Wednesday, December 8, 2010

လူထုက မလေးစားနိုင်တော့တဲ့  အမျိုးသမီးတယောက်အကြောင်းတော့ အာဇာနည်မှာ မတင်နိုင်ပါ ပြည်တွင်းဥပဒေလမ်းကြောင်းအရ ဖြစ်ပျက်နေမှုအပေါ် တင်လိုက်ရပါသည်။

ထက်ထက်မိုးဦးအမှု တရားရုံး အချိန်ဆွဲနေသလား မင်းနိုင်သူ Wednesday, 08 December 2010 16:17
ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှု အတွက် တရားရုံးက အမိန့်မချမှတ်နိုင် သေးကြောင်း သိရသည်။

ဆီဒိုးနား ဟိုတယ်တွင် ယခုနှစ် မေလ ၁၉ ရက်နေ့က ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

“တရားလိုပြသက်သေအားလုံးကို စစ်မေးပြီးသွားပါပြီ။ ထက်ထက်မိုးဦးဘက်ကတော့ ဆေးခွင့်တင်တုန်းက တခါပဲ ရုံးလာတယ်။ အခုအမှုက ကြာနေပြီ။ မပြတ်သေးဘူး။ တရားရုံးက ပြန်လည်စစ်ဆေးကြားနာနေတယ် ပြောတာပဲ"ဟု 7 Day News ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

အဆိုပါ နာကျင်စေမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။

ထက်ထက်မိုးဦးဘက်မှ ရှေ့နေဦးစိန်မြင့်က လိုက်ပါဆောင်ရွက်ပေးနေပြီး သတင်းထောက်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေဦးသန်းထွန်းအောင်မှာ ကွယ်လွန်သွားသဖြင့် အမျိုးသမီးရှေ့နေတဦးက ဆက်လက်ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

“အမှုရုံးချိန်းက ရှည်ကြာနေတော့ သတင်းသမားတွေတောင် မေ့သလောက်ရှိနေပြီ။ နောက်ထပ်ကို ကြာနေဦးမလား မသိပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ရုံးချိန်းပြီးတော့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ရုံးချိန်းထပ်ချိန်းထားတယ်"ဟု အယ်ဒီတာက ပြောသည်။

ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသော ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည်ဟု ရန်ကုန်မြို့မှ ရှေ့နေ တဦးက ဆိုသည်။

ရန်ကင်းမြို့နယ် တရားသူကြီးက ဇူလိုင် ၁၃ ရက် တရားခွင်တွင် ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်း တို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှငွေကျပ် ၁၀ သိန်းဖြင့် အာမခံရယူထားသည်။

အဆိုပါအမှုကို တရားရုံးက အများပြည်သူ ကြားနာခွင့်မပြုခဲ့ဘဲ အမှုဖြစ်ပွားပုံကို ဖော်ပြခဲ့သော ဂျာနယ်တချို့ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ဖူးသည်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်