Tuesday, September 9, 2008

ကျွန်တော်တို့ လည်းအမေနဲ့ အေးအတူ ပူအမျှ ရှိနေတယ်


ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အစာငတ်ခံ ဆန္ဒပြလျက် ရှိသည့်ဂျပန်မှမြန်မာများ

ဂျပန်ရှိ မြန်မာပြည်သားများ အစာငတ်ခံဆန္ဒပြ
ကိုသက် | စက်တင်ဘာ ၉၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ နှင့် ဂျပန်အစိုးရတို့ ကြားဝင်ဆောင်ရွက်ပေးရန်အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာနိုင်ငံသားများ အစာငတ်ခံ ဆန္ဒပြလျက် ရှိသည်.

အဆိုပါဆန္ဒပြပွဲတွင် ပထမအဆင့်အနေနှင့် အစာငတ်ခံဆန္ဒပြသမား ၅ ဦးက ၇၂ နာရီကြာ အစာငတ်ခံ ဆန္ဒပြမည်ဖြစ်ပြီး ယမန်နေ့ညနေ ဒေသစံတော်ချိန် ၆ နာရီတွင် စတင်ခဲ့သည်။ ၎င်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီက ဦးစီးပြုလုပ်ကြခြင်းဖြစ်ပြီး အဆင့် ၃ ဆင့် သတ်မှတ်ထားသည်ဟု ဆန္ဒပြပွဲ၏ တာဝန်ရှိသူ တဦးဖြစ်သည့် ကိုသန်းဆွေက ဧရာဝတီကို ပြောသည်။

ဒုတိယအဆင့်တွင် တခြားဆန္ဒပြသမား ၅ ဦးက နောက်ထပ် ၇၂ နာရီ ထပ်မံအစာငတ်ခံမည်ဖြစ်ပြီး ၎င်းအချိန်အထိ တောင်းဆိုချက်များမရသေးပါက တတိယအဆင့် အစာငတ်ခံမည့်သူများက အချိန်အကန့်အသတ်မရှိ အစာငတ်ခံ ဆန္ဒပြရန်ရှိသည်ဟု ကိုသန်းဆွေက ပြောသည်။

ပထမအဆင့် အစာငတ်ခံ ဆန္ဒပြသူများမှာ မမိုးတင့်တင့်ခိုင်၊ ကိုအောင်ထွန်းလင်း၊ ကိုညီညီငယ်၊ ကိုကျော်မင်းထွန်းနှင့် ကိုတင်အောင်တို့ ဖြစ်ကြသည်။

“ကျမဆိုရင် အိမ်ထဲမှာ တရက်တောင်မနေနိုင်ပါဘူး၊ ကျမတို့ခေါင်းဆောင်က နှစ်ပေါင်းများစွာ အိမ်ထဲမှာအကျဉ်းကျခံနေ ရတဲ့အပြင် အခုရက်ပိုင်းမှာ အရမ်းစိတ်ပူစရာ ကောင်းလောက်အောင် … အစာလက်မခံတာ ၃ ပတ်ရှိပြီတို့၊ အစာငတ်ခံဆန္ဒ ပြနေတယ်ဆိုပြီး ထွက်လာတဲ့ စကားသံတွေအပေါ် ကျမတို့အရမ်း စိတ်ပူပါတယ်။ ဒီကိစ္စကို နိုင်ငံတကာက အရေးတယူ ဆောင်ရွက်ပေးအောင် အစာငတ်ခံ ဆန္ဒပြတာပါ” ဟု မမိုးတင့်တင့်ခိုင်က ပြောသည်။

လွန်ခဲ့သည့်လလယ်ပိုင်းကစ၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပမှပေးပို့သည့် အစားအစာ များကို လက်မခံတော့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး နောက်ဆက်တွဲအနေနှင့် အစာငတ်ခံ ဆန္ဒပြလျက်ရှိသည်ဟု ကောလာဟလသတင်းများ ထွက်ခဲ့သည်။

အတည်ပြု၍ မရနိုင်သေးသည့် ကောလာဟလများကြောင့် ရန်ကုန်ရှိ အန်အယ်လ်ဒီ ဌာနချုပ်က ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀လုံခြုံရေးနှင့် အသက်ရှင်သန်ရေးတို့သည် ဖမ်းဆီးထိန်းသိမ်းထားသည့် အာဏာပိုင်များတွင် တာဝန်ရှိသည်ဟု လွန်ခဲ့ သည့် သောကြာနေ့က ကြေညာချက် ထုတ်ပြန်ထားသည်။
http://www.irrawaddy.org/bur/news2008/September/Sep_09b_08.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်