Saturday, June 26, 2010

အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်


ဇာနည်မာန် Saturday, June 26, 2010
E-mail Print
Share/Save/Bookmark အင်းလေးကန် ယခုနှစ် နွေရာသီ အတွင်း ရေခန်းမှုနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်း ဌာနများက မေးမြန်းလျှင် မဖြေကြားရန် ၀န်ထမ်းများကို အာဏာပိုင်များက ညွှန်ကြား ထားကြောင်း သိရသည်။
ယခုလ အလယ်က ရေခန်းနေသည့် အင်းလေးကန် အတွင်း လှေများ ဆိုက်ကပ်ထား သည်ကို တွေ့ရစဉ် (ဓာတ်ပုံ - နိုင်းနိုင်းစနေ)
ကန်ရေ ခမ်းခြောက်သည့် သတင်းနှင့် ဓာတ်ပုံများ ပြည်တွင်း ဂျာနယ်များနှင့် သတင်းဌာန များတွင် ပါလာသည့် နောက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူမှ ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဟိုတယ်ခရီး သတင်း ရပ်ကွက်က ဆိုသည်။

“ဂျာနယ် တွေက မေးရင် မပြောရဘူး။ ဧည့်သည် တွေကိုလည်း ဒါတွေ ပြောခွင့် မရှိပါဘူး။ ဒု ၀န်ကြီးက ညွှန်ကြား ထားတယ်လို့ ပြောတယ်။ စာထွက် မထွက်တော့ မသိဘူး။ ဒီမှာကတော့ လူကြီးတွေကနေ ပြန်ပြောတာ ပေါ့နော်”ဟု ညောင်ရွှေမြို့မှ ဟိုတယ်ခရီး ၀န်ထမ်း တဦးက ပြောသည်။

တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးရုံး အပါအ၀င် စိုက်ပျိုးရေးရုံးများ၊ ဆည်မြောင်းဦးစီးဌာနရုံး၊ မိုးလေ၀သနှင့် ဇလဗေဒရုံးများ၊ သစ်တောဦးစီးဌာန လက်အောက်ရှိ ရုံးများသို့လည်း အလားတူ ညွှန်ကြားထားမှုများ ရှိကြောင်း ၀န်ထမ်းများကဆိုသည်။

ပြီးခဲ့သည့် နွေရာသီကာလအတွင်းက အပူချိန်မြင့်မားမှုနှင့် မုတ်သုန်အ၀င်နောက်ကျခြင်းတို့ကြောင့် နိုင်ငံတ၀န်း မိုးခေါင် ရေရှားမှုများဖြစ်ပေါ်ခဲ့ပြီး အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရား ၀န်းကျင်ဒေသများတွင် ရေခန်းခြောက်မှုများ ဆိုးဝါးစွာ ဖြစ်ပေါ်ခြင်းကို ပြည်တွင်းဂျာနယ်များနှင့် ပြည်ပသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ရန်ကုန်အခြေစိုက် သတင်းသမားတဦးကလည်း “သူတို့ကို မေးတော့ သူတို့က ဒါနဲ့ပတ်သက်ပြီး ပြောခွင့်မရှိဘူး။ အထက် က ညွှန်ကြားထားပါတယ်ပဲပြောတယ်။ သိချင်ရင် နေပြည်တော်ကို ဆက်သွယ်ရမယ်ပေါ့နော်။ အဲ့ဒီလိုမျိုးပြောကြတယ်”ဟု ပြောပြသည်။

လက်ရှိအခြေအနေတွင် အင်းလေးကန်နှင့် ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ပညာပေး လုပ်ဆောင်နေမှုများ ကို ပြည်တွင်းသတင်းဂျာနယ်များက တင်ပြလျက်ရှိရာ စာပေစိစစ်ရေးမှ ဖြတ်တောက်မှုများလည်း ရှိနေသည်ဟု ပြည်တွင်း သတင်းထောက်များက ပြောဆိုကြသည်။

“သတင်းတွေနဲ့ ဆောင်းပါးတချို့တွေမှာ ပါတဲ့ အင်းလေးကန် ခန်းခြောက်မှု impact (အကျိုးဆက်)တွေပေါ့နော်။ အဲ့ဒါတွေ ကို တော်တော်များများ ဖြတ်ပစ်တာ တွေ့ရတယ်။ ပညာပေး ဆောင်းပါးတွေမျိုးဆို ဒါတွေမပါလာတော့ အနှစ်သာရမရှိ တော့ဘူး ပေါ့”ဟု ဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။

လက်ရှိအချိန်တွင် မိုးရွာသွန်းမှုများ ရှိလာသောကြောင့် အင်းလေးကန်တွင်း ရေခန်းခြောက်သည့် အရပ်များတွင် ရေတချို့ ပြန်ဝင်လာပြီဟု ဒေသခံများကဆိုသည်။

“ရေက ပြန်ဝင်ပြီဆိုပေမယ့် နည်းသေးတာပေါ့။ နိုင်ငံခြားသား ဧည့်သည်တွေရော ဘုရားဖူးတွေရော လာနေတာ ဒါတွေက မြင်နေရတာပဲလေ။ ဖုံးထားလို့မှ မရတာ။ နိုင်ငံခြားသားမေးရင်တော့ ဘယ်လိုဖြစ်တယ်ဆိုတာ ရှင်းပြနေရတာပဲ ဒါကို မပြော ရဘူးဆိုတော့ မပြောလို့မှ မရတာနော်”ဟု ဒေသခံ ဧည့်လမ်းညွှန်တဦးက ပြောသည်။

အင်းလေးကန် ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ဆောင်နေသူတဦးကလည်း“ကိုယ့်ဒေသမှာ ဘယ်လိုတွေ ဖြစ်နေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်မှ၊ တင်ပြနိုင်မှ အများပြည်သူကလည်း သူတို့ လုပ်သင့်တာတွေကိုသိနိုင်မယ်၊ ပညာပေးတာတွေ ထိရောက်နိုင်မှာပေါ့။ ဒါတွေကို လိုက်ပိတ်ပင်နေရင် လုပ်နေတာတွေ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး”ဟု ထောက်ပြဝေဖန်သွားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော အင်းလေးကန်သည် ကျွန်းမျောစိုက်ခင်းများ၊ ရေပေါ်ဈေး၊ ဖောင်တော်ဦးဘုရား၊ လှေကို ခြေဖြင့်လှော်သော အင်းသူအင်းသားများ၊ ရေကန်တွင်း တည်ဆောက်ထားသော ခြေတံရှည်အိမ်များ စသည့် စိတ်ဝင်စားဖွယ်ရာများဖြင့် နိုင်ငံခြားသား ခရီးသွားများအပြင် ပြည်တွင်း ဘုရားဖူးများကိုပါ ဆွဲဆောင်နိုင်သည့် အထင်ကရ နေရာ ဒေသတခုဖြစ်သည်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်