Saturday, September 25, 2010

အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက်တွန်း

ဧရာဝတီ Saturday, September 25, 2010
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာ စစ်အစိုးရကို အမျိုးသား ရင်ကြားစေ့ရေး အကောင်အထည် ဖော်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံတိုက်တွန်းလိုက် ကြောင်း သိရှိရသည်။

ယမန်နေ့က သမ္မတ အိုဘားမား အာဆီယံ ခေါင်းဆောင်များ ရှေ့မှဖြတ်၍ စကားပြော စင်မြင့်ရှိရာသို့ လျှောက်လာ စဉ်။ အိုဘားမား ၏ ဘေးတွင် ကွယ်နေသူမှာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း ဖြစ်သည်။(ဓာတ်ပုံ - Getty Images)
ယင်း တိုက်တွန်းချက်ကို ယမန်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် အမေရိကန်နှင့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းအစည်း အဝေးသို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက်ခဲ့ သော်လည်း အမေရိကန် သမ္မတနှင့် မည်သို့သော တိုက်ရိုက်ပြောဆို ဆွေးနွေးမှုမျှ မရှိကြောင်း သိရှိရသည်။

လူ့အခွင့်အရေးများကို ကာကွယ်ရန်အတွက် အမျိုးသားရင်ကြားစေ့ရေးသည် အရေးပါသော အခန်းကဏ္ဍမှ ရပ်တည် လျက် ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့် စတင် အကောင်အထည် ဖော်ရမည်ဟု အိုဘားမားက ယုံကြည်ကြောင်း အစည်းအဝေးအပြီး သမ္မတ အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေညာချက် တွင်ပါရှိသည်။

အာဆီယံခေါင်းဆောင်များက အမေရိကန်မှ ကျင့်သုံးနေသည့် တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်ရေးမူဝါဒကို ကြိုဆိုကြောင်း၊ အာဆီယံ နိုင်ငံများအနေနှင့်လည်း အမေရိကန်နိုင်ငံ၏ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်ရေးမူဝါဒနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မိ ကြောင်း အမေရိကန်-အာဆီယံ ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယမန်နှစ် နိုဝင်ဘာလက စင်္ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အမေရိကန်- အာဆီယံ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် မြန်မာ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိစေရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ် စေရန် ဆိုသည့်အချက်ကိုလည်း ယမန်နေ့က ထပ်မံ တိုက်တွန်းထားသည်။

ထိုအစည်းအဝေးမှတဆင့် မြန်မာနိုင်ငံသည် အမျိုးသားရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် အာဆီယံ၊ ကုလသမဂ္ဂတို့နှင့် ဆက်လက် ဆက်ဆံသွားရန် လိုအပ်ကြောင်းလည်း ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ နိုဝင်ဘာလတွင် စစ်အစိုးရက ကျင်းပမည့်ရွေးကောက်ပွဲသည် တရားဝင်ရွေးကောက်ပွဲဟု ယုံကြည်လက်ခံမှုမရှိကြောင်း ထပ်မံပြောဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ မာ့ခ်တိုနာက“နိုဝင်ဘာ ၇ ရက်နေ့ကနေ ထွက်ပေါ်လာ မယ့် ရလဒ်ဟာ တရားဝင်မှု မရှိဘူးဆိုတာကို ကျနော်တို့ဘက်က ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ”ဟု ပြောသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေး အတိုက်အခံများ၏ အခြေအနေကို စိုးရိမ်လျက်ရှိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကို လွှတ်ပေးရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း အဆိုပါ ပြောခွင့် ရ ပုဂ္ဂိုလ်က ဆိုသည်။

“ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် ပထမ အဆင့်အနေနဲ့ ဒီမိုကရက်တစ် အတိုက်အခံတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပါလို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်”ဟု မစ္စတာ မာ့ခ်တိုနာက ပြောဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည်လည်း အောက်တိုဘာလ၌ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ သို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်