Sunday, June 13, 2010

ငြင်းပယ်ခြင်း၏ အလှ ဆိုတာ တစ်ကယ်တော့ မင်းပါဘဲ...ဌေးကြွယ်



တစ်ကယ်လို့ များ ``ဌေးကြွယ် ဆိုတာ စစ်အစိုးရဆန့် ကျင်ရေး နဲ့ န.အ.ဖ. ဖြုတ်ချရေး
လုပ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဘဲ´´ လို့  အာဏာပိုင်တွေ ငါ့ကို လာပြောရင် NO
ဆိုပြီး ငါ ခေါင်းခါရလိမ့်မယ်။

တစ်ကယ်လို့ များ ``ဌေးကြွယ် ဆိုတာ လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီရေး အတွက်
တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးသမားတစ်ယောက်ဘဲ´´ လို့ အစိုးရ နဲ့ သဘောကွဲလွဲသူတွေ
ငါ့ကို လာပြောရင် NO ဆိုပြီး ငါ ခေါင်းခါရလိမ့်မယ်။
များသောအားဖြင့် လူတွေဟာ မျက်နှာတစ်ခုတည်း ရှိတတ်ကြပါတယ်။

တစ်ခုအတွက် ရှင်သန်ပြီး အဲဒီ တစ်ခုနဲ့ သာ ပြီးဆုံးတတ်ကြတယ်။
မင်းကို ငါ အံ့သြတယ် ဌေးကြွယ်။
၁၉၉၁ ခုနှစ် ကနေ ၂၀၀၅ ခုနှစ် အထိ ၁၄ နှစ်နီးပါး ထောင်ထဲမှာ မင်း နေခဲ့တယ်။
ငါ နဲ့ ပြန်တွေ့ တော့ မင်းဗိုက်က ချုပ်ရိုးဒဏ်ရာတွေပြပြီး ငါ ကံကောင်းလို့ မသေခဲ့တာ လို့ 

ပြုးထေ့ထေ့ ပြောပုံကို ငါ မမေ့နိုင်ပါဘူး။
စီးကရက် ကြိုက်တယ်၊ ဘီယာ ကြိုက်တယ်၊ ကာရာအိုကေ ကြိုက်တယ် ပြီးတော့
ညကြီးမိုးချုပ် ကတ္တရာလမ်းမပေါ် လမ်းလျှောက်တာ ကြိုက်တယ်…..မင်း ကြိုက်တာတွေ
များလှပါတယ်။ မင်းဟာ လူပီသလွန်း၊ လူဆန်လွန်း လှပါတယ်။

ဌေးကြွယ် ဆိုတာ သူဖြစ်ချင်တာ၊ သူလိုချင်တာကို ဘယ်တော့မှ ပြောတဲ့သူ မဟုတ်ဘူး။
ဌေးကြွယ် ဆိုတာ တစ်ခြားသူ ဘာခံစားနေရသလဲ၊ ဘာလိုအပ်နေတာလဲ၊ ဘာကြားချင်
နေတာလဲ၊ ဘာဖြစ်ချင်နေတာလဲ ဆိုတာပေါ် မူတည်တဲ့ လူမှုဆက်ဆံရေးကို ပြီးမြောက်သူ
တစ်ယောက်ပါ။

လူချစ်လူခင် အင်မတန် များပါတယ်။ အမြဲပြုံးနေတတ်ပြီး သူများရဲ့ အခက်အခဲနဲ့ 
ပြသ၁နာ ကို အတတ်နိုင်ဆုံး ရှင်းပေးလိုတာ သူ့ စရိုက်ပါ။
ကိုဗဟိန်း ကို သူ သဘောကျတယ်။

လစ်ဘရယ်ဒီမိုကရေစီကို အသက်တမျှ သူ ယုံကြည်တယ်။
ဖြစ်တည်မှု ၀ါဒ ကို သူ စိတ်ဝင်စားတယ်။
`ငါ့နောက်လိုက်ကြည့်တဲ့ ထောက်လှန်းရေးတော့ ရူးသွားမှာဘဲ´´ လို့ ငါ့ ကို မင်း
ပြောဘူးတယ်။ သေချာတာပေါ့။ လွစ်လမ်း အပေါ်ဘလောက် ပလက်ဖောင်းပေါ်မှာ
ညကြီးမိုးချုပ် ကဗျာတွေရွတ်၊ ရီဝေအော်ဟစ်ကြပေမယ့် မနက်မိုးလင်းတော့ ဆန္ဒပြပွဲ
လုပ်ဖို့ တိုင်ပင်ကြတဲ့ စကားဝိုင်းမှာ မင်းကို တက်တက်ကြွကြွ မြင်ရပြန်တယ်။

မင်းရဲ့ ၂၄ နာရီလုံးကို လူသိခံရဲတဲ့ စိတ်ဓာတ်ကို ငါ ဘယ်လို နားလည်ရမှာလဲ။
တစ်ချို့ နိုင်ငံရေးတက်ကြွသူတွေဆို ဟိုထိန်းဒီရှောင် နဲ့ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ
လုံခြုံဖို့ အသည်းအသန်ကြိုးစားနေချိန်မှာ မင်းကတော့ မှန်ကူကွက်သဖွယ် အရောင်စုံ
လှပါတယ်။ ရင်သတ်ရှုမောဖွယ်ပါဘဲ။

ငွေကြေးပြည့်စုံတဲ့ မိဘနှစ်ပါးက ပေါက်ဖွားလာပေမယ့် မာနမထားတတ်သလို
စိတ်မဆိုးတတ်ဘူး။ ဆင်းရဲ ချမ်းသာမရွေး၊ ပညာတတ် ပညာမဲ့မရွေး ဘာလာလာ
တည့်အောင်၊ ခင်အောင် ပေါင်းတတ်တဲ့ မင်း ဥာဏ်ကို လေးစားရပါတယ်။
လောကကြီးကို ဒေါင်လိုက် မကြည့်ဘဲ အလျားလိုက် ကြည့်သင့်တယ် ဆိုတဲ့

မင်းရဲ့ စကားတစ်ခွန်းဟာ တွေးစရာပါဘဲ။ ဓာရဏ ပရိတ် ကို ဌာန်ကရိုင်းကျကျ ကြာနီကန်
ဆရာတော်ကြီး မူဟန်အတိုင်း ရွတ်ဖတ်ပြတာတွေ မှတ်မိနေသေးတယ်။
မင်း ရင်ဘတ်ကြီးကို ဖွင့်ပစ်လိုက်စမ်းပါ ဌေးကြွယ်။

မင်း ၁၄ နှစ် နီးပါး ထောင်ထဲမှာ ရှိတုန်း မင်းအဖေ ဆုံးပါးသွားခဲ့တယ်။
၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်းအတွက် နောက်တစ်ကြိမ် ထောင်ထဲ
ရောက်နေချိန်မှာ မင်း အမေ ဆုံးသွားပြန်တယ်။
မင်း သတင်းကြားကြသူတွေအားလုံး ကြေကွဲခြင်းကြီးမားစွာနဲ့ ဆောက်တည်ရာ
မရ ဖြစ်ကြပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ဖြေမဆည် ဖြစ်ကြပါတယ်။

မင်း ဘယ်လိုနေမလဲ ငါ မမေးတော့ပါဘူးကွာ။
`` ....ငါ... နိုင်ငံရေးနဲ့ ပြီးလို့ မဖြစ်ဘူး ငါဟာ အဲဒီလိုလည်း မဟုတ်သေးဘူး ...´´ဆိုပြီး မင်း ကားပေါ်မှာ ငါ့ကို ညည်းဖူးတယ်။
ဒါပေမယ့် `` ဒါဟာ မတရားမှု နဲ့ တရားမှုရဲ့ တိုက်ပွဲတင် မဟုတ်တော့ဘဲ ဓမ္မ နဲ့ 
အဓမ္မ တိုက်ပွဲဘဲ´´လို့ မင်း လှုံ့ ဆော်သံကို ကြားရပြန်တော့လည်း ငါ့သွေးတွေ ဆူပွက်ရ
ပြန်တယ်။ လူထုတစ်ရပ်လုံး တက်ကြွ အံကြိတ်ရပြန်တယ်။
ဘာဘဲဖြစ်ဖြစ် အထဲမရောက်အောင်တော့ လုပ်ပါကွာ...မင်းကို အထဲရောက်နေတာ

ငါ မမြင်ချင်ဘူး လို့ ငါပြောတော့ ဟိုးအဝေးကို ငေးကြည့်ပြီး အေးပါကွာ လို့ မင်း တုန့် ပြန်ပုံကို
ငါ သဘောပေါက်လိုက်ပါတယ်။ သက်ပြင်းရှည်ကြီးလည်း ချ မိတယ်။
မကြာပါဘူး.....မင်းကို ငါတို့ နားက ဆွဲခေါ်သွားကြပြန်တယ်။

ဌေးကြွယ်.....

၁၂ ရက်၊ ဇွန်လ၊ ၂၀၁၀ ခုနှစ် မှာ မင်း ၄၂ နှစ်ပြည့်တယ်။
မင်း မွေးနေ့ မှာ မင်းလိုချင်တဲ့ ဆု ကို ငါ တောင်းမပေးနိုင်ဘူး။
``ဆု´´ ဆိုတာ တောင်းနေတာထက် ရအောင်လုပ်ယူ ရတယ် လို့ မင်း ပြောဖူးတယ်လေ။
ငြင်းပယ်ခြင်း၏ အလှ ဆိုတာ တစ်ကယ်တော့ မင်းပါဘဲ။Rest of your post

1 comment:

Aron said...

Ko Htay Kwe,

Wishing you all the best for your birthday. One day , all your hopes and wishes will come true . You have sacrafice part of your life to stand for what you belive in. Thank you so much for your courage.

Post a Comment

ယခင် သတင်းများ ဖတ်ရန်