Friday, October 22, 2010

မြို့တော်ဟောင်းက ဇာတ်လမ်းသစ်

     ကိုကျော်သူရဲ့ facebook http://www.facebook.com/home.php?#!/note.php?note_id=429494157913  မှာ  လောကကြီးက မတရားဘူး ဆိုတဲ့  စာနဲ့တကွ ဓါတ်ပုံတွေပါဖေါ်ပြထားတဲ့ ခံစားချက် စာတိုလေးကို ဖတ်မိတော့ ဒီအဖြစ်အပျက်ဟာ ဟိုးတုန်းက အဖြစ်အပျက်တခု အပေါ်ပဲ ကိုကျော်သူ ကောက်ကြောင်းဆွဲတာလား။ လတ်တလောဖြစ်တာများလားလို့  တွေးမိတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဟိုး လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် မတ်လလောက်မှာ ကျနော် ကြားမိတဲ့ (အလားတူ) အဖြစ်အပျက် လေးကို ကဗျာရေးခဲ့ဖူးတာမို့ပါ။
(www.burmatoday.net မှာ ဖေါ်ပြခဲ့ဖူးပါတယ်။ ) တိုက်ဆိုင်မှုလား၊ အလားတူ အဖြစ်မျိုးလားတော့ မသိပါဘူး။ ကိုယ်ချင်းစာ ခံစားမိပြီး ကျနော်ရေးဖွဲ့မိခဲ့တာလေး ပြန်တင်ပြလိုက်ပါရစေ။ ခံစားချက်နဲ့ တွေးစရာတွေပေးတဲ့ ကိုကျော်သူကို ကျေးဇူးတင်ပါတယ်။
(ကဗျာနာမည်မှာ မြို့တော်ဟောင်းလို့ သုံးထားတာက အဲဒီအချိန်မှာ နေပြည်တော်မြို့တော်သစ် အကြောင်းတွေ ခေတ်စားနေတဲ့အချိန် မြို့တော်ဟောင်း ရန်ကုန်တ၀ိုက်က အဖြစ်အပျက်မို့ပါ)
(ပူးတွဲပါ ဓါတ်ပုံများဟာ ကိုကျော်သူ့ဖေ့ဘွတ်က ဖြစ်ပါတယ်)


မြို့တော်ဟောင်းက ဇာတ်လမ်းသစ်

ပုံပြင်မဟုတ်ဘူး။ တကယ်ဖြစ်ခဲ့တာပါ။
မြို့တော်ဟောင်းရဲ့ မြို့သစ်စွန်ဖျားမှာ
တကယ်ဖြစ်ခဲ့တာပါ

ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲက မဟုတ်ဘူး။
ဒါပေမယ့် သူတို့ရဲ့အဖြစ်အပျက်က
ရေသည်ပြဇာတ်ထက်သာတယ်။

အိမ်ဦးနတ်က
နေမထွက်ခင် အလုပ်ဝင်
နေအဝင်မှာ အလုပ်ဆင်း
ညအလင်းမှာလည်း ဆိုက်ကားနင်းပါတယ်။

အိမ်ရှင်မကတော့
လသားအရွယ် သားငယ်တဖက်နဲ့
တအိမ်တက်ဆင်း လျှော်ဖွတ်ရင်းထမင်းချက်
ဒိုးတူဘောင်ဖက် အကျိုးတူ ဆောင်ရွက်ရှာပါတယ်။

လင်ကလည်း စီးပွားရှာ
မယားကလည်း အလုပ်လုပ်ပေမယ့်
အဝတ်က အချုပ်အဖာ
အစားက နပ်မမှန်ရှာတဲ့အပြင်
အနေကလည်း စုတ်ချာတယ်။

စံအိမ်တော် တဲ့စုတ်ဟာ
အမိုးကအပေါက်တရာမို့
ညအခါ လသာတာကိုလည်း မြင်နိုင်တယ်။
ကြယ်တာရာ အစုအဝေးကိုလည်း ရှုငေးနိုင်တယ်ပေါ့။

တရံတခါ မိုးရွာရင်တော့
ထီးစုတ်အောက် တိုးဖက်ရင်း
ငုတ်တုတ်နဲ့ မိုးလင်းရရှာတယ်။

အိမ်အမိုးရဲ့ ဂုဏ်အင်္ဂါနဲ့အညီ
အိမ်အကာကလည်း ကာရန်ညီပါတယ်။
မူလအစ ဝါးထရံအကာဟာ
ကျိုးပေါက် ရွဲ့ယိုင်ကာ ဟောင်းဆွေးနေလေတော့
ကျွတ်ကျွတ်အိမ်လေးတွေစီကာ ကာရံထားလိုက်တာ
ခေတ်သစ်ဟန် ပန်းချီကားလိုပါပဲတဲ့။

အမိုးမကောင်း အကာဆန်းသလို
အခင်းကြမ်းကလည်း သဏ္ဍာန်တမျိုးပါ။
အိမ်ကြမ်းကို ခင်းတဲ့အခါ
ကြမ်းအပြည့် စီခင်းဖို့ မလောက်တော့
အခင်းဖြစ်ရုံ ဝါးအခြမ်းတွေကို
တချပ်တချပ် တထွာလောက်ခွာပြီးခင်းပါသတဲ့။

အဲဒီတော့
နွေအခါဆို လေတိုးရုံပေမယ့်
မိုးအခါဆို အိမ်အောက်က ရေအိုင်မှာ
ရေဆိုးနံ့ကလည်း လှိုင်တဲ့အပြင်
ခြင်ပဒေသာလည်း မြိုင်ပါဘိသနဲ့။

ဒီလိုနဲ့
မိုးမရွာတဲ့ မိုးတွင်းတည
အလုပ်ပင်ပန်းသမျှ အပန်းဖြေ
သားငယ်ကို ဘေးချ
ကလေးငယ်ကို အမည်ပေးကင်ပွန်းတပ်ဖို့ စိတ်ကူးယဉ်ကြရင်း
လင်မယားနှစ်ယောက် အိမ်မောကျသွားကြပါသတဲ့။

အာရုံအကျင်း မိုးမလင်းခင်မှာတော့
နှိုးသံ ခေါ်သံ တီးတိုးသံမှ
ငိုသံအော်သံ ဆဲဆိုမာန်ရင်း
မယားနဲ့လင် စစ်ပွဲခင်းကြပါလေရော။

ရပ်ကွက်တွင်းက
ရပ်ကွက်လူကြီးအိမ်နီးချင်းတွေ
ဆွဲကြထိန်းကြ ဖြန်ဖြေကြနဲ့
ဘာများ ဖြစ်ကြတာပါလိမ့်ပေါ့။

လင်ကလည်းငို မယားငိုနဲ့
ရပ်ကွက်သားတို့ မေးကြမြန်းကြ ချော့မော့ကြနဲ့
ဝိုင်းဝန်းစပ်စုကြတဲ့အခါ—

မိဘနှစ်ပါး အိပ်မောကျချိန်
လသားကလေးငယ်ဟာ
ကြမ်းကြားမှ ကျွံပြီး
အိမ်အောက်က နွံရေအိုင်ထဲကျလို့
အနိစ္စရောက်သွားရှာပါသတဲ့။

မိဘနှစ်ပါး ငိုကြွေးကြ
ကြားရသူတိုင်း ရင်နင့်ရနဲ့
သနားဖွယ် ဒီအဖြစ်ဟာ
တချို့က ကလေးငယ် ကံဆိုးရှာဖို့ ဖြစ်ရတာတဲ့။
တချို့က မိဘတွေ ဂရုမစိုက်နိုင်လို့ ဖြစ်ရတာတဲ့။
တချို့က စီးပွားရေး မပြေလည်ရှာလို့ဖြစ်ရတာတဲ့။
တချို့ကတော့ ခေတ်ဆိုး စနစ်ဆိုးကြောင့် ဖြစ်ရတာတဲ့။
ကဲ—--- လူကြီးမင်းတို့ကရော- ဘာကြောင့်လို့ ဆိုချင်ပါသလဲ။

ဘာပဲဖြစ်ဖြစ်
ဒါဟာ ပုံပြင်မဟုတ်ဘူး။
တကယ်ဖြစ်ခဲ့တာပါ။
မြို့တော်ဟောင်းရဲ့ မြို့သစ်စွန်ဖျားမှာ
တကယ်ဖြစ်ခဲ့တာပါ

သူရိန်ထက်
၁၆.၃.၂ဝဝ၇
နံနက် ၆းဝဝ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်