Friday, June 11, 2010

ပြည်သူတွေဆီက သင်ယူရမှာပါ

လူထုစိန်ဝင်း
ဂျာနယ် တစ်စောင်ရဲ့ အယ်ဒီတာ တစ်ယောက်က သူတို့ဂျာနယ်မှာ နိုင်ငံရေးတို့၊ ဒီမိုကရေစီရေးတို့ ရွေးကောက်ပွဲတို့နဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ပညာပေးတဲ့ စာတွေကို အထူး ဆောင်းပါးများ အဖြစ် ထည့်သွင်း ဖော်ပြ နေတာကြောင့် ဆောင်းပါး ရေးပေးဖို့ တောင်းခံ လာပါတယ်။ ဒါလည်း ခုတလောမှာ ဖက်ရှင်ဖြစ်နေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရေး စကား ဒီမိုကရေစီ စကားဆိုတာ နှစ်ကိုယ်ကြား လေသံလေးနဲ့ တိုးတိုးပြောရတဲ့ အခြေအနေက နေခုလို ဂျာနယ် မဂ္ဂဇင်းတွေထဲမှာ လူသိရှင်ကြား ပြောဆို ရေးသား လာကြတယ် ဆိုတာ ကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်လို့ ဝမ်းသာရပါတယ်။

အပေးမတော်ရင် အဆိပ်ဖြစ်

စာဖတ်ပရိသတ် ပြည်သူလူထုကို နိုင်ငံရေးဗဟုသုတ၊ ရွေးကောက်ပွဲ ဗဟုသုတဖြန့်ဝေ ပေးတာ ကောင်းပေမယ့် ပေးပုံပေးနည်း မမှန်ကန်ရင် ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ဖြစ်စေနိုင်တာမို့ အထူး သတိထားဖို့တော့ လိုပါတယ်။ ခုတလော စာနယ်ဇင်းတွေများ ပညာပေးဆိုပြီး ဖော်ပြ နေတာတွေ တော်တော် များများက နိုင်ငံရေးကို ပြည်သူ တစ်ရပ်လုံး စိတ်ဝင်တစား ပါဝင် ဆောင်ရွက်ကြဖို့ ဆော်ကြတဲ့ သဘော မသက်ရောက်ဘဲ နိုင်ငံရေး ဆိုတာ စက်ဆုပ်ဖွယ်ရာ ကိစ္စပဲလို့ ထင်မြင် ယူဆ သွားစေနိုင်တဲ့ ဖော်ပြချက်တွေကို မြင်တွေ့နေရပါတယ်။ မြန်မာနိုင်ငံ နယ်ချဲ့ လက်အောက်က လွတ်မြောက် လာခဲ့တာ နှစ်ခြောက်ဆယ် ကျော်ခဲ့ပြီ ဖြစ်သလို နိုင်ငံရေး အစိုးများရဲ့ သြဇာရိပ်က ကင်းဝေး ခဲ့တာလည်း နှစ်ပေါင်း ငါးဆယ် နီးပါးတောင် ရှိပါပြီ။ ဒီခေတ်နဲ့ အဲဒီ ခေတ်တွေကြားမှာ ပြောင်းလဲ တိုးတက်မှုတွေဟာ နိုင်ငံရေး မျက်နှာစာမှာ သာမက စီးပွားရေး မျက်နှာစာ၊ လူမှုရေး မျက်နှာစာ၊ နည်းပညာမျက်နှာစာ၊ စစ်ရေး မဟာဗျူဟာ မျက်နှာစာတွေမှာပါ လိုက်မမီ နိုင်အောင်ကို ရှိနေပါတယ်။ ဘယ်မျက်နှာစာမှ ရှေးခေတ်နဲ့ နှိုင်းနှိုင်းပြီး ပြောလို့ မရတော့ပါဘူး။

အတိတ်ဆိုတာ ရှေးလူကြီးတွေ အတွက်

အဲဒီတော့ ဘာ့ကြောင့် ရှေးပဝေသဏီက အကြောင်းတွေကို ပြန်ပြီး ဖော်နေကြတာလဲ။ ခုချိန်မှာ ပြောသင့်တာက အနာဂတ် အကြောင်း မဟုတ်လား။ ကြည့်သင့် တာကလည်း အတိတ် မဟုတ်ပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ် ဖြစ်ပါတယ်။ နောက်ကိုချည်း အမြဲတမ်း ပြန်ပြန်ကြည့်နေရင် ဘယ်တော့မှ ရှေ့ကိုရောက်မှာ မဟုတ်တော့ပါဘူး။ အတိတ်ကို ပြန်တမ်းတတယ် ဆိုတာက ရှေးလူကြီးတွေရဲ့ အလုပ်ပါ။ လူကြီးတွေ အတွက်ပဲ ထားလိုက်ပါ။ ဒီခေတ်လူတွေနဲ့ ဒီခေတ် စာနယ်ဇင်းတွေ ကတော့ အနာဂတ်ကို မျှော်ပြီး ရှေ့ကိုသာ တိုးသထက် တိုးသွားနေရာမှာ ဖြစ်တယ်။ ဒီနေ့ ဂျာနယ်တချို့မှာ ဖော်ပြ နေကြတာတွေကို ကြည့်ပြီး လူငယ်တွေ အမြင်မှာ ရှေးခေတ် နိုင်ငံရေးသမားတွေ ဘယ်သူမှ မကောင်းဘူး ဆိုတဲ့အမြင်မျိုး ရောက်ရှိသွား နိုင်ပါတယ်။ ဒါဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ရဲဘော် သုံးကျိပ်ဝင်တွေနဲ့ လွတ်လပ်ရေး တိုက်ပွဲ အဆင့်ဆင့်မှာ အသက်စွန်းခဲ့ ကြရတဲ့ အာဇာနည် အပေါင်းကို စော်ကားရာ ရောက်သွားပါလိမ့်မယ်။ လူငယ်တွေ ခေါင်းထဲမှာ အဲဒီအမြင်မျိုးတွေ ရောက်မသွား စေသင့်ပါဘူး။

ဘယ်သူတွေက ပညာပေးမှာလဲ

နောက်တစ်ခု ပြောချင်တာက ဂျာနယ် မဂ္ဂဇင်းတွေမှာ ပြည်သူလူထုကို နိုင်ငံရေး၊ ဒီမိုကရေစီရေး ပညာပေးဆိုတဲ့ စာတွေကို ဘယ်သူတွေက ရေးကြမှာလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အရှင်မွေး နေ့ချင်းကြီး ဆိုသလို နတ်ရေကန်ထဲက တက်လာတဲ့ ခါတော်မီ ဒီမိုကရေစီ ဂုရုတွေနဲ့တော့ မဖြစ်ပါဘူး။ ပြည်သူလူထုကို ပညာ ပေးမယ့်သူတွေ ဆိုတာ သူများတကာရေးထားတဲ့ စာအုပ်တွေထဲက စာတွေကို ဟိုကနုတ်ယူ ဒီကနုတ်ယူပြီး ရေးတတ်ရုံနဲ့ မပြီးပါဘူး။ သူပညာပေးချင်တဲ့ စာဖတ် ပရိသတ်တွေထက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွေ့အကြုံတွေ ကြွယ်ဝဖို့ လိုသလို ပညာရေးအရလည်း ပညာပေးနိုင်တဲ့ အခြေခံ အရည်းအချင်ရှိဖို့ လိုပါတယ်။ သံရုံးတွေက လက်ပူ တိုက်ပေးတဲ့ သင်တန်းလေး တက်ဖူးရုံ၊ သံရုံးတွေ စင်တော် ကောက်ပြီး လွှတ်လိုက်လို့ သူတို့နိုင်ငံတွေမှာ ခဏတစ်ဖြုတ် သွားလေ့လာရုံနဲ့တော့ နိုင်ငံရေး သုခမိန် လုပ်လို့ မရနိုင်ပါဘူး။

ကွက်ကျော်မြင်တဲ့ လူမျိုး

နောက်ပြီးတော့ မြန်မာလူထုက ရေဂန်လို၊ ကောင်းဘွိုင် မင်းသားလို၊ အာနိုးလိုစတန့် မင်းသားကို သမ္မတရွေး၊ ဘုရင်ခံ ရွေးပေးတဲ့ အထိ နိုင်ငံရေး ဗဟုသုတ နုံချာတဲ့ လူမျိုးမဟုတ်ပါဘူး။ အဆမတန် အင်အားကြီးမားတဲ့ နယ်ချဲ့တွေနဲ့ ဖက်ဆစ်တွေကို သေနတ်ချင်း ယှဉ်ပစ်ပြီး တိုက်ခိုက်ခဲ့တဲ့ လူမျိုးပါ။ နယ်ချဲ့တွေ ဖက်ဆစ်တွေရဲ့ ဒိုမီနီယံ အုပ်ချုပ်ရေးတို့၊ အာရှတိုက် သာတူညီမျှ ကောင်းစားရေးတို့ဆိုတဲ့ လှိမ့်လုံး၊ ညာလုံးတွေကိုတောင် အမိမခံဘဲ သူတို့ထက် ကွက်ကျော် မြင်နိုင်ခဲ့တဲ့ လူမျိုး ဖြစ်ပါတယ်။ ဖက်ဆစ်တွေ သင်ပေးတဲ့ စစ်ပညာနဲ့ ဖက်ဆစ်တွေရဲ့ လက်နက်ကို ကိုင်စွဲပြီး ဖက်ဆစ်တွေကို တော်လှန် တိုက်ထုတ် အောင်ပွဲခံခဲ့တဲ့ လူမျိုးပါ။ ဒီလို လူမျိုးတွေကို အထင်မသေးပါနဲ့။ မစော်ကားပါနဲ့။ စီးပွားရေးကို လွတ်လွတ် လပ်လပ် လုပ်တဲ့ အတွေ့အကြံ နည်းပါး တာကြောင့် စီးပွားရေးအပိုင်းမှာ ကမ္ဘာ့နဲ့ ရင်ပေါင် မတန်းနိုင်ပေမယ့်လို့ နိုင်ငံရေးမှာတော့ ကြိုက်တဲ့ နိုင်ငံက လူတွေနဲ့ယှဉ်ပါ။ မြန်မာလူမျိုးလောက် အတွေ့အကြုံ ကြွယ်ဝတာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှ မရှိဘူးလို့ ရဲရဲကြီး ပြောဝံ့သင်ပါသည်။

ပညာပေးခံရမှာ ဘယ်သူလဲ

ဒီလိုနိုင်ငံရေး သံသရာမှာ ရှင်ကြီးဝမ်းလည်း ဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ဖူးခဲ့လို့ နိုင်ငံရေးပညာမှာ နောကျေနေတဲ့ လူမျိုးကို ဘာနိုင်ငံရေး အတွ့အကြုံမှ မရှိခဲ့ဘဲနဲ့ ဘာနိုင်ငံရေး အတွေ့အကြုံမှ မရှိဘဲနဲ့ အခုမှ ခါတော်မီ နိုင်ငံရေး စာအုပ်တွေ ရှာဖွေ ဖတ်ရှုနေတဲ့ သူတွေက ပညာပေးနေကြတာ တော်တော်တော့ ရယ်စရာကောင်းတယ်။ တကယ်တော့ ပညာပေး ခံရမှာက သူတို့ပါ။ ပြည်သူတွေ မဟုတ်ပါဘူး။ ပြည်သူတွေက နယ်ချဲ့ လက်အောက်မှာ။ ပြည်သူတွေက နယ်ချဲ့ လက်အောက်မှာ ၊ ဖက်ဆစ် လက်အောက်မှာ ကျောကော့အောင် ခံလာရတဲ့ အတွေ့အကြုံတွေ မနည်းပါဘူး။ သုမနကျောမှာ လေးဒဏ်ရာတွေနဲ့ ဆိုတဲ့ ပဂိုးမြရဲ့ ငိုချင်းအတိုင်းပါပဲ။ မလွတ်လပ်ချင်ရဲ့ အတွေ့အကြုံကို ခံစားဖူးမှ လွတ်လပ်ခြင်းရဲ့ တန်းဖိုးကို သိပါတယ်။ လက်သည်းခွံ အခွာခံရဘူးမှ ဖက်ဆစ်ဝါဒရဲ့ ရက်စက် ကြမ်းကြုတ်မှုကို သိပါတယ်။ ခေတ်တိုင်း ခေတ်တိုင်းမှာ အခွင့်ထူးခံ ရေပေါ်ဆီနေရာက နေလာခဲ့သူတွေက ဒီမိုကရေစီကို တန်ဖိုးထားတယ် ဆိုတာ ဘယ်လိုမှ ယုံနိုင်စရာမရှိပါဘူး။

မိုးကြိုးပစ်မှာ မကြောက်ဘူးလား

ခါတော်မီ ဒီမိုကရေစီ ယိမ်းက နေကြတဲ့ထဲမှာ အစကတည်းက ဝင်မပါခဲ့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ မြန်မာလူထုက နိုင်ငံရေးမှာ ကိုယ့်ထက် အတွေ့အကြုံ ကြွယ်ဝပြီး စွန့်လွှတ်မှု တွေလည်း ပိုပြီး ကြီးမားတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ တကယ်က ပြည်သူတွေဆီကသာ ကျွန်တော်တို့က သင်ယူရမှာ မဟုတ်လား။

လူထုစိန်ဝင်း
Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်