နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နှစ်ပေါင်းငါးဆယ်နီးပါး နေထိုင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်တစ်လောက အလည်ပြန်လာရင်နဲ့ အိမ်ကိုရောက်ချလာပါတယ်။ ခုနှစ်ဆယ်အရွယ် အဘိုးကြီးနှစ်ယောက် မင်းတစ်လုံးငါတစ်လုံးနဲ့ စကားတွေ အားရ ပါးရ အကြာကြီးပြောကြပါတယ်။
-
နန်းတော်တိုင်ဖက် မွေးသူ
သူက အများဆုံးပြောသူပါ။ ငယ်စရိုက်ကတော့ သေတဲ့အထိပျောက်မှာ မဟုတ်ပါဘူး။ ငယ်ငယ်တည်းကလည်း မောင်းကွဲသံကြီးနဲ့ စကား တဖောင်းဖောင်း ပြောတတ်သူ ဖြစ်ပါတယ်။ “ဟေ့ကောင်ကြီး၊ ဗမာစကားပြောတတ်သေးရဲ့လား” လို့ ကျီစယ်တော့ “နန်းတော်တိုင် ဖက်မွေးတဲ့ မန္တလေးသား စစ်စစ်ပါကွ၊ ဘယ်ရောက် နေနေ ဗမာဟာ ဗမာပါပဲ” လို့ မောင်းကွဲသံကြီးနဲ့ ပြန်ဖြေတယ်။ နောက်တော့ ဗမာ စကားတွေကို မြိန်ရေရှက်ရေနဲ့ မနားတမ်း ပြောပါတော့တယ်။ သူအသက်လည်း ခုနစ်ဆယ်ရှိပါပြီ။ အလုပ်ဆက်လုပ်နေ သေးတယ်လို့ ပြောပြတယ်။ သူကစိတ်အထူးဆရာဝန်ကြီးပါ။ ဆေးရုံက အနားယူလိုက်ပြီ ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး ဆက်လုပ်နေတာဖြစ်တယ်။
နှစ်ငါးဆယ်ကွက်လပ်
ငယ်သူငယ်ချင်းတွေဆိုတော့ ပြောစရာတွေ မကုန်နိုင်ဘူး။ သူ့အကြောင်းကိုကမေး။ ကိုယ့်အကြောင်း သူကမေးနဲ့ မပြီးနိုင်တော့ဘူး။ နှစ်ငါးဆယ်နီးပါး ကွက်လပ်ကြီး ဖြစ်နေခဲ့တာ မဟုတ်လား။ သူ့မှာ သားတစ်ယောက်၊ သမီးနှစ်ယောက် ရှိပြီး သုံးယောက်စလုံး၊ အလုပ်ကိုယ်စီ၊ အိမ်ထောင်ကိုယ်စီနဲ့ တစ်နေရာစီနေကြ လို့အဘိုးကြီး၊ အဘွားကြီးနှစ်ယောက်တည်း ရှိနေတဲ့အကြောင်း၊ မြန်မာပြည်ကို တစ်ခါတော့ အရောက်ပြန်မယ်လို့ ရည်မှန်းထားတဲ့အတိုင်း လင်းမယားနှစ်ယောက် ထွက်လာခဲ့ကြတာ ဖြစ်ကြောင်း၊ ဒီနေရာရှိ၊ မရှိ မသေချာလို့ ဇနီးကို ဟိုတယ်မှာ ထားခဲ့ကြောင်း၊ နောက်တစ်ခေါက်မှ ခေါ်လာမယ်ဆိုတဲ့ အကြောင်းတွေလည်း ဆက်တိုက်ပြောသွားတယ်။ နည်းနည်းလေးမှ မောပုံပန်းပုံမပေါ်ပါဘူး။
ရင်းနှီးမှု ခံစားချက်
အဲဒီနေ့က သူသုံးနာရီလောက်ကြာနေပြီး စကားတွေ ဖောင်းနေအောင်ပြောသွားတယ်။ ပြန်ကာနီးတော့“သူငယ်ချင်းကလည်း အရင်တိုင်း ပဲ၊ ဘားမှမပြောင်းလဲဘူး။ သူယ်ချင်းအိမ်ကလည်း ဘာမှမပြောင်းလဲဘူး။ အဲဒါလေးကိုက ချစ်စရာကောင်းနေတာ” လို့ပြောသွားတယ်၊ ဟုတ်မှာပေါ့ သူတို့ဆီကမှာတော့ နေစဉ်နဲ့အမျှ တစ်ခုပြီးတစ်ခု ပြောင်းလဲနေတာဆိုတော့ Homely atmosphere ဆိုတဲ့ ရင်းနှီးကျွမ်းကျင်ဝင်မှု၊ ခံစားမှုမျိုး ဘယ်ရနိုင်မှာလဲ။ အိမ်နီးနားချင်းတွေဆိုတာလည်း ခဏခဏ အသစ်ဖြစ်နေကြမှာပေါ့။ တိုးတက်ဖွံ့ဖြိုးမှု နှေးကွေးတာ ကောင်းတဲ့အချက်လည်းရှိတယ်။ ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်ရပ်ကွက်ဆိုတဲ့ ရင်းနှီးမှုခံစားချက်တွေ ပျောက်ကွယ်မသွားဘူး၊ ကျေနပ်ဖွယ်ဖြစ်တယ်။
အိမ်လွမ်းစိတ်တော့ ရှိမှာပါ
သူငယ်ချင်းက မန္တလေးသားဆိုတော့ တစ်ပြပတ်လည်ဝင်းကြီးတွေထဲမှာ တစ်အိမ်နဲ့တစ်အိမ် ဆွေတွေမျိုးတွေလို ကုးလူး ဆက်ဆံ နေ ခဲ့ကြပုံ တွေ ကို မမေ့ဘူး ထင်ပါတယ်။ မန္တလေးမှာတော့ သူအိမ်က ထမင်းဝိုင်း ၀င်နှိုက်လိုက်၊ ကိုယ့်အိမ်က ထမင်းဝိုင်း သူဝင် စားလိုက် နဲ့ ပျော်စရာကြီး မဟုတ်လား။ ကိုယ်တော်င ခဏခဏ မန္တလေးကို လွမ်းနေတာ၊ အဝေးကြီးရောက်နေတဲ့သူဆို ပိုလွမ်းမှာပါ။ လွမ်းရင်ဘာဖြစ်လို့ ပြန်မလာဘဲနေသလဲလို့ အပြစ်အတင်ချင်ပါဘူး။ ပျော်ရာမှာ မနေရတောရာမျာ နေရဆိုတဲ့ စကားအရှိသားပဲ။ သူလည်း သူအကြောင်းနဲ့သူ ပြန်မလာနိုင်တာ ဖြစ်မှာပေါ့။ ပြန်မလာချင်းပေမယ့် အိမ်လွမ်းစိတ်တော့ ရှိနေမှာ သေချာတယ်။
နှစ်ငါးဆယ်အိပ်မက်
“ဘယ်နေရာရောက်နေနေ ဗမာာဟာ ဗမာပါပဲ” လို့ သူပြောခဲ့သလို၊ ဗမာစိတ်ကတော့ ပျောက်မသွားနိုင်ပါဘူး၊ ကိုယ့်ရပ် ကိုယ့်ရွာကို မပြန်ချင်တဲ့သူ ရှိပါ့မလား။ သူလည်း ပြန်ချင်မှာပါ။
မြန်မာနိုင်ငံကို အာရှတိုက်ရဲ့ အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံအဖြစ်အမြန်ဆုံးရောက်စေချင်ပါတယ်။ မဖြစ်နိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ သယံဇာတ လူအင်းအား၊ ဥာဏ်ရည်ဥာဏ်သွေး ကျွန်တော်တို့မှာ အားလုံးပြည့်စုံပါတယ်။
တစ်ခုတည်းသော ဆန္ဒ
ဒီနေ့ ဒီအချိန်မှာတော့ ပြီးခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်နဲ့ မတူတော့ဘူး။ တစ်တုင်းပြည်လုံးမှာ ရှိကြတဲ့ လှည်းနေလှေအောင်း၊ မြင်းဇောင်း မကျန် လူကြီးလူငယ် အားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး တူညီတဲ့ လမ်းကြောင်းတစ်ခုတည်းအပေါ်မှာ ရပ်တည် နေမိကြပြီး၊ ဒီအခြေအနေမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး၊ အခုအချိန်မှာ တစ်နိုင်ငံလုံးရဲ့ တစ်ခုတည်းသော ဆန္ဒက တိုင်းရင်းသားအားလုံး တန်းတူ ညီတူမျှ လွတ်လပ်ပြီးချမ်းသာယာတဲ့ တရားဥပဒေစိုးမိုးမှုရှိပြီး ဗြဟ္မစိုရ်တရားထွန်းကားတဲ့ ဒီမို ကရေစီနိုင်ငံတော်သစ် ထူထောင်ရေး သာဖြစ်တယ်။
လမ်းကြောင်းအမျိုးမျိုး လျှောက်ခဲ့ကြ
လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် မတူညီတဲ့ လမ်းကြောင်း အမျိုးမျိုး ကို လျှောက်လှမ်း ခဲ့ကြတယ်။ အခုအချိန်မှာတော့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသာမက အုပ်ချုပ်တဲ့အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းမယ်လို့ အတိ အလင်း ကြေညာထားခဲ့တယ်။ မရှိခဲ့ဖူးတာ အမှန်ဖြစ်တယ်။
အကျိုးမျှော်လို့
ဒီအခြေအနေဟာ တိုင်းပြည်အတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်တယ်။ နှစ်ငါးဆယ်လောက် ကာလအတွင်း မရစဖူးကို လက်လွတ်မ ခံ ဘဲ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လူတန်းစား အလွှားအသီးသီး တို့ရဲ့ ခိုင်မာသိပ်သည်းပြီး တန်းတူညီမျှတဲ့ အမျိုးသား အင်အား စုကြီး တစ်ရပ် ပေါ်ထွန်းလာအောင် တက်ညီ လက်ညီ ကြိုးပမ်း အားထုတ်ကြပါစို့လို အကျိုးမျှော်လို့ နှိုးဆော် လိုက်ရပါတယ်။
လူထု ဦးစိန်ဝင်း စောင့်ကြည့်ဂျာနယ်- အတွဲ ၆- အမှတ် ၁၉

No comments:
Post a Comment