Monday, May 31, 2010

ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ

လွန်းဒင်။ ၃၁၊ ၅၊ ၂၀၁၀
ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် ဒီပဲယင်း အကြမ်းဖက်မှုတွင် ကျဆုံးသွားခဲ့သည့် ရဟန်းရှင်လူကျောင်းသားလူငယ်များအတွက် ဆွမ်းကပ် ဆုတောင်းပွဲများကို မနေ့က ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်ရှိ NLD အဖွဲ့ဝင်များက ဘုန်းကြီးကျောင်း (၂) ကျောင်းကို ဆွမ်းကပ်လှူခဲ့ပြီး မအီမြို့နယ်၊ ဆားပြင်ရွာဘုရားတွင်လည်း အဖွဲ့ချုပ်ဝင် (၁၈) ယောက်က မီးပူဇော်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပေးခဲ့ပြီး ဒီပဲယင်းတွင် အကြမ်းဖက်ခံရ၍ ကျဆုံးခဲ့သူများအတွက် အမျှပေးဝေခဲ့သည်ဟု မြို့ခံက ပြောသည်။

သံတွဲမြို့နယ်တွင်လည်း အထိမ်းအမှတ် ဆွမ်းကပ်ပွဲများပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“သံတွဲမြို့မှာလည်းပဲ အဖွဲ့ဝင် (၇) ယောက်လောက်က မြို့မကျောင်းမှာ မနက် ၁၀ နာရီလောက်မှာ ဒီပဲယင်းအထိမ်းအမှတ်အနေနဲ့ အဖွဲ့ဝင်တွေ ဆွမ်းကပ်တယ်” ဟု ပြောသည်။

အာဏာပိုင်များက ဒီပဲယင်းအထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲကို ကြိုတင်သိရှိထားပြီး မေလ (၃၀)ရက်နေ့ ညနေတွင် တောင်ကုတ်မြို့နယ်အတွင်း လက်နက်၊ ယူနီဖောင်းအပြည့်အစုံဖြစ် အင်အား(၂၀)ကျော်သည့် လက်နက်ကိုင် လုံခြုံရေးများ လှည့်လည် အင်အားပြခဲ့ပြီး ဆက်သွယ်ရေးဖုန်းလိုင်များကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ ဖြတ်တောက်ထားခဲ့သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒီပဲယင်းအထိမ်းအမှတ် လှုပ်ရှားမှုများပြုလုပ်ခဲ့သည့် NLD အဖွဲ့ဝင်များကို အာဏာပိုင်များက စောင့်ကြည့်မှုများ မေးမြန်းစုံစမ်းခြင်းဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။

အလားတူ ဒီပဲယင်းအကြမ်းဖက်မှု (၇)နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ရန်ကုန်တိုင်း မြို့နယ်တချို့နှင့် ကျန်မြို့နယ် အသီးသီးတို့တွင်လည်း ဆွမ်းကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်