Monday, October 25, 2010

မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရီးဖြင့် ပြည်တွင်းထုတ်ဂျာနယ်များ တင်ပို့မှုကို ခွင့်မပြုတော့ကြောင်း သိရ


Myanma-Airways မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရီးဖြင့် ပြည်တွင်းထုတ်ဂျာနယ်များ တင်ပို့မှုကို ယနေ့ (၂၅-၁၀-၂၀၁၀) မှစ၍ ခွင့်မပြုတော့ကြောင်း စုံစမ်းသိရှိရသည်။

''မနေ့က (၂၄-၁၀-၂၀၁၀) အထိ လေယာဉ်နဲ့ဂျာနယ်တွေ ပို့ခဲ့ပါတယ်။ ဒီမနက်မှာ ပုံမှန်အတိုင်း ပို့ဖို့သွားတော့မှ ခွင့်မပြုတော့ဘူးဆိုတာ သိရပါတယ်''ဟု ဂျာနယ်ဖြန့်ချိရေး ကိုယ်စားလှယ်တစ်ဦးက ပြောပြခဲ့ပါသည်။ ''မြိတ်ဘက်မှာ ရွေးကောက်ပွဲ မဲမပေးဖို့ လှုံ့ဆော်စာတွေ တွေ့တယ်လို့ ကြားပါတယ်။ အဲဒီစာတွေက လေယာဉ်နဲ့ပို့တာလို့ ယူဆတဲ့အတွက် အခုလို ပိတ်လိုက်တာလို့လည်း ကြားပါတယ်။ လောလောဆယ်မှာ လေယာဉ်နဲ့ပို့တဲ့ စာတွေကိုလည်း စာအိတ်အသေးကအစ ဖွင့် ဖောက် စစ်ဆေးတယ်လို့ သိရတယ်''ဟု လေယာဉ်ဖြင့် ပစ္စည်းတင်ပို့နေသူ တစ်ဦးက ပြောပြပါသည်။

"ဒီနေ့မနက်(၂၅.၁၀.၂၀၁၀)ကစပြီး လုံခြုံရေးအရ ခေတ္တပိတ်ထားတာပါ"ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပြည်တွင်းထုတ် ဂျာနယ်များကို တစ်ဆင့်ပြန်လည် ဖြန့်ချိရောင်းချသော ကိုယ်စားလှယ်များ အနေဖြင့် ပြည်တွင်းရှိ ဝေးလံသော ဒေသအချို့သို့ ဂျာနယ်များ ပေးပို့ရာတွင် လေကြောင်း ခရီးဖြင့် တင်ပို့မှုကို အားထား ပြုလုပ်လျက်ရှိရာ ယခုကဲ့သို့ လေယာဉ်ဖြင့် တင်ပို့ခွင့် မရတော့သည့်အတွက် ကား၊ ရထားတို့ဖြင့် ပြောင်းလဲတင်ပို့ရန် လတ်တလော စီစဉ်လျက် ရှိကြောင်းလည်း သိရသည်။

''လေယာဉ်နဲ့ တင်ပို့ခွင့်ရတုန်းကတော့ အချိန်ကြန့်ကြာမှု မရှိပေမယ့် အခု ကားတို့၊ ရထားတို့နဲ့ အဆင်ပြေသလို ကြည့်ပို့ရမှာ ဖြစ်တဲ့အတွက် လမ်းခရီးကြန့်ကြာမှု အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ကျိုင်းတုံ၊ တာချီလိတ်လို နေရာမျိုးကို ကားနဲ့ပို့ရင် သုံးရက်လောက်ကြာပါတယ်။ အားကစားဂျာနယ်တွေ အပါအ၀င် သတင်းဂျာနယ်အချို့မှာ ပါတဲ့ နောက်ဆုံးသတင်းတွေကို စာဖတ်သူတွေက နောက်ကျမှ ဖတ်ရတော့မှာပါ။ အဲဒီအတွက် ဂျာနယ် ဈေးကွက်အပေါ် သက်ရောက်မှုတော့ အနည်းနဲ့အများ ဖြစ်လာမှာပဲ'' ဟု ဂျာနယ်ဖြန့်ချိရေး ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

''အခုလိုလေယာဉ်နဲ့ ဂျာနယ်ပို့တာတွေကို ခွင့်မပြုတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက လေယာဉ်နဲ့ဂျာနယ် တင်ပို့နေသူတွေကို ခေါ်ယူ တွေ့ဆုံမယ်လို့ သိရပါတယ်''ဟု လေယာဉ်ဖြင့် ဂျာနယ်တင်ပို့နေသူ တစ်ဦးက ပြောပါသည်။

ဂျာနယ်များကို လေယာဉ်ဖြင့် အဓိက တင်ပို့လေ့ရှိသည့် ဒေသအချို့
တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ပူတာအို၊ ကလေး၊ တောင်ကြီး၊ ဟဲဟိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း

ပြည်တွင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိသော လေကြောင်းလိုင်းများ
မြန်မာ့လေကြောင်းလိုင်း၊ Air Mandalay၊ Air Bagan၊ Yangon AirwaysRest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်