Saturday, April 24, 2010

ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..

မွန်ပြည်သစ်ပါတီ အမြင့်ဆုံးတပ်လှန့်ထား

မင်းထက်အောင်၊ ကောင်းဝါ ဧပြီ ၂၄၊၂၀၁၀။
မင်းထက်အောင်(ဧပြီ-၂၄)။ ။ မွန်ပြည်သစ်ပါတီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့အားလုံးနှင့် အုပ်ချုပ်ရေးဌာနအသီးသီးတို့အား ယမန်နေ့ နံနက်ပိုင်းမှစ၍ အမြင့်ဆုံးတပ်လှန့်ထားကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

ထိုင်းနယ်စပ်တစ်နေရာ၌ ယမန်နေ့တွင် သတင်းထောက်များနှင့်မွန်ပြည်သစ်ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်ပြောကြားရာ “မြို့ပေါ် မှာရှိတဲ့ရုံးတွေ ဒီနေ့ကစပြီး ပိတ်လိုက်ပြီ” ဟု ဆိုပါသည်။

သို့ရာတွင် မွန်ပြည်သစ်နယ်မြေအတွင်းသို့ နအဖတပ်များ ဝင်ရောက်ကျူးကျော်လာခြင်းမရှိသေးကြောင်း၊ စစ်အစိုးရပ်တပ်ဖွဲ့များ ပုံမှန် လှုပ်ရှားမှုသာ ရှိနေကြောင်း ဒေသအသီးသီးရှိ မွန်ပြည်သစ်တပ်များနှင့် ဆက်သွယ်မေးမြန်းချက်များတွင် ပြောဆိုကြသည်။

ယမန်နေ့မွန်ပြည်သစ်ပါတီ ထုတ်ဖေါ်ပြောဆိုချက်အရ ပြည်သူ့စစ်အသွင်မပြောင်းလဲနိုင်ကြောင်း အဆိုပါပြန်လည်အကြောင်းကြားစာကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်သက်နိုင်ဝင်းထံ လွန်ခဲ့သည့် (၂)ရက်က မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ လူလွှတ်၍ စာဖြင့် အကြောင်းကြားခဲ့သည်ဟု သိရသည်။
ထိုသို့ လူလွှတ်စာပေးပို့ခဲ့ပြီးနောက် တိုင်းမှူးမည်သို့ ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်ကို မသိရှိရသေးပေ။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ယခုလ (၂၁) ရက်နေ့တွင်အစည်းအဝေး ခေါ်ယူခဲ့ပြီး ဗဟိုကော်မတီဝင် အများစုက နအဖတောင်းဆိုချက်ကို လက်မခံဟု ဆုံးဖြတ်ကြသည်။

ပြီးခဲ့သည့်ဧပြီလ (၇)ရက်နေ့တွင် စရဖအကြီးအကဲဗိုလ်ချုပ်ရဲမြင့်နှင့် မွန်ပြည်သစ်ပါတီအကြီးအကဲများ တွေ့ဆုံခဲ့ကြရာ၌ မွန်ပြည်သစ်တပ် ဖွဲ့များ ပြည်သူ့စစ်အသွင်ပြောင်းလဲရေး ဧပြီလ(၂၂) ရက်နေ့ကို နောက်ဆုံးထား၍ ရတခတိုင်းမှူးထံ အကြောင်းပြန်ရန် ဖိအားပေးပြောကြားခဲ့သည်ပြီးနောက် မွန်ပြည်သစ်ပါတီ ဗဟိုအစည်းအဝေးခေါ်ယူခြင်း ဖြစ်သည်။

အဆိုပါ ဗဟိုကော်မတီအစည်းအဝေးကျင်းပချိန်သည် နာရီပိုင်းအနည်းငယ်မျှသာကြာမြင့်ခဲ့ပြီး နအဖ၏အထက်ပါ အဆိုပြုချက်ကို လက်မခံဟု ဗဟိုကော်မတီအများစုက ဆုံးဖြတ်သဘောတူခဲ့ကြသည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ၁၉၉၅ ခုနှစ်သဘောတူညီချက်များသည် နှစ်ဖက်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေးသာဖြစ်ပြီး မွန်ပြည်သစ်တပ်ဖွဲ့များ တပ်နေရာတည်ရှိခွင့်နယ်မြေများကို စစ်အစိုးရသတ်မှတ်ပေးခဲ့သည်။

တဖန် နိုင်ခြေးမွန်က “ ၁၉၉၅ ခုနှစ်က နှစ်ဖက်လူကြီးများ ပြောဆိုခဲ့ကြတဲ့အတိုင်း အပတ်အခတ် ရပ်စဲမှုကိုဆက်လက်ထိန်းသိမ်းသွားပြီး နောင်တက်လာမယ့်အစိုးရသစ်နဲ့ တပ်နေရာချထားတာတွေ ဆက်လက်ဆွေးနွေးသွားချင်တယ်”ဟု မွန်ပြည်သစ်က တောင်းဆိုထားကြောင်း ဆက်လက်ပြောဆိုခဲ့ပါသည်။

အပစ်အခတ်ရပ်စဲနိုင်ရေးဆွေးနွေးစဉ်ကာလတလျှောက်၌ မွန်ပြည်သစ်ပါတီအနေဖြင့် ပါတီနှင့်တပ်ဖွဲ့များ အနာဂတ်ရပ်တည်နိုင်ရေး အတွက် နိုင်ငံရေးအရဆက်လက် ဆွေးနွေးသွားလိုကြောင်း ပြောကြားခဲ့သော်လည်း စစ်အစိုးရသည် တရားဝင်အစိုးရ မဟုတ်သည့် အတွက် ၄င်းတို့သတ်မှတ်ပေး၍မရကြောင်း၊ နောင်တက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးသွားရန်တိုက်တွန်းခဲ့ကြောင်း အဆိုပါ ဆွေးနွေး ပွဲများတွင် ပါဝင်သောကိုယ်စားလှယ်များ ပြောကြားခဲ့သည်။
http://www.kaowao.org/b/2010news-apr-24b.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်