Friday, April 18, 2008

မြန်မာနိုင်ငံသားတစ်ဦးမှ မေတ္တာရပ်ခံချက်

စင်ကာပူနိုင်ငံရှိ မြန်မာများခင်ဗျာ

အနာဂါတ် မြန်မာနိုင်ငံသားများအတွက် အရေးပါသော အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မေလ (၁၀)ရက် နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အစိုးရ ကြေငြာခဲ့သည်ကို စင်ကာပူရောက် မြန်မာ များသိရှိပြီးဖြစ်ပါသည်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းရှိ ၅၀%ကျော်သော ပြည်သူလူထုက အခုထိမ သိရှိသေးပါဘူး။ မြန်မာနိုင်ငံအခြေအနေဟာ ဒီလိုအခြေအနေမျိုး ရောက်နေပါပြီ။ နှစ်ပေါင်းများစွာ စီမံခန့် ခွဲမှုအလွဲများ၊ ညံ့ဖျင်းမှုများ၊ စီးပွားရေးကြပ်တည်းမှုများကြောင့် မြန်မာပြည်သူလူထုတစ်ချို့ဟာ အနိမ့် ဆုံးလိုအပ်တဲ့ အာဟာရဓါတ်မပြည့်မှီရာကနေ၊ ဦးနှောက်ဖွံ့ဖြိုးမှု နည်းပါးတဲ့ အခြေအနေ တစ်ချို့ ကိုရောက်ခဲ့ပါတယ်။

ဒီလိုမိဘများက မွေးဖွားလာပြီး အဆင်ပြေသလို ရှာဖွေစားသောက်နေထိုင်ရင်းက အနိမ့်ဆုံးလူတွေ မြန်မာ ပြည်မှာ တိုးတိုးလာနေပါပြီ။
စင်ကာပူနိုင်ငံဟာ First World Country လို့နားလည်ရပါတယ်။ မြန်မာနိုင်ငံကတော့ Third World Country ရဲ့အောက်ဆုံးမှာရှိနေမှာပါ။ ၁၉၅၀ လွန်နှစ်များက စင်ကာပူကမြန်မာပြည်ကို အားကျလို့လာလေ့လာတယ်လို့ ကြားဖူးခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ကြာပြီးတဲ့အခါ အခုခင်ဗျားတို့သိနေရတဲ့ အခြေအနေဖြစ်နေပါပြီ။ အခုဆိုရင် အခြေခံ ဥပဒေမူကြမ်း ဆိုတာဘာမှ မသိတဲ့၊ ကြက်ခြေခတ်ရမလား (X)၊ အမှန်ခြစ်ရမလား (√)မသိတဲ့၊ တနည်းအားဖြင့် ကိုယ့်လို ဘ၀တူပြည်သူလူထုအတွက် ထောက်ခံရမလား၊ ကန့်ကွက်ရမလားမသိတဲ့ မြန်မာတွေ ဖြစ်ကုန်ပါပြီ။ ဘွဲ့ရပြီးပြီ ဘာမှမသိပါဘူးဆိုတဲ့ မြန်မာတွေများတဲ့ခေတ် ရောက်နေပါပြီ။ ကြပ်တည်းလွန်းလို့ ဒုက္ခ ရောက်မှာသိရဲ့သားနဲ့ အခုထက်တော့ပို ကောင်းမလားဆိုတဲ့ အတွေးနဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေကို စွန့်စွန့်စားစားထွက်ပြီး အလုပ်လုပ် ကြတော့အခုဆိုရင် Thai မှာ 1.8 million, Malaysia မှာ 0.8 million ဆိုတာသိကြမှာပါ။ 2008 April ( ) ရက်နေ့က Thai နိုင်ငံ ရနောင်းနားမှာ Thai ကိုခိုးဝင်ရင်း အအေးခန်းကားပေါ်မှာ အသက် ရှုကြပ်ပြီး သေသွားခဲ့တဲ့ မြန်မာနိုင်ငံသား (၅၇)ဦး အဖြစ်အပျက်ဟာ ရက်ပိုင်းပဲရှိပါသေးတယ်။ ဒါက လူသိတဲ့ အဖြစ်အပျက်ပါ၊ လူမသိတဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေ ဘယ်လောက်များ များ နေပြီလဲ။

အပြစ်တင်တာများတယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ တကယ်လက်တွေ့က ဒီထက်ပိုဆိုးပါတယ်။ ကျနော့်အနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်လို့ Third World Country ရဲ့ အနိမ့်ဆုံးကနေ ပိုပြီး တိုး တက်စေချင်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေခံဥပဒေမျိုးနဲ့တော့ တိုးတက်ဖို့ မမြင်ပါဘူး။ ဒီအတွက် အခု မေတ္တာ ရပ်ခံစာကို ပေးပို့ရခြင်းဖြစ်ပါတယ်။
စင်ကာပူရောက်တဲ့ မြန်မာတွေ WP နဲ့နေနေ၊ EP နဲ့နေနေ၊ PR နဲ့နေနေ citizen ခံခံ မြန်မာဟာ မြန်မာပဲလို့ ယုံကြည်ပါတယ်။ အားလဲကိုးပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာအများဆုံး ရောက်နေတဲ့ First World Country၊ မြန်မာပြည်နဲ့အနီးဆုံး၊ မြန်မာပြည်နဲ့ဆက်သွယ်မှု့ အများဆုံး၊ ပညာတတ်မြန်မာအများဆုံး၊ အမှန်တရားကို လို လားတဲ့မြန်မာလူငယ်တွေ အများဆုံးရောက်နေတဲ့ နိုင်ငံပါ။ ခင်ဗျားတို့ ပြန်လာသည်ဖြစ်စေ ပြန်မ လာသည်ဖြစ်စေ မြန်မာဖြစ်တယ် ဆိုတာနဲ့ ဒီအခြေခံဥပဒေဟာ တနည်းမဟုတ် တနည်းပတ်သက်နေရမှာပါပဲ။ အနည်းဆုံး ခင်ဗျားတို့ရဲ့ မိဘဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ မြန်မာပြည်မှာ ကျန်နေရင် ပတ်သက်ရမှာပါပဲ။

ခင်ဗျားတို့ ဘာတွေလုပ်ပေးနိုင်ပါသလဲ

2008 April 25th, 26th, 27th, 28th, 29th, မှာစင်ကာပူ မြန်မာသံရုံးမှာ မြန်မာများ ကြိုတင်မဲပေးလို့ ရပြီလို့ သိရပါတယ်။ မဲသွားပေးစေချင်ပါတယ်။ တကယ်ပဲကောင်းတယ်လို့ ယူဆပြီး ထောက်ခံမဲ (√)ပေးရင်လဲ လူကြီးမင်းတို့သဘောပါ။ ကျနော့်အနေနဲ့ ကောင်းမွန်တဲ့ community မှာနေနေရတဲ့ စင်ကာပူ ရောက် မြန်မာအများစုအနေနဲ့ မြန်မာနိုင်ငံကိုလဲ ဒီလိုကောင်းမွန်တဲ့ community ပဲဖြစ်စေချင်တယ်။ အခုမဲ ပေးရမယ့် အခြေခံဥပဒေမျိုးကို မကြိုက်တဲ့ လူတွေလို့ပဲ နားလည်ပါတယ်။ ကြိုက်လို့ပဲ ထောက်ခံမဲ(√) ပေး ပေး၊ မကြိုက်လို့ပဲ (X) ကြတ်ခြေခတ်ခတ် သွားပေးစေချင်ပါတယ်။ ခင်ဗျားတို့ ပေးတဲ့ ကန့်ကွက်မဲ (X) တွေ ထောက်ခံမဲ (√) ဖြစ်သွားခဲ့ရင်တောင်ခင်ဗျားတို့ တာဝန်မဟုတ်ပါဘူး။ တပ်မတော် အာဏာရှင်၊ သံရုံးကလူတွေ၊ ကော်မရှင်တွေရဲ့ တာဝန်သာဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ သမိုင်းပေး တာဝန်ကိုသာ ကျေပွန်ပါစေလို့ မေတ္တာ ရပ်ခံအပ်ပါတယ်။

ပြီးရင် ကန့်ကွက်မဲတွေ ဘယ်လောက်ဆိုတာအတတ်နိုင်ဆုံး စုစည်းပြီး Blog များ website များမှာ တင်စေ ချင်ပါတယ်။ 25၊ 26၊ 27၊ 28၊ 29၊ ကိုအသံလွှင့်ဌာနများကလည်း စိတ်ဝင်တစား ဖော်ပြမယ်လို့ ယုံကြည် ပါတယ်။ ကျနော်အနေနဲ့တော့ စင်ကာပူက မဲပေးတဲ့လူအများစုဟာ ကန့်ကွက်မဲ (X) ဖြစ်မယ်လို့ ယူဆ ရပါတယ်။ ခင်ဗျားတို့ရဲ့ အသံဟာ မြန်မာပြည်မှာ ပြန်ဟိန်းနိုင်ပါတယ်။ လူသန်း (၅၀)လုံး မသိရင်တောင်မှ လူ (၅သိန်း) (၁သန်း) ကိုသိစေနိုင်ပါတယ်။ တပ်မတော် အစိုးရသိစေနိုင်ပါတယ်။ ပြည်သူလူထုထဲက တချို့ဖြစ်တဲ့ စင်ကာပူကလူအများစုကတော့ မကြိုက်ကြောင်း သူတို့ကို သိစေနိုင်ပါတယ်။ ခင်ဗျားတို့သည် မြန်မာပြည်ရဲ့ အကြိုမဲပေးခြင်းဆိုတာ မမေ့ကြစေလိုပါ။ အလေးအနက်ထားကြစေချင်ပါတယ်။ မြန်မာ ပြည်က လူတွေကစင်ကာပူမှာ ကျောင်းနေခွင့်ရတဲ့လူတွေ၊ စင်ကာပူ မှာအလုပ်လုပ်ခွင့်ရတဲ့ လူတွေကိုဆိုရင်အထင်ကြီး တတ်ကြပါတယ်။ ခင်ဗျားတို့က No (X) ဆိုရင် သူတို့လဲ ခင်ဗျားတို့ပေါ် အထင် ကြီးမှု၊ အားကျမှု့နဲ့ ဘာထည့်ရမလဲ ဝေခွဲမရတာကနေ No (X) ဖြစ်နိုင်ပါတယ်။

စင်ကာပူက မြန်မာအများစုက mail တွေသုံးနိုင်ကြပါတယ်။ စင်ကာပူက လူငါသောင်း (၅၀၀၀၀)က တစ်ဦးကို မြန်မာပြည်က မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး (၁၀)ဦးကိုပဲ mail ပို့နိုင်တယ် ဆိုရင် မြန်မာ (၅)သိန်း ခင်ဗျားတို့ message ကိုရနိုင်ပါတယ်။ သူတို့သဘောတူရင် သူတို့က တီးတိုး ပြန်ပြောတဲ့ မြန်မာ (၅)ဦးစီ ထပ်ပြန့်သွားရင် မြန်မာ နှစ်သန်းခွဲ (၂.၅)သန်း ထံကိုပြန့်နိုင်ပါတယ်။ ပြန့်သွားမယ့် သူအားလုံး No (X) မယ် လို့မဆိုလိုပါ။ ခင်ဗျားတို့ message ရောက်သွားမှာတော့ အမှန်ပါပဲ။ သူတို့အတွက် စဉ်းစားစရာတော့ ရမှာပါ။
အခြားနိုင်ငံများက ရွှေမြန်မာများကို မအားကိုးလို့ မဟုတ်ပါ။ အားလုံးကိုအားကိုးပါတယ်။ အားလုံး လုပ်နိုင်လေလေ ကောင်းလေလေပါပဲ။

စင်ကာပူလို ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတစ်ချို့ကတော့ USA, JAPAN, KOREA, UK နဲ့ နိုင်ငံ တစ်ချို့ဖြစ် နိုင်ပါတယ်။ သူတို့လဲ email (သို့) fax (သို့) ph သုံးပြီး ကူညီနိုင်ကြပါတယ်။ စင်ကာပူကတော့ သေးသေး ကျဉ်းကျဉ်း မြန်မာတွေ နီးနီးကပ်ကပ်ပိုရှိလို့ပါ။ သံရုံးကို မဲသွားပေးမယ်ဆိုရင်လဲ ပေးနိုင်ချေရှိတဲ့ အနေအထားရှိလို့ပါ။
First world Country မှ ရွှေမြန်မာများခင်ဗျား Third World Country ကမြန်မာများကို စာနာသောအားဖြင့် 25th, 26th, 27th, 28th, 29th, မှာ စင်ကာပူမြန်မာသံရုံးကိုသွားပြီး vote No ကန့်ကွက်မဲ(X) ပေးပေးကြပါခင်ဗျား။

အားကိုးယုံကြည်စွာဖြင့်
မြန်မာနိုင်ငံသားတစ်ဦး

3 comments:

ကေအမ်သိန်း said...

I totally agree with the writer of this article. It is very sad to see our country as less developing country and our people suffering even not in the own country, also in other countries. (Recently the incident at Ranaung, Thailand). It is the duty of every Myanmar who still consider them as Myanmar to vote and show the world we are against the junta's referendum. We know they'll try to cheat as possible as they can. But let the world know that there are many Myanmar who are not agree the referendum and at least they will be shamed by international communities. Pls go to embassy and vote for your country without absent.

Lionslayer said...

ပြီးခဲ့တဲ့နှစ်တုန်းက ဖတ်လိုက်ရသလောက်တော့ ပြည်တွင်းမှာ အင်တာနက်သုံးသူဦးရေဟာ တစ်သိန်းဝန်းကျင်ပဲ ရှိပြီး ပုံမှန်သုံးသူအရေအတွက်ဟာ ငါးသောင်းဝန်းကျင်ပဲရှိပါတယ်... address book ထဲက Contacts တွေက This man နဲ့ This man တွေပဲဖြစ်နေတော့ လူငါးသိန်းကို Mail ကတဆင့် တိုက်ရိုက်အကြောင်းကြားဖို့ မဖြစ်နိုင်လောက်ဘူး ထင်တယ်... အသံလွှင့်ဌာနတို့ DVB တို့ကဆိုရင်တော့ ဖြစ်နိုင်လောက်တယ်... ပြည်တွင်းက အသိတွေကို ဖုန်းဆက်ကြည့်တော့ “တစ်မျက်နှာလုံး ပြည့်သွားအောင် ဆော့ပင်နဲ့ကြက်ခြေခတ် အကြီးကြီးခတ်ပစ်မယ်” လို့ဖြေကြပါတယ်...

အင်တာနက်သုံးနိုင်သူအများစုက နိုင်ငံပြင်ပမှာ ရှိကြပါတယ်..ဘလော့နဲ့ သတင်းဆိုက်အတော်များများမှာ Poll ကောက်ထားတာကြည့်ရင် ကန့်ကွက်မဲပေးမယ့်လူရာနှုန်းက ၈၃% ကနေ ၈၉% ကြားမှာ ရှိပါတယ်... စင်္ကာပူအနေနဲ့လည်း ဒီလောက်ရှိမယ်လို့ မှန်းဆနိုင်ပါတယ်.. နောက်ပြီး နိုင်ငံတွင်းမှာရှိတဲ့လူတွေဟာ ပညာအရည်အချင်း နိမ့်ပါးရင် နိမ့်ပါးမယ်... ဝေလေလေတွေ ဖြစ်ရင်ဖြစ်မယ်... စစ်အုပ်စုကို မုန်းတဲ့နေရာမှာတော့ ကျနော်တို့ထက် မလျော့ပါဘူး... ၉၀ ရွေးကောက်ပွဲရလာဒ်ကို ပြန်ကြည့်ရင် သိနိုင်ပါတယ်... (အခုခေတ်လူတွေ လွန်ခဲ့တဲ့ အနှစ် ၂၀ ကထက် ပိုတုံးသွားပြီလို့ ဆိုရင်တော့ မတတ်နိုင်ဘူး..)

ဒါပေမယ့် ဒီဆန္ဒခံယူပွဲဟာ (လမ်းစဉ် ၇ ရပ် တရွတ်ဆွဲလာခဲ့သလိုပဲ) စစ်အုပ်စု သူတို့လုပ်ချင်ရာဆက်လုပ်သွားမယ့် အယောင်ပြပဲ ဖြစ်ပါတယ်... ကျနော်တို့ ဘယ်လိုပဲ Vote No ပါစေ... ဘာမှထူးပြီး တိုးတက်လာမှာမဟုတ်ပါဘူး... ဒီဆန္ဒခံယူပွဲဖြစ်မြောက်သွားရင် ( အတည်ပဲ ပြုပြု မပြုပြု) အခြေအနေတွေ ပိုဆိုးလာဖို့ပဲ ရှိပါတယ်...ဒီ Vote No လှုပ်ရှားမှုဟာ ၈၈ ထက်ပဲ ပိုကြီးကျယ်မလား... စက်တင်ဘာတုန်းကထက် ကမ္ဘာကို ရိုက်ခတ်သွားမယ်ထင်လား... စစ်အုပ်စုကတော့ သူတို့လုပ်ချင်ရာကို မျက်နှာပြောင်ပြောင်နဲ့ ဆက်လုပ်သွားမှာပါပဲ... လူထုတိုက်ပွဲတစ်ရပ်သာ ပေါ်ပေါက်အောင် မစွမ်းဆောင်နိုင်ခဲ့ရင်တော့ ဇာတ်သိမ်းခန်းကြိုသိနေတဲ့ ဗီဒီယို ဖွင့်ကြည့်ရသလိုမျိုး ကြက်ခြေခတ်ပဲ သွားခြစ်ရတော့မှာပဲ...

လေးစားစွာဖြင့်
သီဟ

list of hates said...

နအဖကိုလျှော့တွက်နေကြတာလား----သူတို့လက်ထဲမှာ plan B---plan C ဆိုတာရှိနေမှာအသေအချာပါပဲ-
ဒီဆဒ္ဓခံယူပွဲဟာ---နအဖရဲ့ပြည်သူလူထုကိုအာရုံလွှဲတဲ့လုပ်ငန်းထဲမှာ---
အကြီးကျယ်ဆုံးနဲ့အထိရောက်ဆုံးအာရုံလွှဲခြင်းပဲဖြစ်ပါတယ်---
မဲပုံးဟာသူတို့လက်ထဲမှာပါ---ကုန်ကုန်ပြောရရင်--မဲတောင်ရေမှာမဟုတ်ပါဘူး---
သူတို့အိပ်ကပ်ထဲကပိုက်ဆံတပြားမှမကုန်ပဲ--ပြည်သူ့ဘဏ္ဏာနဲ့ပြည်သူ့ကို---နားလှည့်ပါးရိုက်တာပါ---
နအဖကရေးဆွဲလိုက်တဲ့-----ဇာတ်ညွှန်းတွေကို---ကျွန်တော်တို့က---ပြည်သူလူထုကိုဖတ်ပြီး---
ဒါကဒီလိုမဟုတ်ပါ--ဒါကဒီလိုဆိုလိုတာပါဆိုပြီး---ဖတ်ပြနေရတဲ့ပုံမျိုးဖြစ်နေပါပြီ----
သတိကျပ်ကျပ်ထားကြပါ------နအဖက--သူတို့လုပ်သမျှအရာအားလုံးဟာ--
သူတို့အကျိုးစီးပွားကိုကာကွယ်ပြီးမှသေချာမှလုပ်တာပါ---
ဖြစ်သင့်တာက-----ပြည်သူလူထုကိုဒီထက်ပိုအမြင်ကျယ်လာအောင်---
တခြားနည်းပေါင်းများစွာနဲ့--စည်းရုံးသင့်နေပါပြီ-----
တော်တော်နောက်ကျနေပါပြီ---ဒီထက်နောက်ကျလာရင်---
ဒီထက်ပိုညံ့တဲ့ပြည်သူလူထုကိုခင်ဗျားတို့ရင်ဆိုင်လာရမှာမလွဲပါဘူး---
အခုမှပေါ်လာပြီးကမ်းကုန်အောင်မိုက်ရိုင်းနေတဲ့ကြံ့ဖွတ်ဆိုတာ--စွမ်းအားရှင်ဆိုတာ---
ကြံ့ကြာနေတဲ့တော်လှန်ရေးရဲ့အကျိုးဆက်တွေဖြစ်ပါတယ်----
လူတွေဟာ--စားဝတ်နေရေးနဲ့အထွေထွေဗဟုသုတနဲပါးလာပြီး--
ဘာသာတရားကိုတောင်အယုံအကြည်မရှိတော့ပါ---
၈၈-အရေးအခင်းတုံးက ရဲနဲ့စစ်တပ်ပါပြည်သူတွေနဲ့တစ်သဘောထဲရှိခဲ့ပါတယ်----
စင်ကာပူသံရုံးကပထမဘာမှအကြောင်းမကြားပဲငြိမ်နေတာ---အရေးမစိုက်စရာမလိုဘူးထင်လို့ပါ
နောက်မှလူပြောများလာတော့မှ---လူမြင်ကောင်းယုံထလုပ်ပြတာပါ---
တကယ်သာသပ်သပ်၇ပ်၇ပ်စိတ်ပါလက်ပါလုပ်တဲ့ပွဲဆို--သေချာညွှန်ကြားချက်ပေးထားပြီးဖြစ်နေရမှာပေါ့---
ခုတော့လုပ်မှာလိုလို-မလုပ်မှာလိုလိုနဲ့----သဘောပေါက်သင့်ပါတယ်---
၇န်ကုန်နေလူထုလောက်သာ--နအဖရဲ့မိုက်ရိုင်းချက်တွေကိုသိကြတာပါ--
နယ်--အထူးသဖြင့်ရန်ကုန်-မန္တလေးလမ်းတစ်လျှောက်က(ပြည်မ)လူတွေကသေချာသိတဲ့သူ---
တမြို့လုံးမှာအယောက်၂၀ပြည့်အောင်မသိကြပါဘူး-----စဉ်းစားဖို့ပြောတာပါခင်ဗျာ--
ကျွန်တော်ကပရိုဒီမိုကရေစီစစ်စစ်ဖြစ်ပါတယ်---ဒီလိုပြောလို့ပြည်သူကိုယောင်ဝါးအောင်လုပ်တယ်လို့--
ဝိုင်းဆဲကြမှာသိပြီးသားပါ-- ကိစ္ဓမရှိပါဘူးခင်ဗျာ--ဆိုရေးရှိရင်တော့ဆိုရမှာပါ---

Post a Comment

ယခင် သတင်းများ ဖတ်ရန်