Friday, April 4, 2008

လွတ်လပ်ရေးအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ


"ဒီကနေ့ မလွတ်လပ်တာ လူတိုင်း သိသည်။" အချိန်တိုင်း လူမှုဒုက္ခတွေ ဖိစီးနေကြသည်ကို လူတိုင်း ခံစားနေ ကြရပါသည်။ မီးမရှိသော အမှောင်တွင်း ဆင်းရဲစွာနေနေရသည့် Myanmar ဆိုသော အမှောင် ကမ္ဘာကြီး အ ကြောင်း လူတိုင်း သိကြသည်။ ဤဒုက္ခများမှလွတ် မြောက် ရန် အတွက် လွတ်လပ်ရေးကို လူတိုင်း လိုချင်နေ ကြသည်မှာ မျှော်လင့်တောင့်တနေကြသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် … မေးဖို့တော့ လိုသည်။
- လွတ်လပ်ရေးကို ဘယ်သူက ယူပေးမှာလဲ
- လွတ်လပ်ရေးအတွက် ဘယ်သူက တာဝန်ယူရမှာလဲ
- လွတ်လပ်ရေးသည် တန်ခိုးရှင် တစ်ယောက်ယောက်က အဆင့်သင့် ကျွန်ုပ်တို့လက်ထဲသို့ ပို့ဆောင်ပေးမည်ဟု မျှော်လင့်နေပါသလား

Myanmar ဟူသော ပညတ်ကြီးနှင့် ဤကမ္ဘာမြေပေါ်တွင် မြန်မာပြည်ကြီး တည်ရှိနေသရွေ့ အသက်ရှင်မွေးဖွား ခန္ဓာရလာကြရမည့် နောင်လာနောက်သား အပြစ်မဲ့သူ Innocent … များအတွက် သန္ဓေယူသည့်အချိန်မှစ၍ "ကျွန်သန္ဓေ" က စကြရမည်ကို နက်နက်နဲနဲ တွေးမိကြဖို့ လိုအပ်နေပြီ။ ပဋိသန္ဓေကစလို့ ကျွန်ဖြစ် ကြရတော့မည့် နောင်လာနောက်သား မျိုးဆက်များထဲတွင် ဘ၀မပြတ်နိုင်ကြ သေးလျှင် အခန့်မသင့်ပါက မိမိ လည်း တဖန် တကျော့ပြန်၍ ကျွန်ဖြစ်လာနိုင်သည်ကို ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြတဲ့ ကျနော်တို့အနေနဲ့ သိရှိကြ လိမ့်မည်ဟု ယူဆမိပါသည်။ (ပဋိသန္ဓေကအစ စစ်ကျွန်ဘ၀ ရောက်ရမည့်အရေး သေချာတွေးလို့ လွတ်လပ် ရေးအကြောင်း ဆက်ပြီး ဆွေးနွေးပါအုံးမယ်။)

ကျနော်တို့ရဲ့ လွတ်လပ်ရေးကို ဘယ်သူယူပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါသလဲ။ NLD လား။ ဒေါ် အောင်ဆန်းစုကြည်လား။ ၈၈ မျိုးဆက် ကျောင်းသားတွေလား။ ကုလသမဂ္ဂလား။ ထိုသို့မျှော်လင့် နေမိပါသလား။ Ignorance ဆိုသော မောဟဖြင့် မေ့မော၍ နေမိကြပါသလား။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုလာပါပြီ။ အချိန် အလွန်ကုန် သွားခဲ့ပြီဖြစ်သည်။ သေရေး ရှင်ရေး ဖြစ်နေပါပြီ။

လွတ်လပ်ရေးအတွက် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ကြရမည်။ ငါတို့ဟာ အမှန်တကယ် လွတ်လပ်ချင်တဲ့စိတ် ရှိရဲ့လား။ ဒီမေးခွန်း အလွန်အရေးကြီးပါသည်။ အကြိမ်ကြိမ် မေးပါ။ ခဏခဏ မေးပါ။ အချိန်တိုင်း မေးပါ။ ပါးစပ်ကပြောနေကြသော လွတ်လပ်ချင်လိုက်တာဆိုသော စကား၊ ဆင်းရဲဒုက္ခကြီးလိုက်တာနော်လို့ ပြောနေတဲ့ စကား၊ မတရားလိုက်တာနော်လို့ ရေရွတ်နေတဲ့ စကား …..အဲဒါတွေရဲ့ နောက်ကွယ်က တကယ့် စိတ်ရဲ့ အရင်းခံ ထဲမှာ တကယ် လွတ်လပ်ချင်တာ သေချာရဲ့လား ဆိုတာကို ရှာဖွေကြည့်ကြဖို့ အထူးလိုအပ်ပါတယ်။

လူတိုင်းလူတိုင်း၊ လူတစ်ဦးစီ တစ်ဦးစီအတွက် အလွန်အရေးကြီးသော မေးခွန်းပင် ….

"တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်။" ဒီစကား ကျနော်တို့တွေနဲ့ အလွန်ရင်းနှီးပါသည်။ အဲဒီထဲက အဖြေကို ရှာကြည့်ဖို့ လိုသည်။ တကယ်မလုပ်လျှင် အဟုတ်မရနိုင်ပါ။ ငြီးတွားပြီး နေရုံနှင့် တစ် ယောက်ကိုတစ်ယောက် အပြစ်တင်နေရုံနှင့် ဆရာကြီး လေသံဖြင့် သူတပါး၏ Weak Point ကို ထောက်ပြပြီး ကျေနပ် နေရုံနှင့် တို့ကတော့ အနေသာကြီး သူတို့ လုပ်ကြပါလိမ့်မယ်လို့ စားစရာ ၀တ်စရာရှိနေသေးသူတွေ၏ အပြောမျိုးနှင့် ပြောနေကြရုံဖြင့် လွတ်လပ်ရေးသည် မိုးပေါ်က ကျသလို ကျမလာနိုင်။ စိတ်ကူးယဉ်နေ၍ မရနိုင်ပါ။

ယနေ့ ကြီးမြင့်နေသော ကုန်ဈေးနှုန်းကို ဥစ္စာပစ္စည်းရှိသူရော မရှိသူပါ ခံစားရသည်။ ရှိသူက ခံနိုင်ရည်ရှိပေမယ့် မရှိသူက ခံနိုင်ရည် မရှိကြတော့ပါ။ ကိုယ့်ပတ်ဝန်းကျင် ဆင်းရဲငတ်မွတ်လာလျှင် ကိုယ်လည်း မလုံခြုံနိုင်တော့။ ငတ်ပြီး သေရမည့်အရေး၊ ဆေးမကုနိုင်လို့ သေရမည့် အရေး။ အဲဒီလို သေရမည့်အရေးတွေအတွက် ဒုစရိုက် မှု တွေကို ပြုလာကြပြီ။ ဥစ္စာရှိသူတို့လည်း မလုံခြုံနိုင်တော့။ ပတ်ဝန်းကျင် ဆင်းရဲငတ်မွတ်လာတာကို ကိုယ်နှင့် မဆိုင်သလို နေမိကြသော ပစ္စည်းဥစ္စာရှိသူများ၏ လုံခြုံမှုသည်လည်း အလွန်နည်းပါး လာပေပြီ။ မိမိတို့၏ အသက်အန္တရာယ်သည် အချိန်မရွေးကျရောက်၍ လာပေတော့မည်။ ဥပမာတွေ ရှိနေသည်။ နာမည်ကြီး ငါးလောင်း
ပြိုင် လူသတ်မှုကို ကြည့်ပါ။ ချမ်းသာသော၊ ဥစ္စာရှိသောသူတို့သည် ယနေ့ စံနစ်ဆိုးအောက်တွင် မလုံခြုံနိုင်တော့ပြီ ဆိုတာကို သိသင့်သည်။ လွတ်လပ်ရေးကို (လေပစ်နေရုံဖြင့်) မရနိုင်။ (လူနပ်ချမ်းသာ) လုပ် နေကြရုံဖြင့် မရနိုင်။

ကျွန်ုပ်တို့အားလုံး မိမိကိုယ်မိမိ ကိုယ်စီကိုယ်ငှ လုံခြုံနိုင်ရန်အတွက် ကောင်းမွန်သော စံနစ်သစ်တစ်ခုဆီသို့ တက်ညီ လက်ညီ ချီတက်နိုင်မှ ဖြစ်တော့မည်။ မြန်မာတမျိုးသားလုံးသည် နိမ့်ကျသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့နှင့် မသေရုံတမယ် လုံးပန်းနေကြရင်းဖြင့် အသိဥာဏ်ပညာဖြင့် ဝေဖန်ပိုင်းခြားဆန်းစစ်မှုများ တဖြည်းဖြည်း အားနည်းလာကြသည်။ ရင့်ကျက်မှု ဟူသည့် ဆင်ခြင်တုံတရားများဖြင့်သာ အဖြေထုတ်ကြမည်ဆိုလျှင် ကျနော်တို့ တစ်ဦးချင်းစီသည် ကိုယ့်နိုင်ငံ စစ်ကျွန်ဖိနပ်အောက်မှ လွတ်မြောက်ဖို့ တစ်ဦးချင်းစီ၏ တာဝန်ယူမှုအား နည်းနေသည်ကို အထင်အရှား တွေ့မြင်နေရပါသည်။ (မည်သို့ပင် လျစ်လျူရှု ခဲ့မိပါစေ၊ အခုချိန်တွင် တစ်ဦးချင်း တစ်ဦးချင်းစီမှ အစပြု၍ ကိုယ်နိုင်ရာတာဝန် ကိုယ်ယူပြီး တော်လှန်ရေးအတွက် အားတက်သရော ပါဝင်လာနေပြီမှာ (တနည်းအားဖြင့် အမျိုး၊ ဘာသာ၊ သာသနာ အ တွက် အမျိုးသားရေးစိတ်များ နိုးကြားလာကြသည်မှာ) အလွန်ကျေနပ်စရာ၊ အားရစရာဖြစ်ပါသည်။

ရင့်ကျက်မှုနည်းသောသူတို့သည် လွတ်လပ်ရေးကို ပါးစပ်ဖြင့်သာ လိုချင်ကြသည်။ မီးလောင်ခြင်းကိုသာ အားပေးပြီး ကိုယ်တိုင်မီးမလောင်ကြ၊ အဆိုးလောကဓံများကြားမှ ရံခါရတတ်သော မိမိနှစ်သက်သည့် အကောင်းလောကဓံနှင့် တွေ့လျှင် ရင့်ကျက်မှုနည်းသည်နှင့်အညီ မူလဒုက္ခကို မေ့သွားတတ်ကြသည်။ အမှတ်မရှိကြ။ ပြောင်းလဲလွယ်ကြသည်။ ဤအထဲတွင် ကျွန်ုပ်တို့ ပါသလားလို့ မေးဖို့လိုသည်။ ဒီလိုလူတွေ များနေရင်တော့ အဓမ္မ၀ါဒီ မိစ္ဆာဒိဋ္ဌိတွေသာ သက်ဆိုးရှည်သွားမည်မှာ မလွဲဧကန်ပင်။

ကိုယ်တိုင် အမှန်တကယ် လွတ်လပ်ချင်သောစိတ် ရှိမှသာလျှင်၊ အမှန်တကယ် လွတ်လပ်လိုသော မိမိ၏စိတ်ကသာလျှင် ကျနော်တို့သည် ကျနော်တို့၏ လွတ်လပ်သော အနာဂတ်ကို ဖန်တီးနိုင်ပေလိမ့်မည်။ လွတ်လပ်ချင်သော စိတ်တွင် (အဓိပတိ ဖြစ်နေဖို့) ခိုင်မာအမြစ်တွယ်နေဖို့ လိုအပ်ပါသည်။ လွတ်လပ်ရေး အ တွက် လွတ်လပ်လိုသူတိုင်းမှာ တာဝန်ရှိသည်။ ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ လိုသည်။ ကိုယ်လိုချင်သော လွတ်လပ်ရေးကို ကိုယ်တိုင်ပါဝင်ရယူဖို့ လိုသည်။ ကိုယ့်ပါးစပ်ထဲကို ထည့်မယ့် ထမင်းလုပ်ကို ကိုယ်တိုင် ယူဖို့တော့ လိုသည်။ သူတပါး၏အခွံ့ကို စောင့်ရင်းဖြင့် အသက်ဆုံးသွားမည်။ ဘ၀ဆုံးသွားမည်။ သာသနာ ဆုံးသွားမည်။ လူမျိုးတုံးသွားမည်။ တိုင်းပြည်ပါ ပျောက်သွားမည်။ ကိုယ်ယူနိုင်သော တာဝန်ကို ကိုယ်ယူပြီး လွတ်လပ်ရေး အတွက် အချိန်တိုင်း လုပ်ဆောင်နေကြဖို့ လိုသည်။

ကာယအား၊ ဥာဏအား၊ ဘောဂအား၊ ……. နိုင်ရာကိုတာဝန်ယူ၍ လွတ်လပ်သော၊ စိုးရိမ်ကင်းသော၊ မကြောက် ရွံ့ရသော၊ လုံခြုံစိတ်ချစွာ နေထိုင်နိုင်သော၊ သိက္ခာရှိသော၊ တစ်ဦးကိုတစ်ဦးလေးစားသော၊ ဘ၀သစ်ကို သွားဖို့အတွက် လူတိုင်းမှာ တာဝန်ရှိသည်။ တကယ်ဖြစ်ချင်သလား။ တကယ်လုပ်ကြရမည်။ ကိုယ့်တာဝန်ကိုယ်ကျေစွာဖြင့် မိစ္ဆာကို တွန်းလှန်သော တော်လှန်ရေးတွင် လွတ်လပ်လိုသူတိုင်း ပါဝင်ကြရမည်။ မိမိတို့၏ လွတ်လပ်ရေးကို ရယူဖို့ မိမိတို့ကိုယ်တိုင်မှာ တာဝန်ရှိသည်ကို သိရှိကြခြင်းဖြင့် စည်းလုံးညီညွတ်စွာ မိစ္ဆာ တော်လှန်ရေးကြီးကို ယခုပင် စလိုက်ကြပါစို့။ မနက်ဖြန်ကို စောင့်မနေဘဲ မိမိလုပ်နိုင်သော တိုက်ပွဲပုံစံ အမျိုးမျိုးဖြင့် ယနေ့မှစ၍ တိုက်ပွဲဝင်ကြပါစို့။

မြန်မာပြည်ရဲ့အနာဂတ်မျိုးဆက် သန္ဓေသားများအတွက် မွန်မြတ်သော လွတ်လပ်ရေးကြီးကို ရယူပေး မည်ဟူသော အကောင်းဆုံးကို မျှော်တွေးရင်းဖြင့် အဆိုးဆုံးသော ဒုက္ခများကို ရင်ဆိုင်ရန် ယနေ့မှစ၍ ပြင် ဆင်ကြပါစို့။ ယနေ့မှစ၍ တိုက်ပွဲဝင်ကြပါစို့ဟု (နိုင်ရာဝန်ထမ်း၍ တိုက်ပွဲဝင်နေသော တော်လှန်ရေး၏ အစိတ် အပိုင်းတစ်နေရာမှ တော်လှန်ရေးရဲဘော်တစ်ဦးမှ) ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

လွတ်လပ်ဖို့ အခုပင် စလိုက်ကြစို့။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်