Tuesday, November 4, 2008

ဆည်ဖောက်မဲ့ ပိုက်ဆံ စိန်ဖြစ်သွားခြင်း

ဆည်မြောင်းနှင့် ရေတံခါး ပရောဂျက်များ ရပ်ဆိုင်းထားဦးမည်
မဇ္ဈိမသတင်းဌာန။ အင်္ဂါနေ့၊ နိုဝင်ဘာလ 04 2008 18:31 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာနိုင်ငံ လယ်ယာနှင့် စိုက်ပျိုးရေး ၀န်ကြီးဌာန လက်အောက်ရှိ တည်ဆောက်ဆဲဖြစ်သော ဆည်မြောင်းနှင့် ရေတံခါး ပရောဂျက်လုပ်ငန်းများကို ၂၀၁၀ ခုနှစ်အထိ လက်ရှိအဆင့်၌ပင် ခေတ္တ ဆိုင်းငံ့ထားမည် ဖြစ်သည်။

ဆည်မြောင်းများ၊ ရေထိန်းတံခါးများ ဆောက်လုပ်ရေးအတွက် ရန်ပုံငွေ အကျပ်အတည်းကြောင့် ဆိုင်းငံ့ထားရခြင်းဖြစ်ပြီး လာမည့် ၂၀၁၀ ခုနှစ်တွင် အပြီးမသတ်နိုင်သည့် တည်ဆောက်ဆဲ ပရောဂျက်များကို တည်ဆောက်ဆဲ အဆင့်တွင်ပင် ခေတ္တဆိုင်းငံ့ထားမည်ဟု အဆိုပါ ၀န်ကြီးဌာနအဆိုအရ သိရခြင်း ဖြစ်သည်။

"ဟုတ်တယ်။ ရန်ပုံငွေက ပြတ်နေလို့ ခဏရပ်ထားရတာ။ သူတို့ ချပေးထားတာက ကုန်နေပြီဆိုတော့လေ" ဟု ဆည်မြောင်းဦးစီးဌာနမှ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ဆည်မြောင်းများ ဆောက်လုပ်ရန်အတွက် ငွေကြေးကို အစိုးရမှ ချမှတ်ပေးပြီး ယခုဘဏ္ဍာရေးနှစ်တွင် ချမှတ်ပေးထားသော ရံပုံငွေ ကုန်ပြီဖြစ်၍ နောက်ထပ် ရံပုံငွေ ချမှတ်ပေးမည့် အချိန်အထိ ဆောက်လုပ်ဆဲ လုပ်ငန်းများကို ခေတ္တရပ်နားထားမည် ဖြစ်သည်။

လက်ရှိတွင် ၂၀၁၄ အထိ လျာထားသော ရေတံခါးနှင့် ဆည်မြောင်းဆောက်လုပ်ရေး စီမံကိန်း ၃၃ ခုရှိနေပြီး လတ်တလော ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင် အပြီးသတ်ရန် လျာထားသော စီမံကိန်းများဖြစ်သည့် ရေထိန်းတံခါး၊ ရေလှောင်တမံနှင့် ရေလွှဲဆည် ၆ ခုကိုမူ ဦးစားပေး၍ အပြီးသတ်မည်ဟု သိရသည်။

၂၀၀၉ ခုနှစ်အတွင်း ပြီးရမည်များမှာ ကတောက်ကန ရေထိန်းတံခါး (ကျောက်တန်း၊ ရန်ကုန်တိုင်း)၊ နဂါးပေါက် ရေထိန်းတံခါး (ဝေါမြို့၊ ပဲခူးတိုင်း)၊ ကျီးချောင်း ရေလှောင်တမံ (ကျောက်တော်၊ ရခိုင်ပြည်နယ်)၊ လင်ပန်းရေလှောင်တမံ (ကန့်ဘလူ၊ စစ်ကိုင်းတိုင်း)နှင့် ယခုနှစ်အတွင်း၌ ရဲနွယ် ရေလွှဲဆည် (ကျောက်တံခါး၊ ပဲခူးတိုင်း)နှင့် မြို့ကြီး ရေလွှဲဆည် (ရွာငံ၊ ရှမ်းပြည်နယ်) တို့ကို အပြီးသတ်မည်ဖြစ်သည်။

"ကျနော်တို့မှာက ပြည်သူ့လုပ်ငန်း ကြိုတင်ချေးငွေ ဆိုတာရှိတော့ အဲဒါကို တင်ထားတော့ စီမံကိန်းက လုံးဝ ရပ်သွားမှာတော့ မဟုတ်ဘူးဗျ" ဟု အဆိုပါ ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောပြသည်။

သူ၏ အဆိုအရ တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်နေသော ရေအားလျှပ်စစ် စီမံကိန်းများမှာမူ ရပ်ဆိုင်းမှု မရှိကြောင်း သိရသည်။

ဆည်မြောင်းများ တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်ကို အစိုးရမှသာ ချပေးခြင်းဖြစ်သော်လည်း တူးမြောင်းများ ဆောက်လုပ်ခြင်းကိုမူ ကမ္ဘာ့လောင်စာဆီ တင်ပို့သူများအဖွဲ့ - OPEC က ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အကူအညီများပေးအပ်ရန် တည်ထောင်ထားသော ရံပုံငွေအဖွဲ့ - OFID မှ ရေရရှိရေးနှင့် မိလ္လာသိမ်းစနစ်အတွက် ရန်ပုံငွေမှ ရန်ပုံငွေ ရရှိခြင်းများ ရှိသည်။

၂၀၀၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ရေရရှိရေးနှင့် မိလ္လာသိမ်းစနစ်အတွက် ကူညီပေးခဲ့သည့် ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၂၈ သန်း ရှိသွားပြီ ဖြစ်ကြောင်း OFID အဖွဲ့၏ စာရင်းများက ဆိုသည်။

၁၉၈၈ နောက်ပိုင်းတွင် စစ်အစိုးရမှ ဆည်မြောင်းနှင့် ရေတံခါးများ ရာနှင့်ချီ၍ ဆောက်လုပ်ခဲ့ပြီး လက်ရှိတွင် ဆောက်လုပ်ပြီးစီးခဲ့သော ဆည်မြောင်း ရေတံခါးပေါင်း ၂၁၆ ခု ရှိပြီး ဆောက်လုပ်ဆဲမှာ ၃၃ ခု ရှိသည်။

(ရန်ကုန်မှ မဇ္ဈိမ သတင်းထောက် ပေးပို့သော သတင်းကို ဇာနည်မှ ဖြည့်စွက် ရေးသားထားသည်။)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်