Tuesday, November 18, 2008

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလအစီရင်ခံစာ ကြိုဆို

19 November 2008
မြန်မာစစ်တပ်အနေနဲ့ အမျိုးသမီးတွေ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား အမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျ ကျင့်သုံးလုပ်ဆောင်နေတယ်ဆိုပြီး အလေးပေးဖော်ပြလိုက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့က ထောက်ခံကြိုဆိုလိုက်ပါတယ်။

ကုလသမဂ္ဂက အခုလိုထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma က ထောက်ခံတဲ့အကြောင်း အင်္ဂါနေ့က ပြောဆို လိုက်တာပါ။ ဒါ့အပြင် မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေး ကော်မတီ (CEDAW) က နိုဝင်ဘာ ၇ ရက်နေ့ စွဲနဲ့ ပထမအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာမြန်မာနိုင်ငံက တိုင်းရင်းသူ အမျိုး သမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာနဲ့ ဒီလိုရာဇ၀တ်မှု ကျူးလွန်နေသူတွေကိုတရားဥပဒေအရ အရေးယူဖို့ ပျက်ကွက်နေတာတွေအပေါ် အထူး စိုးရိမ်မှုရှိ တယ်ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေကို မြန်မာစစ်တပ်အနေနဲ့ လက်နက်သဖွယ်အသုံးချနေတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့အပေါ်မှာ မြန်မာစစ်အစိုးရက အရင်က ငြင်းဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေကို စနစ်တကျ အသုံးပြုနေတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအားလုံးကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုခဲ့ပြီး အရေးယူလုပ်ဆောင်မှုတွေ ပြုလုပ်ဖို့ အကြံပြုခဲ့ကြပါတယ်။

ဒါပေမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံနှစ်ခုဖြစ်တဲ့၊ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့တရုတ်နဲ့ ရုရှားတို့က ဗီတို အာဏာသုံးပြီး ပိတ်ဆို့ခဲ့တာကြောင့် အရေးယူလုပ်ဆောင်ဖို့ အဖြေထွက်မလာခဲ့ပါဘူး။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေ အပါအ၀င် နိုင်ငံတော်တော်များများကတော့ အခုလို လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရအပေါ်စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ် ခဲ့ပါ တယ်။
http://www.voanews.com/burmese/2008-11-19-voa2.cfm

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်