Thursday, April 10, 2008

စစ်ကျွန်သဘောက် ဒို့ မျိုးဆက်အရောက်မခံ

သတင်းကောင်းလေးပါခင်ဗျာ

Thursday, 10 April 2008
စစ်အာဏာရှင်ကို ဖီဆန်မဲ့ လူထုလှုပ်ရှားမှုတရပ် ဖော်ဆောင် ရန် ကြိုးပမ်းမည့် New Generation Movement for Justice အဖွဲ့ကို ပြည်တွင်းရှိ လူငယ်များက ယခုလ ၃ ရက်နေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။

ပြည်တွင်းရှိဖြိုခွင်းခံရသော စက်တင်ဘာ တော်လှန်ရေး အဖွဲ့ငယ်များကို အင်အားတဖန် ပြန်လည် စုစည်းပြီး လူထုလှုပ်ရှားမှု ဖော်ဆောင် ရန် အတွက် ကျောင်းသား၊ ကျောင်းဆရာ၊ အလုပ်သမား၊ လယ်သမား အလွှာ အသီးသီး ပါဝင်သည့် New Generation Movement for Justice အဖွဲ့  အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့တာပါ။

အဖွဲ့၏ ကနဦး လုပ်ဆောင်ချက်များအဖြစ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာပြည်လုံး ဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး စသည့် လူငယ်အဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ လူထုဆန္ဒခံယူပွဲတွင် ပြည်သူများအနေနှင့် ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများကို မြို့ရွာအနှံ့ လျှို့ဝှက် လုပ်ဆောင်နေသည်ဟု သိရပါတယ်။

နအဖ စစ်အစိုးရသည် ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုခြင်း မရှိသူများနှင့် ၁၄ နှစ်သက်တမ်းကြာ အ မျိုးသားညီလာခံမှ ရေးဆွဲလိုက်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) သည် စစ်အုပ်စု အာဏာ သက် ဆိုးရှည် ရေးအတွက် တရားဝင် ဖြစ်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်ဟု အတိုက်အခံ အင်အားစုများနှင့် အကဲ ခတ်များက ပြောဆို ဝေဖန် ခဲ့ကြပြီး အဆိုပါ မူကြမ်း အတည်မပြုနိုင်ရေး အတွက် ပြည်သူများအနေနှင့် မဲရုံများ သို့ သွားရောက်ကာ ကန့်ကွက်မဲပေးရေး လှုံ့ဆော်နေကြပါတယ်။

နအဖ စစ်အစိုးရကမူ မေလ ၁ဝ ရက် နေ့ ၂၀၀၈ တွင် ဥပဒေမူကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို ကျင်းပသွားမည်ဟု တရားဝင် ထုတ်ဖော် ကြေညာခဲ့ပြီးပါပြီ။
New Generation Movement for Justice အဖွဲ့  အစည်းမှ မနွယ်လေးဝေက တော့

"Justice (တရားမျှတမှု) လို့ သုံးရတဲ့ အကြောင်းကတော့ ကျမတို့ တိုင်းပြည်မှာ ဘယ်လို နည်းစနစ်ကြီးပဲ ဖြစ် ဖြစ်တရားမျှတမှု ရှိဖို့ပဲ လိုလားတယ်။ တရားမျှတမူအတွက် သေတဲ့အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ် ဆိုတာ ကို ပြောချင်တာပါ"
"ကျမတို့ ကျောင်းသားတွေ ကျောင်းတနှစ်အောက်မှာ သိပ်ကြောက်တယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ဈေးသည်တွေ တနေ့ ဈေးမထွက်ရမှာ ကြောက်တယ်။ အဲဒီအရာတွေ အောက်ကနေ လွတ်မြောက် လာဖို့အတွက် သတ္တိတွေ မွေးဖို့လိုပါတယ်။ တရက်တို့၊ တနှစ်တို့ နောက်ကျသွားတဲ့ အရာတွေကို ကြည့်နေ မယ်ဆိုရင် ကျမတို့တသက် ခံစားသွားရဖို့ ဖြစ်တယ်ဆိုတာ သတိပေးချင်ပါတယ်" ဟု မဇ္ဈိမသတင်းဌာန အား ပြောကြားပါတယ်။

New Generation Movement for Justice အဖွဲ့  အစည်းခင်ဗျာ။ ကိုယ့် သမိုင်းဆိုတာ ကိုယ်ရေးပါတယ်။ တရားမျှတမှုဟာ နောက်ဆုံးအောင်ပွဲခံရမှာ မြေကြီးလက်ခတ်မလွဲပါ။ အာဇာနည်များကို အာဇာနည်များမှ လက်ကမ်း ကြိုဆိုပါတယ်။
သတင်း။ ။ မဇ္ဈိမသတင်းဌာနမှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်