Wednesday, May 5, 2010

NLD မှန်ကန်ကြောင်း သက်သေပြချက်--

သက်သေပြချက်
ခင်ငြိမ်းသစ်
Sunday, April 25, 2010

NLD ရဲ့ ဂုဏ်သိက္ခာရှိတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကိုချပြီးတဲ့နောက်မှာ အတွေးအခေါ် ၂ ခု ကွဲပြားသွားတာကို တွေ့ကြရပါတယ်။

ပထမတခုက NLD ရဲ့ ဆုံးဖြတ်ချက်က မှန်တယ်၊ ဂုဏ်သိက္ခာရှိတယ်။ နောက်တမျိုးကတော့ NLD ရဲ့ ဆုံးဖြတ်ချက်က မှားယွင်းနေ တယ်၊ စစ်အစိုးရလိုချင်တဲ့အကွက်ထဲကို ၀င်သွားတယ်၊ ဒီလို မြင်ကြတာကိုး။

ကျမရဲ့ အမြင်ကတော့ NLD က စစ်အစိုးရကို ထင်မထားတဲ့ဘက်က ထိုးစစ်ဆင်လိုက်တယ်လို့ပဲ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရအနေနဲ့ NLD ရဲ့ တပဲ့တပိုင်းလောက်ပဲ ရွေးကောက်ပွဲဝင်စေချင်တာကိုး။ ဒီလိုဝင်ပါမှ ကမ္ဘာကလည်းအသိအမှတ် ပြုမယ်၊ သူ တို့ မပါဝင်စေချင်တဲ့လူတွေလဲ မပါနိုင်တော့ဘူး၊ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားနိုင်မှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်က NLD ကို အပြီးသတ်ချေမှုန်းမယ်ဆိုရင် ချေမှုန်းနိုင်ပါတယ်၊ မတရားသင်းကြေညာတယ်ဆိုတာ ခက်မှမခက်ပဲလေ။ နောက်တချက်က ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထွက်ပေါက်ကျဉ်းကျဉ်းလေး ပေးခဲ့ပါတယ်၊ ဒါဆို ဘာကြောင့် NLD ကို အ ပြီးသတ်မရှင်းတာလဲ၊ အဖြေကရှင်းပါတယ်၊ NLD ရှိနေမှ စစ်အစိုးရဟာပါတီစုံစနစ်နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေ တယ်လို့
ပြည်တွင်းရော၊ ပြည်ပကပါလက်ခံမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ NLD ကိုတော့ အပြည့်အ၀ရှင်သန်ခွင့်မပေးပဲ၊ သင်းသတ်ခဲ့ပါတယ်။ NLD မှာ ရဲရင့်တဲ့လူတွေကို ထောင်သွင်းအကျဉ်းချထားခဲ့ ပါတယ်။ စစ်အစိုးရပြောသမျှလုပ်တတ်တဲ့ ဦးအောင်ရွှေနဲ့သူရဲ့အပေါင်းပါတွေကသာ နှစ်ပေါင်းများစွာ NLD ကိုဦးဆောင်ခဲ့တာပါ။ NLD ရဲ့ ဖြစ်ပျက်နေသမျှ ပြည်သူက ကြားသိနေခဲ့ပါတယ်၊ ဒါကြောင့် ပြည်သူတွေကလဲ၊ NLD ပါတီအပေါ်မှာ မေတ္တာမပျက်ခဲ့ပါဘူး။

စစ်အစိုးရဟာ NLD မှ မဟုတ်ပါဘူး တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကိုလဲ အပြီးအပြတ်ငြိမ်းချမ်းရေးမယူပါဘူး၊ ဒါမှသာ တိုင်း ရင်းသားလက်နက်ကိုင်တွေကို အကြောင်းပြုပြီး တပ်မတော်ကြီး လက်နက်အင်အား၊ လူအင်အားကြီးမားလာအောင် လုပ်ဆောင်နေရ တာပါ။ ပြည်သူတွေကတော့ စစ်အစိုးရဘာလဲ၊ ဘယ်လဲဆိုတာကို ရှင်းရှင်းလင်းလင်းသိပါတယ်။

စစ်အစိုးရဟာ မဆလလက်ထက်က အမှားတွေကို သင်ခန်းးစာယူပြီး ဘယ်အဖွဲ့အစည်းကိုမဆို ထိုးခွဲပြစ်လိုက်ပါတယ်။ အစိတ်စိတ် အမွှာမွှာ ကွဲသွားတဲ့ အဖွဲ့တွေဟာ ရှေ့တိုးတံပိုး၊ နောက်ဆုတ် လှည်းတုတ်ဆိုသလိုပဲ ဘယ်မှမရွေ့လျားနိုင်တော့လို့ အဖွဲ့တွေရဲ့ capacity ကျဆင်းသွားကြပါတယ်။

ဒီတကြိမ်မှာလဲ စစ်အစိုးရဟာ NLD ကို နှစ်ခြမ်းကွဲသွားအောင် ထိုးခွဲခဲ့ပေမဲ့ NLD က မကွဲတဲ့အခါမှာ န.အ.ဖ အတော်ကို မကျေမချမ်း ဖြစ်နေပါတယ်။ ဒီတော့ NLD ရဲ့ ဆုံးဖြတ်ချက် မှားယွင်းကြောင်းပြောဖို့ သူနဲ့ပတ်သက်သူတွေကို တိုက်တွန်းပါတယ်။

န.အ.ဖ နဲ့ညှီနှိုင်းထားသူတွေက န.အ.ဖ အလိုကျ မိုးဦးကျမှာအော်တဲ့ဖားတွေလို ဝရုန်းသုန်းကားထအော်ကြပါတယ်။ အင်တာနက်စာ မျက်နှာတွေပေါ်မှာ အော်နေကြတဲ့ဖားတွေဟာ န.အ.ဖ က သူတို့ကိုအားကိုးလာနိုး၊ အရေးပေးနိုးနဲ့ အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် အော် ကြတာပါ။

သူတို့ပြောခဲ့သလို NLD က မှားယွင်းခဲ့တာ မဟုတ်ဘူးဆိုတာကို သက်သေခိုင်ခိုင်မာမာပြချင်ပါတယ်။ ၂၀၀၇ ခုနှစ် အမျိုးသားညီလာခံ ကြီးပြီးခါနီးမှာ ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီလာခံကြီးပြီးဆုံးလျှင် လမ်းပြမြေပုံအရ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမယ်လို့ တရားဝင်ကြေညာပါတယ်။ အဲဒီအချိန်မှာ အပြင် မှာရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြည်သူ့လိုလားချက်မပါတဲ့ အခြေခံဥပဒေကို ကန့်ကွက်သွားဖို့အဆင့်သင့် စောင့်နေပါတယ်။ အဲဒီအချိန်မှာပဲ လောင်စာဆီတွေကို ဈေးနှုန်းမြှင့်တင်လိုက်ပါတယ်၊ တပြိုင်နက်ထဲမှာပဲ လောင်စာဆီတွေ ကို ပုဂ္ဂလိ ကရောင်းချခွင့်ပြုမယ်ဆိုတဲ့ အသံတွေလဲထွက်လာပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေက ပြည်သူတွေရဲ့ အခက်အခဲကို ဝင်ရောက်ကူညီဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပါတယ်။ ၂၀၀၇ စက်တင်ဘာ ၃ ရက်နေ့မှာ အမျိုးသားညီလာခံကြီးကို အဆုံးသတ် လိုက်ပါတယ်၊ တဆက်တည်းမှာပဲ ရွှေဝါရောင် သံဃာ့အရေးတော်ပုံကြီးကို ရက်ရက်စက်စက်ဖြိုခွင်းပြီး ဦးဆောင်သံဃာတွေကို ဖမ်း
ဆီးထောင်ချခဲ့ပါတယ်။

NLD ဘက်မှာရော ကျောင်းသားတွေဘက်မှာပါ ဦးဆောင်ဆန့်ကျင်နိုင်မဲ့လူမရှိတော့တဲ့ ၂၀၀၈ ခု မေလ ၁၀ ရက်နေ့မှာ ဆန္ဒခံယူပွဲ ကျင်းပ မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ တကယ်တော့ ကျောင်းသား ပြည်သူတွေလိုချင်ခဲ့တာက ဆန္ဒခံယူပွဲမဟုတ်ပါဘူး၊ တွေ့ဆုံဆွေး နွေးအ ဖြေရှာရေးပါ။

၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲဟာ အကြီးအကျယ်ဆုံး မျက်လှည့်ပြပွဲကြီးပါ။ နိုင်ငံတကာကိုသတင်းပေါက်ကြားဖို့လွယ်တဲ့ မြို့ကြီးတွေမှာ အ တင်းအဓမ္မနည်းနဲ့ ထောက်ခံမဲရဖို့မကြိုးစားခဲ့ပါဘူး၊ နားလှည့်ပါးရိုက်တဲ့နည်းကိုပဲ သုံးပါတယ်။ ဆန္ဒမဲတွေရေတွက်ရာမှာ မျက်မြင်သက် သေမရှိပါဘူး၊ အထင်ကရကတော့ ကျမတို့ သုဝဏ္ဏက မဲရုံမှာပါ။ အားလုံးနီးပါး ကန့်ကွက်မဲတွေထည့်ခဲ့ပေမဲ့ မဲရေတွက်တဲ့နေရာ မှာ ၉၈. ၈၇% နှုန်းနဲ့ ထောက်ခံဆန္ဒပြုတယ်လို့ ရေးထားတော၊့ အဖြေလာကြည့်တဲ့ ပြည်သူတွေက ဟားတိုက်ကြပါတယ်။

အစိုးရဌာနတွေမှာတော့ ဝန်ထမ်းတွေကို ကြိုတင်မဲပေးခိုင်းပါတယ်။ ကြိုတင်မဲတွေကို ၀န်ထမ်းတွေက အရာရှိတွေထံအပ်ရပါတယ်။ အကယ်၍များ ကန့်ကွက်မဲပါခဲ့သည်ရှိသော် အရာရှိတွေအထောင်းခံရမှာပါ။ ဒါကြောင့် ကန့်ကွက်မဲတွေကို ထောက်ခံမဲနဲ့လဲလှယ်ခဲ့ရ တယ်လို့ အရာရှိတချို့က ပြောကြပါတယ်။ ဒါကြောင့်လဲ ဝန်းထမ်းအားလုံးက ကန့်ကွက်မဲမရှိ ထောက်ခံခဲ့ကြရပါတယ်။

သံရုံးတွေမှာလဲ ကြိုတင်မဲတွေ ထည့်ကြရပါတယ်။ ပြည်ပမှာရှိတဲ့ အင်အားစုတွေကြား ဒွိဟဖြစ်မှုတွေကြောင့် တချို့မြန်မာတွေ မဲမ ထည့်ကြပေမဲ့ တချို့ကတော့ကန့်ကွက်မဲထည့်ကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကိုရောက်လာတဲ့မဲတွေက အားလုံးထောက်ခံမဲကြီးပဲဖြစ် နေခဲ့တာပါ။

ရပ်ကွက်တွေထဲမှာ ၂၀၀၇ နိုဝင်ဘာလောက်ကနေ ယာယီသန်းခေါင်စာရင်းကို ထုတ်ပေးပါတယ်။ တအိမ်ကို ကျပ် ၅၀၀ ပေးရပါတယ်၊ မြန်မာပြည်မှာ အိုးပိုင်အိမ်ပိုင်နဲ့ အတည်တကျနေနိုင်သူနည်းပါတယ်။ တရပ်ကွက်ကနေတရပ်ကွက် ပြောင်းနေရတဲ့အိမ်ငှားတွေကများ ပါတယ်၊ ဒါကြောင့် တချို့လဲတရပ်ကွက်ကို ယာယီသန်းခေါင်းစာရင်း ၂ ခု ၃ ခု ရှိသူတွေရှိကြပါတယ်။ ဆန္ဒခံယူပွဲပြုလုပ်စဉ်မှာ လူမရှိ
ပေမဲ့ စာရင်းကရှိနေတယ်ဆိုရင် အဲဒီစာရင်းအတိုင်းရပ်ကွက်လူကြီးတွေက ထောက်ခံမဲထည့်လိုက်ပါတယ်။ ကြံခိုင်ဖွံ့ရေးနဲ့နီးစပ်သူတွေ ကိုလဲ ထောက်ခံမဲတခုထည့်လျှင် ကျပ် ၁၀၀၀ တောင်ပေးမယ်လို့ စည်းရုံးခဲ့ပါတယ်။

နယ်တွေမှာ ထောက်ခံမဲမထည့်လျှင် ရွာတွေကိုဖျက်ပြီး ပြောင်းရွေ့ခိုင်းမယ်ဆိုတာမျိုး၊ ကျောင်းတွေကို မီးရှို့ဖျက်ဆီးမယ်ဆိုတာမျိုး အပြင်မှာ အမျိုးမျိုးသောနည်းတွေနဲ့ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့ပါတယ်။ ပဲခူးတိုင်းအတွင်းက ကျေးရွာတခုမှာ ကျမရဲ့ အကိုဝမ်းကွဲက တိုက်နယ်ဆရာဝန်ပါ။ ဆရာဝန်ဆိုလို့ ကျမအကိုနဲ့ တခြားဆရာဝန် ၂ ဦးပဲရှိပြီး ပတ်ချာလည်ရွာတွေကို ကုသပေးရတာပါ။

သူတို့မသိလိုက်ပါပဲ ကျေးရွာလူကြီးတွေက ရွာသားတွေကိုလိုက်ပြီး ပြောခဲ့ပါတယ်။ အခု ဆန္ဒခံယူပွဲမှာ ထောက်ခံမဲမထည့်တဲ့ သူတွေ ကိုစာရင်းကောက်ထားပြီး နေထိုင်မကောင်းဖြစ်ခဲ့ရင်ဆရာဝန်တွေက ဆေးကုသခွင့်ပေးတော့မှာ မဟုတ်တဲ့အပြင် ဆေရုံကိုလဲပြောင်း ရွေ့ပစ်လိမ့်မယ်ဆိုပြီး လိုက်ပြောတယ်တဲ့။ တချို့ရိုးသားပြီး ကြောက်တတ်တဲ့ရွာသားတွေက ဘာမှပြန်မမေးပေမဲ့ နဲနဲ
လည်လည်ပတ် ပတ်ရှိတဲ့ လူတွေကလာမေးတော့မှ ဆရာဝန်တွေက သိခဲ့ရတာပါ။ ဒါပေမဲ့ ဒီကိစ္စကို သူတို့လဲမဖြေရှင်းလိုက်ကြရပါဘူး၊ မကျေမနပ်နဲ့ တော့ ငြီးတွားခဲ့ပါတယ်တဲ့။

နာဂစ်ဒဏ်ခံခဲ့ရတဲ့ ရွာတွေမှာလဲ ထောက်ခံမဲအပြည့်ရပါတယ် သေဆုံးသွားတဲ့ သိန်းနဲ့ချီတဲ့လူတွေဟာ ထောက်ခံမဲတွေ ဖြစ်သွားခဲ့ပါ တယ်တဲ့။ ဧရာဝတီတိုင်းက ကျမမိတ်ဆွေတယောက် ပြောပြတာကတော့ သူတို့ရွာတွေမှာထောက်ခံမဲမထည့်ဘူးဆိုရင် အိမ်တွေလဲမီး ရှို့မယ်၊ အခုရနေတဲ့ နိုင်ငံတကာအကူအညီတွေကို လုံးဝမပေးတော့ဘူး၊ တရွာလုံးထောက်ခံမဲပေးခဲ့တယ်ဆိုရင် အဲဒီရွာတွေမှာ နိုင်ငံ
တကာရဲ့အကူအညီကို အပြည့်အဝပေးမယ်တဲ့၊ အဲဒီအချိန်က ဧရာဝတီဘက်ကရွာတွေခမျာ လူမသေရင်တောင်စားစရာမရှိ ဘ၀တွေ မို့ မျက်စိမှိတ်ပြီးထောက်ခံခဲ့ကြရတယ်တဲ့။

ရပ်ကွက်တွေထဲမှာတော့ သိပ်နားမလည်တဲ့လူတချို့ကို ဟောဒီနေရာမှာ အမှန်ခြစ်ဆိုပြီး ထောက်ခံမဲရအောင်လုပ်ခဲ့ပါတယ်။ အသက် ကြီးတဲ့လူတွေကိုလဲ မဲရုံမှာမဲလာမထည့်နဲ့တော့ ကျနော်တို့ ကြိုတင်မဲလာယူမယ်ဆိုပြီး ကြိုတင်လာယူပါတယ်၊ အဲဒီကြိုတင်မဲတွေဟာ ထောက်ခံမဲတွေပဲ ဖြစ်သွားပါတယ်။

အဲဒီလိုနည်းမျိုးနဲ့ အတည်ပြုခဲ့တဲ့ အခြေခံဥပဒေဟာ ဘယ်နည်းနဲ့မှပြည်သူ့ဆန္ဒ အစစ်အမှန်မဖြစ်နိုင်ပါဘူး၊ ၂၀၀၈ ရဲ့အခြေခံဥပဒေကို ကောင်းပါတယ်၊ ထောက်ခံပါတယ်ဆိုတဲ့ လူတွေဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့လူတွေပါပဲ၊ ပြည်သူ့အကျိုးစီးပွါးကို ဆန့်ကျင်တဲ့သူ တွေပဲဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းဖို့အတွက် ပြုလုပ်တာပါ၊ ဒီလိုအခြေအနေကို ကျမတို့ လက်ခံနေဖို့ လိုလို့လား။ အဲဒီရွေးကောက်ပွဲကိုမပါဝင်တာ မှားလားမှန်လားဆိုတာ အငြင်းပွားဖို့မလိုအပ်တော့ပါဘူး NLD က ရွေးကောက်ပွဲဝင်ရင် ရော အနိုင်ရမှာလား၊ ကျမတော့မထင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ စစ်တပ်ကိုကြိုးကိုင်ခွင့်ရှိနေတဲ့ စစ်အာဏာရှင်ဟာ
ရွေးကောက်ပွဲ အဖြေကို သူတို့လိုချင်သလိုလုပ်မယ်ဆိုတာ သေချာနေလို့ပါပဲ။

လွတ်တော်အတွင်း ဝင်ရောက်ပြင်ဆင်ဖို့ဆိုတဲ့ကိစ္စဟာ ပြောတာလွယ်ပေမဲ့ လုပ်ဖို့မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲ? ၊ ၂၀၀၈ အခြေခံဥပ ဒေမှာ ဥပဒေတခုကို ပြင်ဆင်ဖို့အတွက် ၇၅ % ထောက်ခံရပါလိမ်မယ်။ စစ်တပ်က ၂၅ % ယူထားတဲ့အတွက် ကျန် ၇၅ % က တ ယောက်မကျန်ထောက်ခံရလိမ့်မယ်။ ကျမတို့လို သာမန် လူပြိန်းတွေးနဲ့တွေးကြည့်ရင်တောင် ဒါက မဖြစ်နိုင်ပါဘူး၊ စစ်တပ်မဟုတ်တဲ့ ၇၅ % ထဲမှာ
ကြံဖွံပါတီ၊ ခါတော်မှီဘောင်းဘီချွတ် တပ်မတော်သားများ၊ စစ်အာဏာရှင်နှင့် သဘောတူညီချက်ယူထားကြသောသူ များနှင့် ရှုတ်ရှက် ခတ်နေသော လွှတ်တော်မှာ ဘယ်ဥပဒေကို ဘယ်လိုပြင်ယူမယ်ဆိုတာ စဉ်းစားလို့မရနိုင်ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းတာမဟုတ်ပါဘူး၊ တကယ်ကိုနိုင်ငံရေးအကြပ်အတည်း တွေကို ဖြေရှင်းချင်ရင်တော့ တွေ့ဆုံဆွေးနွေးရေးတခုတည်းပဲ ရှိပါတယ်။ တခြားနည်းတွေက ဆေးမြီးတိုတွေနဲ့ပဲတူပါတယ်။ ဒါ ကြောင့် တွေ့ဆုံဆွေးနွေးခြင်းမှအပ ကျန်တဲ့အရာတွေကို လက်မခံနိုင်ပါဘူးဆိုတဲ့ ရပ်တည်ချက်ဟာ NLD ရဲ့သမိုင်းဝင် ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။

ကျမကိုပြောပြခဲ့တဲ့ အသက်၂၂ နှစ်အရွယ်လူငယ်တဦးကတော့ “NLD ရဲ့ဆုံးဖြတ်ချက်ကသိတ်မှန်တယ်၊ သေချာပြင်ဆင်ထားတဲ့ လူ သတ်ကွင်းထဲကို မဆင်းတော့တဲ့အတွက် ပြည်သူတွေကလဲဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတယ်တဲ့။”

ခင်ငြိမ်းသစ်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်