Thursday, November 18, 2010

မြန်မာ့ရွေးကောက်ပွဲ ကုလ ရှုတ်ချ

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 18 နိုဝင်ဘာ 2010

မြန်မာစစ်အစိုးရက ဒီလဆန်းကပဲ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိသလို ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ရှုတ်ချလိုက်ပါတယ်။

လူ့အခွင့်အရေး ကော်မတီက မြန်မာနိုင်ငံဆိုင်ရာ ဒီအဆိုပြုချက်ကိုတော့ ကြာသပတေးနေ့မှာပဲ ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၂၈ မဲနဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။

ဆုံးဖြတ်ချက်က မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ကြာသပတေးနေ့ကပဲ မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီ မှာ တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် ဘီဂျေး နမ်ဘီယာက မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေတွေကို လုံခြုံရေးကောင်စီကို တင်ပြပြီး အဖွဲ့ဝင် နိုင်ငံတွေကြား ဆွေးနွေးကြတာ ဖြစ်ပေမဲ့ အသေးစိတ် အချက်အလက်တွေတော့ တိတိကျကျ မသိရပါဘူး။

တချိန်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိနဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ လူသန်းပေါင်း များစွာအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတဲ့အတွက် လေးစားကြည်ညို ကြောင်း ပြောဆိုထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်း (Ban Ki-moon) ကဒေါ်အောင်ဆန်းစုကြည် ကို ကြာသပတေးနေ့မှာ တယ်လီဖုန်းကတဆင့် တိုက်ရိုက် စကားပြောဆိုခဲ့ပါတယ်။

နွေးထွေးတဲ့ ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အာရုံစိုက် ပြောဆိုခဲ့တယ်လို့ လည်း အတွင်းရေးမှူးချုပ်ရဲ့ ရုံးက ပြောပါတယ်။ http://www.voanews.com/burmese/news/un-myanmar-election-109062434.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်