Wednesday, November 19, 2008

ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်းကို ၆ နှစ်ခွဲ ထောင်ဒဏ်ချ

သန်းထိုက်ဦး ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 20:20 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်လူငယ် ကိုဒီငြိမ်းလင်းကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုဖြင့် စစ်အစိုးရက ယနေ့ထောင်ဒဏ် ၆ နှစ်ခွဲ ချမှတ်လိုက်သည်။

သာသနာကို အကြည်ညို ပျက်ပြားစေရန် လုပ်ဆောင်မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု စသည့် ပြစ်မှုများ အပါအ၀င် ပြစ်မှု ၄ ခုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသအဖွဲ့ဝင်ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"အန်တီအနေနဲ့ မြင်ရတာပေါ့နော်။ အမျိုးသားရော၊ သားကိုရောပေါ့နော်၊ သားအဖ နှစ်ယောက်စလုံးအတွက် မတရားဘူးလို့ပဲ ထင်တယ်။ သူတို့စွဲထားတဲ့ ပုဒ်မတွေကပေါ့နော်။ အန်တီတို့အနေနဲ့ 'မတရားဘူး၊ မတရားဘူး' ခဏခဏပြောနေတာ။ အန်တီတို့လည်း ရှက်လှပါပြီ၊ လုပ်တာတွေက" ဟု မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ယခင်ခေါင်းဆောင်များ အဖမ်းခံရခြင်း၊ ထွက်ပြေး တိမ်းရှောင်ရခြင်းတို့ကြောင့် မြေအောက် လှုပ်ရှားမှုဟန်ဖြင့် ရပ်တည်နေခဲ့သော ဗကသ ကို ပြန်လည်ဖွဲ့စည်းရာတွင် အသက် ၂၁ နှစ်အရွယ် ကိုဒီငြိမ်းလင်းလည်း ပါဝင်ခဲ့သည်။

ကိုဒီငြိမ်းလင်းအား အနောက်ပိုင်းခရိုင် တရားရုံးက စွဲဆိုထားသည့် ပုဒ်မနှစ်ခု ရှိသေးသလို၊ မနက်ဖြန်တွင် ဒဂုံမြို့နယ် တရားရုံးကလည်း အသင်းအဖွဲ့ ပုဒ်မတခုဖြင့် ထပ်မံ၍ စီရင်ချက်ချရန် ရှိသေးကြောင်း မိခင်ဖြစ်သူက ပြောသည်။

သူ၏ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုဒီငြိမ်းလင်းမှာ ဗကသ အဖွဲ့ကို ပြန်ထူထောင်ပြီးနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုတွင် ပါဝင်ခဲ့သဖြင့် ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပါရမီတိုက်ခန်းတခု၌ အဖမ်းခံခဲ့ရသည်။
http://www.mizzimaburmese.com/news/inside-burma/2009-2008-11-19-14-03-37.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်