Wednesday, December 8, 2010

ဒေါ်စုနောက်တွင် အိန္ဒိယပြည်သူများရှိဟုဆို

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၁၄ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် အိန္ဒိယပြည်သူများ ရှိနေသည်ဟု အိန္ဒိယလွှတ်တော်အမတ်များက ပြောဆိုလိုက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အထိမ်းအမှတ် အခမ်းအနားတရပ် ယမန်နေ့က မြို့တော်နယူးဒေလီ၌ ကျင်းပစဉ် မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နောက်တွင် အိန္ဒိယပြည်သူများ အမြဲတမ်း ရှိနေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။
“အိန္ဒိယနိုင်ငံသားတွေဟာ လွတ်လပ်မှုရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ စံနှုန်းတွေကို တန်ဖိုးထားတဲ့အတွက် သူ့ရဲ့ လုပ်ဆောင်ချက်တွေကို လေးစားနှစ်သက်ကြတယ်။ သူ့နောက်မှာ ရှိတယ်။ လွတ်လွတ်လပ်လပ်၊ အေးအေးချမ်းချမ်းနဲ့ နေနိုင်ခွင့် ရပါစေလို့ ဆုတောင်းပါတယ်။ အရင်တုန်းက လွတ်လာပေမယ့် ပြန်အဖမ်းခံရတယ်။ သူ့အနေနဲ့ အခုအတိုင်း လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့ နောက်တခါ ထပ်ပြီး မဖြစ်ဖို့ မျှော်လင့်ပါတယ်’’ ဟု လက်ရှိအာဏာရ ကွန်ဂရက်ပါတီအမတ်နှင့် ဒု-နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စတာ Shashi Tharoor က ပြောသည်။

ဥပဒေရေးရာ ၀န်ကြီးဟောင်းနှင့် လွှတ်တော်အမတ် မစ္စတာ Ram Jathmalani ကလည်း “သူ့အနေနဲ့ ရှေ့မှာ တိုက်ပွဲတွေ အများကြီး ကျန်သေးတယ်။ အိန္ဒိယအစိုးရတခုကိုပဲ ကြည့်မနေပါနဲ့ အိန္ဒိယပြည်သူတွေ ခင်ဗျားတို့နောက်မှာ ရှိနေပါတယ်” ဟု ဆိုသည်။

အိန္ဒိယကွန်မြူနစ်ပါတီ CPI (M) ပေါလစ်ဗျူရိုအဖွဲ့ဝင်နှင့် လွှတ်တော်အမတ် မစ္စတာ Sitaram Yachuri ကလည်း မြန်မာ့နိုင်ငံအရေးကို အိန္ဒိယအစိုးရအနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် လာမည့် ပါလီမန် အစည်းအဝေး၌ မြန်မာ့အရေးကို ထည့်သွင်းတင်ပြသွားမည်ဟု ကတိပြုခဲ့သည်။

အခမ်းအနားကို အိန္ဒိယ သတင်း ထောက်များကလပ်၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် အမျိုးသမီး လုံခြုံမှု စီမံရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့ (WISCOMP) က ဦးစီးကျင်းပရာ မြန်မာ့အရေး ထောက်ခံသူ အိန္ဒိယနိုင်ငံသားများနှင့် မြန်မာများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အခမ်းအနားသို့ ရုပ်သံဗီဒီယိုဖိုင် ပေးပို့ကာ ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး တိုးတက်လာရန် အထောက်အကူဖြစ်စေသည့် မြန်မာ့ဒီမိုကရေစီရေးကို ပိုမိုကူညီရန် အိန္ဒိယခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

“ကျမ လွတ်မြောက်လာတာကို အခုလိုကြိုဆိုတဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်။ အခု လွတ်လာတာကို `နည်းနည်း ပိုလွတ်လပ်တဲ့ ဘ၀´ လို့များ ပြောရမလား မသိပါဘူး။ `နှောင်ကြိုးမဲ့ဘ၀´ ဆိုတဲ့ စကားလုံးကိုတော့ ကျမ မသုံးချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျမ နေနေရတဲ့ ဘ၀၊ ကျမတို့ မြန်မာပြည်က ဒီမိုကရေစီ လှုပ်ရှားမှု ဘ၀တွေက လုံလုံးကြီး မလွတ်မြောက်သေးလို့ပါ။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိ နေသေးတာကိုလဲ သိကြမယ်လို့ ကျမ ယုံကြည်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

ထို့ပြင် “ဒီလူတွေအားလုံး မလွတ်မြောက်သေးသမျှ၊ ကျမတို့ မြန်မာပြည်သူတွေကိုယ့်အခွင့်အရေးအတွက်လွတ်လွတ်လပ်လပ် ဆောင် ရွက် ခွင့် မရသေးသမျှ လွတ်လပ်တဲ့ နိုင်ငံမှာ နေရတယ်လို့ မပြောနိုင်ပါဘူး။ ဒီလိုနေခွင့်ရဖို့ ကျမတို့အားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရပါမယ်။ ဒီလို နေခွင့်ရဖို့ အားပေးကူညီနိုင်မယ့် နိုင်ငံတနိုင်ငံအဖြစ်၊ ကျမတို့နဲ့အတူ ကြာရှည်လက်တွဲရပ်တည်ခဲ့တဲ့ မိတ်ဆွေနိုင်ငံကောင်းအဖြစ် အိန္ဒိယကို ကျမတို့ ရှုမြင်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ အိန္ဒိယအစိုးရအကြား နီးနီးကပ်ကပ် ဆက်ဆံမှုတွေလဲ ရှိစေလိုပါတယ်” ဟု သူက ဆိုထားသည်။

မိခင်ဒေါ်ခင်ကြည် အိန္ဒိယဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ၁၉၆၀ တွင် ခန့်ထားခံရစဉ်က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာပြီး နယူးဒေလီရှိ လေဒီသျှရီရမ်ကောလိပ်၌ ပညာဆည်းပူးခဲ့သည်။

ယင်းကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မိနာရှီဂိုပီနတ်က ဒေါ်အောင်ဆန်းစုကြည်သည် မိမိတို့ကျောင်း၏ လမ်းပြကြယ်ဖြစ် သည့်အပြင် စံနမူနာယူသင့်သည့် ကျောင်းသူဖြစ်ကြောင်း၊ သူလွတ်မြောက်လာသဖြင့် ၀မ်းမြောက်ကြောင်း ပြောဆိုသည်။

“ကျမတို့ကျောင်းရဲ့ ကောလိပ်ကျောင်းသူ ဖြစ်ခဲ့တာကို ဂုဏ်ယူလို့ မဆုံးပါဘူး။ သူဟာ ထောင်သောင်းချီတဲ့ ကျမတို့ ကျောင်းသူတွေ အတွက် လမ်းပြကြယ်ပါ။ ကျောင်းကို ဒေါ်အောင်ဆန်းစုကြည် လာလည်ပြီး သူ့စိတ်ဓာတ်၊ သူ့အယူအဆတွေနဲ့ ကျမရဲ့ကျောင်းသူတွေကို ခွန်အားပေးမယ့်နေ့ကို စောင့်မျှော်နေပါတယ်” ဟု သူက ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း အထိမ်းအမှတ် ဒီဇင်ဘာလ ၇ရက်က နယူးဒေလီတွင် ကျင်းပခဲ့သည့် အခမ်းအနားတွင် အိန္ဒိယလွှတ်တော်အမတ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Shashi Tharoor က မြန်မာ့ဒီမိုကရေစီ အရေး ကြိုးပမ်း နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တစိတ်တဝမ်းတည်း ရှိကြောင်း ပြောကြားခဲ့သည်။ ၁၉၈၈ မှစ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ၁၉၉ဝ နှစ်များအထိ အိန္ဒိယသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို တက်ကြွစွာ ထောက်ခံ အားပေးခဲ့သည်။ အိန္ဒိယဂုဏ်ဆောင် မဟတ္တမဂန္ဒီနှင့် နှိုင်းယှဉ်ဂုဏ်ပြုပြီး ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်နည်း ကျင့်သုံးနေသူ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၅ တွင် အိန္ဒိယက ဂျဝါဟာလာနေရူးဆု ချီးမြှင့်ခဲ့သေးသည်။

သို့သော် ၁၉၉၅ အလွန် ကာလများမှစ၍ စီးပွားရေး အခွင့်အလမ်းများအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေး ပို ကောင်းရန် ဦးစားပေးသည်ဟု ဒီမိုကရေစီရေး လိုလားသူများက အိန္ဒိယကို ဝေဖန်ခဲ့ကြသည်။

မနေ့က အခမ်းအနားသို့ တက်ရောက်လာသူ အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်များကမူ အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် နိုင်ငံခြား ရေး မူဝါဒ ရှုပ်ထွေးနေသော်လည်း အိန္ဒိယပြည်သူများနှင့် ခေါင်းဆောင်များကမူ မြန်မာပြည် ဒီမိုကရေစီရေးရရှိရေးအတွက် စိတ်အား ထက်သန်မှုရှိကြောင်း ပြောဆိုခဲ့ကြသည်။

“အိန္ဒိယအစိုးရမှာ ဘယ်လိုအကြောင်းပြချက်ပဲ ရှိပါစေ၊ မြန်မာပြည်သူတွေ ဘက်ကပဲ ရပ်တည်သင့်တယ်။ စီးပွားရေး၊ နိုင်ငံရေးတွေကို ကြည့်နေရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အိန္ဒိယပြည်သူတွေဟာ မြန်မာပြည်သူတွေဘက်မှာ ရှိတဲ့အတွက် စိတ်ပူစရာ မလိုပါဘူး။ ဒီမို ကရေစီရေးအတွက် စစ်အစိုးရကို အိန္ဒိယက ဖိအားပေးဖို့ မျှော်လင့်ပါတယ်’’ ဟု လူမှုသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Ranjana Kumari က ဆိုသည်။

သူက ဆက်ပြီး ’’၂၁ ရာစုနှစ်ဟာ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီ ရာစုနှစ်ပါ။ ဒါကြောင့်မို့လို့ ရေရှည်နိုင်ငံရေး စံနှုန်းတွေ နိမ့်ကျနေဖို့ မဖြစ် နိုင်ပါဘူး။ မြန်မာနိုင်ငံသားတွေကို ဒီမိုကရေစီနဲ့ လွတ်လပ်မှုနဲ့ ဝေးကွာအောင် ကြာရှည်လုပ်ထားလို့ ရလိမ့်မယ်လို့ မထင်မိပါဘူး’’ ဟု ပြောဆိုခဲ့သည်။
Mizzima News.

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်