Tuesday, November 25, 2008

“ အ ရှက် ဖြေ လင်္ကာ ”

ခြောက်တီးခြောက်ချက် စားကျက်မြေဟာ
ဖုန်းဆိုးငွေ့တသင်းသင်းနဲ့
သွေးညှီနံ့တွေမရှင်းသေးဘူးအမေ…
ကျွန်တော့်သူငယ်ချင်းတွေလည်းလေ…

နံရံနောက်မှာ ခွေလို့ ခေါက်လို့
ကျွန်တော့်သူငယ်ချင်းတွေလေ…
မ၀ရေစာ ညစာကြမ်းကြမ်းတွေနဲ့
ကျွန်တော့်သူငယ်ချင်းတွေ
ကျွန်တော်တို့ကိုလွမ်းနေတော့မှာပဲအမေ
အမေကကျွန်တော့ကိုလွမ်းသလို
သူတို့လည်းကျွန်တော့်ကို လွမ်းနေကြတော့မှာပဲအမေ

ကျွန်တော်တို့ကိုယုံကြည်တာလေးတခုနဲ့
သူတို့ဘ၀ကို စိတ်ချလက်ချအပ်ထားခဲ့တဲ့သူတွေ
အိပ်ကပ်အစုတ်ထဲက အိပ်မက်အရုပ်လေးကို
တယုတယ ထုတ်ထုတ်ကြည့်လို့
အလွမ်းပေါ်အလွမ်းဆင့် အလွမ်းနင့်နေကြမှာပဲအမေ

သံခြေချင်းတန်းလန်းကြီးနဲ့တောင်
နိုင်ငံကြီးကောင်းစားတာမြင်ချင်သေးသတဲ့
လူပီသလိုက်ကြပုံများ တပြားသားမှစိတ်ကိုမလျော့ဘူးအမေ

သူငယ်ချင်းတွေလေ ကျွန်တော့်သူငယ်ချင်းတွေပေါ့
ဒီကောင်တွေကို ဒီထောင်တွေထဲ
ကျွန်တော်ဘယ်အချိန်ထိ နေခွင့်ပြုရဦးမလဲအမေ

နရသိန်တံခါးကို ရိုက်ချိုးမဖွင့်နိုင်သေးသရွေ့
လက်ဖ၀ါးတွေလည်း လူမြင်မခံဝံ့ဘူးလေ
စိတ်အနာ အစာမကြေသမျှ
(ခဏလေးဖြစ်ဖြစ်ပေါ့)
ကျွန်တော့်ပါးနှစ်ဖက်ကိုပဲကျွန်တော်
အားရပါးရ ပြန်ရိုက်လိုက်ပါရစေဦးအမေ
အရှက်လေးများပြေလိုပြေငြား…

မတရားအမိန့်များဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သူငယ်ချင်းများအတွက်ရေးဖွဲ့သည်။

မိုဃ်းသွေး
Generation Wave

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်