Saturday, December 11, 2010

မြောက်ကိုရီးယား-မြန်မာ အနုမြူ ပဟေဠိ


သောမတ်စ်မောင်ရွှေ | စနေနေ့၊ ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၄၅ မိနစ်
.
ရန်ကုန်ရှိ သြစတြေးလျ သံအမတ်ကို မြန်မာ အစိုးရ အရာရှိတဦးက `မြန်မာနဲ့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံ (မြောက် ကိုရီးယား) တို့ ဆက်သွယ် ဆောင်ရွက်မှုတွေဟာ သမရိုးကျ လက်နက် သက်သက်အတွက် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကြာရှည် ကြုံ တွေ့နေရတဲ့ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဘို့ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရေးလဲ ပါဝင်တယ်´ ဟု ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက ၂ဝဝ၉ သြဂုတ်လတွင်း ဝါရှင်တန်သို့ ပေးပို့ခဲ့သည့် သံတမန်ကြေးနန်း တခုတွင် ဖော်ပြထားသည်။

ဝီကီလိခ်တွင် ထွက်လာသော ကြေးနန်းအရ ဤမယုံနိုင်ဖွယ် ပြောကြားချက်ကို သံအမတ် မစ်ချန်း က `မြန်မာ-ရုရှ ငြိမ်းချမ်းစွာ အနုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ရေး သဘောတူညီချက်ကို ရည်ညွှန်းပြီး တုံ့ပြန်ပြောဆိုသော် အဆိုပါ မြန်မာအရာရှိက ရုရှနှင့်ရရှိ ထားသော သဘောတူညီချက်သည် `ဆော့ဖ်ဝဲနှင့်သင်တန်း´ အတွက်သာဖြစ်ပြီး မြောက်ကိုရီးယားနှင့် သဘောတူညီချက်မှာမူ `ဟာ့ဒ်ဝဲ´ ဒုကြီး ဒယ်ကြီး ပစ္စည်းများအတွက်ဟု ပြောသွားကြောင်း ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြထားသည်။ မြန်မာ အရာရှိအမည်ကို ဝီကီလိခ် က မဖော်ပြဘဲ လျှို့ဝှက်ထားသည်။ ယင်းကြေးနန်းနောက် ၂ဝ၁ဝ နိုဝင်ဘာက ပေးပို့ခဲ့သော ကြေးနန်းတွင်မူ ချန်းက အမည် မဖော်ပြသည့် မြန်မာ အစိုးရအရာရှိနှင့် နိုဝင်ဘာ ၉ ရက်က ထပ်တွေ့ရာတွင် ထိုသူက နေပြည်တော်တွင် သူစစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ သူယခင်ပြော ခဲ့သော စကားများမှာ`နားလည်မှုလွဲခြင်း´ သာဖြစ်ပြီး (အသေးစိတ်များကို ဖျက်ထားသည်) မြန်မာအစိုးရနှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမတ နိုင်ငံတို့ အကြောင်း ပြောကြားချက်များသည် `စမ်းတဝါးဝါး´ ပြောခြင်းများသာ ဖြစ်သည်ဟု ဆိုပြန်ကြောင်း ပါရှိသည်။

ကြေးနန်းက ဆက်လက် ဖော်ပြထားရာတွင် `(အမည်ဖျောက်ထား) က မည်သည့် တိုက်ရိုက် အနုမြူ ပူးပေါင်းဆောင်ရွက်မှုကိုမျှ အတည် မပြုနိုင်ကြောင်း၊ (အသေးစိတ်ကို ဖျောက်ထားသည်) မည်သို့ဖြစ်စေ၊ ကင်နန်း ၁ အရေးအခင်းနှင့် ဇူလိုင်လ အတွင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဖူးခက်တွင် ပြောကြားခဲ့သော မှတ်ချက်စကားတို့ကြောင့် `အားလုံးကိုရပ်ဆိုင်းထားသည်´ ဟု ဆိုသည်။ ကင်နန်း ၁ ဆိုသည်မှာ ၂ဝဝ၉ ဇွန်လအတွင်း အမည်မသိ ကုန်ပစ္စည်းများ တင်ဆောင်ပြီး မြန်မာနိုင်ငံသို့ ခုတ်မောင်း လာနေသည်ဆိုသော သင်္ဘော ဖြစ်ပြီး နိုင်ငံတကာမှ ဝိုင်းဝန်း ကန့်ကွက်မှုကြောင့် ပြန်လှည့်သွားခဲ့ရသည်။ ဖူးခက်တွင် ၂ဝဝ၉ ဇူလိုင်လ အတွင်း ကျင်းပခဲ့သော နိုင်ငံ တကာ ထိပ်သီး အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန်က မြန်မာ မြောက်ကိုရီးယား ဆက်ဆံ ရေးအ ကြောင်း ကြားရသည့်အတွက် စိုးရိမ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

အဆိုပါ အရာရှိ၏ ရှေ့နောက် ပြောင်းပြန်ပြောကြားမှုကို အဆိုပါကြေးနန်းကို ရေးသားသူ သံတမန်က မှတ်ချက်ပေးရာ၌ `မြန်မာနိုင်ငံမှ ကိစ္စ အများအပြားလိုပင် (နာမည်ဖျောက်ထား)၏ ယခင်ပြောကြားချက်နှင့် မကြာခင် ပြန်ပြင်ပြောချက်များကြား အဖြစ်မှန်နှင့် နောက် ကွယ် က ဖြစ်နိုင်ဖွယ် အကြောင်းရင်းများကို ဖော်ထုတ်ရန် မလွယ်ပါ´ ဟုဆိုထားသည်။

အဆိုပါ အမေရိကန် သံတမန်က `ကျနော်တို့အဖို့မူ (အမည်ဖျောက်ထား) ၏ ပြန်ပြင်ပြောကြားချက်သည် ယခင်ပြောကြားချက်ကို လုံးဝ ငြင်းပယ်ရန်ထက် ယခင်သုံးသပ်ချက်ကို အကဲဖြတ်ရန်လိုသဖြင့် ပြန်ပြင်ပြောခြင်းကပို ဖြစ်ဖွယ်ရှိသည်´ဟုသူ့အမြင်ကိုမှန်းဆပြောခဲ့ သည်။

ဒုတိယကြေးနန်းကိုရေးသားသူ အမေရိကန်သံတမန်က သူ့ကြေးနန်းကိုနိဂုံးချုပ်ရာတွင် `လိုရင်းအချက်။ မြန်မာအစိုးရနှင့်မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှု အတိအလင်းမရှိသေး။ တခုခုဖြစ်နေသည်မှာ သေချာသည်။ ထို တခုခုထဲ တွင် `အနုမြူလက်နက်´ ပါ မပါ ဆိုသည်က မရှင်းမလင်း အဖြေမထွက်သေးသည့် ကိစ္စဖြစ်ပြီး သံရုံးအတွက် အထူးဦးစားပေး စုံစမ်းရ မည့် ကိစ္စ´ဟု ရေးသားထားသည်။

ဝီကီလိခ် ဝက်ဆိုက်မှ ဖွင့်ချခဲ့ပြီး ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြခဲ့သော နောက်ထပ် အမေရိကန် ကြေးနန်းတစောင်တွင် `မြောက်ကို ရီး ယား အလုပ်သမားများ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ထုတ်လုပ် တပ်ဆင်နေကြသည်ဟု သိရှိရကြောင်း၊ မကွေးတိုင်းအတွင်း စစ်တပ်ပိုင် နယ်မြေ၌လည်း မြေအောက် စက်ရုံတခု တည်ဆောက်နေကြောင်း´ သတင်းများ အမေရိကန် သံရုံးမှ လက်ခံရခဲ့သည်ဟု ဆိုသည်။

အဆိုပါ မကွေးတိုင်းက စက်ရုံတွင် မြောက်ကိုရီးယား အလုပ်သမား ၃ဝဝ မျှ အလုပ်လုပ်နေသည်ဆိုသည့် မြန်မာသတင်းရင်းမြစ်၏ ပြောဆိုချက်ကိုမူ အမေရိကန် သံတမန်များက သံသယ ရှိကြောင်း ၂ဝဝ၄ သြဂုတ်လအတွင်း ပေးပို့ခဲ့သော သံရုံးကြေးနန်းတွင် ဆက်လက်ရေးသားထားသည်။

အစောပိုင်း၂ဝဝ၄ ဇန်နဝါရီက ပို့ခဲ့သော ကြေးနန်းတွင်မူ ပြည်ပရောက် မြန်မာ စီးပွားရေးသမား တဦးက သံရုံးကို ပြောကြားသည့် စကားကို ကိုးကားကာ `အလွန်ကြီးမားသော´ တွဲသင်္ဘောကြီးပေါ်မှ အလွန် အရွယ်အစားကြီးသည့် ပေါင်းအိုးကြီးတလုံး ချနေသည်ကို သူတွေ့ခဲ့ရကြောင်း၊ ဤသို့သော ပစ္စည်းများ မကြာခဏ သယ်ယူနေကြသည်ကို တွေ့ရသည်ဟု ဒေသခံများက သူ့ကို ပြောပြကြောင်း သူက အမေရိကန် သံတမန်များကို ရှင်းပြခဲ့သည်ဆိုသည်။ အဆိုပါ ပေါင်းအိုးမှာ အရွယ်အစား အလွန်ကြီးနေသဖြင့် စက်ရုံအတွက် မဖြစ်နိုင်ကြောင်း၊ မကွေးတိုင်း မင်းဘူးမြို့အနီး တည်ဆောက်နေသည်ဟု ကောလဟလ ထွက်နေသည့် အနုမြူစက်ရုံအတွက် ပိုဖြစ် နိုင်ဖွယ် ရှိကြောင်း အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ယုံကြည်သည်။

မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟူသည့် သတင်းများအပေါ် ဤကြေးနန်းရေးသားသူ က `ဤသို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟူသည့် အချက်အပေါ် တိုက်ရိုက် အထောက်အထား မရှိသော်လည်း အနုမြူ ဓာတ်ပေါင်းဖိုတလုံး တည်ဆောက်နေသည်ဟူသော ကောလဟလများ ဆက်ထွက်နေပြီး အံ့အားသင့်စရာ ကောင်းအောင် တသမတ် တည်း တူညီနေခြင်း ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော လှုပ်ရှားမှုများအပေါ် စောင့်ကြည့် လေ့လာနေမှုများလည်း တိုး၍ သာ လာသည်။ မြန်မာနိုင်ငံအတွင်း မြောက်ကိုရီးယား `ပညာရှင်များ´ တွေ့နေရသည်ဟူသည့် အပြောမျိုးဖြစ်သည်´ဟု ကောက်ချက်ချ သည်။

မြန်မာ့ ယူရေနီယံအကြောင်း ယခုထိ ပေါ်ထွက်ပြီးသမျှ နောက်ထပ် ကြေးနန်းနှစ်စောင် ရှိသေးသည်။ မည်သူမည်ဝါမှန်း မသိရသည့် မြန်မာ လူမျိုးတဦးက အမေရိကန် သံတမန်များထံ ချဉ်းကပ်ပြီး ယူရေနီယံ ရောင်းလိုကြောင်း ကမ်းလှမ်းခဲ့သည် ဟု ၂ဝဝ၈ အတွင်းပေး ပို့ခဲ့သော ကြေးနန်းတွင် ရေးသားထားသည်။ ယူရေနီယံဟု သူကဆိုသော ကရင်နီပြည်နယ်မှ ယူဆောင်လာသည့် သတ္တုနမူနာကို ထိုသူ က ပေးကာ ထိုနေရာတွင် ယူရေနီယံသတ္တု ခိုအောင်းနေသည့် ကျောက်တုံး ကီလို ၂ဝဝဝ မျှရှိသေးသည်ဟု ဆိုသည်။ အဆိုပါနမူနာကို ဆက်လက် စစ်ဆေးစမ်းသပ်ရန် သံတမန် ချောအိတ်ဖြင့် အမေရိကသို့ ပေးပို့ခဲ့သည်။ နမူနာတွင် မည်သည့် သတ္တုများပါသည်နှင့် အဆိုပါ မြန်မာအမျိုးသားသည် ကြေးနန်းရေးသားသူ ထင်သလို မြန်မာအစိုးရ ထောက်ချောက်ဆင် ဖမ်းလိုသည့် အလုပ်တွင် ကူညီ ဆောင်ရွက် နေသူဟုတ် မဟုတ် ဆိုသည်ကိုမူ မသိရသေးပါ။

၂ဝဝ၇ တွင် ပို့ခဲ့သော ကြေးနန်း တစောင်တွင်မူ အမေရိကန်သံရုံး နှင့် အဆက်အသွယ်ရှိသော သင်္ဘောလုပ်ငန်း လုပ်နေသူတဦး အပြော အရ မြန်မာစစ်အစိုးရသည် `သတ္တုရိုင်းအရော´ ၁၁၂ မက်ထရစ်တန်ကို တရုတ်နိုင်ငံသို့ စင်္ကာပူမှတဆင့် ဇန်နဝါရီ ၂၅ က ပို့ခဲ့သည်ဟု ဆိုသည်။ `အာဏာပိုင်များ ဤကုန်စည်များကို အထူးဂရုပြု ကိုင်တွယ်နေသည်ကို သူတို့ သတိထားမိကြောင်း၊ ထိုအထဲတွင် ယူရေနီယံပါ သည် ဟု သံသယဖြစ်မိကြောင်း အဆိုပါ မြန်မာအမျိုးသားက အမေရိကန် သံတမန်များကို ပြောကြားခဲ့သည်။

အမေရိကန် သံရုံး အဆက်အသွယ်များ၏ ပြောကြားချက်အရ သတ္တုရိုင်းများ မြန်မာပြည်မှ ပို့ရာတွင် `လုံခြုံရေးခါတိုင်းထက် ပိုချထား ကြောင်း၊ အစောင့် အကြပ်လဲ ထူထပ်ကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းနှင့် သင်္ဘောတင်ရာတွင် အာဏာပိုင်များ ကိုယ်တိုင် အထူး သတိထား ကိုင်တွယ်နေကြောင်း´ ပြောကြားခဲ့သည်။ သတ္တုများပို့ရာတွင် သာမန်အားဖြင့် ဘလောက်တုံးများ အနေဖြင့်သာ ပို့လေ့ရှိသော်လည်း ယခုမူ မြေမှုန့်များနှင့် ရွှံ့များကို အိတ်ဖြင့်သွတ်ပြီး ပို့ခဲ့ကြောင်း အဆိုပါ သံရုံး သတင်းရပ်ကွက်များက ပြောသည်။ အဆိုပါ ရောနှော သတ္တုရိုင်းများ မော်ချီးက ထွက်ပြီး ထိုဒေသတွင် ယူရေနီယံလည်း ထွက်သည်ဟု သူတို့ကပြောသည်။

http://www.mizzimaburmese.com/news/world-news/6575-2010-12-11-05-19-23.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်