Wednesday, December 29, 2010

"ဆေးကု၍ မရတော့ပါ".

နိုင်ငံတနိုင်ငံမှာ ကျန်းမာရေးကဏ္ဍကို မည်သူတာဝန်ယူရပါသလဲ၊ တာဝန်ယူမှုရော အမှန်တကယ် ရှိပါရဲ့လား၊ ဆေး လုံးဝမရှိသော ဆေးရုံ၌ ဆရာဝန်၊ ဆရာမ ဆိုသည်မှာ မည်သည့်အဓိပ္ပာယ် သက် ရောက်ပါသလဲ။

မြန်မာနိုင်ငံ၌ ဆေးရုံရှိပေမယ့်လည်း ဆေးမရှိပါ။ ဆေးရုံတွေမှာ ဆ ရာဝန်တွေရှိပေမယ့် ဆေးမရှိတဲ့အတွက် ဆေးကုသဖို့အခက်အခဲ တွေ ရှိနေပါတယ်။ ပိုက်ဆံ တတ်နိုင်တဲ့လူတွေကတော့ ကိုယ့်ဆေး ကိုယ်ဝယ်နိုင်တဲ့အတွက် ဆေးကုသပြီး ရောဂါပျောက်ကင်းနိုင်ပေ မယ့် ပိုက်ဆံမတတ်နိုင်သူတွေအဖို့ ဆေးမဝယ်နိုင်တဲ့အတွက် လူပါ ပျောက်သွားကြရပါတယ်။

မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်အတွင်းက ကျမရဲ့သမီး အငယ်မလေး ဝမ်းသွားလို့ကလေးဆေးရုံကို သွားရပါတယ်။ ကျမရဲ့သားကြီးကိုတော့ သူ့ကြီးတော်အိမ်ကို ပို့ထား။ ကလေးနဲ့ကျမတို့လင်မယား ဆေးရုံကိုပြေးရပါတယ်။ ဆေးရုံရောက်တော့ တာဝန်ကျဆရာမက ဆေးရုံ တက်ဖို့ လိုတယ်ဆိုလို့ ကလေးကို ဆေးရုံတင်ရပါတယ်။

ကျမတို့တက်ရမယ့် Word ကိုရောက်တော့ တာဝန်ကျဆရာမက ကျမတို့ကို ဆေးဝယ်ဖို့ တတ်နိုင်လားလို့ မေးပါတယ်။ ကျမတို့က ဝယ် နိုင်တယ်ဆိုတော့ ဆေးစာရေးပေးပါတယ်။ ဓာတ်ဆားကစပြီး ဆပ်ပြာအထိ အကုန်ဝယ်ရပါတယ်။ ကလေးအဖေက သွားဝယ်နေတုန်း ကျမက နေရာချဖို့ ကြိုးစားရပါတယ်။

လူနာအရေအတွက်နဲ့ ကုတင်အရေအတွက် မညီမျှလို့ ကုတင်မရတဲ့ လူတွေ အတော်များပါတယ်။ ကျမလည်း ကုတင်မရပါဘူး။ ဒီတော့ ကလေးနဲ့ အထုပ်အပိုးတွေနဲ့ ယောင်ချာချာ ဖြစ်နေပါတယ်။ ကလေးအဖေ ပြန်ရောက်လာတော့ ဆေးဘိုးက ကျပ် ၂ သောင်းလောက် ကျတယ်ပြောပြီး ပခုံးတွန့်ပြပါတယ်။ ကျမတို့နှစ်ယောက် တယောက်ကအထုပ်အပိုးစွဲ နောက်တယောက်က ကလေးချီပြီး မတ်တတ်ရပ် နေရပါတယ်။

ကျမတို့ ၂ ယောက်ရဲ့ အဖြစ်ကိုကြည့်ပြီး ဘဝတူမိခင်တဦးက အကြံပေးပါတယ်။ တာဝန်ကျသူနာပြုကို ငွေ ၂၀၀၀ ကျပ်ပေးလိုက်ရင် ဘေးဘက်မှာ ခုံတန်းထိုးပေးတယ်တဲ့။ ဒါနဲ့ကျမလဲ ဆရာမဆီပြေးပြီး လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန် လုပ်ရပါတယ်။ အဲဒီတော့မှ ဧည့်ထိုင် ခုံတန်းရှည်နှစ်လုံးကို ကော်ရစ်တာမှာ ဘေးကပ်ပြီး ထိုးပေးပါတယ်။ ပြီးတော့ ဆရာမကပြောသွားပါတယ်။ မနက်ဖြန် ဆင်း ရမယ့် လူနာတွေရှိတယ်။ အဲဒီအခါကျရင် ကုတင်ရမယ်တဲ့။ ဘာပဲဖြစ်ဖြစ် အခုမှ ကျမနေရာချလို့ ရသွားတော့ စိတ်အေးသွားပါတယ်။ အချိန်ကလဲ ည ၂ နာရီထိုးနေပြီ။ သူ့အဖေကလဲ ပြန်ရမယ်၊ ဧည့်ကလဲနှင်နေပြီ၊ နေရာသာ မရရင်ကျမတော့ ဒုက္ခပဲပေါ့။

နေရာရလို့ အိပ်ပျော်နေတဲ့ကလေးကို ခဏချပြီး ဓာတ်ဆားရည်ဖျော်၊ ဆေးတိုက်ဖို့ ဆေးဖျော်လုပ်နေတုန်း သမီးက စူးစူးဝါးဝါး ငိုပါ တယ်။ ဒါနဲ့ စိတ်ပူပြီး ကလေးကိုကြည့်လိုက်တော့ ခလေးရဲ့ကျောကုန်းမှာ ကြမ်းပိုးတွေပါ။ ကျမလဲ ခလေးကို ဆေးအမြန်တိုက်ပြီးတော့ ချီထားလိုက်ရပါတယ်။ ခုံပေါ်ကိုလဲ သတင်းစာစက္ကူ တွေခင်းပြီးမှ ထိုင်လိုက်ပါတယ်။ သို့သော်လည်း ကြမ်းပိုးကတော့ မနေပါဘူး။ သ တင်းစာစက္ကူပေါ် ရောက်အောင်လာပြီး ကျမကိုတွယ်တာပါပဲ။ ကျမလဲ ကြိတ်မှိတ်ခံနေရတာ မသက်သာလှပါဘူး။

ကျမရဲ့အဖြစ်အပျက်ကို ကိုယ်ချင်းစာတဲ့ ကလေးမိခင်တဦးက သူ့သားလေးရဲ့ ကုတင်ပေါ်မှာကျမသမီး လာချထားဖို့ခေါ်ပါတယ်။ ကျမ လဲ ဟန်မဆောင်နိုင်ပါဘူး။ လက်ကလဲ အရမ်းညောင်းနေပြီဆိုတော့ သမီးကို ချထားလိုက်ပါတယ်။ ဒီလိုနဲ့ သူနဲ့ကျမ စကားတွေ ပြော ဖြစ်ပါတယ်။

သူက ကလေး ၄ ယောက်ရဲ့ မိခင်ဖြစ်တယ်တဲ့။ အခုတော့ ကလေးအကြီး ၃ ယောက်က အိမ်မှာ ကျန်ခဲ့တယ်တဲ့။ သူ့ကိုကြည့်ရတာ နွမ်း ပါးပုံရတယ်လေ။ ဒါနဲ့ ကျမက ကလေးဘာရောဂါဖြစ်လို့လဲဆိုတော့ ဝမ်းရောဂါဖြစ်တာတဲ့။ စရိတ်စကတွေ ကြီးပြီးဝင်ငွေနဲ့ ထွက်ငွေမမျှ တတဲ့ ခေတ်မှာ လင်မယား ၂ ယောက်လုံး အလုပ်လုပ်ရတယ်လေ။ သူ့ယောက်ျားက နေ့စားဆေးသုတ်သမား၊ သူက ရပ်ကွက်ထဲမှာ အဝတ်လိုက်လျော်ရတယ်တဲ့။ ၂ ယောက်လုံးမအားတော့ ကလေးအကြီးတွေက ကလေးအငယ်ကိုထိန်းရတာပေါ့။ သူတို့နေရတာက ရွှေပြည်သာက ဆင်းရဲသားရပ်ကွက်ကလေး။ ဒီတော့ တရပ်ကွက်လုံးမှာ ယင်လုံအိမ်သာ ဆောက်နိုင်တဲ့လူက နည်းတယ်။ အများအား ဖြင့်တော့ ဖြစ်သလို အိမ်သာတွေပဲ များတယ်။ ဒီတော့ ယင်ကောင်တွေက တဝုန်းဝုန်းနဲ့ပေါ့။ ကလေးက ကလေးကို ထိန်းတာဆိုတော့ အများကြီး ဘယ်နားလည်မလဲ။ ကလေးငြိမ်နေရင် ပြီးတာပဲ။ ဒါမှလဲ သူတို့ ဆော့လို့ ကစားလို့ ရတာကိုး။ အဲဒီလိုနဲ့ကလေးက ဝမ်းသွား ရော။ သူတို့ကဆေးခန်းပြရင် စရိတ်ကြီးတော့ ရပ်ကွက်ထဲက ဆိုင်ကဆေးဝယ်ဝယ်တိုက်နေတာပေါ့။ နားလည်တဲ့လူတွေက ဓာတ်ဆား တိုက်ဆိုတော့ တိုက်လိုက်တာပဲတဲ့။ ဒါပေမယ့် ဓာတ်ဆားထုပ်တထုပ်ကို ၅၀၀ ကျပ်ဆိုတော့ တထုပ်ဝယ်ပြီး ၃ ရက်တိုက်သတဲ့လေး။ နောက်ဆုံးကလေးက အန်လိုက်၊ ဝမ်းသွားလိုက်၊ ဗိုက်နာ လို့ငိုလိုက်နဲ့ ဆိုတော့ နဲနဲပါးပါး နားလည်တဲ့လူတွေက ဆေးရုံသွားခိုင်းလို့ ရောက်လာတာတဲ့။ ဆေးရုံရောက်တော့ ဆရာဝန်မကပြောတယ်တဲ့ ရှင်တို့ကလေး ကံကောင်းလို့တဲ့၊ အဲဒီတော့မှပဲ သူအရမ်းကြောက် သွားတာတဲ့။

ကျမလဲ သူပြောတာကို နားထောင်နေရင်း မောသွားမိတယ်လေ။ ဟုတ်တယ်။ မြန်မာပြည်မှာ ကျန်းမာရေးအသိပညာပေးမှု နည်းပါး တယ်။ ကျန်းမာရေးဌာန တွေက လူထုထဲအထိဆင်းပြီး ပညာမပေးနိုင်ကြဘူး။ အစိုးရက ခွင့်မပြုဘူးဆိုရင် ပိုမှန်မှာပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဂျာနယ် ၃ မျိုး ၄ မျိုးလောက် ထွက်ပေမယ့် စာစောင်တစောင်ရဲ့တန်ဖိုးက ကျပ် ၄၀၀၊ ကျပ် ၅၀၀ ဆိုတော့ လက်လုပ် လက်စားတွေ ဝယ်မဖတ်နိုင်ကြပါဘူး။ အခြေခံကျတဲ့ လူတန်းစား အတော်များများက ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိနည်းပါးကြ တယ်လေ။ ပြီးတော့ ဆေးစပ်ရောင်းတဲ့ဆိုင် အတော်များများက ဆေးပညာနဲ့ ပတ်သက်လို့ အများကြီး နားမလည်ကြဘူး။ စီးပွားဖြစ်ပြီး ရော ရောင်းတဲ့လူတွေ အတော်များများရှိတော့ အဲဒါက အန္တရာယ်ကို လက်ယပ်ခေါ်နေတာပါပဲ။

ကျမတို့စကားပြောနေတုန်း လူနာလှည်းလေးတခု ဝင်လာတယ်။ Night Duty ကျတဲ့ ဆရာဝန်တွေရော ဟောက်ဆာဂျင်တွေရော ပြာ ယာခတ်ကုန်ကြတယ်။ ဒါနဲ့ ကျမတို့လဲ စကားပြတ်ပြီး အာရုံတွေက ခုနလူအုပ်ဆီကို ရောက်သွားတယ်။ ကြည့်ရတဲ့ပုံကတော့ အရေး ပေါ် ဖြစ်ပုံရတယ်။

ဒါနဲ့ ကျမလဲ အိပ်ပျော်နေတဲ့ သမီးကိုခဏကြည့်ထားဖို့ အုပ်ထားပြီး မိန်းမတို့သဘာဝ သွားစပ်စုလိုက်ပါတယ်။ လူနာက ၆ လသားအ ရွယ်ကလေးငယ်လေးပါ။ သွေးလွန်တုပ်ကွေးဖြစ်တာတဲ့။ နှာခေါင်းထဲက သွေးစအချို့ ထွက်နေပါတယ်။ ကလေးငယ်က လှုပ်ရှားမှုလဲ မရှိပါဘူး။ ဆရာဝန်တွေကတော့ စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောပါတယ်။ သွေးသွင်းဖို့ အရေးတကြီး လိုတယ်တဲ့။ သွေးလှူဘဏ်မှာ သွေးတပုလင်းကို ၆၀၀၀ ကျပ်နဲ့ ဝယ်ရမယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒီတော့ လူနာကလေးငယ်ရဲ့ မိခင်လန့်ဖြန့်သွားပါတယ်။ ပြီး တော့မှ တိုးညှင်း အားနည်းတဲ့အသံနဲ့ ငွေ ၆၀၀၀ ကျပ် မတတ်နိုင်ကြောင်း ပြောပြပါတယ်။ ဆရာဝန်ခင်မျာ အကြံအိုက်သွားပုံရပါတယ်။ သူ့ခေါင်းပေါ်က ဆံပင်တွေကို ဖွလိုက်ပြီး ခဏဆိုပြီး လက်ပြပြီး ထွက်သွားပါတယ်။ ကလေးငယ်ရဲ့ မိခင်ခမျာ ကြိတ်ကြိတ်ရှိုက် နေတဲ့ အသံက တချက်တချက် ပျံ့လွင့်သွားပါတယ်။ အနားက သူနာပြုဆရာမကလေးက ကလေးအမေကိုနှစ်သိမ့်တဲ့အနေနဲ့ ခဏနေအုံး ဆရာဝန်ကြိုးစားနေပါတယ်လို့ ပြောလိုက်ပါတယ်။ ပြီးတော့မှ ဘေးကကြည့်နေတဲ့လူတွေကို ဒီလိုပဲ သွေးလွန်တုပ်ကွေးသမားတွေက အသည်းအသန်များတယ်။ ဒီနှစ်က သွေးလွန် တုပ်ကွေးဖြစ်နှုန်းများတယ်။ ပြီးတော့ သွေးသွင်းရတဲ့အဆင့်ကို ရောက်တဲ့လူနာများတယ် လို့ ပြောပြီး ထွက်သွားပါတယ်။

တာဝန်ကျဆရာဝန်နဲ့ ဟောက်ဆာဂျင်လေးတွေ ခေါင်းခြင်းဆိုင်နေကြပါတယ်။ သူနာပြုတွေလဲ မနေရပါဘူး။ သွေးလှူရှင်ရလိုရငြား Word ထဲကို ဝင်လာပြီး သွေးလှူရှင်လိုအပ်ကြောင်း ပြောပြပါတယ်။ ဒါပေမယ့် Word ထဲမှာက ညကြီးမိုးချုပ်ဆိုတော့ လူနာစောင့်မိခင် တွေပဲ ကျန်ရစ်တာများပါတယ်။ အဲဒီမိခင်တွေကလဲ သူတို့ရင်သွေးကို စောင့်ရှောက်ဖို့ အအိပ်ပျက်၊ အစားပျက်နေကြတဲ့ လူတွေပါ။ သွေးလှူဖို့ အဆင်သင့် မဖြစ်ကြပါဘူး။ အားလုံးကလဲ ဧည့်ချိန်တုန်းကဆိုရင် အိမ်ကလူတွေကို လှူခိုင်းလိုက်ပါတယ်။ ဘာညာနဲ့ တီးတိုး တီးတိုးပြောနေကြပါတယ်။

ဒီလိုနဲ့ ဟောက်ဆာဂျင်ထဲက ဆရာဝန်လောင်းတယောက်က သွေးလှူပေးလိုက်ပါတယ်။ ဒီလိုပါပဲ ဟောက်ဆာဂျင်တွေခမျာ ဆေးဝယ် ဖို့ အသည်းအသန်လိုရင်လဲ ဝိုင်းပြီး ငွေစိုက်ထည့်ပေးနေကြပါတယ်။ ဆရာဝန်တွေခင်မျာလဲ အစိုးရက ဆေးမပေးတော့ ဘာမှမတတ် နိုင်ဘူးဆိုပေမယ့် သူတို့ တတ်နိုင်တဲ့ဘက်ကနေပြီး လူနာတွေကို ကျိုးစားကုသပေးကြပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်တချောင်း ဆက် လက်ရှင်သန်နိုင်ခွင့်ရသွားတဲ့အတွက် အားလုံးဝမ်းမြောက်ကြပါတယ်။

ဒီလိုနဲ့ နောက်တနေ့ကျတော့ ဆရာဝန် round မလှည့်ခင်မှာ ကျမကို နေရာပေးတဲ့အမျိုးသမီးနဲ့ တခြားကုတင်က အမျိုးသမီး ၂ ဦး ပေါင်းပြီး ဓာတ်ဆားတထုပ်နဲ့ ရေသန့်တဗူးကို ဝယ်ပါတယ်။ ပြီးတော့ ဓာတ်ဆားရည်ဖျော်ပြီး တယောက်တဝက်ပိုင်းပြီး ယူလိုက်ကြပါ တယ်။ ဒါနဲ့ ကျမက ဘာဖြစ်လို့ အဲလိုလုပ်တာလဲဆိုပြီး မေးတော့မှ သူမက ရှင်းပြပါတယ်။ ဓာတ်ဆားရည်တထုပ်က ၅၀၀ ကျပ်၊ ရေ သန့်တဗူးက ကျပ် ၁၅၀။ တယောက်တည်းဆိုရင် ၆၅၀ ကျပ်ကုန်ကျမယ်။ အဲဒီလောက် အကုန်မခံနိုင်ဘူး။ ၂ ယောက်စပ်လိုက်တော့ တယာက်ကို ၃၂၅ ကျပ်ပဲ ကုန်မယ်။ အကုန်အကျသက်သာအောင်လို့ပါတဲ့။ ဆရာဝန်ကပြေထားလို့ ဓာတ်ဆားတထုပ်ကို တဝက် မခွဲရဲတော့ဘူးတဲ့။ ဒါနဲ့ ကျမကဆက်ပေးလိုက်ပါတယ်။ ဒီဓာတ်ဆားကုန်ရင်ရောဆိုတော့ ဒီနေ့အဖို့ ထပ်မတိုက်တော့ဘူးပေါ့ အမ ရယ်တဲ့။

နောက်တော့မှ တဖြည်းဖြည်း သိလာတာက သူ့ယောက်ျားက ဆေးရုံကို တနေ့ ၁ ထောင် လာပေးတယ်တဲ့။ အဲဒီငွေကို ကလေးအာဟာ ရ၊ သူ့ထမင်းဖိုး၊ ဆေးဖိုး၊ ဓာတ်ဆားရည်ဖိုး၊ သောက်ရေဝယ်ရတာတွေ အားလုံးအတွက် မျှတသုံးနေရတာတဲ့လေ။ ဒီလိုပါပဲ။ အဲဒီ Word ထဲမှာ အတော်များများက နွမ်းပါးတဲ့ သူတွေပါ။ ငွေကြေးကို ခြို့ခြံချွေတာပြီး အဆင်ပြေအောင် ကိုယ့်အထွာနဲ့ကိုယ် ကြိုးစားနေ ရပါတယ်။ ဆေးရုံဆိုတာ အဆောက်အဦတခုပဲဖြစ်ပြီး ဆေးရုံကလူနာတွေကို ဘာမှမပံ့ပိုးနိုင်ပါဘူး။

သုံးရေတောင် မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ တချိန်လာပြီး ညနေ ၅ နာရီကနေ ည ၉ နာရီအထိ တချိန်လာတာပါ။ လူ တွေ သိပ်များတော့ အိမ်သာတွေမှာ သန့်ရှင်းမှု အတော်နည်းပါတယ်။ ရေလာတဲ့အချိန်လေး ကိုယ့်မှာရှိတဲ့ ဗူးတွေ၊ ဇလုံတွေထဲကို ရေ ထည့်ထားရပါတယ်။ ရေမလာတဲ့အချိန်မှာ ကိုယ်သိမ်းထားတဲ့ရေလေးကို ထုတ်သုံးရပါတယ်။

ဒီလိုနဲ့ ကျမက ၄ ရက်နေပြီး ဆေးရုံကဆင်းရပါတယ်။ သူတို့တွေကတော့ ဆေးရုံမှာ ကျန်ရစ်ခဲ့ကြပါတယ်။ သူတို့ကလေးတွေက ကျမ သမီးထက် အခြေအနေပိုဆိုးသလို၊ ဆေးဝါးပံ့ပိုးမှုလဲ မနိုင်ကြတော့ ကလေးရဲ့အခြေအနေ တိုးတက်မှု နှေးနေပါတယ်။ ကျမပြန်တော့ သူတို့လဲ ပျင်းကျန်ခဲ့ပုံရပါတယ်။

မြန်မာနိုင်ငံမှာ ၅ နှစ်အောက်ကလေး သေဆုံးမှုနှုန်းဟာ မြင့်မားနေဆဲပါပဲ။ ဆင်းရဲမွဲတေမှုက ကျန်းမာရေးစောင့်ရှောက်မှုကို ညံ့ဖျင်းစေ ပါတယ်။ မြန်မာပြည်မှာ ယင်လုံအိမ်သာ မသုံးနိုင်သေးတဲ့ လူအတော်များများရှိနေပါသေးတယ်။ အမှိုက်စွန့်ပစ်တဲ့စနစ်ဟာ ညံ့ဖျင်းလွန်း လို့ ရန်ကုန်မြို့မှာ အမှိုက်အတော်များများ ရှိနေပါတယ်။ ယင်ကောင်ပေါက်ဖွားမှုနှုန်းထားဟာလဲ အလွန်ကောင်းမွန်ပါတယ်။ ရပ်ကွက် အတော်များများမှာ ရေနှုတ်မြောင်းတွေမစီးဆင်းတဲ့အတွက် ခြင်ပေါက်ဖွားမှုကလဲ အလွန်ကောင်းပါတယ်။

သွေးလွန်တုပ်ကွေးကာကွယ်ရေးနဲ့ပတ်သက်လို့ လိုက်လုပ်ပါတယ်ဆိုတဲ့ အမျိုးသမီးရေးရာက မိန်းမတွေဟာ အဝါရောင်ဆင်တူဝတ်ပြီး အိမ်ဝကနေ ရေလှယ်ရဲ့လား၊ ပိုးလောက်လန်းရှိသလားမေးပြီး ပြန်ထွက်သွားကြတာပါ။ WHO က ပေးတဲ့ ပိုးလောက်လန်းမပေါက်ပွား အောင် ရေထဲထည့်တဲ့ ဆေးရှိတယ်လို့သာ အသံကြားပြီး ကျမတော့ မမြင်ဖူးခဲ့ပါဘူး။ မီးမလာ၊ ရေရှားတဲ့မြို့တော်ကြီးမှာ တပတ်တခါ ရေလှယ်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ။ အတော်စွန့်စားရပါတယ်။ ကိုယ့်ရေတွေလှယ်ပြီးမှ ရေမလာလို့ကတော့ ရေဝယ်ရပြီသာ မှတ်လိုက်ပါတော့။ ဆင်ခြေဖုန်းရပ်ကွက်တွေမှာက အဝီစိတွင်းရေကို ဝယ်ကြရတာဆိုတော့ ပိုလို့တောင် နှမြောကြပါအုံးမယ်။

ဘူးသီးအစရှာမရဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း ပြောရင်းနဲ့လူထုရဲ့ စီးပွားရေးအခြေအနေဆီကို ရွေ့လျားသွားပြီး ကဏ္ဍတိုင်းလိုလိုမှာ လိုအပ်ချက်တွေရှိနေသော စစ်အစိုးရ၏ လမ်းပြမြေပုံကား ….. ကုရာနတ္ထိဆေးမရှိပြီ … ထင့်။

ခင်ငြိမ်းသစ်

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာဒုက္ခသည်တွေ ထိုင်းက ပြန်ခိုင်းတဲ့ကိစ္စ UNHCR ရှုတ်ချ

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 28 ဒီဇင်ဘာ 2010

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်ပြီး နှင်ထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး (UNHCR) ရုံးက မနေ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဂျီနီဗာ အခြေစိုက် UNHCR ရုံးက ဒုက္ခသည် မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ် ၁၆၆ ယောက်ကို ထိုင်းနိုင်ငံ တပ်ခ် ခရိုင် ဒုက္ခသည်စခန်း တခုကနေ ပြီးခဲ့တဲ့ စနေနေ့က ဦးနှောက် အမှေးယောင်ရောဂါ ကူးစက်မှာ စိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နှင်ထုတ်ခဲ့ပါတယ်။

ဒုက္ခသည်တွေက သူတို့ဟာ သူတို့ရဲ့နေရင်း မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ လုံခြုံရေး စိတ်မချရလို့ နေရပ်ပြန်ဖို့ အဆင်သင့် မဖြစ်သေး ကြောင်း UNHCR ရုံးကို အကြောင်းကြားခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ တခြားနိုင်ငံကနေ ဒုက္ခဖြစ်ပြီး ထွက်ပြေးလာသူတွေကို နေရင်းနိုင်ငံမှာ လုံခြုံမှု မရှိမချင်း ပြန်မပို့ဘဲ စေတနာ့ဝန်ထမ်း လက်ခံထားရမယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အခြေခံ စံတွေနဲ့ မကိုက်ညီဘူးလို့ UNHCR က ထိုင်းအာဏာပိုင်တွေကို ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ဖြစ်လာတိုင်း ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို လက်ခံပေးတဲ့ ထိုင်းနိုင်ငံကို ခိုင်ခိုင် မာမာ အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်းလည်း UNHCR က ပြောဆိုပါတယ်။

UNHCR ရဲ့ ပြစ်တင် ရှုတ်ချမှုကို ထိုင်းအစိုးရကတော့ ချက်ချင်း တုံ့ပြန်မှု မလုပ်ဆောင်သေးပါဘူး။
http://www.voanews.com/burmese/news/myanmar-refugees-thai-unhcr-112577749.html

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် က ၉၀ ရလဒ်ကို ဆက်ကိုင်ထားမယ်လို့ လူငယ်တွေ့ဆုံပွဲမှာ ပြောကြား

ယမန်နေ့က လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ လူငယ် အလွှာ ပေါင်းစုံမှ ၄၀၀ လောက် တက်ရောက်ကြပြီး ဒေါ်အောင်းဆန်းစု ကြည် နဲ့ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြ တယ်။ ဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဆက် လက်ဆုပ်ကိုင်ထားမယ်လို့ ပြောသွားတယ်။

လူငယ်တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ လူငယ်တဦးက နေ့သစ်ကို ခုလို ပြောပြသွား တာက ..

မနေ့က အခြေအနေ နားထောင်လေ့လာခဲ့ရသလောက်တော့ အတိုင်းအတာတခု ထ အောင်မြင်တယ် စကားဝိုင်းမှာ ရသအစုံ ရတယ်ဗျ။ အမေ အဓိကပြောချင်တာကတော့ ပါတီတခုထဲနဲ့ ဘာကိုမှ လုပ်မရနိုင်ဘူး လူငယ်ထုတွေနဲ့ ပြည်သူလူထုတရပ်လုံးက ကိုယ် ဘာလိုချင်လဲ ဘယ်လိုလုပ်မလဲဆိုတဲ့ ကွန်ယက်ဖွဲ့စည်းထိစပ်မှုကနေ ပူးပေါင်းထိစပ် လုပ်ဆောင်မှ ရမယ်ဆိုတာကိုပါပဲ။

တွေ့ဆုံးပွဲကိုတက်လာတဲ့ လူငယ်တဦးမေးတဲ့ ၉၀ ရလဒ်ကို လက်လွှတ်လိုက်မှာလား ဆိုတဲ့ မေးကို အမေက ခုလို ပြန်ဖြေလိုက်တယ်လေ …

“၉၀ ကို ဆက်ကိုင်ထားပါတယ်တဲ့ ဘာကြောင့်လည်းဆိုတော့ ၉၀ ရလာဒ်ကို ဆုပ်ကိုင် ထားတာက အာဏာလိုချင်လို့ ၉၀ တုန်းက အနိုင်ရလို့ ဆုပ်ကိုင်ထားတာ မဟုတ်ပါဘူး ပြည်သူက တခဲနက် မဲပေးထားတာကို မစော်ကားချင်လို့ပါ။ တချို့က ပြောတယ်၊ ဒီမို ကရေစီမှာ ရွေးကောက်ပွဲဆိုတာလည်း ပါတာပဲဆို၊ ဟုတ်ပြီ ၉၀ တုန်းကလည်း ဒီမိုက ရေစီအရ ရွေးကောက်ပွဲလုပ်သွားတာပဲ ဆက်လက်ကိုင်ထားမှာပဲ” တဲ့

ကွန်ယက်မှာ ထိစပ်ပါဝင်မဲ့ လူငယ်တွေကျောင်းသားတွေ ပြည်သူလူထုတွေ အနေနဲ့က တော့ တိုင်းပြည်နဲ့လူမျိုးကို တိုးတက်မြင့်မား စေချင်တဲ့ စိတ်ဆန္ဒကို အခြေခံထားပြီး မြန် မာပြည်ရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ နိုင်ငံအရေးကိစ္စအသွယ်သွယ် ကို ဘယ်လို ပူးပေါင်းပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်မလဲဆိုတာ တွေဆွေးနွေး တယ်။
ရည်မှန်းထားတာကတော့ မြန်မာ့နိုင်ငံမှာ ဒီမိုကရေစီဆိုတာ လူတိုင်းသိပြီး လူတိုင်းကျင့် ကြံနိုင်မှုတွေနဲ့ ကမ္ဘာအလယ်မှာ မြန်မာကို အောက်တန်း နောက်တန်းမကျတဲ့ နိုင်ငံနဲ့ လူမျိုးအဖြစ် ဖော်ဆောင်ဖို့ပါပဲ။ နောက်ပိုင်မှာ အမေ့အနေနဲ့ တိုင်းရင်းသားလူငယ်တွေ တွေ့ဆုံဖို့ လဲ အစီအစဉ်တွေရှိတယ်လို့ သိရတယ်လေ။

တက်ရောက်လာတဲ့ NGO တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တွေဘက် ဆွေး တာကတော့ …

လူမှုအဖွဲ့အစည်းတွေအချင်းချင်း ချိတ်ဆက်လုပ်ဆောင်နိုင်တဲ့အထိ ပူးပေါင်းမှုရှိလာစေဖို့ ညွှန်ကြားပေးဖို့နဲ့ သူတို့ရဲ့လှုပ်ရှားနေမှုတွေကို တင်ပြကြတယ်လေ နိုင်ငံရေးဆိုတာ အ မည်မခံပဲ လုပ်ဆာင်မှုတွေရဲ့ အခန်းကဏ္ဍမှာ လူမှုရေးနယ်ပယ်ကို ချန်လှပ်မထားနိုင် တာကို သူတို့က တင်ပြကြတယ်လေ။ အမေကိုယ်တိုင်ကလဲ လက်ခံအတည်ပြုဆွေးနွေး ခဲ့တယ်။

CSO တွေရဲ့ အခန်းကဏ္ဍကနေ သူတို့တက်စွမ်းတဲ့ဘက်က အမေနဲ့အတူ ပူးပေါင်းလုပ် ဆောင်ချင်ကြောင်းနဲ့ သူတို့အတွက် အမေက အားအင်ဖြစ်စေကြောင်း၊ သူတို့ထဲက တ ချို့ဟာ ပါတီကို တကြိမ်တောင်မရောက်ဖူးသူတွေဖြစ်ပေမဲ့ အမေနဲ့ လူငယ်တွေ တွေ့ဆုံ မယ့် အခြေအနေကို လက်မလွှတ်ခံနိုင်လို့ တက်ရောက်ဆွေးနွေးဖို့ လာကြတယ်လို့လဲ ဆိုတယ်ဗျ။

လူငယ်များနဲ့ တွေ့ဆုံဆွေးနွေးပွဲကို အပိုင်း ၂ ပိုင်းခွဲပြီးကျင်းပခဲ့တယ်လို့ သိရပြီး ပထမ ပိုင်းပြီးတဲ့ အချိန် အားလုံးထမင်းစားတဲ့ အခါမှာတော့ အမျိုးသားခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် က လူငယ်များနဲ့အတူ ရင်းနှီးချစ်ကြည်စွာ လက်ရည်တပြင်တည်း နေ့လည်စာကို စားခဲ့ပါတယ်။
http://www.naytthit.net/?p=5831

အပြည့်အစုံသတင်းဖတ်ရန်....

ကျွန်ပ် တို့ ၏ အနီးကပ်ဆုံး ရန်သူ

မြန်မာနိုင်ငံ၏ အနာဂတ် နှင့် HIVဗိုင်းရပ်စ်မြန်မာပြည်တွင် HIV ရောဂါသည်များ တဖြည်းဖြည်း တိုးပွားလာသည့် သတင်းကို အားလုံး သိရှိပြီး ဖြစ်မည် ထင်ပါသည် ။ ယခု ကျနော် ရေးသား တင်ပြလိုသည့် အကြောင်း အရာသည် HIVေ၇ာဂါသည်များ တိုးပွားလာရခြင်း၏ အဓိက အချက်ဟု ထင်မြင် ယူဆမိပါ၍ ဒီဆောင်းပါးလေးကို ရေးသား လိုက်ခြင်းပင် ဖြစ်ပါသည် ။ ပုံမှန်အားဖြင့် လိင်ဆက်ဆံခြင်းမှသာ အများဆုံး ကူးစက်လေ့ ရှိသည့် ထိုရောဂါကို ကာကွယ်ရန် နည်းလမ်းများ သိနေပါလျှက်နှင့် အဘယ်ကြောင့် ရောဂါသည်များ တိုးပွားလာရသနည်း ဆိုသည့် မေးခွန်းသည် အင်မတန်မှာ စဉ်းစားစရာ ကောင်းသည့် အချက် ဖြစ်သည်ဟု ကျနော်များစွာ တွေးတောမိ သလို ပညာရှင်များလည်း တွေးတောမိမည်မှာ အမှန်ပင် ဖြစ်ပါည် ။
မြန်မာနိုင်ငံတွင် HIV ပညာပေး ဇတ်ကားများကို အစိုးရမှာ ထုတ်လွှင့်လေ့ ရှိသလို ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းများမှလည်း မကြာခဏ ပညာပေးပွဲများ ကျင်းပလေ့ရှိပါသည် ကို မြန်မာနိုင်ငံတွင် ထိုသို့သော လုပ်ငန်းများ လုပ်ကိုင်နေသူများထံမှ အမြဲလိုလို ကြားသိရပါသည် ။ တကယ်တမ်း ပညာပေး သည့် အတိုင်း ပြည်သူလူထု လိုက်နာ ဆောင်ရွက်မည် ဆိုလျှင် ရောဂါ ဝေဒနာရှင်များ လျှော့နည်းသွားသင့်သည့် အစား တဖြည်းဖြည်း တိုးပွာလာခြင်းသည် တခုခု မှားယွင်းနေပြီ ဆိုတာ အသေအချာဟု ပထမဦးစွာ ယုံကြည်စေချင်ပါသည် ။

ပထမ ဆုံးအားနည်းချက် ကို ထောက်ပြရမည် ဆိုလျှင် ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းများက လိင်ဆက်ဆံရာတွင် အသုံးပြုသည့် အကာအကွယ်ပစ္စည်း ( condom ) ကို ခေတ်မှီ နည်းစနစ်များ ဖြင့် စစ်ဆေးခြင်း မရှိဘဲ မြန်မာနိုင်ငံတွင် ဖြန့်ဝေ ခြင်းကြောင့်ပင် ဖြစ်သည်ဟု အသေအချာ ပြောရဲပါသည် ။ မြန်မာနိုင်ငံသို့ ထို အဖွဲ့အစည်းများ က အကူအညီ တောင်းခံ၍ ပေးပို့လှူဒန်းသည်လား ၊ ဈေးပေါပေါဖြင့် ရောင်းချသည်လား ထိုစက်ရုံ၌ သုံးနှစ်ကြာ အလုပ်သမား အဖြစ် အမှု ထမ်းခဲ့သော မြန်မာ အလုပ်သမားများ အနေဖြင့် အတိအကျ မသိနိုင်သော်လည်း သေချာစွာ ပြောနိုင်သည်က ထိုပစ္စည်းများသည် အရည်အသွေး အဆင့်အတန်း မမှီသည့် သက်တမ်းကုန်လွန်နေသည့် ထုတ်ကုန်များကို ပို့ဆောင် ခြင်း ဖြစ်ကြောင်း အားလုံးက တညီတညွတ်တည်း ပြောဆိုကြသည့် အတွက် ပြည်သူလူထု အတွက် အထူးသိသင့်သည့် သတင်း တခု ဖြစ်သလို သက်ဆိုင်ရာ တာဝန် ရှိသူများ မှလည်း စုံစမ်းသင့်သည်ဟု လေးစားစွာ တိုက်တွန်း ပြောကြားလိုပါသည် ။

ကျနော် သိထားသည့် သတင်း အရဆိုလျှင် မြန်မာနိုင်ငံကို တင်သွင်းသည့် ထိုပစ္စည်းများကို မလေးရှားနိုင်ငံ Karex Industrial Sdn.Bhd မှ ထုတ်လုပ်ပါသည် ။ ထို ပစ္စည်းများ စတင် ထုတ်လုပ်သည့် အဆင့်မှ စကာ နောက်ဆုံး ထုပ်ပိုးသည့် အဆင့် အထိ မြန်မာနိုင်ငံသား ၀န်ထမ်းများ ရှိသည်ဟု လာရောက် ဖွင့်ဟ ပြောဆိုသွားပါသည် ။ ယခုချိန်ထိလည်း ထို စက်ရုံတွင် မြန်မာနိုင်ငံသား အလုပ်သမားများ ဆက်လက် တာဝန် ထမ်းဆောင် နေကြဆဲပင်ဖြစ်ပါသည် ။ နိုင်ငံတကာ သို့ တင်ပို့ရောင်းချသည့် အခါ အဆင့်အ တန်းမြင့်သော နိုင်ငံများ အတွက် အရည်အသွေးကို အထူးထိန်းသိမ်း ကြီးကြပ်သလောက် ဆင်းရဲသော နိုင်ငံများ အတွက် ဆိုလျှင် ဖြစ်သလို ထုတ်လုပ်ရောင်းချသည်မှာ စက်ရုံတော်တော်များများတွင် တာဝန်ထမ်းဆောင်ဘူးသည့် မြန်မာနိုင်ငံသားများ အသိဆုံး ဖြစ် မည် ထင်ပါသည် ။

ပထမ ဦးစွာ Latex ခေါ် ရာဘာရည်ကို ဓါတုဗေဒ ဆေးဝါးများ ရောစပ်ကာ ပုံသွန်းလောင်းသည့်စက်များ ဖြင့် လှည့်ပတ် မောင်းနှင်ရ သည် ။ ထိုအဆင့်လွန်မြောက်လျှင် ထိုပစ္စည်းများကို ပေါင်ဒါမှုန့်များ ပျက်ဖြန်းကာ အခြောက်ခံထားရပါသည် ။ ထိုသို့သတ်မှတ်သည့် အပူချိန်ပေး၍ အခြောက်ခံပြီးလျှင် ပလတ်စတစ် အိပ်များသို့ သွတ်သွင်းကာ စတိုထဲတွင်း သိမ်းထားလေသည် ။ ထို့နောက် ထိုပစ္စည်း များကို Electronic Test လုပ်သည့် စက်များတွင် တခုချင်းတပ်ဆင်၍ စက်များမှ အလိုအလျာက်စနစ်များဖြင့် အကောင်း အဆိုး ကို ခွဲခြမ်း စမ်းသပ်ကာ လွယ်ကူစွာ သုံးစွဲနိုင်ရန် ပစ္စည်းများကို လိပ်ပေးလိုက်သည့် အသင့် သုံးစွဲနိုင်သည့် အနေအထား ရောက်အောင် ထိုစက်မှ လုပ်ဆောင်သွားပါသည် ။ ထို့နောက် ထို့နောက် customer များ၏ order ပေါ်ကို မူတည်၍ သက်ဆိုင်ရာ တံဆိပ်များ အ သင့်တပ်ဆင်ထားသည့် plastic roll များကို စက်များတွင် တပ်ဆင်ကာ တခုချင်းစီကို ချောဆီ ထည့်၍ parcking ထုတ်ပိုးသည့် အဆင့်တွင်လည်း စက်များဖြင့် လုပ်ဆောင်သွားပါသည် ။ ထိုနောက် အပ်နှံသည့် အလုပ် order ပေါ်ကို မူတည်လျှက် တခုချင်းဖြစ်စေ ၊ သုံးခုတတွဲဖြစ်စေ ၊ ဆယ့်နှစ်ခု တတွဲဖြစ်စေ ထုပ်ပိုး၍ ကမ္ဘာနိုင်ငံ အနှံ့အပြားရှိ ဈေးကွက်သို့ ကွန်တိန်နာများ ဖြင့်ပို့ဆောင်ပါသည် ။

ထိုသို့ ထုတ်လုပ်သည့် စတင်သည့် အဆင့်မှ စကာ နောက်ဆုံး အဆင့်အထိ နေရာတိုင်းတွင် အရည်အသွေး စစ်ဆေးထိမ်းသိမ်း သည့် QC များက အဆင့်တိုင်းတွင် သေချာစွာ စစ်ဆေးကြပါသည် ။ ထိုသို့ စစ်ဆေးရာ၌ အဆင့်အတန်း မြင့်သော နိုင်ငံများကို ပို့မည့် ပစ္စည်းများ ၌ Reject တခုတွေ့လျှင် ထိုတွေ့ရှိသည့် ပစ္စည်းနှင့် အတူတူ ထုတ်လုပ်ခဲ့သည့် ပစ္စည်များကို ပြန်လည် ဖွင့် ဖောက်ကာ စစ်ဆေးလေ့ ရှိသော်လည်း မြန်မာနိုင်ငံ အပါအ၀င် ဆင်းရဲ သော နိုင်ငံများသို့ ပို့မည့် ပစ္စည်းများ ပြန်လည် ဖွင့်ဖောက် စစ်ဆေးလေ့ မရှိကြပါ ။ အဘယ်ကြောင့် ဆိုသော် ထိုသို့ ပြန်လည် စစ်ဆေးရမည့် ပစ္စည်းများ အလွန်များနေလျှင် သူဌေး ၏ အညို ငြင် ကို ခံရမည်ကို စိုးကြောက်၍ လည်းကောင်း ၊ ဆင်း၇ဲ နွမ်းပါးသော နိုင်ငံများ၌ ခေတ်မှီ သော နည်းပညာများဖြင့် စမ်းသပ်၍ မရှိ သည်ကို သိနေကြသည့် သက်ဆိုင်၇ာ အလုပ်ကြီးကြပ်သူများသည် မျက်စိမှိတ်ကာ လက်မှတ်ထိုးပေးလေ့ ရှိပါသည်။

မြန်မာနိုင်ငံသို့ တင်သွင်းသည့် ထိုပစ္စည်းများတွင် အဖော်တံဆိပ်နှင့် တံဆိပ်မပါသည့် ခဲရောင် ကာဘာ ဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်း ဟူ၍ နှစ်မျိုးရှိပါသည် ။ထိုတံဆိပ် မပါသည့် ပစ္စည်များသည် နိုင်ငံတကာမှ အကူအညီ တောင်းခံသော အခါ ဆင်းရဲသည့် နိုင်ငံများ အတွက် ပေးပို့လှူဒန်းရန် ဖြစ်သည်ဟု အုပ်ချုပ်သူ အရာရှိများထံမှ မြန်မာနိုင်ငံမှ အလုပ်သမားများ ကြားသိခဲ့ရပါသည် ။ ထိုပစ္စည်းများ သည် ထုတ်လုပ်မှု အဆင့်တိုင်းတွင် QC များ မျက်စိတ်မှိတ်၍ လက်မှတ်ထိုးခဲ့သော ပစ္စည်းများပင် ဖြစ်ပါသည် ။ ထိုသို့ အရည်အသွေး မမှီရုံသာ မဟုတ် ၊ မည်သည့် နိုင်ငံ အတွက် ဟု သီးသန့်ရည်ရွယ်ထားခြင်း မရှိသည့် ပစ္စည်းများ ဖြစ်သောကြောင့် အမြဲလိုလို အပို ထုတ်လုပ်ကာ အသင့် အနေအထားဖြင့် သိမ်းဆည်းထားလေ့ ရှိပါသည် ။ ထို အကာအကွယ် ပစ္စည်းများ၏ သက်တမ်း မှာ သုံးနှစ်ဟု သတ်မှတ်ထားပါသည် ။ အကယ်၍ သုံးနှစ် ပြည့်သွားလျှင် ထိုရက်စွဲများကို ပြန်လည် ဖျက်ကာ ရက်စွဲ အသစ်များ ထပ်မံ ရိုက်၍ ပြည်လည် သိမ်ဆည်းထားကြသည်ဟု သိရှိရပါသည် ။

ကိုယ့်နိုင်ငံကို တင်ပို့မည့် ရောဂါကာကွယ်ရေး ပစ္စည်များသည် အရည်အသွေး မမှီရုံသာ မက ရက်လွန်ပစ္စည်းများ ဖြစ်သည့် အတွက် ပေါက်ပြဲဖို့ အလွန် လွယ်ကူသည့် အတွက်ရောဂါ ကူးစက်သည့် နှုန်း ပိုမို များပြား လာနိုင်သည် ကို သိသိကြီးနဲ့ မလွန်ဆန်နိုင်သော အလုပ်သမားတဦးကမူ မျက်ရည် ကျခဲ့ရပါသည်ဟု ပြောကြားခဲ့ပါသည် ။ သူတို့ပြောဆိုခဲ့သမျှ လိမ်ညာ ပြောဆိုခြင်း မဟုတ်မှန်း သူ တို့၏ ရိုးသားသော မျက်နှာပေါ်တွင် ၀မ်းနည်းသည့် အရိပ်အယောင်များ အထင်သား ပေါ်လွင်နေသည်ကို တွေ့မြင့်ခဲ့ရလေသည် ။ တိုင်းပြည် တပြည် ဆင်းရဲလျှင် ယခုကဲ့ သို့ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလေသည် ကို ပြည်သူလူထု အနေဖြင့် သတိထား စေလွန်းလှပါသည် ။

ကျနော် မြန်မာနိုင်ငံတွင် နေစဉ်က HIV ပညာရေး ဟောပြောပွဲ တစ်ခုတက်ရောက်ဘူးပါတယ် ။ သူတို့ဟောပြော ချက်များတွင် အကာ အ ကွယ် ပစ္စည်း မသုံးခင် လေမှုတ်၍ စမ်းသပ် ကြည့်သင့်ကြောင်း ပညာပေး ဟောပြောခဲ့သည်ကို သွား အမှတ်ရမိပြန်သေးသည် ။ သေသေ ချာချာ ပြန်လည် သုံးသပ်ကြည့်လျှင် မသုံးခင် ထိုသို့ လေမှုတ်၍ စမ်းသပ်သူ အတော်နည်းမည်ကို ကိုယ်တိုင် စဉ်းစားစေချင် ပါသည် ။ ထို့အပြင် ထိုပစ္စည်းကို သာမန် အမြင်ဖြင့် လေလုံပါသည်ဟု ဆိုသော်လည်း သတ်မှတ်ထားသည့် အပူချိန် ၊ လေဖိအားဒဏ် ခံနိုင်မှု ၊ အရည်ယိုစိမ့်မှု တို့ကို နည်းပညာ အကူအညီ မပါဘဲ သာမန် စမ်းသပ်ချက်များ ဖြင့် စမ်းသပ်၍ မလုံလောက် နိုင်ပါဟု အထစ်ချ ပြောရဲပါသည် ။ ထို အကာအကွယ်ပစ္စည်းသုံးစွဲခြင်း နှင့်ပက်သက်၍ သုတေသီများ၏ လက်တွေ့ကျကျ မေးမြန်းထားချက်များအရ သုံးစွဲ သော အကာအကွယ် ပစ္စည်း ပေါက်ပြဲသွားသည်ဟု သိရသည့် လူ (၁၀၀) တွင် ၁၀ယောက်ခန့်သာ အသစ်ပြောင်းတပ်၍ သုံးစွဲလေ့ ရှိကြသည်ဟု ကြားသိခဲ့ရဘူးပါသည် ။

နောက်တချက်ကား ထိုအကာအကွယ် ပစ္စည်းများသည် HIV ရောဂါ အပါအ၀င် အခြား ကာလသားရောဂါများကို ကာကွယ် တားဆီး ပေး နိုင်မှန်းသိလျှက် အချို့သော လူများသည် မသုံးစွဲချင်ကြသည်ကို ပြည့်တန်ဆာ အဖြစ် အသက် မွေးဝမ်းကြောင်း ပြုသူများ ထံမှ ကြားသိခဲ့ရလေသည် ။ ထိုအခါ သူတို့ မသုံးစွဲလို၍ ရှိစေအုံး ခင်ဗျာတို့ အနေနဲ့လက်မခံ၍ ရတာဘဲ ဟု ပြောသော အခါ သူတို့ အဖြေစ ကား သည် ရင်နင့်စရာ ကောင်းလွန်းလှပေသည် ။ " ကံကြမ္မာ မကောင်း၍ ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေ သည့် ကျမတို့ စကားကို ဘယ်သူကများ လေးစားမှာလည်းတဲ့ "။ မကောင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေ သည့် လူကို အသာထား ရိုးသားဖြူစင်စွာ အသက်မွေးဝမ်းကြောင်း ပြုနေသူများကို အပင် အထင်သေးတတ်ကြသည့် လူများလည်း မရှား ဆိုတာ ကို အခြေခံ၍ စဉ်းစားကြည့် ထိုစကားသည် ဟုတ်လောက်ပေသည် ။

သူတို့လောကမှ ကြားသိရသလောက် ဆိုလျှင် အချို့သော အပျော်ရှာရန် လာသည့်လူများ ထိုပစ္စည်းကို မသုံးချင်သည့်အခါ " အ လွှာ ပါးပေမယ့် ကမ္ဘာခြားသလို ခံစားရတယ် " လျှာကို ရာဘာစွပ်ပြီး ထမင်းစားကြည့်ရင် ဘာအရသာ ရှိမှာလည်း " ဆိုသည့် စကား လုံးများမှာ အမြဲသုံးသည် ကို ငြန်းဆိုလေ့ရှိကြသည် ဟု ကြားသိရပါသည် ။

ထို့အပြင် ထိုသို့ အပျော်ရှာ သည့် လူအများစုသည် လာရောက်လူများတွင် ကိုးဆယ်ရာခိုင်နှုန်းသည် အရက်မူးနေကြသည် ။ နဂိုက ခိုးချောင်ခိုးဝှက် လုပ်စားရသည့် ဘ၀ တွင် သူတို့၏ ပြဿနာ ရှာဖွေခြင်းကို မခံနိုင်သည့် မိန်းကလေးများသည် သူတို့ အလိုကျ လိုက်လျော နေရခြင်းသည် ထိုရောဂါပိုးကို ကူးဆက်ခြင်းကို ဟန့်တားနိုင်ခြင်း မရှိခြင်း၏ အခြေခံ အကြောင်း အရင်း တရပ်ပင် ဖြစ်သည် ။ အရက်မူးနေသည့် အချိန်တွင် အရက်၏ အာနိသင်ကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ် အပူချိန်တက်လာလေ့ ရှိသည့် အပြင် အမှန် အမှားကို သာမန် အချိန်လို ခွဲခြား နိုင်စွမ်း မရှိသည့် အတွက် မိုက်ရုးရဲ ဆန်စွာ တဒင်္ဂ သာယာမှု အတွက် တဘ၀လုံး ထိုရောဂါ ကို သိမ်းပိုက်သွားရသည့် လူများ၏ ရာခိုင်နှုန်းက ပိုများလေ့ရှိပါသည် ။

အမျိုးသား ဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ မည်သူမဆို ထိုရောဂါကို အလွယ်တကူ ကူးစက် နိုင်သည့် အတွက် အထူးသတိထား ရှောင် ရှားသင့်သည့် အချက်မှာ မည်သူကိုမှ အယုံမလွယ်ရန် နှင့် အိမ်ထောင်ဖက်ကို သစ္စာရှိကြစေချင်ပါသည် ။ အထူးသဖြင့် မိမိတို့၏ ဇနီးမယား နှင့် တင်းတိမ်ကျေနပ်ခြင်း မရှိသည့် အခါ၌ ဖြစ်စေ ၊ အိမ်ထောင်ဘက် နှင့် ခွဲခွါနေရသည့် အခါများ၌ အပျော်ရှာလေ့ ရှိကြသည့် အမျိုးသားများ အထူးမှာကြား လိုသည်မှာ အကယ်၍ များ မလုံခြုံသော ဆက်ဆံမှု လုပ်မိပြီ ဆိုလျှင် ပြန်လည်၍ သွေးစစ် သင့်ပါသည် ။ ထိုသို့ စစ်ဆေးရာ၌ လည်း ပထမ အကြိမ် စစ်ဆေးပြီးသည် နောက် ( ၆ ) လွန်မြောက်လျှင် ထပ်မံစစ်ဆေးသင့်ပါသည် ။ သင့်၌ အကယ်၍ ရောဂါ စွဲကပ်နေသည် ဆိုပါက မိမိတို့၏ အပြစ်မဲ့သော အိမ်ထောင်ဘက်နှင့် မိမိတို့၏ မျိုးဆက်ရင်သွေးငယ်ကို ထိုရောဂါပိုးများ လက်ဆင့်ကမ်း ဖြန့်ဝေ ပေးသည့် လုပ်ရပ်များကို အထူး ရှောင်ရှားနိုင်ရန် ပွင့်လင်းစွာ ဖွင့်ပြော၍ ကျန်ရှိသေးသည့် ဘ၀ ခရီးလမ်းကို ကောင်းမွန်စွာ ဖြတ်သန်းသင့်ပါသည် ။

အချို့သော မိန်းကလေးများသည် သူတို့၏ ဘ၀ ကို ယောက်ျား၏ အချစ်ကို ယုံစား၍ ရောဂါ ပိုးရှိသူကို ပုံအပ်ထားရာက စလို့ ရောဂါ ပိုးကူးစက် ခံရသည်ကို သိသည့် အခါ ထိုယောက်ျား အပေါ် နားကြည်းချက်ကို သိမ်းပိုက်လျှက် အခြားသော လူများကို ဂလဲ့စားချေရန် လုပ်ဆောင်လေ့ရှိသည်ကို အမျိုးသားများ အနေဖြင့် အထူးသတိထားသင့်ပါသည် ။ သူတို့၏ အယူမှားသော လုပ်ရပ်များကြောင့် ရမ္မဇော ထန်နေသည့် အမျိုးသားများ လည်း ထိုရောဂါကို ပိုင်ဆိုင် သွားကြရလေသည် ။ ထိုသို့သော ညွှတ်ကွင်းမျိုးကို သက်ဆင်းမိသူ အများစုမှာ ရေသာခို အချောင်လိုက်လိုသော စိတ်ဓါတ် ကို ပိုင်ဆိုင်ထားသည့် ယောက်ျား နှင့် မကြုံဖူးသော အတွေ့အကြုံ ကို စမ်းသပ် ချင် ကြသည့် အရွယ်ရောက်ခါစ ငယ်ရွယ်သည့် လူငယ်များ ပင်ဖြစ်လေသည် ။

ပညာရေး စနစ် ညံ့ဖျင်းမှု ကြောင့် အသိဥာဏ် ဖွံ့ဖြိုးမှု နည်းသည့်အခါ စာရိတ္တမဏ္ဍိုင် ယိုင်းယိုင်နေရရှာသည့် လူငယ်များ သည် အမှန်အမှားကို ကောင်းစွာ မခွဲခြား နိုင်ကြဘဲ ဆန္ဒအလိုကို ချုပ်တီးနိုင်ရန် လွန်စွာ ခက်ခဲသည်ကို ကျနော် နားလည်ပါတယ် ။ နည်းပညာ ကို အလွဲသုံးစားလုပ်ကာ အယူမှားတွေ ဖြန့်ဝေ နေသည့် လုပ်ရပ်များက လူငယ်များကို ထိုကိစ္စများတွင် ပိုမို ထက်သန်အောင် နိုးဆွပေး နေသည့် အချိန်အခါတွင် အနာဂတ် မျိုးဆက်သစ် လူငယ်များ အတွက် အထူးစိုးရိမ် စရာ အနေအထား တစ်ခုကို ရောက်ရှိနေပါပြီ ။

သက်ဆိုင်ရာ အာဏာပိုင် များ အနေဖြင့် နိုင်ငံရေး စကားကို ပြောကြားနေသူများ အား လေသံကြားရရုံမျှ ဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို နှောက်ယှက်သည်ဟု အကြောင်းပြကာ ဖမ်းဆီးနေမည့် အစား အဖော်အချွတ်များ ဖြင့် လူငယ်များ၏ စာရိတ္တကို ပီပီ ပြင်ပြင် ဖျက်စီးနေသူများကို အမျိုးဂုဏ်ဇာတိဂုဏ် ဇာတိဂုဏ် မြင့်မားရေးကို နှောယှက် ဖျက်စီးနေသည့် လူများ အဖြစ် ထိရောက်သော အပြစ်ဒဏ်များ ပေးနိုင်လျှင် တိုင်းပြည် အတွက် ပိုမို အကျိုးရှိမည်ဟု ယုံကြည်မိပါသည် ။ ထိုသူများသည် လူငယ်များ၏ အနာဂတ်ကို ပျက်စီးသထက် ပျက်စီးအောင် ဖျက်စီးနေသည့် လူများ ဖြစ်သည် ဆိုတာကို အသိဥာဏ် ရှိသည့် လူသားတိုင်း လက်ခံထားကြပါသည် ။ ထိုသို့ မဟုတ်ဘဲ နိုင်ငံရေးသမား များကို တဖတ်သတ် စွဲချက်များဖြင့် ဥပဒေ အမျိုးမျိုးထုတ်ကာ ဖမ်းဆီး အပြစ်ပေး အရေးယူကြပြီး လူငယ်များ၏ စာရိတ္တ မဏ္ဍိုင်ကို ယိုင်နဲ့အောင် ထင်ရှားစွာ လုပ်ဆောင်နေသူများ၏ လုပ်ရပ်များကို မသိသလို နေလိုက်ကြလျှင် HIV ရောဂါ ကူးဆက်ပြန့်ပွားနှုန်းကား ပိုမို များပြားနေအုံးမည် ဖြစ်ပါသည် ။

ဤပြဿနာကို အနှစ်ချုပ်ပြန် စဉ်းစားကြည့်လျှင် လက်ရှိ အစိုးရ၏ ပြည်သူလူထု အပေါ်ကို တာဝန် ကျေပြွန်စွာ မထမ်းဆောင်လိုခြင်း ၊ ကိုယ်ချင်းစားစိတ် နည်းပါးခြင်းတို့ကြောင့် ပြည်ပ အကူအညီ ကို တောင်းခံနေရသည့် မြန်မာနိုင်ငံသားတို့ ဘ၀ကား ဒုက္ခ အမျိုးမျိုး ခံစားလျှက် ရှိပေသည် ။ ကိုယ်တိုင်ကလည်း မလုပ်ဆောင်ချင် သူတပါး တို့ ကိုယ်တိုင် လာရောက် ကူညီလုပ်ဆောင် ပေးလေ့ရှိသည် ကို လည်း မနှစ်ခြိုက်သည့် အစိုးရ နှင့် ဆက်ဆံရသည် ကို မနှစ်ခြိုက်သော NGO များသည် ပြည်တွင်းမှ လူများကို အစားထိုးကာ တာဝန် လွှဲပြောင်း ပေးခဲ့ကြလေသည် ။ ထိုအခါ တိုင်းပြည်ကို လှူဒန်းသည့် ငွေများကို ကိုယ်ကျိုးစီးပွားကို အသုံးချလေ့ ရှိကြသည့် ထို အဖွဲ့အစည်း အချို့မှ လူများသည် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်နိုင်ကြတော့ဘဲ အယောင်ပြ လုပ်ရပ်များကို တွင်တွင် သုံးကာ ရန်ပုံငွေ ပိုမိုရရှိရေး အတွက်သာ လုပ်ဆောင်ကြ၍ HIV ရောဂါသည်များ ထပ်မံတိုးပွားလာခြင်း မရှိစေရန် လုပ်ဆောင်ချက်များ ဆောင်ရွက်ရာ၌ ပိုမို အားနည်း လာလေသည် ။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ကို အခြား ဆေးဝါးကုသ၍ ရနိုင်သော ရောဂါ များ အတွက်ပင် လွန်စွာ အသုံးဝင် သည် ဆိုပါလျှင် ကုရာနတ္တိ ဆေးမရှိသည့် HIV ရောဂါသည်များ ထပ်မံတိုးပွားလာခြင်း မရှိအောင် ကာကွယ်ခြင်း သည်သာ အထိ ရောက်ဆုံး နည်းလမ်းများ ဖြစ်လေသည် ဟု နိုင်ငံတကာမှ ပညာရှင်များက ယုံကြည်ထားကြလေသည် ။ ထို့သို့ကာကွယ်ရာ၌ အထိ ရောက်ဆုံးသော ကာကွယ်ရေးပစ္စည်းက လုံခြုံမှု မပေးနိုင်သည့် အခါ ရောဂါသည်များ တိုးပွားသထက် တိုးပွားလာအုံး မည် ဖြစ်ပါသည် ။ ထို့အပြင် အသိဥာဏ် နည်းပါးကာ မိုက်ရူးရဲ ဆန်သော အကျင့်ဆိုးများကို လက်ခံထားသည့် လူများ၏ ရန်မှ မည်သို့ရှောင်ရှား သင့် သည်ကို ဆွေးနွေးကာ အဖြေရှာသင့်သင့် ဟု ယူဆမိပါသည် ။

ကျနော် ရေးသားသော စာပါ အချက်အလက် များသည် NGO အဖွဲ့အစည်းမှ သိရှိခဲ့ပြီး ဖြစ်ချင်လည်း ဖြစ်မည် ၊ မသိသေးတာ လည်း ဖြစ်ချင်ဖြစ်မည် ။ NGO အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အာဏာပိုင် များကို ပြစ်တင်ပြောဆိုလို၍ မဟုတ်ပါ ။ တတ်နိုင်သမျှ ထို ရောဂါ ကာကွယ်ရေး ကိစ္စများကို ယခုထက် ပိုမို၍ ဆောင်ရွက်လိုသောကြောင့် ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည်ကို ပထမဦးစွာ ၀န်ခံလိုပါ သည် ။ လူအများစုက ထိုရောဂါ နှင့် မိမိတို့ မသက်ဆိုင်ဟု ထင်နေကြသော်လည်း အမျိုးသားလုံး လူ့အညွန့်တုံးစေမည့် ကိစ္စများ တွင် နိုင်ငံသားတိုင်း နှင့် သက်ဆိုင်သည်ဟု ထင်မြင်ယူဆ၍ တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်ပါသည် ။ တိုင်းပြည်တပြည်၏ အနာဂတ်ကို ကောင်းမွန်စွာ တည်ဆောက်မည်ဟု စဉ်စားထားကြလျှင် လက်တွေ့ ပြည်သူလူထု ခံစားနေရသော ဒုက္ခဆိုးများကို အရင်ဆုံး လက်တွေ့ ကျကျ ဖြေရှင်းပေးလိုပါသည် ။ ပြည်သူလူထု အနေဖြင့်လည်း မရှက်သင့်သော အလုပ်များတွင် မရှက်ဘဲ လူတိုင်း သိထား သင့်သည့် ကျန်းမာရေး ဟောပြောပွဲများ တွင် တက်ရောက်စေလိုပါသည် ။ ကိလေသာ နှင့် မကင်းသည့် လူသားမှန်သမျှ အိမ်ယာ ထူထောင် ကြမည်ဟု စိတ်ကူးထားသည်မှ လူ့သဘာဝ ပင်ဖြစ်လေသည် ။ အထူးသတိပေးလိုသည်မှာ တဒင်္ဂ သာယာမှု အတွက် တဘ၀စာ ပျော်ရွှင်မှု များ နှင့် လဲလှယ်သလို မဖြစ်ကြရလေအောင် ဆန္ဒကို အသိဥာဏ် ဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ်နိုင် အောင် အစွမ်းကုန် ကြိုးစားစေချင်ပါသည် ။ သာယာလှပသော အိမ်ထောင်မှု ဘ၀ကို လိုချင်လျှင် ကိုယ်ချင်းစာတရားနှင့် မိမိတို့၏ အိမ်ထောင်ဘက်များ အပေါ် အပြန်အလှန် လေးစားချစ်ခင်ကာ သစ္စာစောင့်ထိန်း နိုင်မှ ထိုသို့သော ဘ၀မျိုးကို ပျော်ရွှင်စွာ ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်

တိုင်းပြည်၏ အနာဂတ်ကို မည်သို့ မည်ပုံဆောင်ရွက် မည်ဟု ကြွေးကြော်နေကြသော်လည်း လက်တွေ့ ပြည်သူလူထု၏ ဆင်းရဲဒုက္ခကို လှစ်လျူ ရှုထားသမျှတော့ ပြည်သူလူထု၏ နှလုံးသားတွင် အုပ်ချုပ်သူ လူတန်းစားများကို မုန်းတီးသည့် စိတ်ဓါတ်များ ၀င်နေအုံးမည် မှာ အသေအချာပင် ဖြစ်ပါသည် ။ အာဏာကို ၂၂ နှစ်လုံး ဆုပ်ကိုင်ထားပြီး တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးစီးပွားကို ဆက်လက် ဆောင်ရွက် နေလျှင် ပြည်သူလူထု၏ အမုန်းများကို ခွန်အားအဖြစ် ပြောင်းလဲသည့် နေ့တွင် တော်လှန် ရေး ဆိုသည့် အသံကို မကြားချင်လည်း ကြားရအုံးမည် ဖြစ်သည် ။ လှပသော ရေမြေတောတောင် သဘာဝ သယံဇတ နှင့် ထူးခြား ကောင်းမွန်လှသည့် ပထ၀ီ မြေပြင်ပေါ်မှာ လူသားများ ဆင်းရဲ ဒုက္ခရောက် နေရခြင်း၏ အကြောင်းတရားမှာ အုပ်ချုပ်သူ လူတန်းစားမှ ကိုယ်ချင်းစား တရားခေါင်းပါး နေခြင်းနှင့် ထိုသို့သော လူတန်းစားများကို မိမိတို့ ကိုယ်ကျိုးစီးပွား အတွက် မျက်လုံး စုံမှိတ်ကာ ထောက်ခံနေသည့်လူများ ပိုမို များပြားလာခြင်းကြောင့် ဖြစ်သည်ကို မြန်မာနိုင်ငံ၏ ပကတိ အနေအထားကို ကြည့်ခြင်းအားဖြင့် များစွာ ထင်ရှားပေါ်လွင် လွန်းလှပေသည် ။ တိုင်းပြည် ကို တကယ်ချစ်တယ် ဟု ဆိုပါလျှင်

ထိုတိုင်းပြည်ကြီးပေါ်တွင် မှီတင်း နေထိုင်ကြသော ပြည်သူလူထုကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ပါမှ ထိုသူသည် တိုင်းပြည်ကို တကယ် ချစ်သည်ဟု ယုံကြည်ရပေမည် ။

အမှန်တကယ် လက်တွေ့ကျကျ သုံးသပ်ပြရပါလျှင် လက်ရှိအစိုးရ၏ လုပ်ရပ် တော်တော်များသည် လူသားမဆန်ဟု ခံစားမိလေသည် ။ မြန်မာနိုင်ငံ ပြည်သူလူထု ကို အမှောင်ထဲတွင် ထားကာ တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်ကို သူတပါး တိုင်းပြည် အလင်းရအောင် လုပ်ဆောင်ချက်များ ဖြင့် နိုင်ငံခြား ငွေ ရှာသည့် ကိစ္စသည် လုံးဝ မှားယွင်းနေပါသည် ။ ထိုသို့ လျှပ်စီးမီး မရသည့် ပြည်သူလူထု သည် လျှပ်စစ်ဓါတ်အား ရရှိအောင် မီးစက်များကို အသုံးပြုကြရသည် ။ ထိုသို့သော မီးစက်များကို မောင်းနှင်ရန် လောင်စာဆီကို ကိုယ့်တိုင်း ပြည် က မထုတ်လုပ်နိုင်သည့် အခါ ပြည်ပမှ ဈေးကြီးပေးကာ ပြန်လည် တင်သွင်းကြရသည် ။ ထိုအခါ ကြားထဲမှ နေ၍ နစ်နာ ဆုံးရှုံး သည်ကား ပြည်သူလူထု ပင်ဖြစ်လေသည် ။ ထိုသို့ ပြည်ပကို မတန်တဆ ဈေးပေါပေါဖြင့် ရောင်းချရာမှ ရလာသည့် နိုင်ငံခြား ၀င်ငွေ သည် ပြည်သူလူထု အမှန်တကယ် လိုအပ်သည့် နေရာတွင် အသုံးချခြင်း မဟုတ်ဘဲ သူတို့ ကိုယ်ကျိုးစီးပွားနှင့် အုပ်ချုပ်ရေး အာဏာ တည်မြဲစေရေး အတွက် စစ်လက်နက် ဖြည့်တင်းခြင်း ကိစ္စများတွင် အသုံးချနေခြင်းက ပြည်သူလူထု ကို ပိုမိုဆိုးဝါးသည့် နစ်နာ ဆုံးရှုံး မှုများ ရစေပါသည် ။ ကိုယ်ပိုင်ပစ္စည်း နှစ်ကျပ်တန်ကို တကျပ်ဖြင့်ရောင်းကာ သူတပါး ပစ္စည်း တကျပ်တန်ကို နှစ်ကျပ် ပေးဝယ် တာ ကို ကူးသန်းရောင်းဝယ် တာပါဟု မျက်လုံးစုံမှိတ်၍ ကြွေးကြော်တာများကို ရပ်တန့်သင့်ပါပြီ ။

ကျနော် ယခုလို ရေးသား၍ သက်ဆိုင်ရာ အာဏာပိုင်တို့က နိုင်ငံရေး လုပ်ရှားမှု ဟု ဆက်လက် ခံယူထားကြလျှင် အမှားကြီးမှားပေအုံး မည် ။ ကမ္ဘာ့အလယ် တွင် မျက်နှာငယ်နေရသော မြန်မာနိုင်ငံသားတိုင်းများ နှင့် ပြည်တွင်းတွင် နေ့စဉ်စားဝတ် နေရေးကို ခက်ခဲစွာ ရှာဖွေ စားသောက်နေကြသော နိုင်ငံသားတို့ ပုံရိပ်များကို မြင်ရတိုင်း များစွာ ၀မ်းနည်းမိပါသည် ။ စနစ်တခုရဲ့ ဆိုးကျိုး ကြောင့် ဒုက္ခ ရောက်နေသူများ တာကို သိထားတဲ့ လူသားတစ်ယောက် အနေဖြင့် ထိုစနစ်ဆိုးကြီးကို ပြင်ဆင်စေလိုပါသည် ။ အတိတ်က အမှား များကို လက်ညိုးထိုး စွပ်စွဲလို၍ မဟုတ်ဘဲ အနာဂတ်တွင် ပိုမိုကောင်းမွန် စေလိုသည့် စေတနာဖြင့် ပစ္စပ္ပုန်ကို အပြုသဘောဆောင် သည့် လုပ်ရပ်များဖြင့် လုပ်ဆောင်စေလိုသည်မှာ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်သည့် လူသားတစ်ယောက်၏ တာဝန် ၀တ္တရားသာ ဖြစ်သည်ဟု ခံယူထားသည့် အတွက် ယခုလို ရေးသားတင်ပြလိုက်ရပါသည် ။

ခင်မင်လေးစားလျှက်
ဗမာ့သွေး

အပြည့်အစုံသတင်းဖတ်ရန်....

ပ၇ိက္ခရာအတွေး


ရေးသူ **အောင်သင်း

သားငယ်စကာင်္ပူမှ တစ်ခေါက်ပြန်လာစဉ်က Gillette မုတ်ဆိတ်ရိတ် ကိရိယာတစ်ခုကို ပေးသွားခဲ့သည်။ ကိုယ့်မှာလည်း အိန္ဒိယ လုပ်ပဲ လား မသိ ဓါးသွားနှစ်ချောင်းပါ မုတ်ဆိတ်ရိပ်”ဂျုတ်”တစ်ခု ရှိနေသေးသည်နှင့် သူ့ပစ္စည်းကို မသုံးဖြစ်ခဲ့ ဟိုတစ်လောကတော့ ကိုယ့် ကိရိယာ ဓားသွားအသင့် မရှိသည်နှင့် သူပေးခဲ့သည့် ဂျုတ်ကိုပင်ထုတ်ပြီး သုံးနေမိသည်။ အတော်လေးတော့ အသုံးခံပါသည်။
နှစ်လလောက်ဘဲ ကြာလေမည်လား မသိတော့ပါ။ အတန်ငယ်တုံးသလိုလို ရှိလာသည်နှင့် ဓားသွားအသစ်တစ်ကပ်လောက် ၀ယ်ဦးမှပါ လေဟု အောက်မေ့ပြီး စတိုးဆိုင်ကြီးတစ်ခုတွင် ၀င်ပြီးမေးကြည့်လိုက်တော့ ဓားသွားငါးခုပါ တစ်ကဒ်ကို ၆၂၅ ကျပ်ဆိုဘဲ။ ကိုယ်သုံး နေကျ ဓားသွားကို လမ်းဘေးဆိုင်တစ်ဆိုင်မှာ မေးကြည့်တော့ ဓားသွား ငါးခုရော ဂျုတ်ပါ တစ်စုံ ၁၅၀ ကျပ်။ အပေါဆုံးလို့ဘဲပြောပြော အဲသည် အပေါစားဓားသွားကလည်း တစ်ချောင်းဆိုလျှင် နှစ်လလောက်တော့ သုံးရသည်ပင်။ မုတ်ဆိတ် ပြောင်ပြောင်စင်စင် ရိတ်လို့ရ လျှင်ပြီးတာဘဲဟု အောက်မေ့ပြီး အပေါစား ဓါးသွားကိုပင်ဝယ်ပြီး သုံးလိုက်ပါသည်။

” ဘာအရေးကြီးသလဲ” ဘယ်ဟာကပဓါနကျသလဲ” ဆိုသည်ကို ချင့်ချိန်လိုက်ခြင်းမျှသာ ဖြစ်ပါသည်။ သို့သော် သာမန်အားဖြင့် ကြည့် လိုက် မည်ဆိုပါလျှင် သားငယ်ပေးခဲ့သော Gilletteက စတိုင်ကျရိုး လှရိုးအမှန်ဖြစ်သည်။ အသုံးပြုရာတွင်တော့ဖြင့် ကျွန်တော့်အဖို့ ဘာမှထူးထူးခြားခြား ပိုမိုကောင်းမွန်သည်မထင်မိပါ။ အတူတူပါဘဲ အသုံးခံသည့် ကာလအပိုင်းအခြားလည်း အတူတူပါဘဲ။ မထူးလှပါ။ သို့သော်သားငယ်ပေးလိုက်သည့် ပစ္စည်းကတော့ ပို၍ နာမည်ကြီးပါပေသည်။ ပုံစံကလည်း ဆန်းသစ်ပါသည်။ အဲဒီ ၆၂၅ ကျပ် ထဲတွင် ကျွန်တော်သိအောင် ကျွန်တော်မျက်စိကျအောင် လုပ်ပေးနေသည့် ကြော်ငြာခ ဘယ်လောက်များ ပါနေသေးသည်ကိုလည်း ၀ိုးတိုးဝါး တား လှမ်းပြီး တွေးလိုက်မိသေးသည်။
တစ်ခါက(ကျွန်တော် ခပ်ငယ်ငယ်က) ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ခဲ့မိဖူးသည်။ သွားတိုက်ဆေးတစ်ဘူးကို ငွေ ၁၀ ကျပ် ပေးပြီး သုံး လိုက်မည်ဆိုကြပါစို့ သူ၏ တကယ့်တန်ဖိုးမှာ ၁ ကျပ်သာလျှင် ဖြစ်သည်။ ၉ ကျပ်မှာ သင်ဝယ်သုံးနိုင်အောင် ကြော်ငြာရသော စရိတ်ဖြစ် သည်ဆိုပဲ။ ထို့ကြောင့် အထက်ပါအတိုင်း တွေးလိုက်မိခြင်းဖြစ်သည်။

” ဘာအရေးကြီးသလဲ ” ဘယ်ဟာပဓါန ကြသလဲ” ဆိုသည်ကို တွေးမိဖို့ မလွယ်ပါ။ တွေးမိသည့်အတိုင်း လိုက်နာကျင့်သုံးဖို့ဆိုသည် ကတော့ မလွယ်ရုံသာမဟုတ် အတော်ကြီးကို ခက်သည်ဟု ထင်မိပါသည်။
ထိုအခါကျတော့မှ ဗုဒ္ဓမြတ်စွာ ဘုရားသခင်ကို အံ့သြကြည်ညိုခြင်း အသစ်ဖြစ်ရပြန်ပါသည်။
ဘု၇ားရှင်ကျင်လင်ခဲ့ရာ အိန္ဒိယဒေသဆိုသည်မှာ ဇတ်နိမ့် ဇတ်မြင့် အလွန်ခွဲခြားသော၊ အလွန်လည်း အစွဲအလန်းကြီးသော ပတ်ဝန်းကျင် ကြီး ဖြစ်ကြောင်း အထူးပြောစရာမလိုပါ။ ထိုသို့ အစွဲကြီးသော လူတွေကို သူ၏(သံဃာ) အဖွဲ့အစည်းကြီးအတွင်းသို့ တစ်ပြေးညီ ၀င် ရောက် နေထိုင်ကြအောင် သိမ်းသွင်းလိုက်ခြင်းဖြစ်သည်ပင် အံတပါးဖြစ်နေကြောင်း ကျွန်တော်က အထူး ”ဂုဏ်ဖော်” ပြောမနေ သင့် တော့ပါ။ ကျွန်တော်တို့တတွေ စဉ်းစားပုံစဉ်းစားနည်းနှင့် ပတ်သတ်ပြီး သွန်သင်နေသော ကိစ္စတစ်ခုကိုသာ တင်ပြလိုက်ရပါတော့မည်။ ပရိက္ခရာ ရှစ်ပါးအကြောင်းကို ကျွန်တော် စဉ်းစားမိသလို တင်ပြလိုက်ပါရစေ။

ဘုရားရှင်က …….
မင်းတို့ကွယ် မဂ်ဖို ရရာရကြောင်းကိုသာ ပဓါန ထားကြကွဲ့၊ ကျန်တဲ့ မဂ်တရားပြင်ပ( ဗာဟီရ)ကိစ္စတွေကို တစ်စမကျန်အောင် တတ်နိုင်သ မျှ လျှော့ချပစ်လိုက်ကြစမ်း၊ ကုန်ကုန်ပြောလိုက်မယ် မင်းတို့ တသသ လုပ်နေကြတဲ့ ဆံပင်တွေ၊ မုတ်ဆိတ်တွေကို ရိတ်ပစ်လိုက်ကြစမ်း။ ကိစ္စတစ်ခု ပြုတ်သွားတာပေါ့ကွယ်၊ ခေါင်း လျှော်ရတာတွေ၊ ခေါင်းဖြီးရတာတွေ၊ ဆီလိမ်းရတာတွေ ငြိမ်းသွားတာပေါ့၊ အဲဒါအတွက် သင်တုန်းဓါးလေး တစ်ချောင်းတော့ ဆောင်ထားကြကွဲ့။

နောက်ပြီး အ၀တ်အစားဆိုတာကလည်း တယ်ပြီး အလုပ်ရှုပ်တာကလား၊ ဒါတွေနဲ့ ပတ်သတ်ပြီး အလုပ်ရှုပ်ရုံမကဘူး၊ မာန်တတ်ရတာနဲ့ ပြိုင်ရဆိုင်ရနဲ့ ဘယ်လိုမှ ကောင်းတာမဟုတ်ပါဘူး၊ အ၀တ်အစားဆိုတာမျိုးက အချမ်းအအေးလုံရင်၊ အရှက်အကြောက်ကို ဖုံးလွှမ်းနိုင်ရင် တော်ရောပေါ့၊ အဲဒီတော့ ခါးဝတ်တစ်ထည် ကိုယ်ရုံတစ်ထည်၊ အဲ…အေးတဲ့အခါမှာ ချုံဖို့၊ ခင်းဖို့ထိုင်ဖို့ အ၀တ်ထူကြီးတစ်ထည်လောက် ပါဆိုရင် လုံလောက်ပြီ။ အဲဒီ အ၀တ်မျိုးတွေကိုလဲ ရှည်ရှည်ဝေးဝေး ကြံဖန်ပြီး ရှာမနေကြပါနဲ့။ သင်္ချိုင်းကုန်းမှာ စွန့်ကြပစ်ကြတဲ့ အ၀တ် တွေ ရှိသား၊ သွားပြီးကောက်ယူပေါ့၊ အစတွေက အပိုင်းပိုင်းအထွာထွာတွေ ဖြစ်နေပြန်ရင်တော့လဲ စပ်ပြုပြီး ချုပ်တန်ချုပ်ရမှာပေါ့၊ ဒီတော့ အပ်ကလေးတစ်ချောင်းလောက်ကို ဆောင်ထားကြပေါ့။ အဲဒီအ၀တ်တွေကလည်း အရောင်အသွေး အမျိုးမျိုးဖြစ်ချင်ဖြစ်နေမှာကိုး၊ ဒီတော့ တစ်ရောင်တည်း ဖြစ်သွာေးအာင် သစ်ခေါက်အရောင်ရင့်ရင့် ကြီး ဆိုးပစ်လိုက်ကြကွယ်။

စားတာသောက်တာအတွက်လည်း အရသာတွေ ဘာတွေကို ဘာမှအာရုံထားမနေကြနဲ့တော့၊ အသက်မသေရုံ မဂ်တရားကို ပွားများနိုင်ရုံ သာ အာရုံပြုပြီး စားကြ၊ အဲဒီလို စားဖို့ကတော့ လွယ်ပါတယ်၊ တောင်းစားကြတာပေါ့ကွယ်။ တောင်းဖို့ကတော့ ခွက်တစ်လုံးလောက် ကိုတော့ ဆောင်ထားကြ၊ ဘာကိုပဲပေးပေး မသေရုံလို့ သဘောထားပြီး စားကြ။

ကိုယ်ကတောထဲမှာ သွားနေရမှာမဟုတ်လား ဒီတော့ ရေကောင်းရေသန့်ကလေး အလွယ်တကူ ရဖို့တော့ လိုတယ်။ တွေ့ရာချောင်း၊ မြောင်း၊ ရေကန်မှာ အလွယ်တကူရယူနိုင်အောင် ရေစစ်ကလေးတစ်ခုတော့ ဆောင်ထားကြ။

သစ်တစ်ပင်ရင်း၊ ၀ါးတစ်ပင်အောက်မှာ ထိုင်ပြီးတော့သာ မဂ်ကိစ္စပြီးအောင်လုပ်ကြ၊ အောက်က မြေပြင် မညီညွတ်ဖြစ်နေရင် အလွယ်တ ကူ ခင်းထိုင်လို့ရအောင် သားရေနယ်ကလေး တစ်ချပ်လောက်တော့ ဆောင်ထားကြ။ အဲဒီ ရှစ်မျိုးရှိရင် လုံလောက်ပါပြီ။ ဘာမှအ ပိုချဲ့မနေကြနဲ့တော့၊ ကြားကြလား….

ဤသို့အားဖြင့် သင်းပိုင်၊ ဧကသိ၊ ဒုကဋ္ဋ်၊ အပ်၊ သပိတ်၊ သင်ဓုန်းဓါး၊ ရေစစ်၊ သားရေနယ် တည်းဟူသော ပရိက္ခရာရှစ်ပါးကို သတ်မှတ် ပေး ထားခဲ့သည်ဟု ကျွန်တော် စိတ်ကူးမြင်ယောင်ကြည့်မိပါသည်။ ရဟန်းတော်တို့၏ တစ်ခုတည်းသောအလုပ်မှာ မဂ်ကိစ္စပြီးရန်သာ ဖြစ်လေရာ ထိုကိစ္စမှာ တစ်ပါးသောကိစ္စဆိုလျှင် ပြင်ပ(ဗာဟီရ) ကိစ္စများသာလျှင် ဖြစ်နေပါတော့သည်။ ကျွန်တော်တို့က လူဝတ်ကြောင် များ သာဖြစ်သည်။ မဂ်ဖိုလ် ကိစ္စကိုလည်း ကျင့်ကြံနေကြသည်မဟုတ်ပါ။ ကျွန်တော်တို့နှင့် ပရိက္ခရာ ရှစ်ပါး ဘာများပတ်သတ်နေ ပါသနည်း ဟု မေးစရာရှိပါသည်။

ကျွန်တော်ပြောပါမည်။
ကျွန်တော်က ကျောင်းဆရာတစ်ယောက်ပါ။ ကျောင်းသားငယ်လေးများနှင့် မပြတ်ထိတွေ့နေရပါသည်။ ကျောင်းသားများ၊ အထူးသဖြင့် ကျောင်းသူများ၏ ခဲတန်ဘူးကလေးများကို ကောက်ပြီး ဖွင့်ကြည့်လိုက်လျှင် ဘောလ်ပင်လေး ငါးချောင်းလောက်ပါသည်။ ခဲဖျက်က နှစ်တုံးလောက်ပါတတ်သည်။ မင်ပိတ်ဆေးဘူးက နှစ်ချောင်းလောက်ပါတတ်သည်။ အားလုံးမှာ လှလို့ဆန်းလို့ ၀ယ်ထားတာတွေချည်း ဖြစ်သည်။ အသုံးလိုလို့( မရှိမဖြစ်လို့) ၀ယ်ထားတာမဟုတ်။ ပေါ်လာလိုက်ရင်း ၀ယ်လိုက်မိသည်ကိုပင် ပြန်ပြီး စဉ်းစားချိန်မရလောက် အောင် ဖြစ်လာကြသည်ဟု ကျွန်တော်ထင်မိသည်။

ကလေးတွေတင်ပဲလားဟု စဉ်းစားကြည့်လိုက်တော့ လူကြီးတွေလည်း တယ်ပြီး မထူးလှဟု အောက်မေ့မိသည်။ မော်တော်ကား” မိုဒယ်” ဆန်းဆန်းကို အငန်းမရ လိုချင်သူတွေ၊ နာရီပုံဆန်း ပုံသစ်ကို ပတ်ပြီး ဟန်ရေးတပြပြ လုပ်ချင်သူတွေလည်း ပဓါနအချက်ကို မျတ်ချေ ပြတ်ကုန်ကြသည် ဟု ထင်နေမိသည်။

ကျွန်တော်တို့ နိုင်ငံတွင် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလိုက်တော့ လူသုံးကုန် ဆန်းဆန်းပြားပြားတွေကလည်း ဒလဟော ၀င်လာ လိုက်သည်မှာ မြင်မကောင်း ရှုမကောင်းဟု ပြောရလောက်အောင်ပင် ဖြစ်နေလေတော့သည်။ သည်တော့ ကျွန်တော်တို့ လူစုကလည်း ၀ိုင်းလိုက် ငမ်းလိုက်ကြသည်မှာ မြင်မကောင်း ရှုမကောင်းလို့ပဲ ပြောလိုက်ပါရစေတော့။
ထိုထိုသော ကုန်စည်များကြောင့် သက်ရောက်လာလိုက်သော အကျိုးဆက်များအကြောင်းကို ကျွန်တော်မရေးလိုသေးပါ။ ကျွန်တော် ဆောင်းပါးဦးတည်ချက်ကိုပဲ ပြန်ပြီး ကောက်ပါရစေ။ ဘုရားရှင်ကျင့်သုံးတော်မူပုံကို ပြန်ပြီးကြည့်လိုက်မည်ဆိုလျှင် မဂ်ကိစ္စဆိုသည်ကို မပြတ်ကြစေရန် သတိပေးထားသည်။ မရှိမဖြစ် အလိုအပ်ဆုံးကိုသာလျှင် ဆောင်ထားစေသည်။ ပြင်ပကိစ္စ နည်းနိုင်သမျှ နည်းသွားစေရန် ချုံ့ပစ်လိုက်သည်။

ကျွန်တော်တို့ ဘ၀ပန်းတိုင်သို့ သွားကြရာတွင်ကော သည်လိုလုပ်လို့ မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်သည်ဟု ကျွန်တော်ယုံကြည်သည်။ အရေးကြီးသည်က ပစ္စည်းတစ်ခုကို ၀ယ်မည် ကြံလိုက်တိုင်း ”ငါ့မှာ တကယ်လိုအပ်တာလား” ဆိုတာလေးကို သတိတရဖြစ်ပြီး မေးကြည့်မိဖို့ပဲ ဖြစ်သည်။

တိုင်းတစ်ပါးရောက် ငွေရှာနေကြသည့် လူငယ်လေးများကို အလွန်သနားမိသည်။ လူတွေက သူတို့တစ်တွေ ငွေထုပ်ပိုက်လာသည်ကိုသာ မြင်ကြသည်။ အခါကြီးရက်ကြီးကို ရောက်လာလိုက်တိုင်း အသည်းအူ ပြောင်းပြန်လန်ခမန်း ကိုယ့်မွေးရပ်ဋ္ဌာနီဆီမှန်းပြီး လွမ်းမျက်ရည်ဝေ့ကြရရှာသည့် ခမျာများ၏ နှလုံးသားကို မှန်းကြည့်နိုင်သူ အလွန်နည်းသည်။ အလုပ်ရှင်(ဘောစ်)၏ ပြောပေါက်ဆိုပေါက်ကို ခံပြင်းလှ သောကြောင့် ပါးပိတ်ရိုက်ပစ်ချင်ပါလျှက် အမျက်နှင့် မာနကို မျိုချလိုက်ရသည့် သူတို့လေးတွေ အသွင်ကို မှန်းမြင်နိုင်သူ အလွန်နည်းသည်။ ကျွန်တော်ကတော့ သူတို့ကို သနားသည်။

”မျက်နှာအောက်ချ၊ မျက်ရည်စ”နှင့် ရှာထားရ ဖွေထားရသည့် ငွေကြေးစကို ကြားထဲက နှမြောသည်။ ထို့ကြောင့် ဘုရားရှင်၏ ”ပရိက္ခရာ အတွေး”ကို ရေးလိုက်ရသည်။

အောင်သင်း
ရွှေမော်ကွန်း မဂ္ဂဇင်း( အမှတ်-၁၁ )
ဧပြီလ၊ မေလ
http://www.shwemawkunn.com/2010/12/blog-post_4074.html

အပြည့်အစုံသတင်းဖတ်ရန်....

သွေးသစ်လောင်းဖို့  အချိန်တန်ပြီ။

မြန်မာပြဿနာ အဖြေရှာရေး လူငယ်တွေ ပါဝင်ဖို့ ဒေါ်စု တိုက်တွန်း
By ဦးဇော်ဝင်းလှိုင် အင်္ဂါ, 28 ဒီဇင်ဘာ 2010 ဗွီအိုအေ (မြန်မာဌာန)

လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ မပါလို့ မဖြစ်ဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူထုအကျိုးပြု လူမှုရေး လုပ်ငန်းတွေကို လက်ရှိ လုပ်ဆောင်နေကြတဲ့ NLD မဟုတ်တဲ့ လူငယ် အယောက် ၅၀၀ လောက်နဲ့ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ လူငယ်တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့အတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ အနေနဲ့ အသိပညာ၊ အတတ်ပညာတွေ တိုးတက်အောင် လုပ်ဆောင်ပြီး တိုင်းသူပြည်သားတွေရဲ့ အကျိုးကို ဒီထက်ပို လုပ်ဆောင်နိုင်ဖို့နဲ့ တယောက်နဲ့တယောက် အတွေ့အကြုံ အမြင်ချင်း ဖလှယ်နိုင်ကြဖို့ ရည်ရွယ်ပြီး ဒီတွေ့ဆုံပွဲကို ပြုလုပ်ခဲ့တာပါ။

တိုင်းပြည်အတွင်း လတ်တလော ကြုံတွေ့နေရတဲ့ လူမှုရေး၊ နိုင်ငံရေး အကျပ်အတည်းတွေဟာ အားလုံး ဆက်စပ်နေတာကြောင့် NLD ရယ်၊ ဘယ်သူရယ်လို့ ခွဲခြားမနေဘဲ အားလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ ဒီလို ဆွေးနွေး တွေ့ဆုံပွဲ လုပ်ရတဲ့အခါ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေမှာ လူငယ်တွေ မပါရင် မဖြစ်ဘူးဆိုတာ အားလုံး အသိအမှတ် ပြုတဲ့အနေနဲ့ ဖြစ်ပါတယ်။ လူငယ်တွေဆိုတာ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်တွေတင် မဟုတ်ပါဘူး၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှာမှ မပါတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ် ကျမတို့က အားလုံးကို ဖိတ်ခေါ် ကြိုဆိုပါတယ်။

“ဒီနိုင်ငံမှာလုပ်ရမယ့် လူမှုရေး၊ နိုင်ငံရေး ကိစ္စတွေဟာ အားလုံး သက်ဆိုင်နေတယ် ဆိုတာကိုလည်း ကျမတို့ နားလည်ဖို့ လိုပါတယ်။ အဲဒါကြောင့် ဒီလို ဆွေးနွေးပွဲ လုပ်တာပါ။ အဓိကအားဖြင့်တော့ ကျမရဲ့ အခြေအနေတွေ၊ ကျမရဲ့ အတွေးအခေါ်တွေကို ပြောပြဖို့ မဟုတ်ပါဘူး။ ကျမတို့ လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာရှိတယ်၊ ဘယ်လိုနည်းတွေနဲ့ ကျမတို့နိုင်ငံ တိုးတက်အောင် လုပ်နိုင်မယ်လို့ လူငယ်တွေက ထင်လဲ၊ ကျမတို့နိုင်ငံအတွက် အားနည်းချက်တွေဟာ ဘာတွေလဲ၊ ဒီအားနည်းချက်တွေကို ဘယ်လို ကျမတို့က ပြုပြင်နိုင်မလဲ ဆိုတဲ့ လူငယ်တွေရဲ့ အတွေးအမြင်တွေကို ကျမတို့ သိချင်လို့ပါ။”

သူ့အနေနဲ့လည်း နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ အချိန်ကစလို့ လူငယ်တွေဟာ တက်တက်ကြွကြွနဲ့ ထောက်ခံ အားပေးနေကြတာကို တွေ့ရတဲ့အတွက် အားရမိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမ နိုဝင်ဘာလ ၁၃ ရက်နေ့ အကျယ်ချုပ်က ထွက်လာတဲ့ အချိန်ကစပြီး ပြည်သူတွေရဲ့ အသံကို ကျမ ကြားချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီ ထွက်လာတဲ့နေ့ကပဲ ကျမ သတိထားမိတာကတော့ ကျမတို့ရဲ့ လှုပ်ရှားမှုထဲမှာ ထောက်ခံနေတဲ့ ပုဂ္ဂိုလ် အများစုဟာ တော်တော်ငယ်တဲ့ လူငယ်တွေ ဖြစ်ပါတယ်။ အဲဒါကို ကျမ အင်မတန်မှ သဘောကျပါတယ်။ ဒီလို လူငယ်တွေရဲ့ အင်အား ရှိမှသာလျှင် ကျမတို့ရဲ့ အနာဂတ်အတွက် ကျမတို့ လုံခြုံမှု ရနိုင်မှာပါ။”

ဒါကြောင့် လူငယ်တွေကသာ တိုင်းပြည်ကို တိုးတက် ပြောင်းလဲစေချင်တယ် ဆိုတဲ့ စိတ်ဆန္ဒရှိရင် တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိတ်ချရပြီလို့ ဆိုပါတယ်။
“လူငယ်တွေဟာ တကယ်ပဲ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်၊ လူမှုရေး ဖြစ်စဉ်တွေမှာ စိတ်ပါဝင်စားတယ်၊ ဒီတိုင်းပြည်ကို ပြောင်းလဲဖို့ဟာ လူငယ်တွေက မိမိတို့ရဲ့တာဝန် ဖြစ်တယ်ဆိုတဲ့ အစွဲ ရှိပြီဆိုရင် ကျမတို့ တိုင်းပြည်အတွက် စိတ်ချရပါပြီ။ ဒီလို အခြေအနေ မရှိရင်တော့ မနက်ဖြန် ဒီမိုကရေစီ ရလို့ရှိရင်တောင်မှ စိတ်ချရဦးမှာ မဟုတ်ပါဘူး။ အနာဂတ်ကို ထိန်းသိမ်းသွားရမှာ လူငယ်တွေရဲ့တာဝန် ဖြစ်ပါတယ်။ အဲဒါကြောင့် လူငယ်တွေ အနေနဲ့ ဒီတာဝန်ကို ဘယ်လိုမြင်လဲ၊ ဒီတာဝန်ကို ဘယ်လိုထမ်းဆောင်မယ်လို့ စိတ်ကူးလဲ ဆိုတာ ကျမတို့ သိဖို့ အများကြီး လိုပါတယ်။ ဒီတော့မှ ကျမတို့ အတူတူ လက်တွဲပြီး လုပ်လို့ရမယ်။ ကျမတို့ အနေနဲ့ ပံ့ပိုးသင့်တဲ့ နေရာက ပံ့ပိုးပေးလို့ ရမှာ ဖြစ်ပါတယ်။”

လူငယ်တွေဘက်ကလည်း မိမိတို့မှာရှိတဲ့ စိတ်ကူး အကြံဉာဏ်တွေကို ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။
“လူငယ်တွေ အနေနဲ့လည်း ကျမတို့ရဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေ၊ လူမှုရေး လုပ်ဆောင်မှုတွေမှာ ပိုပြီးတော့ အင်အား များလာအောင်လို့၊ ပိုပြီးတော့ အားရှိလာအောင်လို့၊ ပိုပြီးတော့ ပီပြင်လာအောင်လို့ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အကြံဉာဏ်တွေ ရှိတယ်ဆိုရင်လည်း ကျမတို့ အနေနဲ့ ဖိတ်ခေါ်ပါတယ်။ အကြံဉာဏ်သစ်တွေကို ကျမတို့ အမြဲပဲ လိုနေပါတယ်။ အကြံဉာဏ်သစ်ဆိုတာလည်း ကြောက်စရာ မဟုတ်ပါဘူး။ အားလုံးကနေပြီးတော့ အကြံဉာဏ်သစ်ဆိုတာ၊ တခါတလေလည်း လက်ခံလို့မရတာ ရှိတာပေါ့၊ ရှိတဲ့အခါကြတော့ အလုပ်မဖြစ်ဘူးပေါ့။ အလုပ်မဖြစ်ဘူး ဆိုရင်လည်း ကျမတို့ အနေနဲ့ အလုပ်မဖြစ်ဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ မြင်နိုင်ရမယ်။

“ဒါကတော့ အကြံ အဟောင်းတွေရော၊ အကြံ အသစ်တွေရော၊ လုပ်နည်းလုပ်ဟန် အဟောင်းတွေရော၊ လုပ်နည်းလုပ်ဟန် အသစ်တွေရော အလုပ်မဖြစ်ဘူးဆိုရင် ကျမတို့က ပြောင်းလဲနိုင်တဲ့သတ္တိ ရှိရမယ်။ ဘယ်လိုပြောင်းလဲမလဲ ဆိုတာ ဆုံးဖြတ်နိုင်တဲ့ ပညာ ရှိရမယ်။ အဲဒါကြောင့် လူငယ်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြကြပါ။ ရဲရဲရင့်ရင့်နဲ့ တင်ပြကြပါ၊ ကျမတို့ ဆွေးနွေးတယ် ဆိုတာဟာ၊ စိတ်သဘောထားတွေ၊ အမြင်တွေကို ဖလှယ်တယ် ဆိုတာဟာ တယောက်နဲ့တယောက် တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ တယောက်နဲ့တယောက် အပြစ်ရှာဖို့လည်း မဟုတ်ဘူး၊ တယောက်ကိုတယောက် ကူညီ မစပေးဖို့လို့ ကျမက ဒီအမြင်နဲ့ပဲ လုပ်စေချင်ပါတယ်လို့ ပြောပါရစေ။”

အခုလို လူငယ်တွေ့ဆုံပွဲ လုပ်ပေးတာဟာ လူငယ်တွေ အချင်းချင်း အတွေ့အကြုံ အမြင်ချင်း ဖလှယ်နိုင်ပြီး လူငယ်ကွန်ယက် ပေါ်ပေါက်ဖို့ ပိုပြီး နည်းစပ်လာတာကြောင့် အများကြီး အကျိုးရှိပါတယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်တဦးက ပြောပြပါတယ်။

“အကျိုးရှိပါတယ်၊ အများကြီး အကျိုးရှိပါတယ်။ အကျိုးဖြစ်ထွန်းလာပါတယ်၊ အကုန်လုံးအတွက်။ လူငယ်တွေ အမြင်လည်း ကျယ်လာပါတယ်။ လူငယ်တွေ တော်တော်များများက၊ တချို့နေရာက လူငယ်တွေ၊ ရန်ကုန်တိုင်းက လူငယ်တွေ၊ မသိတဲ့သူ တော်တော်များများ ကျနော်တို့ ဒီမှာ တွေ့ခဲ့ရတယ်။ လူငယ်ကွန်ယက်ပေါ့၊ ပြောရမယ်ဆိုရင်တော့။

“အန်တီပြောပုံအရ လူငယ်ကွန်ယက်ကို ကျနော်တို့ တော်တော်များများ ဒီမှာ စာရင်းပေးခဲ့တယ်။ တယောက်နဲ့တယောက် လုပ်ကိုင်ချင်တဲ့လူနဲ့၊ ပြီးတော့ စာမတတ်တဲ့ လူတွေကို စာတတ်ဖို့၊ တင်ပြနေတဲ့ လူတွေကို တင်ပြနေတဲ့ ဟာလေးတွေ၊ အဲဒီအဖွဲ့တွေ ပြီးသွားတဲ့ အချိန်မှာ ကျနော်တို့ တယောက်နဲ့တယောက် ဖလှယ်ကြတာပေါ့။ ဖုန်းနံပါတ်တွေ ဘာတွေ၊ ဘယ်လိုဆက်သွယ်ရမယ် ဆိုတဲ့ဟာတွေ၊ ဒါက တိုးတက်တဲ့ အမြင်တခုကို ရခဲ့တာပဲ၊ ကျနော်တို့အတွက် ရခဲ့တာပေါ့။

“ကျနော်တို့လိုပဲ ကျန်တဲ့ လုပ်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ရှိနေတဲ့အတွက် ဒီလို အန်တီနဲ့ တွေ့ဆုံတဲ့ အချိန်မှာ သူကလည်းလုပ်တယ်၊ ငါကလည်းလုပ်တယ်၊ ပိုပြီးတော့ ကျနော်တို့က ၀မ်းလည်း ၀မ်းသာတယ်။ လုပ်အားလည်း ပိုပြီးတော့ တက်ကြွတာပေါ့။ လုပ်ရတာ ပိုအဆင်ပြေတယ်ပေါ့။ ဟိုတုန်းက ကိုယ့်ရင်ထဲက ရှိတဲ့ဟာတွေ၊ ခံစားချက်တွေ အကုန်လုံး တယောက်နဲ့တယောက် ဖလှယ်ခဲ့ရပါတယ်။”

ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်တဦး ပြောပြခဲ့တာပါ။

လူငယ်တွေအကြား အသိပညာ တိုးပွားလာအောင် NLD အနေနဲ့ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပြူတာ နည်းပညာသင်တန်း ပို့ချပေးနိုင်ဖို့ စီစဉ်နေသလို နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ဟောပြောပွဲတွေကိုလည်း အခါအားလျော်စွာ ကျင်းပသွားမယ်လို့ တက်ရောက်လာကြတဲ့ လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
http://www.voanews.com/burmese/news/dassk-youth-meeting-112546929.html

အပြည့်အစုံသတင်းဖတ်ရန်....

ဖွံ့ဖြိုးမှုစကား အားအားတိုင်း မပြောစေချင်

by Soe Wein Yan Htoon on Monday, December 27, 2010 at 5:25pm

ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလွယ်တကူဖော်ဆောင်ရ နိုင်သောအရာမဟုတ်သကဲ့သို့ ရလဒ်ကို အလွယ်တကူ သတ်မှတ်ရန်လည်း ခက်ခဲသော အရာဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု တစ်ခု၏နောက်ကွယ်တွင် ဆုတ်ယုတ်နိမ့်ကျမှု တစ်ခု အစဉ်အမြဲ ဒွန်တွဲပါလာတတ်သည်။ တစ်ဘက်က တိုးတက်လာသည်နှင့်အမျှ တစ်ဘက်က ဆုတ်ယုတ်သွားတတ်သည်မှာ ယုတ်ချဉ်းပင်မဖြစ်စေကာမူ တဖြည်းဖြည်း ဖြင့်ရုပ်လုံးပေါ်လာတတ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု တစ်ခုကို လွယ်လွယ်ဖော်ဆောင်လို့ မရသလို လွယ်လွယ်အဆုံးသတ် လိုက်လို့လည်း မရပေ။ ထို့အတူ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုနောက်တွင် ကပ်ပါလာသော ဆုတ်ယုတ်မှုများ နည်းနိုင်သမျှနည်းပါးအောင်၊ ဖြစ်နိုင်လျှင် လုံးဝမရှိအောင် ဖော်ဆောင်နိုင်သော စီမံကိန်း၊ စီမံခန့်ခွဲမှု များကိုသာ အောင်မြင်ပြောင်မြောက်သော စီမံကိန်းနှင့် ဗျူဟာမြောက်သော စီမံခန့်ခွဲမှု ဟုသတ်မှတ်နိုင်မည်ဖြစ်သည်။
အလုပ်တစ်ခုကို ဆောင်ရွက်ရန်အတွက် ဦးစွာပထမ စီမံကိန်းတစ်ခု မလွဲမသွေချမှတ်ဆောင်ရွက်ကြရသည် ဖြစ်သည်။ ယင်းစီမံကိန်းသည် လုပ်ငန်းစတင်ဆောင်ရွက်သည်မှအစ နောင်ဖွံ့ဖြိုးတိုးတက်လာမှု အထိကိုယ်စားပြု နိုင်ရမည်ဖြစ်သည်။ စီမံကိန်းတစ်ခုသည် လုပ်ငန်းတစ်ခုတွင် (လုပ်ငန်း၏ ကြာရှည၊်တည်မြဲ၊အောင်မြင၊်တိုးတက်မှု) အတွက် အသက်သွေးကြော တစ်ခုပင်ဖြစ်သည်။ လုပ်ငန်းတစ်ခု တည်ထောင်ရသည်မှာ လွယ်ကူသလောက် တည်မြဲအောင် ထိန်းသိမ်းရသည်မှာ မဟာအခက်အခဲ တစ်ခုပင်ဖြစ်သည်။
လုပ်ငန်းကို စတင်ဆောင်ရွက်ကြ သည်မှအစပြုကာ ယင်းလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်လာမှု ရလဒ်တို့ကို အစဉ်အမြဲ တိုင်းတာ သတ်မှတ်ကြရသည်။ စောင့်ကြည့်ကြရသည်။ ထိုအချိန်တွင် ဇာတ်လမ်းစတော့သည် ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသော “စံ” ပင်ဖြစ်သည်။ မည်သည့် “စံနှုန်း” တို့ဖြင့်တိုင်းတာကာ မည်ကဲ့သို့သော ရလဒ်များကို ထုတ်ပြန်သတ်မှတ်ကြမည်နည်း။ ယင်းလုပ်ငန်း အောင်မြင်သည် မအောင်မြင်သည် ဆိုသည်ကို အဘယ်ကဲ့သို့သော ရလဒ် သဘောတရားများဖြင့် သတ်မှတ်ကြမည်နည်း။ လူအမျိုးမျိုး၊ ပညာအမျိုးမျိုး၊ သဘောတရားအမျိုးမျိုး မှသည် ရလဒ်အမျိုးမျိုးကို ဖော်ထုတ်ကြမည်ဖြစ်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများကို တောတောင်လျှိမြောင်များ အကြား ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ခြင်းသည် သက်ဆိုင်ရာ အစိုးရအတွက် တဖြည်းဖြည်း စီမံကိန်း ရုပ်လုံးပေါ်လာလေလေ တိုးတက်ဖွံ့ဖြိုးလေဟု သတ်မှတ်မည်သာဖြစ်သည်။ သို့သော် ဂေဟစနစ် စောင့်ကြည့် လေ့လာရေး သမားများ၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု သမားများ အတွက်မှာမူ ယင်းရေအားလျှပ်စစ် စီမံကိန်းကြီးများ ဖွံ့ဖြိုးတိုးတက်လာ ခြင်းသည် ဆုတ်ယုတ်မှုပြသော အနေအထားများပင်ဖြစ်သည်။
ထို့အတူပင် ဒေသခံအမြောက်အမြားသည် စီမံကိန်းနယ်မြေမှ ဖယ်ရှားပေးလိုက်ရသည့် အတွက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာ ရေး သမားတို့အမြင်တွင် ဆုတ်ယုတ်မှု ကိုသာပြမည်ဖြစ်သည်။ ယင်းကဲ့သို့ အခြေအနေများတွင် ယင်းစီမံကိန်းကြီးများ အောင်မြင်တိုး တက်ပါသည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပါ၏ ဆိုသော မှတ်ချက်ကို ပေးရန် ခက်ခဲလွန်းလှသည်။ တစ်ဘက်မှကြည့်လျှင် နိုင်ငံသား တို့ အဆင်ပြေတိုးတက်ရေးအတွက် ကောင်းမွန်သကဲ့သို့ တစ်ဘက်မှ ကြည့်လျှင်လည်း တစ်ကမ္ဘာလုံးနှင့် ချီသော ဆုတ်ယုတ်မှုများ ဖြစ်နေ သည်။ ထိုသို့အနေအထားရောက် လာသောအခါ အဓိကကျသော စီမံကိန်းရေးဆွဲမှုအပေါ်တွင်သာ လုံးဝတာဝန်ကျရောက်သွားတော့ သည်။ အစကနဦး စီမံကိန်း ရေးဆွဲစဉ်ကတည်းပင် ယင်းအနေအထားများကို ထည့်သွင်း တွက်ချက်ရေးဆွဲရမည်ဖြစ်သည်။ နယ်ပယ် အသီးသီးမှ ပညာရှင်များအပါအ၀င် အခြားတစ်သီးပုဂ္ဂလသော ပညာရှင်များ၏ အမြင်ကို ထည့်သွင်းစဉ်းစားကာ စီမံကိန်းရေးဆွဲ ခဲ့ရ မည်ဖြစ်သည်။ မိမိတစ်ဦးတည်းအမြင်ဖြင့် ရေးဆွဲသော စီမံကိန်းသည် မည်မျှပြောင်မြောက်သော စီမံခန့်ခွဲမှုဖြင့် ရလဒ်ကောင်းများကို ထုတ်ပြန်ပေးနေစေကာမူ လိုအပ်ချက်များဖြင့် စံနှုန်း မပြည့်မှီဟု သတ်မှတ်ခံ ရမည်မှာ မလွဲမသွေဖြစ်သည်။ အဆုံးသတ်သော် မိမိဖော် ဆောင်သော တိုးတက်မှု ဖွံ့ဖြိုးမှု စီမံကိန်းသည် အများကို ကိုယ်စား မပြုသော မိမိ၏ တစ်ဦးတည်း အိပ်မက်ကို ထကာအကောင်အ ထည် ဖော်လိုက်ခြင်း ကဲ့သို့ သဘောထား သက်ရောက်သွားလေတော့သည်။





အဆိုပါ ဥပမာတို့သည် ဖွံ့ဖြိုးတိုးတက်မှု နှင့် ဆုတ်ယုတ်ကျဆင်းမှု အနေအထားတို့ မျှခြေမဖြစ်ရပုံ၊ စီမံကိန်းအစကနဦး ရေးဆွဲစဉ်က တည်း ကပင် တိုးတက်မှုတစ်ခုအတွက် ပေးဆပ်ရသောအရာများ နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ကြရန်လိုအပ်ပုံ၊ တိုးတက်ဖွံ့ဖြိုး သည်ဟု မျက်မြင်အရပြောနိုင်သော်လည်း မမြင်ရသော ဆုတ်ယုတ်ကျဆင်းမှု ပမာဏများက ပိုမိုများပြားသွားပုံ တို့ကို တင်ပြလိုရင်းဖြစ် သည်။ တစ်ခုကို လိုချင်လျှင် တစ်ခုကို ပေးဆပ်ရမည်မှာ လောကနိယာမ တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း လူသားတို့၏ ပြောင်မြောက် သော ဥာဏ်ရည်နှင့် ကြံဆောင်နိုင်မှုတို့သည် ပေးဆပ်ရမှု ပမာဏနည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်နိုင် ရန် အသုံးချနိုင်ရ မည်ဖြစ် သည်။ ကျယ်ပြန့်သော တွေးခေါ်မြော်မြင်မှုတို့နှင့် ဆုံးရှုံးနိုင်မှု ပမာဏ နည်းနိုင်သမျှနည်းအောင် ကြံဆောင်ရမည်ဖြစ်သည်။ ဆိုရလျှင် လူညံ့သောကြောင့် မူညံ့များ ပေါ်ထွက်လာခြင်းဖြစ်ပေသည်။

ထို့အတူ ဗရုတ်သုတ်ခ ကစဉ့်ကလျား နိုင်သော စီမံကိန်းများ ဟူသော အကြောင်းအရာများလည်း ရှိသေးသည်။ ယင်းကဲ့သို့သော စီမံ ကိန်း အမျိုးအစားတို့သည် အခွံသက်သက်မျှသော ဟန်ဆောင်ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များ တစ်နည်းဆိုရလျှင် လိမ်ညာဟန်ဆောင်ထား သော ရလဒ်များကိုသာ ချပြနိုင်သော စီမံကိန်းများသာဖြစ်သည်။ မည်သည့်တိုးတက်မှုကိုမျှ ရှာဖွေမတွေ့နိုင်ဘဲ ဆုတ်ယုတ်မှု ပမာဏ လွန်စွာ များပြားသွားသော အနေအထားများဖြစ်သည်။ တိုးတက်မှုနှင့် ဆုတ်ယုတ်မှု မျှခြေ မဖြစ်သော အနေအထားဖြစ်သည်။ တစ်နည်း အရပ်စကားဖြင့် ပြောရလျှင် မဆိုင်တာ ဂလိုင်ခေါက်တယ် ဟုပြောနိုင်သော၊ မယောင်ရာ ဆီလူး ဟုဆိုနိုင်သော အရာများဖြစ် သည်။

မိမိအစိုးရလက်ထက်တွင် မြို့ပြနှင့်ကျေးလက်ဒေသများသည် တန်းတူညီတူ မော်တော်ဆိုင်ကယ်များ စီးနင်းနေနိုင်ကြလေပြီ၊ ကျေးရွာ များတွင်လည်း တိုက်အိမ်များ ဖြင့်ဖြစ်နေကြချေပြီ ဟုတစ်ရံတစ်ခါများတွင် သက်ဆိုင်ရာ အစိုးရများက ထင်မှတ်ကြသည်။ မျက်မြင်အရမူ ယင်းသတ်မှတ်ချက်သည် မှန်၏။ လူတိုင်း မော်တော်ဆိုင်ကယ်များ စီးနင်းနေနိုင်ကြလေပြီ။ သို့သော်တစ်ဖက်မှ စဉ်းစားလျှင် ယင်းမော် တော် ဆိုင်ကယ် တို့သည် မိမိတို့အစိုးရမှ တာဝန်ယူ ဖြန့်ဖြူး ထားခြင်းသော်လည်းကောင်း၊ မိမိတို့ပြည်တွင်း ထုတ်ကုန်အင်အားစုများ သော်လည်းကောင်း မဟုတ်ကြပေ။ တရားမ၀င်ဝင်ရောက်လာသော မော်တော်ဆိုင်ကယ်များသာဖြစ်ကြပြီး ယင်းတရားမ၀င် မော်တော် ဆိုင် ကယ်များကို မိမိတို့အစိုးရက အခွန်ကောက်ခံကာ တရားဝင်အောင်ပြုလုပ်ပေးထားခြင်းဖြစ်သောကြောင့် မိမိတို့အစိုးရ လက်ထက် တွင် လူတိုင်းမော်တော်ဆိုင်ကယ် စီးနိုင်ကြသည်ဟူသော ပြောကြားမှုသည် အဓိပ္ပာယ်မရှိပေ။ နိုင်ငံသားတို့သည် တရားမ၀င်ဈေးကွက်မှ တရားမ၀င်မော်တော်ဆိုင်ကယ်ကို တရားမ၀င်ဈေးပေးဝယ်ယူထားခြင်းအပေါ် အစိုးရမှ ထပ်မံ အခွန်ကောက်လိုက်ခြင်းသည် အစိုးရမှ မော်တော်ဆိုင်ကယ်စီးနိုင်အောင် လုပ်ပေးခြင်းမဟုတ်ပေ။ သက်သက် မြိန်ရည်ရှက်ရည် အသားယူလိုက်ခြင်းပင်ဖြစ်သည်။

ဆက်ရလျှင် ယင်းမော်တော်ဆိုင်ကယ်စီးကြသော ကျေးလက်ဒေသများတွင် ယခင်ကာလများနှင့်မတူ တိုးတက်လာလေသည်ဟု သတ် မှတ် နိုင်သည်။ အဘယ်ကြောင့်ဆိုသော အမြင်အားဖြင့် ကြည့်လျှင် ကျေးလက်နေပြည်သူတို့သည် တိုက်အိမ်များဖြင့် တဖြည်းဖြည်း ပြောင်းလဲနေနိုင်လာကြကုန်ပြီဖြစ်သည်။ ဆိုရလျှင် တိုးတက်သည်ဟု ပြောလျှင်ရသည်။ သို့သော် အဆိုပါ တိုက်အိမ်ကြီးများနှင့် ကပ် လျှက် တည်ဆောက်ထားသော နွားတင်းကုပ်များ၊ တိုက်အိမ်ကြီးအ၀င်ဝတွင် ပုံထားမည်ဖြစ်သော ကောက်ရိုးပုံများ၊ အိမ်တွင်းမှ တစ်ချက် တစ်ချက် ရလိုက်သော နောက်ချေးနံ့များ၊ အိမ်တွင်းသို့ ၀င်လိုက်သည့်အခါ အိမ်ထပ်ခိုးတွင် ချိတ်ဆွဲထားမည်ဖြစ်သော ဖျာလိပ်၊ တောင်း စုတ်၊ ပလုံးစုတ်များ၊ ဂုံနီအိတ်များ စသည်ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး တိုက်အိမ်အကောင်းစားကြီးထဲတွင် ရှေးကထုံးစံဖြစ်သော မဲညစ်ညစ်ဖြစ်နေသည့် ခုံတန်းလျားရှည်ကြီးကိုလည်း တွေ့မြင်ရဦးမည်ဖြစ်သည်။ ထို့နည်းတူပင် ရုပ်မြင်သံကြားပြစက်နှင့် ယင်းနှင့် တွဲဖက် သော ဖျော်ဖြေရေးဆိုင်ရာ အီလက်ထရောနစ်အရာများကို တင်ထားမည်ဖြစ်သော စားပွဲခုံ မဲညစ်ညစ်ကြီးများကိုလည်းကောင်း၊ ပေါလစ်ပြောင်ပြောင်တိုက်ထားသည့် စင်များ စားပွဲများကိုသော်လည်းကောင်း တွေ့မြင်နိုင်မည်ဖြစ်သည်။ သို့သော် ထိုအိမ်ရှေ့တွင်မူ မော်တော်ဆိုင်ကယ် သုံးလေးစီးခန့်နှင့် ထော်လာဂျီ ဟုခေါ်သော ကျေးလက်မော်တော်ယဉ်တစ်စီးလည်း ရပ်ထားလိုက်သေးသည်။ ယင်းမော်တော်ယဉ်တို့သည် ရွာလယ်လမ်းမအတိုင်း ဖုန်တစ်ထောင်းထောင်းထအောင် မောင်းနှင်ကာ မြိုပေါ်သို့ စပါးရောင်း၊ ဈေးဝယ် ထွက်ကြပေဦးမည်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ပုလင်းကလေး ဗူးကလေးများဖြင့် အဆင်ပြေသလို ရောင်းချနေကြသော မှောင်ခို စက်သုံးဆီ ဆိုင်ကလေးများမှ စက်သုံးဆီများကိုလည်း လိုသလောက် ၀ယ်ယူနိုင်ကြသေးသည်ဖြစ်သည်။

အဆိုပါအခြေအနေတို့သည် အမှန်စင်စစ်ပင် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုနိုင်ပါ၏လော။ သေချာသော ဖွံ့ဖြိုးမှုရလဒ်ကို ဆိုရပါမူ ယင်းအခြေအနေတို့သည် အလွန်တရာမှ ဗရုတ်သုတ်ခနိုင်သော ကစဉ့်ကလျားနိုင်သော နောင်အနာဂတ်အတွက် ရင်လေးဖွယ်ကောင်း သော ဗရုတ်သုတ်ခ ဖွံ့ဖြိုးတိုးတက်မှု များသာ သက်သက်ဖြစ်လေသည်။ တမွန်းလွဲ အသုံးတည့် ဖွံ့ဖြိုးမှုသက်သက်သာဖြစ်သည်။ သက် ဆိုင်ရာအစိုးရအတွက် ထင်မှတ်မှားနေစေနိုင်သော (သို့မဟုတ်) မရှိကို အရှိလုပ်ပစ်လိုက်နိုင်သော ဟန်ပြတိုးတက်မှု တို့သာ လျှင်ဖြစ်ကြ သည်။ အမှန်စင်စစ် အောင်မြင်သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု စစ်စစ်များ မဟုတ်ကြသေးပေ။

ဆက်လက်ပြောကြားရပါမူ တစ်ထောင့်တစ်ညပုံပြင်များကသာ အဆုံးသတ်သွားမည်ဖြစ်သည် ဖွံ့ဖြိုးမှု ပုံပြင်သည်ကား ဆုံးသတ်လိမ့်မည် မဟုတ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးတွင် မအောင်မြင်သော်လည်း အောင်မြင်သည်ဟု လက်မထောင် ၀င့်ကြွား နေနိုင်စရာ ဖွံ့ဖြိုးမှု အလွဲများမှာ မြောက်မြားစွာ ရှိနေသေးသည်သာမက ထိုကဲ့သို့ ထပ်မံလွဲမှားရန် လာလတ္တံ့သောစီမံကိန်း အမြောက် အမြားလည်း တောင်လိုပုံနေကြသေးသည်။

လုပ်ငန်းကြီးတစ်ခုလုပ်မည်ဆိုလျှင် အတွေးကြီးကြီးတွေးနိုင်ရမည်ဖြစ်သည်။ အိမ်မက်ကြီးကြီးမက်မည် ဆိုလျှင်လည်း စွမ်းအားကြီးကြီး ရှိရမည်ဖြစ်သည်။ သူများယောင်လို့ ကိုယ်ပါလိုက်ယောင်သော စီမံကိန်းများမှသည် အရည်မရ အဖတ်မရ ဖြစ်သွားရသော အဆုံးသတ် များကို အမှန်စင်စစ် ယနေ့ ရပ်နားသင့်ပြီဖြစ်သည်။ ထို့နည်းတူစွာပင် အီလည်လည်ဖြစ်နေသော စီမံကိန်းများကိုလည်း ပြန်လည် သုံးသပ်ရန်သင့်သည်။

အဆုံးသတ်ရလျှင် ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ လွယ်လင့်တကူ ဖော်ဆောင်မရစကောင်းသော အရာဖြစ်သကဲ့သို့ လွယ်လင့်တကူ အဆုံး သတ် ကျေနပ်လိုက်ရစကောင်းသော အရာမဟုတ်ပါချေ။

စိုးဝေယံထွန်း
(၂၈. ၁၂. ၂၀၁၀)
http://www.facebook.com/?ref=home#!/note.php?note_id=177565885596848&id=100001736070502

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်