Monday, August 18, 2008

မိုးကုတ်မှာ ထပ်မြေပြိုပြန်ပြီ ဗျာ..

မိုးကုတ်မြေပြိုပြန် လူ ၆ ဦးသေ
သန်းထိုက်ဦး
တနင်္လာနေ့၊ သြဂုတ်လ 18 2008 18:01 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မိုးဆက်တိုက် ရွာသွန်းလျှက်ရှိသော ပတ္တမြားမြေ မိုးကုတ်မြို့တွင် စနေနေ့ညက မြေပြိုမှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးသွားခဲ့သည်။

မိုးကုတ်မြို့ပြင် ဘော်ဗဒန်းကျေးရွာတွင် ည ၁ဝ နာရီ ၄၅ မိနစ်အချိန်က မြေပြိုမှုဖြစ်ပွားရာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးသွားပြီး အိမ်ခြေ ၅ လုံးခန့် ထိခိုက် ပျက်စီးခဲ့သည်။

“ကျနော်တို့ အဲဒီနေ့ည ၁၁နာရီလောက်မှာ အသံကတော့ မိုးချိန်းသံလိုလို ဆင်းလာပြီးမှ အိမ်ပေါ် ပြိုကျတဲ့ ခဲလုံးသံတွေ၊ အိမ်ကို ရိုက်တဲ့အသံတွေ ကြားရတယ်။ ပြိုကျလာတဲ့ဟာက ဘာလဲဆိုတော့ သိချင်တာနဲ့ ကျောင်းဝင်းကို ဖြတ်ပြီးမှ ရွာအိမ်ထဲကို ဆင်းသွားခဲ့တာ” ဟု အမည်မဖော်လိုသူ မိုးကုတ်ဒေသခံ တဦးက ပြောသည်။

သေဆုံးသွားသူများမှာ ဦးညွန့်ရှိန် ၊ ဒေါ်အုန်းရီ ၊ ကိုတင်မောင်စိုး ၊ မသင်းသင်းနွယ် ၊ ကိုမောင်ငယ်နှင့် မင်းတင်ဆက်တို့ ဖြစ်ကြပြီး ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် မိုးကုတ်သုသာန်တွင် မီးသဂြိုလ်ခဲ့ကြသည်။

“မိုးကုတ်မြို့မှာတော့ မိုးကတော့ ကြီးတယ်။ ကြီးတယ်ဆိုတာက မပြတ်တော့ဘူး။ ရွာနေတာ သုံးလကျော်ပြီး နာဂစ် မတိုင်ခင်ကရွာနေတာ။ နေ့တိုင်းလိုလိုပဲ တရက်မှာ ၂၄ နာရီရွာနေတာ နေကိုမြင်ရတယ်ကို မရှိဘူး။ အခါတိုင်း မိုးတွင်းနဲ့စာရင် ဒီနှစ် မိုးတွင်းက မိုးရစ် ရှည်တာပေါ့ဗျာ” ဟု ဦးလှဦးက ပြောပြသည်။

မြေပြိုသည့် ညမှာပင် အလောင်းတလောင်း တွေ့ရှိခဲ့ပြီး ကျန်သူများ၏ ရုပ်အလောင်းများကို နောက်တနေ့တွင် ကြက်ခြေနီ၊ အရံမီးသတ်နှင့် ပြည်သူလူထုများက ရှာဖွေကာ မိုးကုတ် ပြည်သူ့ဆေးရုံကြီးဆီသို့ ပို့ဆောင်ခဲ့သည်။

ကမ္ဘာကျော် အရည်အသွေးကောင်း ပတ္တမြားထွက်ရှိရာ မိုးကုတ်တွင် ယခုတကြိမ် မြေပြိုမှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ဇွန်လအတွင်းကလည်း တကြိမ်ဖြစ်ပွားခဲ့ရာ လူအသေအပျောက် ရှိခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်