Monday, August 25, 2008

သိက္ခာရှိသူမို့  သိက္ခာချခံရတယ်..သိက္ခာမရှိသူကတော့ ကျစရာ သိက္ခာ ကိုမရှိဘူး

ဂမ်ဘာရီ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျအောင် စစ်အစိုးရဘက်က ကြိုတင်ကြံ စည် ဟု အစွပ်စွဲခံရ
ပီတာအောင်/ ၂၅ သြဂုတ် ၂၀၀၈


ဒေါ်အောင်ဆန်းစုကြည်အား မစ္စတာဂမ်ဘာရီနှင့်တွေ့ဆုံရန် အသံချဲ့စက်ဖြင့် အော်ဟစ်ခေါ်ဆိုခြင်းသည် ဒေါ် အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကျဆင်းအောင်ဆောင်ရွက်သည့် လုပ်ရပ်ဖြစ်ပြီး မလုပ်သင့် မလုပ်ထိုက် သည့် ကိစ္စဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် (၂၀) ရက်နှင့် (၂၂) ရက်တို့ ၌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်နောက်ဘက် အုတ်တံ တိုင်းမှ လက်ကိုင်အသံချဲ့စက်ဖြင့် အာဏာပိုင်များ မစ္စတာဂမ်ဘာရီက စာပေးလိုကြောင်း အော် ဟစ်အကြောင်းကြားခဲ့ပြီး တုန့်ပြန်မှုမရသည့်အခါ ခြံတံခါးအုတ်တံတိုင်း၌ စာကပ်ထားခဲ့ သည့်အပေါ် သခင် ချန်ထွန်းက ရှုတ်ချပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ဒါကတော့ သက်သက်မဲ့ စော်ကားတဲ့သဘောပဲ။ အရှက်တကွဲ အကျိုးနည်းဖြစ်အောင်လုပ် တဲ့ သဘော ပဲ။ ဗိုလ်ချုပ်မှူးကြီးက အတွေ့မခံတာကျတော့ ဘာလို့ ဒါမျိုးမလုပ်သလဲ။ အဲဒါ ကျ တော့ ဘာမှမလုပ်ဘဲနဲ့ အဖမ်း ခံထားရတဲ့ ပုဂ္ဂိုလ်တယောက်ကို လာလုပ်တယ်ဆိုတာတော့ သိပ်ပြီး တော့ အင်မတန် သိပ်နုတ်တဲ့ ကိစ္စပါ။ ဓာတ်ပုံနဲ့ ဘာနဲ့ သေချာရိုက်ပြီး ကြိုတင်ကြံစည်တဲ့ သဘော သက်ရောက်တာပေါ့။ ဒီဟာကြီးကို ဓာတ်ပုံနဲ့ တီဗီ မှာလည်း ညမှာပြ၊ သတင်းစာထဲလည်း ဒီဟာ ကြီးတွေ အကုန်ဖော်ပြဆိုတာ ဒါကကြိုတင်စီစဉ်ပြီး လုပ်တဲ့ သဘောဆိုတာ သိပ်ပေါ်လွင်ထင်ရှား တာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ ဆုံရန်ငြင်းပယ်ခဲ့ကြောင်း၊ မစ္စတာဂမ်ဘာရီက စာရေးသားပြီးတာဝန်ရှိသူမှတဆင့် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့စေလျက် တွေ့ခွင့်ရရန် ကြိုးပမ်းခဲ့ကြောင်း တုန့်ပြန်မှုမရသဖြင့် အသံချဲ့စက်ဖြင့် အော်ဟစ် အကြောင်း ကြား ခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာအလင်း သတင်းစာ၌ ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီအား လက်ခံမတွေ့ဆုံရသည့် အကြောင်းရင်းကို အတိအကျ မသိရ သော်လည်း အကျိုးမရှိနိုင်ဟု ထင်မြင်သည့်အတွက် တွေ့ဆုံရန်ငြင်းပယ်ခြင်း ဖြစ်နိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

“နောင်ကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ လုပ်လို့ရှိရင် တကယ့်ကို ထိထိရောက် တစိုက်မတ်မတ် လုပ်ဖို့လို တယ်။ မဆိုင်တာတွေလုပ်နေလို့ ဘာမှအကျိုးမရှိနိုင်ဘူးဆိုတာ။ ဒီအဖြစ်အပျက် ကပြောနေတယ်လို့ ကျနော် အဲလို မြင်ပါတယ်” ဟု ဦးဥာဏ်ဝင်းကပြောသည်။

ရန်ကုန် အနောက်တိုင်း သံတမန်တဦးကလည်း မစ္စတာ ဂမ်ဘာရီနှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေး တိုးတက် မှုမရှိခြင်းကို ဒေါ်အောင်ဆန်းစုကြည့် စိတ်ပျက်နေပုံရသော်လည်း ကျန်းမာရေးကောင်း သည်ဟု ခေတ်ပြိုင်ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည်မှာ မြန်မာစစ်အစိုးရကြောင့်ရော မိမိကြောင့်ရော မဟုတ်ကြောင်း၊ တွေ့ဆုံခွင့်မရသည်မှာ ၀မ်းနည်းဖွယ်ကောင်းသော်လည်း စိတ်ပျက်ရန် မလိုသကဲ့သို့ တွေ့ဆုံဆွေးနွေးမှုကို ရပ်ဆိုင်း ပစ်ရန်လည်းမလို ဟု မစ္စတာဂမ်ဘာရီက ပြောသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စ ကိုင်တွယ် ဖြေရှင်း ပေးရန် သြ ဂုတ် (၁၈) ရက်မှ (၂၃) ရက်အထိ (၆) ရက်တာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် စစ်အစိုးရ၀န်ကြီးအချို့၊ အန်အယ်လ်ဒီ စီအီးစီအဖွဲ့၊ အခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး နာဂစ် မုန်တိုင်းသင့်ဒေသအချို့သို့ သွားရောက်ခဲ့သည်။ ။ http://www.khitpyaing.org/news/august08/25-8-08e.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်