျော်စ
Assistant Association for Political Prisoners (Burma)
Office Ph: 66-55-545495
Web: http://www.aappb.org, http://www.fbppn.net

"There can be no national reconciliation in Burma, as long as there are
political prisoners."

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်