Thursday, June 5, 2008

နအဖ တွေကို..ဒီလိုလူပ်မှရတယ်.

နိုင်ငံတကာ ခေါင်းဆောင်များခင်ဗျား။
ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော သင်္ဘောကြီးများကို ကမ်းကပ်ခွင့် မပေးသည့်အတွက် နိုင်ငံတကာ ရေပြင်တွင် မျက်နှာငယ်ငယ်နှင့် စောင့်နေရကြောင်း ကြားသိရပါသည်။ ထိုသင်္ဘောများတွင် အများထင်သလို စားနပ်ရိက္ခာနှင့် ဆေးဝါးများ တင်ဆောင်လာခြင်း မဟုတ်ဘဲ အမျိုးသမီး ဒုက္ခသည်များအတွက် အထူးဦးစားပေးအနေဖြင့် ဖက်ရှင်အထည်ဆန်းများ၊ နောက်ဆုံးပေါ် နှုတ်ခမ်းနီနှင့် မိတ်ကပ်၊ မျက်တောင်ကော့ဆေးများ အပြည့် ပါရှိကြောင်း သတင်းထုတ်ပြန်ပေးစေလိုပါသည်။ ဗိုလ်ချုပ်ကတော်များ သည် ထိုသင်္ဘောများကို ချက်ချင်း ပြည်ဝင်ခွင့်ပြုရန် သူတို့ယောက်ျားများကို အမိန့်ပေးပါလိမ့်မည်။

ခွန်အားဖြည့် ဘီစကစ်များကို ဒုက္ခသည်များထံ ပေးသလောက် မဝေသည့်အတွက် အလှူရှင်များ စိတ်မကောင်းဖြစ်နေသည်ဟု သိရပါသည်။ ခွန်အားဖြည့် ဘီစကစ်ဟု အမည်ပေးမိသည်မှာ မှားယွင်းကြောင်း၊ စားသုံးသူကို ပိန်လှီအားပြတ်စေမည့် ခွန်အားပျက် ဘီစကစ်သာ ဖြစ်ကြောင်း သတင်းများများလွှင့်လိုက်လျှင် ဂိုဒေါင်ထဲတွင် သိမ်းထားသည့် ထိုဘီစကစ်များကို အများပြည်သူထံ အကုန်အစင် ဖြန့်ဝေရန် ညွှန်ကြားချက် ထွက်လာပါလိမ့်မည်။

နိုင်ငံတကာမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူများ ပြည်ဝင်ခွင့် မရသည့်အတွက် ဘန်ကောက်တွင် ငိုကြွေးနေကြကြောင်း သိရပါသည်။ ကူညီခွင့် မရ၍ ငိုစရာ မလိုပါခင်ဗျား။ မိမိတို့သည် ကယ်ဆယ်ရေးသမားများ မဟုတ်ဘဲ နိုင်ငံတကာလှည့်၍ ခိုးဆိုးလုယက် စားနေရသူများ ဖြစ်ကြောင်း၊ မြစ်ဝကျွန်းပေါ်ရှိ မဆယ်ရသေးသော အလောင်းများမှ နာရီ၊ လက်စွပ်၊ ပုဆိုးတို့ကို ချွတ်ယူရန် မြန်မာပြည်သို့ လာခြင်းဖြစ်ကြောင်း ပြောဆိုလျှောက်ထားပါက ပြည်ဝင်ခွင့် ချက်ချင်း ရရှိပါလိမ့်မည်။ မြန်မာအစိုးရသည် ဘ၀တူ ခိုး-ဆိုး-ခါးတို့အပေါ် အလွန် ကြင်နာတတ်ပါသည်ခင်ဗျား။

နိုင်ငံခြားသား ကယ်ဆယ်ရေးဝန်ထမ်းများ မုန်တိုင်းသင့် ဒေသများသို့ လွတ်လပ်စွာ သွားရောက်ခွင့် မရသည့်အတွက် စိတ်ညစ်နေရ သည်ဟု ဆိုပါသည်။ စိတ်ညစ်ရမည့် ပြဿနာ မဟုတ်ပါ။ ဒုက္ခသည်များကို ကူညီရန် သွားရောက်ကြည့်ရှုခြင်း မဟုတ်ဘဲ မုန်တိုင်းကြောင့် ပြောင်တလင်းခါသွားသော နေရာများတွင် နိုက်ကလပ်များ၊ ဘားနှင့် အနှိပ်ခန်းများ အပြည့်ပါရှိသော ပုရိသကြိုက် မြို့တော်ကြီး အစားထိုး တည်ဆောက်ရန် ပဏာမ သွားရောက်စစ်ဆေးလိုခြင်းဖြစ်ကြောင်း ဖြေကြားပါက တံခါးမရှိ ဓားမရှိ သွားရောက်ကြည့်ရှုရပါလိမ့်မည်။

လေကြောင်းမှ ပို့ဆောင်လှူဒါန်းသည့် ပစ္စည်းများ မင်္ဂလာဈေး ရောက်ကုန်သည့်အတွက် မကျေမချမ်း ဖြစ်နေကြောင်း ကြားရပါသည်။ မြန်မာ့တပ်မတော်သားများ၏ စွန်ရဲသဖွယ် လျင်မြန်သော စီးပွားရေးအမြင်ကို ပြသခြင်း ဖြစ်ပါသည်ခင်ဗျား။ အလှူရှင်များအနေဖြင့် ထိုပစ္စည်းများကို ဖောက်သည်ဈေးနှင့် ပြန်ကောက်ပြီး ဒုက္ခသည်များထံ ပြန်ဝေငှလျှင် အားလုံး ပြေလည်သွားပါလိမ့်မည်။ ကယ်ဆယ်ရေး ၀န်ထမ်းများကို မှောင်ခိုဈေးကွက် စုံစမ်းနည်း၊ ဈေးဆစ်နည်း၊ ဂိုဒေါင်နားအရောက် ချဉ်းကပ်လက်တို့ ၀ယ်ယူနည်းများကို ကယ်ဆယ်ရေးပစ္စည်း စုဆောင်းဖြန့်ဝေခြင်းဆိုင်ရာ နည်းလမ်းသစ်များအဖြစ် အရေးပေါ် သင်တန်းပို့ချပေးရန် အကြံပေးလိုပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ လာရောက်ပါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ချက်ချင်း တွေ့ခွင့်မရမည့်အရေး စိတ်ပူနေသည်ဟု သိရပါသည်။ အတက်ချီကေ့စ်ထဲတွင် အစိမ်းရောင် အရွက်ကြီးကြီး များများထည့်လာမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် အတက်ချီကေ့စ်ကို ယူလာသည့်နေရာတွင် အမြဲ မေ့ကျန်တတ်ကြောင်း ကြိုတင် သတင်းပေးထားပါက လေယာဉ်ပေါ်မှ ဆင်းဆင်းချင်း တွေ့ခွင့်ရပါလိမ့်မည်။

အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား "အမေရိကန် ပြည်ထောင်စုကို လက်ခံပါ"ဟု တောင်းပန်နေရသည်ဟု ကြားသိရပါသည်။ ဗိုလ်ချုပ်မှူးကြီးသည် အမေရိကန် ပြည်ထောင်စုကို၊ အထူးသဖြင့် အမေရိကန် သမ္မတများကို အလွန်လက်ခံလိုသူ ဖြစ်ပါသည်။ အစိမ်းရောင် စက္ကူများပေါ်က အမေရိကန် သမ္မတများကို ဗိုလ်ချုပ်မှူးကြီးသာမက တမိသားစုလုံးပါ လက်ခံ၍ မ၀နိုင်အောင် ရှိကြပါသည်။ မယုံလျှင် စမ်းကြည့်ပါခင်ဗျား။

မြန်မာစစ်အစိုးရကို မဆက်ဆံတတ်သေးရှာသော နိုင်ငံတကာ ခေါင်းဆောင်များအတွက် နည်းနာနိဿယများ သနားသဖြင့် ညွှန်ပြ လိုက်ခြင်း ဖြစ်ပါသည်။ ထပ်မံ သိလိုသည်များ ရှိပါက ဆည်းကပ်မေးမြန်းနိုင်ပါသည်။ မြန်မာပြည်သည် အင်တာနက် ကော်နက်ရှင် အလွန် ချာတူးလန်ခြင်း၊ ဖုန်းလိုင်း မကြာခဏ ပြတ်တတ်ခြင်းတို့ကြောင့် အီးမေး၊ ဖုန်းတို့ဖြင့် ဆက်သွယ် မေးမြန်းပါက ၂၁ ရာစုမကုန်မီ အချိန်မီ ဖြေကြားရန် အာမ,မခံနိုင်ပါ။ ကမ္ဘာဦးအစမှ နည်းအတိုင်း ပုလင်းထဲ စာထည့်၍ ကပ္ပလီပင်လယ်ဝမှ မျှောလိုက်ပါလေ။ မြန်မာပြည်သူများ ဆယ်ယူရရှိလျှင် ကရုဏာ ရှေ့ထား၍ မသိသည်များကို ရှင်းပြဖြေကြားပေးရန် အသင့်ရှိပါကြောင်း။
x x x
သြော်...အကြီးအကဲရယ်
ကြိုင်လှမောင်မောင်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်