Wednesday, June 4, 2008

ထိုင်းအထိတောင် တိုက်တဲ့ မုန်တိုင်း။

လေဘေး ဒုက္ခသည် ၁ဝဝ ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ခိုလှုံရောက်ရှိနေ။

နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 16:20 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ် ခံရပြီးနောက် အိုးအိမ်စွန့်ခွာပြီး ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့သို့ ထွက်ခွာလာသူ စုစုပေါင်း ၁ဝဝ ကျော် ရှိသွားပြီဟု နယ်စပ်အခြေစိုက် လေဘေးဒုက္ခသည် အကူအညီပေးရေး အဖွဲ့က ပြောသည်။
နှစ်နိုင်ငံနယ်စပ်သို့ ဝင်ရောက်လာသော ဧရာဝတီတိုင်းမှ ဒုက္ခသည် ၁ဝဝ ခန့်သည် ဆိုင်ကလုန်းအပြီး လေဘေး ဒုက္ခသည်များအတွက် ထိုင်း-မြန်မာ နယ်စပ်တွင် ဖွဲ့စည်းခဲ့သော အရေးပေါ် ကူညီရေးအဖွဲ့ (မြန်မာနိုင်ငံ) Emergency Assistance Team – Burma (EATB) သို့ လာရောက်ကာ အကူအညီများ ရယူနေသည်။

“ဒီနေ့မနက်ပဲ ၇ ယောက်၊ ၈ ယောက် ရောက်တယ်။ လောလောဆယ် တလစာ ရိက္ခာနဲ့ အကူအညီ တယောက် တထောင်နှုန်း ပေးထားတာ ရှိတယ်” ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆရာမန်းမန်းက မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ်သို့ ဝင်ရောက်လာသော ဒုက္ခသည်များကို လိုအပ်သော အကူအညီပေးများ ဆက်လက် ထောက်ပံ့နိုင်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု EATB က ဆိုသည်။

“မေးကြည့်တာက တချို့က ကျွံလာကြတယ်။ ကလေးတွေလည်း ကျန်ခဲ့တယ်။ အကူအညီ ပေးနိုင်မယ်ဆိုရင် သူတို့ဒေသ၊ သူတို့ရွာပဲ ပြန်မယ်လို့ ပြောကြတာလည်း ရှိတယ်” ဟု ဆရာမန်းမန်းက ပြောသည်။

အမျိုးသား ကျန်းမာရေးနှင့် ပညာရေး ကော်မတီ၊ ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း၊ လူ့အခွင့် ရေး ပညာပေးအဖွဲ့ (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်းနှင့် အခြား ပရဟိတအဖွဲ့များ ပါဝင်သော အဆိုပါ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် EATB အဖွဲ့သည် မုန်တိုင်းဒဏ်ခံရသော ဒေသများမှ လူပေါင်း ၄ သောင်းကို အကူအညီပေးနေသော အဖွဲ့ဖြစ်သည်။

အဖွဲ့ကို နာဂစ်မုန်တိုင်း အပြီးတွင် အရေးပေါ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ ပြည်တွင်းရှိ ကွန်ယက်ပေါင်း ၄ဝ နီးပါးနှင့် ချိတ်ဆက်၍ အစွန်အဖျား ဒေသများရှိ အကူအညီမရောက်သော ဒေသများကို ဦးစားပေး ကူညီပေးနေသည်။

အမျိုးသား ကျန်းမာရေးနှင့် ပညာရေးကော်မတီ ဥက္ကဋ္ဌ နော်ဖောရယ် “ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအဖွဲ့တွေ ပါဝင် ဖွဲ့စည်းထားတာ ဖြစ်တယ်။ အဲဒီ Team ကနေတဆင့် နာဂစ်ကိစ္စကို နိုင်ငံတကာက အလှူငွေတွေကို တောင်းဆိုပြီးတော့ ရလာတဲ့ အလှူငွေတွေကို ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးပေါ့၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ကက်သလစ်၊ တခြား လူမှုရေး အဖွဲ့အစည်းတွေနဲ့ ရလာတဲ့ အလှူငွေတွေကို ခွဲဝေပြီးတော့ ပေးမယ်။ သူတို့က ဗမာပြည်မှာရှိတဲ့ နေရာတွေကို ကူညီပံ့ပိုးပေးမယ်” ဟု ပြောသည်။

စတင်ဖွဲ့စည်းစဉ်က လူပေါင်း ၄ သောင်းအတွက် အကူအညီပေးရန် ရည်ရွယ်ထားသော်လည်း လက်တွေ့တွင် လက်လှမ်းမှီသော လူဦးရေသည် ၁ သိန်း ၂ သောင်းမှ ၁ သိန်းခွဲအထိ ရှိနေသည်ဟု အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို အကူအညီပေးရေးအတွက် ဘတ်ငွေ ၁၈ သန်း လျာထားပြီး ယခုအချိန်အထိ ၁ဝ သန်းသုံးစွဲပြီး ပြီဟု သိရသည်။

အဖွဲ့သည် မုန်တိုင်းဒဏ်သင့် ဒေသတွင် အရေးပေါ် အခြေခံ လိုအပ်ချက် ထောက်ပံ့ရေးအပြင် လူမှုအဖွဲ့အစည်း ပြန်လည်ထူထောင်ရေး ရေရှည်လုပ်ငန်းများအထိ လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ဆရာမန်းမန်းကဆို သည်။

သူက “နည်းလမ်းကတော့ ဒီဘက်ကို ထွက်လာတာထက် ဟိုဘက်မှာ ရပ်တည်နိုင်တဲ့၊ အသက်ရှင်နိုင်တဲ့ ရပ် တည်ချက် တခုကို ထောက်ပံ့ပေးနိုင်မယ် ဆိုရင် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်” ဟု ပြောသည်။

မေလ (၂-၃) ရက်နေ့များတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့်ရန်ကုန် တိုင်းတွင် လူပေါင်း ၁ သိန်း ၃ သောင်းကျော် အသေအပျောက်ရှိခဲ့ပြီး ၂ သန်းခွဲ၏ အိုးအိမ်များ ထိခိုက်ပျက်စီး ကာ လေဘေးဒုက္ခသည် ဘဝကို ဆိုက်ရောက်ခဲ့ရသည်။

ယခုအခါ မုန်တိုင်းကျရောက်ပြီး တလကျော်သွားပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ်ခံရသော ဒေသများတွင် လူ ပေါင်း တသန်းကျော်သည် ယခုတိုင် အကူအညီ မရကြသေးဟု မုန်တိုင်းဒဏ်ခံ ဒေသတွင် အကူအညီ ပေးနေ သော ကုလသမဂ္ဂ အဖွဲ့များက ပြောဆိုကြသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်