Thursday, September 11, 2008

ခွေးတွေ အနံ့ ရ ဆွဲသွားကြပြန်ပြီ

မနီလာသိန်း အဖမ်းခံရ
သန်းထိုက်ဦး
ကြာသပတေးနေ့၊ စက်တင်ဘာလ 11 2008 18:28 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တနှစ်ကျော်ကြာ ထွက်ပြေး တိမ်းရှောင်နေရသော ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင်တဦးဖြစ်သူ မနီလာသိန်းကို ယမန်နေ့ညနေပိုင်းက စစ်ထောက်လှမ်းရေးများက ဖမ်းဆီးသွားသည်။

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်တွင် စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းမိသွားခဲ့ခြင်း ဖြစ်ပြီး သူမကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ စုံစမ်း၍ မရနိုင်သေးပါ။

မနီလာသိန်းသည် တနှစ်ကျော်အရွယ် သမီးငယ်ကို ယောက္ခမများထံ အပ်နှံပြီး ထွက်ပြေး တိမ်းရှောင်နေရင်းမှ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကိုအံ့ဘွယ်ကျော်၏ မိခင်ဖြစ်သူ ကျန်းမာရေးအတွက် သတင်းမေးရန် သွားရောက်ရင်း ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ရန်ကုန်ရှိ အတိုက်အခံ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။

အသက် ၃၅ နှစ်အရွယ် မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီသည်လည်း ထောင်သွင်း အကျဉ်းချခံထားရသည်။

ယမန်နှစ် သြဂုတ်လအတွင်းက မနီလာသိန်းအပါအဝင် တက်ကြွ လှုပ်ရှားသူ အမျိုးသမီးများ ဦးဆောင်ပြီး လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြပွဲများ ပြုလုပ်ရာ စစ်အာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်လာသဖြင့် သူမသည် တိမ်းရှောင်နေခဲ့သည်။ ထွက်ပြေး တိမ်းရှောင်နေစဉ် သမီးငယ်ကို ကိုဂျင်မီ၏ မိဘများက စောင့်ရှောက်ထားကြရသည်။

ကိုဂျင်မီ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် အဖွဲ့ဝင် ၃၅ ဦးတို့သည် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရပြီး အမှုရင်ဆိုင်နေရသည်။

မနီလာသိန်းသည် ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပညာရေး မြှင်တင်ရေး ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရသည်။

၂ဝဝ၅ ခုနှစ် ဇူလိုင်လတွင် ထောင်မှ လွတ်မြောက်လာပြီး ကိုကျော်မင်းယု ခေါ် ကိုဂျင်မီနှင့် လက်ထပ်ခဲ့သည်။

မတ်လ ၂ဝဝ၈ ခုနှစ်တွင် ချက်သမ္မတနိုင်ငံ အခြေစိုက် (People in Need) မှ ပေးအပ်သော (Homo Homini) ဆုကို မနီလာသိန်း နှင့် မဖြူဖြူသင်း၊ မစုစုနွေးတို့ကိုလည်း ချီးမြှင့်ခံခဲ့ရဖူးသည်။
http://www.mizzimaburmese.com/news/inside-burma/1662-2008-09-11-12-13-28.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်