Wednesday, April 28, 2010

တံဆိပ်တပ်တဲ့ ၀ါသနာ…

လူထုဦးစိန်ဝင်း

တပည့်ကျောင်းသားဟောင်း တစ်ယောက်က နယ်မှာ ကျောင်းဆရာ လုပ်ပါတယ်။ သူ့ကျောင်းက စာကြည့် တိုက်အတွက် အလှူခံလို့ စာအုပ်တချို့နဲ့ ဂျာနယ်များ လှူလိုက်ပါတယ်။ လှူတဲ့အထဲမှာပါတဲ့ ဂျာနယ်တစ် စောင်ကိုတွေ့တော့ သူက အံ့သြတဲ့မျက်နှာ နဲ့ “ဒီ ဂျာနယ်လဲ ဖတ်တာပဲလားဆရာ” လို့ မေးလိုက်ပါတယ်။ ပြီးတော့ တစ်ဆက်တည်း “ဆရာနဲ့ အယူအဆ ပြဒါးတစ်လမ်း သံတစ်လမ်း မဟုတ်လား”လို့လည်း ပြော လိုက်ပါတယ်။
မတူတာ ပိုဖတ်သင့်တယ်…

သူပြောတဲ့ ဂျာနယ်နဲ့ အယူအဆချင်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက် ခြားနားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်လို့ အယူအဆတူတဲ့ စာမျိုးထက် မတူတဲ့ စာမျိုးကို ပိုပြီးတောင် ဖတ်သင့်တယ် ထင်ပါတယ်။ မတူတဲ့ ရှုထောင့်ကကြည့်တဲ့ မတူတဲ့ အမြင် ကနေ ပေါ်ထွက်လာတဲ့ မတူတဲ့ အတွေးတွေ မတူတဲ့ အကြံအစည်တွေကို သိရတာ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်ဘူးလား။ ကိုယ်နဲ့ အကြိုက်ချင်းမတူတာနဲ့ အယူအဆချင်း မတူတာနဲ့ မကောင်းဘူး။ မမှန်ဘူးလို့ သဘောမထားအပ်ပါဘူး။ အယူအဆ မတူပေမယ့်လို့ ကိုယ်ကျိုးစီးပွားနဲ့ ရပေါက်ရလမ်း အခွင့်အရေးကို မျှော်ကိုပြီး ရေးသားတာမျိုး မဟုတ်ဘဲ၊ သူကိုယ်တိုင် အမှန်တကယ် ယုံကြည်လို့ ရေးတာမျိုးဆိုရင် ဘယ်လောက်ပဲ အယူအဆ ကွဲနေနေ တလေးတစား သဘောထားရမှာပါပဲ။ စာကိုသာ မဟုတ်ဘူး။ လူကိုလည်း လေးစားရမှာပဲဖြစ်တယ်။ ကိုယ့်အတွက် ရပေါင်းရလမ်း အကျိုးအမြတ်ကို မျှော်ကိုးပြီး ရေးတဲ့သူနဲ့ သူရေးတဲ့ စာကိုတော့ သိဖို့ လောက် သာဖတ်ပြီး လေးစားစရာ မလိုပါဘူး။ လေကုန်ခံပြီး ပြောနေစရာလည်း မလိုပါဘူး။ ခေတ်အမျိုးမျိုးကို ဖြတ်သန်းလွန်မြောက် လာခဲ့ပြီး အဖြစ်မျိုးစုံ ကြုံတွေ့ခဲ့ဖူးတဲ့ မြန်မာစာဖတ်ပရိသတ်က အင်မတန် အကင်းပါးပါတယ်။ “ပါးစပ် ဟ လိုက်တာနဲ့ အထဲမှာ အူ ဘယ်နှစ် ခွေရှိတယ်”ဆိုတာ ကောင်းကောင်းမြင်တတ်ပါတယ်။ စာဖတ်ပရိသတ်က အလေးမလုပ်တော့လို့ စာပေသင်္ချိုင်းကို အသက်ရှင်လျက် ရောက်သွားတဲ့ သူတွေ ခေတ်အဆက်ဆက်မှာ မနည်းလှပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတာ စာရေးဆရာမှ စာက မဟုတ်တာ။
သမိုင်းရဲ့ အမှိုက်ပုံကြီးထဲ ရောက်သွားသူတွေ…
နိုင်ငံရေးသမား အပြောမှားတာက ငြင်းလို့ရသေးတယ်။ နောက်မှ ပြင်ပြောလို့ရသေးတယ်။ ကျနော်က ဒီအဓိပ္ပါယ်နဲ့ ပြောတာ မဟုတ် ပါဘူးဆိုပြီး ဖာလို့ ထေးလို့ ရသေးတယ်။ ဒါတောင်မှ သွေးနာထင် အရောက်လွန်ပြီး နှုတ်မစောင့်စည်းမိတာကြောင့် မနက်ကတင် ဟီးရိုး ဖြစ်နေရာက ညနေကျတော့ ချက်ချင်းကြီး ဗီလိန်ဘ၀ ရောက်သွားပြီး ပရိသတ်ရဲ့ ရွံရှာပစ်ပယ်ခြင်း ခံလိုက်တဲ့ သာဓကတွေလည်း ရှိ သေးတယ်။ နှုတ်ကြောင့်သေတဲ့ အဖြစ်ပေါ့လေ။ စာရေးဆရာကျတော့ စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ မှတ်တမ်းတင်ကျန် ရစ်ခဲ့တာ ဆိုတော့ လိမ်လို့လည်းမရ ငြင်းလို့လည်းမရ တော့ဘူး။ ဒီလိုနဲ့ပဲ စာအရေးအသား အင်မတန်ကောင်းပြီး၊ စာကောင်းတချို့ ရေးသား နိုင်ခဲ့တဲ့ စာရေးဆရာ အတော်များများ “သမိုင်းရဲ့ အမှိုက်ပုံကြီး”ထဲရောက်ရှိသွားတာမျိုးတွေလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာလည်းဖြစ်၊ နှမြောစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ မြန်မာလူမျိုးများရဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပုံက၊ မှားခဲ့မိတာကို အမှန်တကယ် သိမြင်ပြီး ရိုးသားစွာနဲ့ မှားခဲ့မိကြောင်း တောင်ပန်းပြုပြင်လိုက်ရင်ဖြင့်၊ အာဃာတ လုံးဝမထားပဲ ခွင့်လွတ် လက်ခံ ဆက်ဆံနိုင်ကြတာပဲဖြစ်တယ်။ အမှန်တကယ် ရိုးသားတယ်လို့ ယုံကြည်ဖို့သာရှိပါတယ်။
တံဆိပ်တပ်တဲ့ ၀ါသနာ…
“ကျနော် တော့ ဒီဂျာနယ်လဲ မဖတ်ဘူး။ ဟိုစာရေးဆရာလဲ မဖတ်ဘူး။ သူတို့က အလိုတော်ရိတွေမှန်း သိသာနေတာပဲ ဆရာရဲ့” ကျောင်းသားဟောင်း ဆရာလေးက သူ့အမြင် သူ့သဘောထားကို ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ဒါက စာဖတ်ပရိသတ်ရဲ့ အခွင့်အ ရေးပဲလေ။ ကြိုက်တာကိုဖတ်မယ်၊ မကြိုက်တာကို မဖတ်ဘူးပေါ့။ စာနယ်ဇင်းသမားကျတော့ စာဖတ်ပရိသတ်လို ရွေးချယ်ခွင့် မရှိဘူး။ ကြိုက်လည်းဖတ်၊ မကြိုက်လည်းဖတ်ပဲ။ မကောင်းတာကိုလည်း ဘာကဘယ်လို မကောင်းတာလဲဆိုတာကို စာဖတ်ပရိသတ်အတွက် ပြောဖို့ လိုအပ်လာတဲ့အခါ ပြောနိုင်ဖို့အတွက် ဖတ်ရတာပဲ၊ ဆရာလေးပြောတဲ့ ဂျာနယ်ရဲ့ အယူအဆတွေဟာ လုံးဝ ဆန့်ကျင်ဖက်ဖြစ်တာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ယုံကြည်မှုပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။ ကိုယ်နဲ့ မတူတာနဲ့ပဲ မမှန်ဘူး။ မကောင်းဘူးလို့ ဘယ်ပြောလို့ ရမှာလဲ။ ကိုယ်က သူ့ကို မှားတယ်လို့ ပြောရင်သူကလည်း သူမှန်ပြီး ကိုယ်မှားတယ်လို့ ပြန်ပြောမှာပဲလေ။ အယူအဆ ဘယ်လိုပဲကွဲကွဲ၊ သူတို့ ဂျာနယ်ဟာ ဂျာနယ်ကောင်းတစ်စောင်ပဲ။ လူပြိန်းကြိုက် သည်းခြေခိုက်စာတွေနဲ့ စာဖတ်ပရိသတ်ကို မစော်ကား ဘူး။ ပြီးတော့ သတင်းတွေလည်း စုံတယ်။ တင်ပြပုံ တင်ပြနည်းတွေလည်း ကောင်းတယ်။ သိက္ခာရှိပါတယ်လို့ တပည့်ဟောင်းကို ရှင်းပြလိုက်ပါတယ်။ ပြီးတော့မှ ဘယ်သူ့ကို ဖြစ်ဖြစ်အလွယ်တကူ “တံဆိပ်တပ်” တာမျိုး မလုပ်ဖို့လည်း ပြောလိုက်ရပါသေး တယ်။ “အလိုတော် ရိ”လို့ သူက ပြောခဲ့တာကိုး။
တံဆိပ်တိုင်း မှန်တာမဟုတ်…
“တံဆိပ်တပ်”တဲ့ အလုပ်ကို ကျနော်တို့ လူမျိုးက တော်တော် ၀ါသနာပါပုံ ရပါတယ်။ သူက လက်ဝဲသမားပဲ၊ လက်ယာသမားပဲ၊ အချောင်သမားပဲ၊ ပရိုပဲ၊ အန်တီပဲ၊ ဂန္တ၀င်တွေပဲ၊ ပို့စ်မော်ဒန်သမားပဲ၊ အရက်သမားပဲ၊ ဆေးသမားပဲ၊ လမ်းသရဲပဲ၊ ပုံစံခွက်သမားပဲ၊ တိုးတက်တဲ့သူပဲ၊ စတဲ့ စတဲ့ အခေါ်အဝေါ်တွေ “တံဆိပ်”တွေ မနည်းပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခု၊ တဆင့်ကြား စကား တစ်ခု၊ ကောလဟာလတခုကို အခြေပြုပြီး အလွယ်တကူ တံဆိပ်တပ်ပေးလိုက်ကြတာ ပါပဲ။ အသက် (၇၀)တန်း ရောက်နေပြီဖြစ်တဲ့ ကိုယ်တွေ့တွေအရ ပြောရမယ်ဆိုရင် အဲဒီလို “တံဆိပ်တပ်”မှု အတော်များများဟာ လုံးဝ မမှန်တာတွေ ဖြစ်တယ်ဆိုတာပါပဲ။ လူအတော်များများက လက်ဝဲသမားပဲ၊ ကွန်မြူနစ်ပဲ၊ မတ်ဝါဒီပဲလို့ “တံဆိပ်တပ်”ပေးထားကြသူ အများစုဟာ လုံးဝ လက်ဝဲတွေမဟုတ်။ ကွန်မြူနစ် မတ်ဝါဒီတွေ မဟုတ်ဘူးဆိုတာကို၊ နောက်ပိုင်း သူတို့ရေးသားတဲ့ (နိဗိန္ဒ)စာတွေ ဖတ်ရတော့ သိလာကြရတာပဲ။ လူတွေက သူရဲကောင်းကြီးပဲ ဒါမှမဟုတ် သူတော်ကောင်းကြီးပဲလို့ “တံဆိပ်တပ်”ပေးခဲ့ကြသူ တချို့ဟာလည်း နောက်ပိုင်းကျတော့မှ “တံဆိပ်တပ်” ထားသလို မဟုတ်ကြောင်း ပေါ်လာကြတာပဲ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အင်မတန်ဆိုးတဲ့ တံဆိပ်တစ်မျိုးကို နေ့စဉ်လိုလို ကြားနေခဲ့ရပါတယ်။ “အင်ဖေါ်မာ”(informer)ဆိုတဲ့ တံဆိပ်ပါ။ တစ်ဦးတစ်ယောက်ကို ကိုယ့်စိတ်က မသင်္ကာ ဖြစ်လာတာနဲ့၊ သူက “အင်ဖေါ်မာ” ပဲ “သတင်းပေး”ပဲလို့ တံဆိပ်တပ် ပေးလိုက်တော့ တာပါပဲ။
လွယ်လွယ်တံဆိပ် မတပ်နဲ့….
ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အများက “သူရဲကောင်း”လို့ တံဆိပ်တပ်ပေးထားသူတွေက တကယ်တမ်းကျ “အင်ဖေါ်မာ”ဖြစ်လို့ဖြစ်၊ အများက “အင်ဖေါ်မာ”တံဆိပ်တပ်ပေးထားသူက အမှန်တကယ် ရိုးသားသူ ဖြစ်လိုဖြစ်ဆိုတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကိုယ်က သူရဲကောင်းထင်သူက အင်ဖေါ်မာ ဖြစ်နေခြင်းဟာ ကိုယ့်အတွက် အခိုက်အတန့်သာ ထိခိုက်တာ ဖြစ်ပေမယ့်လို့၊ ရိုးသားသူကို “အင်ဖေါ်မာ”ဆံဆိပ်တပ်လိုက်တဲ့အတွက်အတပ်ခံရသူရဲ့တစ်ဘ၀လုံးထိခိုက်သွားပြီး ရောက်လေရာအရပ်မှာ လူတကာက သံသယမျက်လုံးနဲ့ ကြည့်တာကို ခံသွားရလေ့ရှိပါတယ်။ အဲဒါကြောင့် တစ်ဖက်သားကို လက်လွတ် စပယ်နဲ့ “တံဆိပ်တပ်”တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တစ်ခုခု မသိုးမသန့် ဖြစ်နေရင် တိတ်တဆိပ် စောင့်ကြည့်အကဲခတ် သင့်ပါတယ်။ ကိုယ်တိုင် အခိုင်အမာ အသေအချာ သိရတာမျိုး မဟုတ်ဘဲနဲ့ အခြားသူကို ထုတ်မပြောသင့်ပါဘူး။ ရိုးသားသူတစ်ယောက်ကို မှားပြီး စွပ်စွဲမိရင် သူ့ခမြာ တစ်ဘ၀လုံး ခေါင်းမဖေါ်ရဲ၊ လူတောမတိုးရဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ် လည်း ကြီးစွာ စိတ်မကောင်း ဖြစ်ရတတ်ပါတယ်။
အဲ၊ တချို့ကျတော့ သူများက တံဆိပ်တပ်တာ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် တံဆိပ်တပ်ကြတာ ဖြစ်တယ်။ ဒီလူမျိုးကိုတော့ “လူပြောမသန် သူသန်မပြော”လို့ပဲ သဘောထားလိုက်ပါ။ သူတော်စင် သူတော်ကောင်းများဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲ။ အနာဂစ်ပဲ၊ သောတာပန်ပဲလို့ ထုတ်ဖေါ်မြွတ်ကြားလေ့ မရှိဘူးလို့ မှတ်သားရဖူးပါတယ်။ “ကိုယ့်ကိုယ်ကိုယ်ဖေါ် မသူတော်”လို့ ဆိုတဲ့ ရှေးလူ သူမတို့ စကား အရှိသား မဟုတ်လား။
http://jacbaburma.blogspot.com/မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်