ဒီရေတောများကို ချစ်ကြပါ
ကြည်ဝေ ဇွန် ၂၇၊ ၂၀၀၈
စက်လှေဦးပိုင်းတွင် ထိုင်၍ လိုက်ပါလာရင်း ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျုံဒတ် ကျေးရွာအုပ်စု၊ သံဒိတ် ကျေးရွာအနီး သို့ ရောက်ခါနီး ရေမိုင်၂ မိုင် အကွာအဝေးလောက် ကတည်းက ကမ်းစပ်တလျှောက်တွင် ပေါက်နေကြသော အပင်များကို သတိပြုမိလာခြင်းဖြစ်သည်။
သူလာခဲ့သော သံဒိမြစ်ကြောင်း ကမ်းစပ်တလျှောက်တွင် ပြိုကျပျက်စီးနေသော တဲများ၊ ပျက်စီးနေသော လူနေ အိမ်များ၊ ပျက်စီးနေသော စိုက်ခင်းများကိုသာတွေ့ခဲ့ရပြီး သံဒိတ်ရွာအနီး၊ ပင်လယ်ဝနားရောက်လာမှသာကမ်းစပ်တွင်အပင်များရှိ နေသေးသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။ ထိုနေရာတွင် ဒီရေတောများကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည့်အတွက် သူ့မှာ ထအော်မိတော့မတတ် ၀မ်းသာဝမ်းနည်း ဖြစ်ရတော့သည်။
သံဒိတ်ကျေးရွာနှင့် ပင်လယ်ဝကြား ကမ်းစပ်တွင်ပေါက်နေကြသော ကညင်၊ မဒမ၊ ကနစို စသည့်အပင်များနှင့် အမျိုးအမည် မသိသော ဒီရေတောဝင်များဖြစ်သည့် ခြုံနွယ်ပင်များအပြင် ဧရာဝတီတိုင်းတွင် ကွယ်ပျောက်တော့မည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ စိုးရိမ်လျှက်ရှိသော လမုပင်များကိုပါတွေ့မြင်လိုက်ရသောကြောင့် စိတ်မချမ်း မြေ့စရာများကြားမှ အကောင်းတကွက်ဟု ပြောရပေတော့မည်။
သံဒိတ်ရွာလေး၏ တည်နေရာသည် သံဒိမြစ်နှင့်ပင်လယ်ပေါင်းဆုံသော နေရာလေးဖြစ်ပြီး ပင်လယ်ဝတွင် တည်ရှိ သော နေရာလည်းဖြစ်သည့်အတွက် မုန်တိုင်းတိုက်ခတ်စဉ်က အသေအပျောက်အများဆုံးဖြစ်လိမ့်မည်ဟု ပတ်ဝန်းကျင်ရွာများက ခန့်မှန်းခဲ့ကြသော နေရာဒေသလည်းဖြစ်သည်။
မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သောမုန်တိုင်းဒဏ်ကြောင့် လူဦးရေ ၁၀၀၀ ကျော်ရှိသော သံဒိတ် ရွာကလေးတွင် အပင်ကြီးများနှင့်လူနေအိမ်များ ပျက်စီးခဲ့ကြသော်လည်း လူ တဦးတယောက်မှ သေဆုံးခဲ့ခြင်း မရှိခဲ့ပေ။
သူမျှော်လင့်ထားသလိုပင် ထိုကျေးရွာနှင့်ပင်လယ်ဝ ကြားတွင်ရှိနေသည့် ဒီရေတောများက အကာအကွယ် ပေးခဲ့ခြင်း ဖြစ်သည်။
သူကတော့ ထိုရွာကလေးမှပြန်မထွက်ခင် ရသလောက်အချိန်အနည်းငယ်အတွင်း သံဒိတ်ရွာသားများ၏အသက်ကို မုန်တိုင်း ဒဏ်မှ ကာကွယ်ပေးလိုက်သည်မှာ သူတို့ရွာအနီးတ၀ိုက်တွင် ထူထပ်စွာပေါက်ရောက်လျက် ရှိသော ဒီရေတောများ ဖြစ်ကြောင်းနှင့် ထိုတောကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ပြောပြခဲ့သည်။
မုန်တိုင်းတိုက်စဉ်က ပင်လယ်မှ လှိမ့်ဝင်လာသော ဒီရေလှိုင်းများသည် ရွာကလေးသို့ မရောက်ခင် ရွာရှေ့တွင် ပိတ်ကာ ထားသော ဒီရေတောတွင်းသို့ အရင်ဝင်ရောက်ကာ အရှိန်လျော့သွားပြီးမှ ရွာထဲသို့ ၀င်ရောက်ရခြင်း ဖြစ်သောကြောင့် ထိုရွာ ကလေးမှာ မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် မခံရခြင်းဖြစ်ကြောင်း ရွာသားများနားလည်အောင် သူရှင်းပြခဲ့သည်။
အရင်ကတော့ ထိုရွာသားများသည် ဒီရေတောဝင်အပင်များကိုထင်းအဖြစ်လည်းကောင်း၊ အိမ်ဆောက်သည့်အခါ လိုအပ် သော တိုင်အဖြစ် မဒမ ပင်များကိုလည်းကောင်း ခုတ်ယူကာ အပင်ငယ်များကို နွားစာအဖြစ် ရိတ်ယူသုံးစွဲ ခဲ့ပြီး ထူးထူး ထွေထွေ တန်ဖိုးထားခြင်း မရှိခဲ့ကြပေ။
ဧရာဝတီတိုင်းအတွင်းမှ ဒေသခံများအနေဖြင့် ဒီရေတောများ၏ တန်ဖိုးကို နားမလည်ခြင်းမှာ ၀မ်းနည်းဖွယ်ရာ ဖြစ်ပြီး အစိုးရနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များအနေနှင့် ဒေသခံများကို ဒီရေတောများအကြောင်း ပညာပေးမှု အားနည်းခဲ့ဟန်တူကြောင်း သူက သုံးသပ်ပြောဆိုသည်။
သူသည် ရန်ကုန်မြို့မှ ဧရာဝတီတိုင်းရှိ လေဘေးဒုက္ခသည်များကို ဆန်နှင့် အ၀တ်အထည်များ သွားရောက် လှူဒါန်းသော အလှူရှင်တဦးဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ဝင် ပညာရှင် တဦးလည်း ဖြစ်သည်။
“အရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက သံဒိတ်ရွာကနေ အပေါ် နှစ်ရွာ သုံးရွာလောက်ထိ ဒီရေတောတွေရှိသေး တယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကမှ အစိုးရက လယ်ယာချဲ့ထွင်ခိုင်းတော့ အရှေ့ရွာတွေက ဒီရေတောတွေကို ခုတ်လိုက်ကြပြီး လယ်ယာတွေ လုပ်လိုက်ကြလို့ ဒီအပင်တွေက သံဒိတ်ရွာနားမှာပဲ ကျန်နေခဲ့တာလို့ ရွာခံတွေက ပြောတယ်”ဟု သူကြားခဲ့ရသည်ကို ပြန်ပြောပြခဲ့သည်။
ထိုသံဒိတ်ကျေးရွာလိုပင် ဧရာဝတီတိုင်းအတွင်း ဒီရေတောများကျန်ရှိနေသေးသော နေရာဒေသများဖြစ်ကြသည့် ဘိုကလေး မြို့နယ်တွင်းမှ မိန်းမလှကျွန်း၊ ပျဉ်ဒရယ် ကြိုးဝိုင်းအနီးရှိ ရွာများ စသည့်နေရာများမှာ မုန်တိုင်းဒဏ်ခံခဲ့ ရ သော်လည်း ပြင်းပြင်းထန်ထန် ခံရခြင်းမရှိဘဲ လူအသေအပျောက်လည်း လုံးဝ မရှိခဲ့ကြောင်း သိရှိခဲ့ရသည်။
ဧရာဝတီတိုင်းအတွင်း ဒီရေတောပမာဏလျော့နည်းလာခြင်းကြောင့် နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံရပြီး လူ အမြောက်အများသေဆုံးရခြင်းဖြစ်ကြောင်း အက်ဖ်အေအိုမှ သစ်တောရေးရာပညာရှင် ဂျန်ဟိုင်နိုက ပြောကြားခဲ့ သည်။
ဧရာဝတီတိုင်းအတွင်းရှိ ဒီရေတောအများစုကို လယ်မြေချဲ့ထွင်ရန်အတွက် ခုတ်ပြီး လယ်ယာမြေ အသွင်ပြောင်းခဲ့ သကဲ့သို့ ငါးမွေးကန်များ၊ ပုစွန်မွေးလုပ်ငန်းများအဖြစ်လည်း ပြောင်းလဲခဲ့သောကြောင့် ထိုနေရာဒေသများတွင် နေ ထိုင်ကြသော ဒေသခံများမှာ နာဂစ်မုန်တိုင်းကျရောက်သည့်အခါ လေပြင်းတိုက်ခတ်မှုကို အကာအကွယ်မဲ့ခံကြရ သဖြင့် လူအသေ အပျောက် များရခြင်းဖြစ်ကြောင်း သူကလည်း သုံးသပ်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ယခင်က ဒီရေတော ပမာဏ ဧကပေါင်း ၅၇၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၀၆ ခုနစ်တွင် ဧက ပေါင်း ၇၀၀၀၀ ခန့်သာ ကျန်တော့သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၏ သုတေသနပြုချက်များ အရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ဒီရေတောများကို ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် အများဆုံးတွေ့ရပြီး ဧရာဝတီတိုင်းမှာ တနိုင်ငံလုံးရှိ ဒီရေတောပမာဏ အများဆုံးပေါက်ရောက်ရာ ဒေသဖြစ်ကြောင်း သစ်တောဦးစီး ဋ္ဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
သစ်တောဋ္ဌာန၏ တရားဝင်စာရင်းများအရ ၁၉၂၄ ခုနှစ်တွင် ဧရာဝတီတိုင်းရှိ ဒီရေတော ဧကပေါင်း ဟက်တာ ၂၅၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၀၂ခုနှစ်တွင် ဧရာဝတီ တိုင်းအတွင်း ဒီရေတော ဧကပေါင်း ဟက်တာ ၁၁၀၀၀၀ ကျော်သာ ကျန်ရှိတော့ ကြောင်း ၇၇ နှစ် အတွင်း ဒီရေတော ဆုံးရှုံးမှုမှာ ၅၅ ရာခိုင်နှုန်း ဖြစ်ကြောင်း တရားဝင် စာရင်း ထုတ်ပြန်မှု များအရ သိရှိရသည်။
“အစိုးရရဲ့ပညာနည်းမှုနဲ့ အမြော်အမြင်နည်းပါးမှုတွေက ဧရာဝတီတိုင်းတခုလုံးကို ပျက်စီးစေတော့တာပဲ။ ဒီရေ တောတွေရဲ့ တန်ဖိုးကို ဒေသခံတွေ မသိသလို အစိုးရ ကိုယ်တိုင်ကိုက မသိတာ ဆိုးတယ်” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ အဖွဲ့ဝင် ပညာရှင် တဦးက ပြောဆိုသည်။
ဧရာဝတီတိုင်းရှိ ဒီရေတော ဆုံးရှုံးမှု အများဆုံးမှာ ၁၉၉၅ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်းဖြစ်ပြီး အဆိုပါနှစ်များတွင် စစ်အစိုးရမှ ဒီရေတောများအတွင်း ငါးမွေးမြူရေးလုပ်ငန်းများနှင့် ပုစွန်မွေးမြူရေးလုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လုပ်စေခဲ့ သလို၊ လယ်ယာမြေချဲ့ထွင်ခြင်းလည်း ရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ပညာရှင် တချို့၏ သုတေသန ပြုချက်များအရ သိရှိရသည်။
“ကျနော်တို့ နိုင်ငံမှာ ဒီရေတောတွေရဲ့ ၅ ရာခိုင်နှုန်းကို နှစ်စဉ် ဖြုန်းတီးခဲ့ကြတယ်။ အဓိကကတော့ လယ်ယာ စိုက်ပစ်တယ်။ ငါးကန် ပုစွန်ကန်တွေ လုပ်တယ်။ ပြီးတော့ ဒေသခံတွေက သူတို့ ၀မ်းစာအတွက် ဒီရေတောတွေ ကို ခုတ်ပြီး မီးသွေးဖိုတွေ ဆီကို ပို့ပစ်ခဲ့ကြတယ်”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး စာတမ်း ပြုစုနေသူ သုတေသီတဦးက ပြောဆိုသည်။
ယခုအခါ မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ ဒီရေတော ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့များအနေနှင့် ဧရာဝတီတိုင်းအတွင်း ဒီရေတောများ ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း ဒီရေတော ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိ သောအဖွဲ့မှ ကျွမ်းကျင် လက်ထောက်တဦး၏ ပြောပြချက် အရ သိရှိရသည်။

No comments:
Post a Comment