Eleven Media Group မှတင်ပြသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့။ မြန်မာ့သမိုင်း၏ အရေးပါသော နေ့များထဲမှ နေ့ရက်တစ်ခုဖြစ်သည်။
ထိုနေ့ကို ပြည်ထောင်စုကြီးထဲမှ ပြည်ထောင်စုလေးတစ်ခု ပေါက်ဖွားလာစေမည့် နေ့ရက်၊ လူငယ်များ၏ အမျိုးသားရေး စိတ်ဓာတ်ကို အရှိန်မြင့် ဖော်ကျူးပြမည့်နေ့ရက်၊ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် လူငယ်ခေါင်း ဆောင်များကို မွေးထုတ်ပေးမည့် အသိုက်အ၀န်း တစ်ခု၏ နေ့ရက် အစရှိသဖြင့်တင်စား ပြောဆိုကြပေလိမ့်မည်။
နိုင်ငံအတွက်ဖြစ်စေ၊ လူမျိုးအတွက်ဖြစ်စေ အရေးကြီးဆုံးအချက်သည် ပညာရေးဖြစ်သည်။ ပညာရေးကသာ အရာရာကို တိုးတက် အောင် လုပ်ဆောင်နိုင်သည်။ အရာရာကို ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နိုင်သည်။ ပညာရေးအားကောင်းမှ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အားကောင်းနိုင်မည် ဖြစ်သည်။
ပညာရေးဟု ဆိုလိုက်သည်နှင့် ရန်ကုန်တက္ကသိုလ်ကို သတိရကြသည်။ ပညာရေးကြောင့် အရာအားလုံး တိုးတက်ခဲ့သည်ကို ရန်ကုန် တက္ကသိုလ်က သက်သေပြခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို မြန်မာနိုင်ငံ၏ ထိပ်ဆုံးပညာရေး ဟူ၍ပင် မြန်မာ့စွယ်စုံကျမ်း စာမျက်နှာထက်၌ ဖော်ပြထားခဲ့သည်။
သူ့ကျွန်ဘ၀ကျရောက်စဉ် ကိုလိုနီခေတ် မြန်မာနိုင်ငံ၏ပညာရေးက အားရဖွယ်မရှိခဲ့ပေ။ မြန်မာတို့၏ပညာရေးမှာ ချိုးနှိမ်ခံထားရ သည်။ ဗြိတိသျှ အုပ်ချုပ်ရေးယန္တရား လည်ပုံနိုင်ရုံမျှ ပညာရေးစနစ်ကိုသာ ထားရှိခဲ့သည်။
ကိုလိုနီကောလိပ် ပညာရေးက ၁၈၇၈ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ ပေါ်ပေါက်ခဲ့သော်လည်း ကောလိပ်ပညာရေးကို သင် ကြား နိုင်သူ ရှားပါးခဲ့သည်။ ပညာမလိုလား၍ မဟုတ်ပေ။ ပညာသင်စရိတ် ကြီးမြင့်မှု ကြောင့်ဖြစ်သည်။ ၁၈၉၁ ခုနှစ်အချိန် က ကောလိပ် ပညာရေး သင်ကြားသူ ဦးရေမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၄၄ ဦးသာရှိခဲ့သည်။ ၁၉၁၂ ခုနှစ် တွင် ၃၀၀ ဦးမျှရှိလာခဲ့သည်။ သာမန် လက်လုပ်လက်စား ဘ၀များနှင့်တောင် သူသားသမီးများက ကောလိပ်ပညာရေးနှင့် အလှမ်းကွာနေဆဲ ဖြစ်ခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားနှင့် နီးစပ်သူများကသာ တက်ရောက်နိုင်ခဲ့ကြသည်။ ၁၉၁၄ ခုနှစ်အချိန်အထိ သိပ္ပံဘွဲ့ရသူ တစ်ဦးမျှ မရှိ ခဲ့ပေ။ သို့သော် အထက်တန်းပညာ သင်ယူသူ အရေအတွက်မှာမူ တိုးတက်လာခဲ့ပါသည်။
ကောလိပ်ပညာရေးနှင့်အတူ ပေါ်ပေါက်လာသည်မှာ ရန်ကုန်ကောလိပ်ဖြစ်သည်။ ရန်ကုန်ကောလိပ်သည် အိန္ဒိယနိုင်ငံ ကာလက္ကတ္တား တက္ကသိုလ်၏ လက်အောက်ခံ ဖြစ်သည်။ ဗြိတိသျှအစိုးရက ကိုလိုနီဒေသများ၏ ပညာ ရေးအတွက် ဖွဲ့စည်းထားသော ပညာရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
၁၉၀၄ ခုနှစ်အချိန်၌ ရန်ကုန် ကောလိပ်ကို အစိုးရကောလိပ်ဟု ခေါ် ဆိုခဲ့သည်။ ယူနီဗာစီတီကောလိပ်ဟုလည်း ခေါ်ဆိုသည်။ အချိန်ကြာလာသည်နှင့်အမျှ ကောလိပ်ပညာရေး စနစ်က မြန်မာလူငယ်များ အကြား စိမ့် ၀င်လာခဲ့သည်။ ကောလိပ်ပညာရေးမှ တစ်ဆင့် အနောက်တိုင်း အယူအဆအရ သင်ကြားပို့ချသော တက္ကသိုလ်ပညာရေးကို စတင်ထိတွေ့ခွင့်ရခဲ့သည်။ မြန်မာနိုင်ငံအတွက် သီးခြား တက္ကသိုလ်မှာမူ ပေါ်ထွက်လာခဲ့ခြင်း မရှိသေးပေ။
အခြားတစ်ဖက်တွင်လည်း မြန်မာတို့၏ အသိအမြင် တိုးတက်လာမှုက ကောလိပ်ပညာရေးကို ပြောင်းလဲမှုရှိစေရန် အကြောင်းဖန်လာ ခဲ့သည်။ မြန်မာနိုင်ငံအတွက် သီးခြားတက္ကသိုလ် ထူထောင်ပေးရန် ဗြိတိသျှအစိုးရကို တောင်းဆိုလာကြသည်။ မြန်မာတို့၏ တောင်းဆိုမှု ကို လိုက်လျောရန် ဗြိတိသျှ အစိုးရက စိုးရွံ့မှုရှိနေခဲ့သည်။ ပညာသင်ကြားခြင်းမှ တစ်ဆင့်ရရှိသော အသိဥာဏ်ဖွံ့ဖြိုးမှုကို ရောက်ရှိမည့် ကိစ္စရပ်ကိုစိုးရွံ့နေခြင်းဖြစ်သည်။ အသိ ဥာဏ်ဖွံ့ဖြိုးမှုက ဗြိတိသျှတို့၏ ချုပ်ကိုင်မှုကို ရိုက်ချိုးနိုင်ရန်အဓိက လက်နက်ဖြစ်နေခဲ့သည်။
သီးခြားတက္ကသိုလ် ထူထောင်ပေးရေးကိစ္စရပ်ကို ၁၈၉၂ခုနှစ် အချိန်ကတည်းက မြန်မာတို့က တောင်းဆိုခဲ့သည်။ ၁၉၁၆ ခုနှစ်အချိန်အထိ ဗြိတိသျှ အစိုးရကလိုက်လျောမှု မပြုခဲ့ပေ။ တောင်းဆိုမှုများက ပို၍ အရှိန်မြင့်လာ ခဲ့သည်။ တောင်းဆိုချက်များ ပြင်းထန်လာချိန်တွင် ဘုရင်ခံ ဆာဟာကုတ် ဘတ္တလာနှင့် သူ၏နေရာကိုဆက်ခံခဲ့သော ဆာရယ်ဂျီနယ် ကရက်ဒေါက် တို့က စဉ်းစားလာရသည်။ စဉ်းစားမှု နှင့်အတူ တက္ကသိုလ်တစ်ရပ်ထူထောင် နိုင်ရန် ဥပဒေကြမ်းရေးဆွဲရန် ပြင်ဆင်ခဲ့ကြသည်။ သုံးနှစ်တာခန့် ကြာမြင့်ခဲ့ သည်။ ၁၉၂၀ပြည့်နှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် က ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။
ထိုသို့ အတည်ပြုလိုက်သည့် အတွက် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တက္ကသိုလ်ကောလိပ် နှင့်ဂျပ်ဆင်ကောလိပ်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသော ရန်ကုန်တက္ကသိုလ်ဟူ၍ စတင်ဖြစ်ပေါ်လာခဲ့သည်။
ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးအဓိပတိမှာ မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ဟင်နရီကရက်ဒေါက် ဖြစ်သည်။ တက္ကသိုလ် ကျောင်း အုပ်ကြီးမှာ ဓာတုဗေဒပါမောက္ခ မစ္စတာမက်သရူးဟန်တား ဖြစ်သည်။ ပထဆုံးမော်ကွန်း ထိန်းမှာ မစ္စတာ စီဒဗလျူအိန်လေး ဖြစ်ပါသည်။
တက္ကသိုလ်များ အဆောက်အဦ ဆောက်လုပ်ရန်အတွက် ရွှေတိဂုံဘုရားလူကြီး ဦးဘကျော်ပိုင်မရမ်းခြံ (ယခု ကမာရွတ်တက္ကသိုလ်နယ် မြေ) ကို ၀ယ်ယူပြီး တည်ဆောက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို အောက်စဖိုဒ့်နှင့် ကိန်းဘရစ်တက္ကသိုလ်များ၏ စနစ်အတိုင်း ဖွဲ့စည်း ခဲ့သည်။
သို့ဖြင့် ရန်ကုန်တက္ကသိုလ် ပေါ်လာခဲ့သည်။ ထိုသို့ ပေါ်ပေါက်လာခဲ့သော်လည်း ၀မ်းသာစရာမဖြစ်ခဲ့ပေ။ ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရသည်။ တက္ကသိုလ်အက်ဥပဒေပါ အချက်များကြောင့် ဖြစ်သည်။ တက္ကသိုလ်အက်ဥပဒေအရ ဆရာနှင့်တပည့် အတူနေထိုင်ကာ ပညာသင်ယူရသော စနစ်ဖြစ်သည်။ ထိုသို့ သင်ယူရာ၌ တက္ကသိုလ်တွင် နေထိုင်ကာ ပညာသင်ကြားခြင်းသည် စရိတ်ကြီးမြင့်ခြင်း၊ တက္ကသိုလ်ဝင်စ ကျောင်းသားများအနေဖြင့် အကြိုတစ်နှစ် သင်ကြားရမည်ဖြစ်ခြင်း၊ တက္ကသိုလ်ကောင်စီနှင့် ပါမောက္ခအဖွဲ့တို့တွင် ပြင်ပလူကြီးများ အနည်းငယ်သာပါဝင်ခြင်း၊ အရစ်ကျစာစစ်ခြင်း စနစ်မရှိသည့်အပြင် ပြင်ပကျောင်းသားများအား ဖြေဆိုခွင့် မပြုခြင်း စသည့် အချက်များကြောင့် ရန်ကုန်တက္ကသိုလ် ဖြစ်လာစေမည့် တက္ကသိုလ်အက်ဥပဒေကို ကောလိပ်ကျောင်းသားများက ဦးဆောင် သပိတ်မှောက်ခဲ့ကြသည်။
ထိုသို့ သပိတ်မှောက်ခဲ့ခြင်းက မြန်မာတို့၏အမျိုးသားရေး စိတ်ဓာတ်ကို ဗြိတိသျှအစိုးရအား လူငယ်များမှ ဦးဆောင်ပြီးပြသလိုက်ခြင်း ဖြစ်သည်။ ပညာရေးစနစ် ကောင်းငတ်မွတ်နေသည့် မြန်မာများအတွက် ဗြိတိသျှအစိုးရက တက္ကသိုလ်တစ်ခုကို ထူထောင်ပေး လိုက်သည်။ သို့သော် လူတိုင်းအလွယ်တကူ တက်ရောက်နိုင်မှု မရှိစေရန်နှင့် လူတန်းစားခွဲခြားထားမှု ပြုလုပ်နိုင်ရန် ဥပဒေတွင် ပြဋ္ဌာန်းခဲ့ သည်။ ထိုအချက်ကို မြန်မာလူငယ်များက သိရှိခဲ့ပြီး သပိတ်မှောက်ခဲ့သည်။ ဥပဒေပါ အချက်အလက်များကို ပြင်ဆင်ပေးရန် တောင်းဆို ခဲ့သည်။
ဗြိတိသျှအစိုးရက ပြင်ဆင်ပေးရန် ငြင်းဆန်ခဲ့သည်။ ထို့အတွက်ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် နေ့တွင် ပထမဆုံးသော တက္ကသိုလ် ကျောင်းသားသပိတ် ပေါ်ထွက်လာခဲ့သည်။ ထိုနေ့သည် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ဖြစ်သည်။ ယင်းနေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ခဲ့သည်မှာ မျက်မှောက်ခေတ် အချိန်အထိ ဖြစ်သည်။
တက္ကသိုလ်ကျောင်းသား သပိတ်ကို ကျောင်းသား ၁၀ ဦးက ဦးဆောင်ခဲ့သည်။ ကိုဘဦး၊ ကိုဖိုးကွန်း၊ ကိုအေး၊ ကိုညီပိတ်၊ ကိုလှတင်၊ ကိုဘရှင်၊ ကိုဘ ခင်၊ ကိုဖေသိန်း၊ ကိုထွန်းနှင့်ကိုအောင် ဒင်တို့ ဖြစ်ကြသည်။ ထိုသပိတ်မှောက် ကျောင်းသားများက ကျောင်းများမှ ထွက် ခွာခဲ့ကာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြားတောရ ဦးအရိယကျောင်းသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သပိတ်မှောက်ကျောင်းသားများက ဦးဆောင်ပြီး တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးရန် အချက် ၁၆ ချက်ပါ တောင်း ဆိုချက်တစ်စောင်ကို ရန်ကုန်တက္ကသိုလ်၏ အဓိပတိနှင့် ဘုရင်ခံလည်းဖြစ်သည့် ဆာရယ်ဂျီနယ်ကရက်ဒေါက်ထံ တင်သွင်းခဲ့သည်။
ရန်ကုန်တက္ကသိုလ် ပြည်ထောင်စု ရပ်ဝန်းငယ်အတွင်းမှ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သူများစွာ ပေါ်ထွက်ခဲ့သည်။ နိုင်ငံနှင့်လူမျိုးအတွက် စွန့်စားလုပ်ဆောင်သူ များစွာလည်း ပေါ်ထွက် လာခဲ့သည်။ သမိုင်းစဉ်တစ်လျှောက် ဖြတ်သန်းခဲ့သူတိုင်းက ထိုအချက်ကို ငြင်းဆိုနိုင်ခဲ့ခြင်း မရှိပေ။ ရန်ကုန်တက္ကသိုလ်၏ သမိုင်းစာမျက်နှာများက ယနေ့ထိတိုင် အရောင်တောက်ပနေဆဲ . . .
သပိတ်မှောက် ကျောင်းသားများ တောင်းဆိုခဲ့သည့်အချက် ၁၆ ချက်က မြန်မာတို့၏ အမျိုးသားရေးစရိုက် လက္ခဏာကို အတိအလင်း ပြ ဆိုခဲ့သည်။ ပညာရေးအတွက် တောင်းဆိုမှုသာ မကဘဲ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားကိုပါ တပ်လှန့်လိုက်သည့် တောင်းဆိုချက်များပါဝင် ခဲ့သည်။ ဗြိတိသျှ အစိုးရကလည်းတောင်းဆိုချက်များကို လက်မခံဘဲပယ်ချခဲ့သည်။ သပိတ်တွင်ပါဝင်သော ကျောင်းသားများကို ကျောင်းမှ ထုတ်ပစ်မည်ဟုပင် ခြိမ်းခြောက်ခဲ့ သည်။ သပိတ်မှောက် ကျောင်းသားများနှင့်အတူ အခြားသော ကျောင်းသားများလည်း ၀င်ရောက်ပူးပေါင်းလာခဲ့သည်။ ပညာရေးတောင်းဆိုမှုများမှ တစ်ဆင့် မြန်မာလူထု၏ နိုင်ငံရေးနိုးကြားမှုအသွင်သို့ ကူးပြောင်းလာခဲ့ကြ သည်။ သပိတ်တိုက်ပွဲများကလည်း အရှိန်မြင့်လာခဲ့သည်။
သပိတ်တိုက်ပွဲ ကာလအတွင်း ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း ပြသသည့်အနေဖြင့် လည်းကောင်း၊ မြန်မာလူငယ်များ၏ ပညာ ရေးအခက်အခဲ တွေ့ကြုံမှုမရှိစေရန်အတွက်လည်းကောင်း အမျိုးသားကျောင်းများ ဖွင့်လှစ်လာကြသည်။ အမျိုးသား ပညာရေးကောင်စီ လည်း ပေါ်ပေါက်လာခဲ့သည်။ ၁၉၂၁ ခုနှစ်၌ အမျိုးသားကောလိပ်ကျောင်း ပေါ်ပေါက်လာခဲ့သည်။
သပိတ်ကျောင်းသားများ၏ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု၊ နိုင်ငံရေးပရိယာယ် မကြွယ်ဝမှုများကြောင့် ပထမကျောင်းသားသပိတ် ပျက်ပြယ်သွားခဲ့ရသည်။ ထိုသို့ ပျက်ပြယ်သွားသော်လည်း အကျိုးရလဒ်များထွက် ပေါ်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ဗြိတိသျှ အစိုးရက ပြဋ္ဌာန်းထားသော တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးလိုက်သည်။
ပြင်ဆင်လိုက်သော တက္ကသိုလ် အက်ဥပဒေသည် ပထမကျောင်းသား သပိတ်မှ တောင်းဆိုခဲ့သည့် အချက်များအားလုံးကို ဖြည့်ဆည်း ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ပြင်ဆင်လိုက်သော ဥပဒေ၌ တက္ကသိုလ်အသစ် ဖြစ်နိုင်မည် ဟု မျှော်လင့်ရသော ကောလိပ်များကို နယ်များတွင် ဖွင့်လှစ်ရန်၊ ရန်ကုန် တက္ကသိုလ်က မထောက်ပံ့သော ကောလိပ်များကို ဖက်စပ်ပါဝင်သော ကောလိပ်များဟု အသိအမှတ်ပြုရန်၊ တက္ကသိုလ်တွင် အကြီးဆုံးအာဏာပိုင်ဖြစ် စေရန်အလို့ငှာ ကောင်စီကို တိုးချဲ့ဖွဲ့ စည်းရန်နှင့် ပြင်ပလူကြီးများပိုမိုခန့်ထားရန်၊ ပါမောက္ခ အဖွဲ့သို့ ကောင်စီ က ရွေး၍ တင်လိုက်သော လူကြီးများသည် ပြင်ပလူကြီးများသာဖြစ်ရန် ဟူသောအချက်များ ပါဝင်ခဲ့သည်။
ပြင်ဆင်ပေးလိုက်သော တက္ကသိုလ်အက်ဥပဒေအရ မြန်မာလူငယ်များ ပညာသင်ရန် အခွင့်အရေးများ ပိုမိုရရှိလာသည်။ ပထမ ကျောင်း သား သပိတ်၏အရှိန်က မြန်မာတို့၏ နိုင်ငံရေးနိုးကြားစိတ်နှင့် အမျိုးသားရေးစိတ်ကို နှိုးဆွပေးနိုင်ခဲ့သည့် နည်းတူ ဒုတိယ ကျောင်းသား သပိတ် အပါအ၀င် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပေါ်ထွန်းလာမည့် ခေါင်းဆောင်များလည်း ရန်ကုန်တက္ကသိုလ်မှ တစ်ဆင့် မွေးထုတ် ပေးနိုင်ခဲ့သည်။
ဒုတိယ ကျောင်းသားသပိတ်က ၁၉၃၆ ခုနှစ်၌ဖြစ်ခဲ့သည်။ ထိုသပိတ်မှ တစ်ဆင့် အကျိုးရလဒ်အနေဖြင့် ဦးဖေမောင်တင်၊ ဒေါက်တာ လှဖူးနှင့် ဦးဘ တို့မှာ ပထမမြန်မာ ကျောင်းအုပ်ကြီးများ ဖြစ်လာခဲ့သည်။ ဒုတိယကျောင်း သပိတ်၌ ဂျပ်ဆင်ကောလိပ် ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့သည်။
ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်၌ ပေါ်ပေါက်ခဲ့သော ကျောင်းသားသပိတ် များသည် တက္ကသိုလ်အက်ဥပဒေနှင့် ပတ်သက်ပြီး ဖြစ်ပေါ် ခဲ့သော သပိတ်များဖြစ်ကြသည်။ သပိတ်အားလုံးသည် မြန်မာလူငယ်များ၏ အမျိုးသားရေး စိတ်ဓာတ်ကို ပြဆိုခဲ့ခြင်းသာဖြစ်သည်။
ထိုသို့ပြဆိုခဲ့ခြင်းက နောင်တစ်ချိန် မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းသူများ ဖြစ်လာမည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုကဲ့ သို့သော ပုဂ္ဂိုလ်များကို မွေးထုတ်ပေးနိုင်ခဲ့ကြသည်။ ထို့အပြင် ဦးသန့်၊ ဒေါက်တာ ဘမော်၊ ဦးသိန်းဖေမြင့်၊ ဦးရာဇာတ်၊ ဒေါက်တာ မောင်မောင်၊ ကာတွန်းဦးဘကလေး၊ မင်းသုဝဏ်၊ ဇော်ဂျီ အစရှိသည့် နိုင်ငံသမိုင်းတွင် တင်ကျန်ရစ် မည့်သူများစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။
ကောလိပ် ကျောင်းသားကြီးများ၏ အမျိုးသားရေး စိတ်ဓာတ်နှင့်အတူ ၁၉၂၀ ပြည့်နှစ်အချိန်၌ ရန်ကုန်တက္ကသိုလ်က ထိုးထွက်လာ ခဲ့သည်။ ၁၉၄၀ပြည့်နှစ်နှင့် ၁၉၅၀ပြည့်နှစ်ကြား ကာလများ၌ ရန်ကုန်တက္ကသိုလ်သည် အာရှထိပ်တန်းအဆင့် တက္ကသိုလ်ဖြစ်ခဲ့သည်။ အာရှနိုင်ငံများမှ ကျောင်းသားများလည်း လာရောက်ပညာသင်ယူ ခဲ့ရသည်။
အထူးသဖြင့် ရန်ကုန်တက္ကသိုလ်သည် ပြည်ထောင်စုကြီးအတွင်းမှ ပြည်ထောင်စုကလေး တစ်ခုအဖြစ် မှတ်တမ်းကျန်ရစ်နေခဲ့သည်။ တိုင်းရင်းသား ညီနောင်များဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ဖွဲ့ထားသည်။ ထို ကဲ့သို့ပင် ဖြစ်သည်။ အနယ်နယ်အရပ်ရပ် မှလာ ရောက်ကြသည့် တိုင်းရင်းသား လူငယ်များပေါင်းစုံရာ ရပ်ဝန်းတစ်ခုအဖြစ် ရန်ကုန်တက္ကသိုလ်က တည်ရှိခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် ပြည်ထောင်စု ရပ်ဝန်းငယ်အတွင်းမှ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သူ များစွာ ပေါ်ထွက်ခဲ့သည်။ နိုင်ငံနှင့် လူမျိုးအတွက် စွန့်စားလုပ်ဆောင်သူ များစွာလည်း ပေါ်ထွက်လာခဲ့သည်။ သမိုင်းစဉ်တစ်လျှောက် ဖြတ်သန်းခဲ့သူတိုင်းက ထိုအ ချက်ကို ငြင်းဆိုနိုင်ခဲ့ခြင်း မရှိပေ။ ရန်ကုန်တက္ကသိုလ်၏ သမိုင်းစာမျက်နှာများက ယနေ့ထိတိုင် အရောင်တောက်ပနေဆဲ ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်နှစ် ၅၀ ပြည့် နှင့် ၇၅ နှစ်ပြည့် စိန်ရတုသဘင်ကို ခန်းနားစွာ ကျင်းပခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် ရန်ကုန် တက္ကသိုလ်ဖြစ်တည်ခဲ့မှု နှစ် ၉၀ ပြည့်ခဲ့ပြီဖြစ်ပါသည်။
ရဲဘော်သုံးကျိပ်ဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသား (၆)ဦး
၁။ သခင်အောင်ဆန်း (ဗိုလ်တေဇ)
၂။ သခင်ရှုမောင် (ဗိုလ်နေ၀င်း)
၃။ သခင်လှဖေ (ဗိုလ်လက်ျာ)
၎။ ကိုလှမောင် (ဗိုလ်ဇေယျ)
၅။ သခင်အောင်သန်း (ဗိုလ်စကြာ)
၆။ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)
ရန်ကုန်တက္ကသိုလ်သို့ လာရောက်လည်ပတ်ခဲဖူးသော နိုင်ငံ့ခေါင်းဆောင် အချို့
၁။ ကမ္ဘောဒီးယားနိုင်ငံ မင်သားကြီး သီဟာနု (၁၉၅၇ခုနှစ်)
၂။ ယူဂိုစလားဗီးယားနိုင်ငံ သမ္မတ မာရှယ်တီတိုး (၁၉၅၅ခုနှစ်)
၃။ ဆိုဗီယက်ပြည်ထောင်စု ၀န်ကြီးချုပ်ဘူလ်ဂါနင်နှင့် ဆိုဗီယက် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ခရူးရှော့ဗ် (၁၉၅၅ခုနှစ်)
၎။ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပီဘူလ်စွန်ဂရမ် (၁၉၅၅ ခုနှစ်)
၅။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် အမြဲတမ်းအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ မဒမ်ဆွမ်ချင်လင်း (၁၉၅၆ခုနှစ်)
၆။ အီသီယိုးပီးယားနိုင်ငံ ဘုရင်မင်းမြတ် ဟေလီဆက်လက်တီ (၁၉၅၆ ခုနှစ်)
၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ချူအင်လိုင်း (၁၉၅၆ ခုနှစ်)
၈။ ဆိုဗီယက်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး မာရှယ်ဇူးကော့ဗ်
၉။ ဗီယက်နမ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကြီး ဟိုချီမင်း (၁၉၅၇ ခုနှစ်နှင့် ၁၉၅၈ ခုနှစ်)
၁၀။ အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂူးရီယန်း (၁၉၆၁ ခုနှစ်)
ကိုးကား- (၁) ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ပြည့် စာစောင်(၁၉၇၀ပြည့်နှစ်)၊ (၂) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၁) (၃) နှစ်ငါးဆယ်တက္ကသိုလ်-မြန်မာ့အသံကျော်ဦး (၁၉၇၀ပြည့်နှစ်) (၄) တက္ကသိုလ် များသမိုင်း (၁၉၇၀ ပြည့်နှစ်)
- နေထွန်းနိုင်
Eleven Media Group
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦကို တည်ဆောက်ပြီးစအချိန်၌ တွေ့ရစဉ်
ရန်ကုန်တက္ကသိုလ်အား စတင်တည်ဆောက်ပြီး နောက်အချိန်၌ တွေ့ရစဉ်
ရန်ကုန်၏ အမြင့်ဆုံးမျှော်စင် တစ်ခုဖြစ်ခဲ့ဖူးပြီး မြေပြင်မှမျှော်စင်အထိ လှေကားထစ်ပေါင်း ၁၈၀ ရှိသော ဂျပ်ဆင်ဘုရားကျောင်း
ရန်ကုန်တက္ကသိုလ်၏ သင်္ကေတတစ်ခုဖြစ်သော သစ်ပုတ်ပင်

No comments:
Post a Comment