Tuesday, July 1, 2008

အာရှတွင်လိုအပ်နေသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စံများ

(ဆောင်းပါးရှင် Ms. Roberta Cohen ၏ ဆောင်းပါးကို ဘာသာပြန်ခြင်းဖြစ်သည်)

သဘာဝဘေးအန္တရာယ်များ အရေအတွက်များလာမှု ပြင်းထန်မှုများအား အမျိုးသားရေး တုံ့ပြန်မှု အနေဖြင့် မည်သို့ တိုးတက်အောင်လုပ်မည်ကို အထူးသဖြင့် အာရှနိုင်ငံအစိုးရများအနေဖြင့် အချိန်မီ လုပ်ဆောင်ခဲလှသည်။ ငလျင်များနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ၏ ပြင်းထန်မှုများကို တိုင်းတာသည့်စနစ်များ ရှိနေသလိုပင် အစိုးရများအနေနှင့် ထိုအန္တရာယ်များကို မည်သို့ တုံ့ပြန် သနည်းဆိုသည့် တိုင်းတာသည့် လုပ်ဆောင်မှုစံနှုန်းများလည်း ရှိရမည်ဖြစ်သည်။

ထိုသို့ စံနှုန်းများမရှိပါက သဘာဝဘေးအန္တရာယ်များ၏ ဒဏ်ကို အကောင်းဆုံးရင်ဆိုင်နိုင်မည့်၊ လျော့ပါးစေမည့် လုပ်ဆောင်မှုမျိုး အနည်းငယ်မျှနှင့် (သို့) ဂရုစိုက်ခြင်းမရှိဘဲ ဖြစ်သလို လုပ်သွား ရသည့် အဖြစ်မျိုးများ ဖြစ်လာနိုင်သည်။ ထို့အပြင် ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း ကန့်သတ်ခံရသည်များ၊ ၀င်ခွင့်မရသည်များ ရင်ဆိုင်ရနိုင်ကာ သဘာဝဘေးအန္တရာယ်ဒဏ်ခံရသည့် ဒုက္ခသည်များအနေဖြင့်လည်း မိမိတို့အစိုးရသည် အားကိုး၍ ရနိုင်မရနိုင်ဆိုသည်ကို ဆုံးဖြတ်ပေးနိုင်မည့် စောင့်ကြည့်မှုမျိုးလည်း လက်ခံရမည် မဟုတ်ပေ။

မကြာသေးခင်က ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံမှ ငလျင်၊ မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်းနှင့် တဖြည်းဖြည်း အငတ်ဘေးကြုံလာသည့် မြောက်ကိုရီးယားတို့ကိုကြည့်လျှင် ဘေးအန္တရာယ်ဆိုး များကို ကိုင်တွယ်ရာတွင် လုပ်ဆောင်သော အာရှစံနှုန်းများကို သဘောတူညီရန် ပျက်ကွက်မှုကြောင့် ဆိုးဝါးလာသည်ကို တွေ့ရမည်ဖြစ်သည်။ ပြီးခဲ့သည့် မေလ (၁၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လူပေါင်း (၈၀,၀၀၀) ကျော် သေဆုံးခဲ့သည့် စီချွမ်ပြည်နယ် ငလျင်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုအတွက် ချီးမွမ်းမှုများ ခံခဲ့ရသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်းကလည်း ငလျင်နှင့်ပတ်သက်ပြီး တရုတ်အစိုးရကို “ထူးခြားပြောင်မြောက်သော ခေါင်းဆောင် မှု” နှင့် “အစွမ်းကုန် အားထုတ်မှုများ” ဟူ၍ ချီးမွမ်းပြောဆိုခဲ့သည်။ တရုတ်ဝန်ကြီးချုပ် ဖြစ်သူ
ဝမ်ကျားပေါင်မှာလည်း မိမိ၏ ဂုဏ်သိက္ခာအတွက် လူမြင်ကွင်းသို့ အပြေးအလွှားထွက်လာရကာ ကယ်ဆယ်ရေး လုပ်ဆောင်ချက်များနှင့် အင်အား (၁၀၀,၀၀၀) ကျော်ရှိသော စစ်သားများနှင့် စေတနာ့ဝန်ထမ်းများကို စည်းရုံးဆော်သြပြီး ညှိနှိုင်းလုပ်ဆောင်ခဲ့ရသည်။ အစိုးရပိုင်းအနေဖြင့် လည်း အတိတ်ကဖြစ်ရပ်များကဲ့သို့ သတင်းမှောင်ချခြင်းမျိုး မလုပ်တော့ဘဲ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်သည့် သတင်းစီးဆင်းမှုများကိုလည်း ခွင့်ပြုပေးထားသည်။ သို့ရာတွင် အဖြစ်အပျက်မှာ ထိုမျှနှင့် မပြီးသေးပေ။

သာမန်ကျောင်းသူကျောင်းသားများအတွက် စာသင်ကျောင်းများသည် ငွေကြေးပြည့်စုံသည့်
အသိုင်းအ၀န်းများ၏ ကလေးများနေသော စာသင်ကျောင်းများနှင့် အစိုးရအဆောက်အဦများလို အရည်သွေးကောင်းကောင်းဖြင့် တည်ဆောက်ထားခြင်းမရှိသောကြောင့် သာမန်လူတန်းစားတို့ နေသော စာသင်ကျောင်းများမှာ ပြိုကျခဲ့ပြီး ခန့်မှန်းချေအားဖြင့် ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမ (၁၀,၀၀၀) ခန့် သေဆုံးခဲ့ရသည်။ သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်မှုသည် ရွှေ့ပြောင်းအလုပ်သမားများနှင့် နွမ်းပါးသော မိသားစုများအတွက် ပြုလုပ်ထားခဲ့ပုံ မရပေ။ ရင်သွေးတယောက် သေဆုံးရသည့် တရုတ်မိဘတဦးက “ဒါက သဘာဝဘေးအန္တရာယ်တခု မဟုတ်ပါဘူး” ဟု မှတ်ချက်ပေးခဲ့သည်။

တရုတ်စစ်တပ်နှင့် အရပ်သား စေတနာ့ဝန်ထမ်းများ အားလုံးတွင် ငလျင်အပျက်အစီးကြားထဲမှ ဒုက္ခသည်များကို ကျွမ်းကျင်လျင်မြန်စွာ ကယ်ထုတ်နိုင်ရန်အတွက် လိုအပ်သော အရည်အချင်းနှင့် ပစ္စည်းကိရိယာများ ရှိကြသည်မဟုတ်ပေ။ သို့ရာတွင် ထိုအရည်အချင်းများအားလုံး ပြည့်စုံနေသည့် အနောက်နိုင်ငံမှ ကယ်ဆယ်ရေး ၀န်ထမ်းအများစုအား စီချွမ်ပြည်နယ်သို့ ၀င်ရောက်ခွင့်မပြုဘဲ တရုတ်အစိုးရမှ တားမြစ်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများမှ အထူးကျွမ်းကျင်သူ (၂၀၀) ကိုလည်း ငလျင်လှုပ်ပြီး (၃) ရက်မှ (၆) ရက် အကြာမှသာ ၀င်ခွင့်ပြုခဲ့သော်လည်း မသင့်တော်ဟု ယူဆသော အနောက်နိုင်ငံများမှ ကယ်ဆယ်ရေးများကိုတော့ ကန့်သတ်မြဲ ကန့်သတ်ထားခဲ့သည်။ အကယ် ၍သာ နိုင်ငံအတွက် မာနထားသည်များမရှိဘဲ အနောက်နိုင်ငံမှ ကယ်ဆယ်ရေးသမားများကို မြန်မြန်ဆန်ဆန် ခွင့်ပြုပေးပါက နောက်ထပ် ငလျင်ဒုက္ခသည်တို့၏ အသက်မည်မျှကို ထပ်မံ ကယ်ဆယ်ခွင့်ရမည်ဆိုသည်မှာ မသိနိုင်ပေ။

သိုလှောင်ထားသော ကုန်ကြမ်းပစ္စည်းနှင့် ကိရိယာများမှာလည်း အလွန်နည်းလွန်းလှသည်။ ငလျင် ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့်လူဦးရေမှာ (၁၀) သန်းမှ (၁၅) သန်းအထိ ရှိနေသောကြောင့် အနည်းဆုံး ပြည်တွင်းထုတ်လုပ်သူများထံမှ ယာယီတဲ (၇၀၀,၀၀၀) ခန့်ကို ချက်ချင်းအရေးပေါ် မှာယူသင့်ပြီး ယာယီတဲ (၄) သန်း ပြည့်ရန်အတွက် ပြည်ပမှ ယာယီတဲပေါင်း (၃.၃) သန်းကို မှာယူသင့်သည်။ တရုတ်နိုင်ငံတွင် မြေတူးမြေကော်ကိရိယာများ၊ ပါဝါသုံး ယန္တရားများ၊ ကရိန်းများ၊ စက်သုံးတူကြီးများနှင့် ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာများလည်း များများစားစား ရှိမနေပေ။

ငလျင်ဒဏ်၊ မြေပြိုသည့်ဒဏ်နှင့် ရေကြီးမှုဒဏ်တို့ ခံစားနေရသည့် ဒုက္ခသည်များကို ယာယီအိမ် များသို့ ရွှေ့ပြောင်းပေးပြီး စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးထားမည်ဟု တရုတ်အစိုးရမှ ကြေညာသည်။ သို့ရာတွင် ထိုလုပ်ဆောင်မှုများသည် အဆင့်ရှိသော လမ်းညွှန် ချက်များ (သို့မဟုတ်) ထိုကဲ့သို့သော ဖြစ်ရပ်များအတွက် လျော်ကြေးပေးခြင်း၊ မှတ်ပုံတင်များနှင့် စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ မိဘမဲ့ကလေးများကဲ့သို့သော အားနည်းသူများ၊ မသန်မစွမ်းနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ပေးခြင်း၊ အိုးအိမ်နေရာ အသက်မွေးဝမ်းကျောင်းမှုများကို ပြန်လည်တည်ဆောက်ပေးခြင်းတို့သည် ချမှတ်ထားပြီးဖြစ်သည့် အစိုးရ၏ မူဝါဒလားဆိုသည် ကိုတော့ သဲသဲကွဲကွဲ မသိရှိရပေ။ ထို့အပြင် စီချွမ်ပြည်နယ်တွင် နေထိုင်နေသည့် တိဘက်လူမျိုး အနည်းဆုံး (၁) သန်းခန့်ရှိနေသေးသည်။ မကြာသေးမီက တိဘက်တွင် တရုတ်အစိုးရမှ အင်အား သုံး နှိမ်နင်းမှုများဖြစ်ခဲ့ရာ စီချွမ်ရှိ တိဘက်လူမျိုးများနှင့် ဆင်းရဲသည့် တောသူ တောင်သားများမှာ သာတူညီမျှ ရနိုင်မရနိုင်ကိုတော့ စောင့်ကြည့်ရမည်ဖြစ်သည်။

မေလ (၂) ရက်နှင့် (၃) ရက်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်းတိုင်းအပေါ် စစ်အစိုးရ၏ တုံ့ပြန်မှုကို အခြေခံပြီး မြန်မာနိုင်ငံတွင် သဘာဝကပ်ဆိုးများတွင် မလုပ်ရသည့် အချက်များဆိုသည့် လက်စွဲစာအုပ်ကို ရေးသားလျှင် ဖြစ်နိုင်ပေမည်။ မုန်တိုင်းကြောင့် သေဆုံးရသူ (၁) သိန်းကျော်မှာ မသေဆုံးအောင် ကာကွယ်မှု လုပ်ပေး၍ ရနိုင်သူများ ဖြစ်ကြသည်။ အစိုးရအနေဖြင့် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မည်ကို စောစီးစွာ သတိပေးရန် ပျက်ကွက်ခဲ့သလို မုန်တိုင်းဒုက္ခသည်များကို အစိုးရ၏ ထောက်ပံ့ပေးမှုမှာလည်း အနည်းငယ်သာရှိခဲ့သည်။

အထူးသဖြင့် မုန်တိုင်းအထိနာသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ အကူအညီရောက်ရှိမှု နှောင့်နှေးခဲ့ပြီး နိုင်ငံတကာက ကူညီမှုပေးသည်ကို ပိတ်ဆို့ထားသည့်အပြင် မုန်တိုင်းထိရာ ဒေသများမှာ လေကြောင်း (သို့မဟုတ်) ရေကြောင်းဖြင့်သာ သွားလာနိုင်သည်ဖြစ်သော်လည်း အနောက်နိုင်ငံရေတပ်သင်္ဘောများ၏ အကူအညီပေးမှုကိုလည်း ငြင်းဆန်ခဲ့ပြီး အာရှသား မဟုတ်သည့် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကိုလည်း (၁) လကြာသည်အထိ
ပြည်ဝင်ခွင့် မပြုခဲ့ပေ။

ယခုမုန်တိုင်းဖြစ်ပွားပြီး သတင်းပတ် (၅) ပတ်ကြာခဲ့ပြီးနောက်တွင်လည်း စားရေရိက္ခာ၊ နေစရာနှင့် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေသေးသည်။ အကူအညီ မဖြစ်စလောက်သာ ရရှိနေသေး သည့် ဒုက္ခသည် (၁.၁) သန်းထံသို့လည်း နိုင်ငံတကာ ကယ်ဆယ်ရေးသမားများ မရောက်ရှိနိုင် သေးဟု ကုလသမဂ္ဂ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်၊ အာဆီယံ၊ အာရှနှင့် အနောက်နိုင်ငံအစိုးရများက မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေး အတွက် နိုင်ငံတကာ အသိုင်းအ၀န်းဖြင့် ပူးပေါင်းလုပ်ဆောင်ရေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား နည်းအမျိုးမျိုးဖြင့် ဖျောင်းဖျခဲ့ရာ အဆင်ပြေသည်ဟု ဆိုသာသည့် အခြေအနေမျိုးအထိသာ သဘောတူညီမှု ရခဲ့သည်။

အရေးပေါ်အကူအညီ အမှန်တကယ်လိုအပ်နေသည့်အချိန်တွင် အစိုးရအနေဖြင့် သဘာဝဘေး
အန္တရာယ် ကယ်ဆယ်ရေးအတွက် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို နိုင်ငံရေး နောက် ကြောင်းအရ လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ အနောက်နိုင်ငံ ကယ်ဆယ်ရေးလုပ်သားများကို မြန်မာစစ်အစိုးရမှ သတိထားနေခြင်းသည် လူသားချင်းစာနာထောက်ထားသော ကြိုးစားလုပ် ဆောင်မှုများအတွက် အရေးပေါ်ပြဿနာဖြစ်လာရသည်။ သို့သော် အနောက်နိုင်ငံများက ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပြီး စစ်အစိုးရကို ပိတ်ဆို့မှုများ လုပ်နေသောကြောင့် စစ်အစိုးရအနေဖြင့် အနောက်နိုင်ငံများနှင့် သဘောထား ကွဲလွဲနေခြင်း ဖြစ်သည်။

သို့ရာတွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းများက လိုအပ်သည့် ထောက်ပံ့ မှုများကို ၎င်းတို့ကိုယ်တိုင် မဖြည့်တင်းပေးနိုင်သည့်အပြင် ထောက်ပံ့ကူညီမှုများကို ငြင်းဆန်ခြင်း သည် မြန်မာအစိုးရ တရားလက်လွတ်ပြုမူခြင်းဖြစ်သည်ဟု မီးမောင်းထိုးပြထားသည်။ အရေးပေါ် အကူအညီနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရ၏ သံသယဖြစ်မှု၊ အရေးပေါ်အကူအညီကို နိုင်ငံရေး ကိစ္စဖြစ်အောင်လုပ်မှုတို့သည် လူထောင်ပေါင်းများစွာ၏အသက်ကို ပျက်စီးစေသည်။ ထိုသို့ဖြစ် သည်မှာ မြန်မာနိုင်ငံတခုတည်း မဟုတ်ပေ။

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည်လည်း (နိုင်ငံတကာ အကူအညီများကို လက်ခံနေချိန်တွင်) သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်လာလျှင် အာရှမှမဟုတ်သော အတွေ့အကြုံများသည့်၊ လူသားချင်းစာနာထောက်ထားသည့် လုပ်သားများ ၀င်ရောက်လုပ်ကိုင်လျှင် အသက်ကယ်ရာ၌ အထောက်အကူဖြစ်စေသည်မှာ မှန်သော်လည်း ၀င်ခွင့်မပြုပေ။ ထိုနိုင်ငံများ အဘယ့်ကြောင့် ထိုသို့ တုံ့ပြန်သည်ကို သမိုင်းကြောင်းအရ ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့ခြင်းက သက်သေပြနေသည်မှာ မှန်သော်လည်း အာရှတိုက်ရှိ အသစ်တွေ့ရှိသော၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားရေး
ဝါဒကိုလည်း မှတ်သားထားသင့်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကိစ္စကို ပြည်တွင်းရေး ကိစ္စတရပ်ဖြစ်သည်ဟု သဘောထားသည့်အလျောက် အဓိက တရုတ်နိုင်ငံ၏ မေတ္တာရပ်ခံချက်အရ မြန်မာမုန်တိုင်းဒုက္ခသည်များထံ လူသားချင်းစာနာထောက်ထားသည့် ၀င်ခွင့်မျိုး မတောင်းဆိုသလို နိုင်ငံတကာအသိုင်းအ၀န်းက မြန်မာနိုင်ငံကို အင်အားသုံးဝင်ရောက်ပြီး ဒုက္ခသည်တွေကူညီရေး ကုလသမဂ္ဂလုပ်ပိုင်ခွင့်ကိုလည်း မတောင်းဆိုခဲ့ပေ။

တရုတ်နိုင်ငံသည် စီချွမ်ငလျင်တွင် နိုင်ငံတကာအကူအညီဖြင့် အကျိုးအမြတ်ရခဲ့သည်။ ထိုအချက်က “လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုသည့် နာမည်ဖြင့် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စရပ်များကို မည်သူမျှ ၀င်ရောက်စွက်ဖက်ရန် မသင့်” ဟု ဆိုသည့် ကြာမြင့်စွာကိုင်စွဲခဲ့သည့် တရုတ်အယူအဆကို ခ၀ါချထားနိုင်ပေမည်။ Forum Asia ကဲ့သို့သော အာရှ NGO အဖွဲ့အစည်း များကလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ငြင်းဆန်နေသည့် မြန်မာ အစိုးရအား အကာအကွယ်ပေးနေသည်များ ရပ်ကြရန် အာရှအစိုးရများကို ရဲရဲတင်းတင်း တောင်းဆိုထားသည်။

အာဆီယံကလည်း ၎င်း၏ဂုဏ်သိက္ခာအတွက် အနောက်တိုင်းအကူအညီများကို လက်ခံရန် မြန်မာ အစိုးရအား ဖိအားပေးထားသည်။ ၎င်းပြင် အာဆီယံသည် ကုလသမဂ္ဂနှင့်တွဲ၍ လိုအပ်ချက်များ အကဲဖြတ်သည့်လုပ်ငန်းများ တာဝန်ယူလုပ်ဆောင်နေသကဲ့သို့ နိုင်ငံတကာ အကူအညီအဖွဲ့များ နှင့်လည်း ညှိနှိုင်းဆောင်ရွက်နေသည်။ သို့ရာတွင် အာဆီယံ၏ လုပ်ဆောင်ချက်မှာ တစိတ် တပိုင်းမျှသာ ရှိသေးပြီး အချိန်နှောင်းမှ ရောက်လာသည့် ဆောင်ရွက်ချက်ဖြစ်နေသည်။

ထို့အပြင် အာဆီယံ၏ ထောက်ခံအားပေးမှုသည် ဒုက္ခသည်များ၏ အခွင့်အရေးများအား ကာကွယ် နိုင်လောက်သည်ထိ လက်တံမရှည်သေးပေ။ နေရာပျောက်၍ ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော ဒုက္ခသည်များကို နေရာရွှေ့ပြောင်းခြင်း၊ မည်သည့် ထောက်ပံ့မှုမျိုးမှ မပေးဘဲ ပျက်စီးနေသည့် ဇာတိရွာများသို့ ပြန်ခိုင်းခြင်းတို့ကို တားဆီးနိုင်လောက်အောင် ထိရောက်မှုမရှိ။ အာဆီယံသည် နိုင်ငံရေးအရ သစ္စာစောင့်သိမှုဖြင့် အချို့ရွာများကို ရိက္ခာများ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်ပြီး စုံစမ်းမှုများလည်း မပြုလုပ်နိုင်သကဲ့သို့ မိဘနှင့်ကွဲနေသော၊ မိဘမဲ့ဖြစ်နေသော ကလေးသူငယ်များအား စစ်တပ်ထဲသို့ အတင်းအကျပ် သွပ်သွင်းခြင်းများကို ကာကွယ်တားဆီးခြင်း မျိုးလည်း မပြုလုပ်နိုင်ပေ။

မြောက်ကိုရီးယားနိုင်ငံတွင် ခွဲခြားဆက်ဆံပြီး ရိက္ခာဖြန့်ဝေခြင်းကို ဖာထေးရန် စံထားသတ်မှတ်ရန် လိုနေခြင်းသည် နိုင်ငံတကာလူမှုအသိုင်းအ၀န်းကို ဖိစီးထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ် သည်။ ၁၉၉၄ မှ ၂၀၀၀ ခုအထိ မြောက်ကိုရီးယားတွင် အစာငတ်ကာ အာဟာရချို့တဲ့ကာ ရောဂါရပြီး သေဆုံးသည့်သူ (၁) သန်းမှ (၂) သန်းကြားတွင်ရှိနေသည်။ မြောက်ကိုရီးယားရှိ နိုင်ငံရပ်ခြားမှ NGO အဖွဲ့အစည်းများသည် အကန့်အသတ်များကြားမှ ၀င်ရောက်ရန် ကြိုးစားကြ သော်လည်း တားဆီးပိတ်ပင်ထားမှုများမှာ အလွန်ပင် များပြားလှ၍ ၎င်းတို့ထောက်ပံ့သော စားနပ် ရိက္ခာများ လိုအပ်သည့်နေရာများသို့ ရောက်မရောက် မသေချာသောကြောင့် အဖွဲ့အစည်းကြီး တော်တော် များများ ဆုတ်ခွာလာခဲ့ရသည်။

သို့ရာတွင် ၂၀၀၂ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြောက်ကိုရီးယားရှိ ငတ်မွတ်နေသူများထံ သွားရောက်ရေးသည် တိုးတက်လာပြီး ရိက္ခာထောက်ပံ့မှုများ နေရာ အနှံ့သို့ရောက်ရှိသည်ဟု ဆိုထားသည်။ စားနပ်ရိက္ခာ ထောက်ပံ့မှု၊ ဖြန့်ချိရေးတို့ကို မြောက် ကိုရီးယားစစ်တပ်၊ ရဲနှင့် ကွန်မြူနစ်အဖွဲ့အစည်းများမှတဆင့် ပြုလုပ်ခြင်း ဟုတ်မဟုတ် ဆိုသည်ကတော့ မသိရှိရပေ။ မြောက်ကိုရီးယားတွင် လွတ်လပ်စွာ စောင့်ကြည့်ခြင်းကို ခွင့်ပေးမထားပေ။

ကင်မ်ဂျောင်အီလ် အစိုးရက WFP ၏ ခရီးစဉ်များကို လိုက်လံကြီးကြပ်ပေးမည်၊ WFP မှ ၀န်ထမ်း
များ ရှောင်တခင်စစ်ဆေးခြင်းများကို ခွင့်မပြု၊ ကိုရီးယား စကားတတ်သည့် ၀န်ထမ်းများ ခေါ်မလာရ ဆိုသည့် စည်းကမ်းချက်များဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။ ၀န်ထမ်းများကို အငတ်ဘေးသင့်နေသည့် ကျေးရွာများသို့ သွားရောက်လည်ပတ်ခွင့်မပြုသလို လှူဒါန်းထားသော ရိက္ခာများ ကျေးလက်ဈေး များတွင် ရောင်းချခြင်း ရှိမရှိ သွားရောက်စစ်ဆေးရန်လည်း ခွင့်မပြုပေ။

မြောက်ကိုရီးယားတွင် အငတ်ဘေးသင့်မှု လွှမ်းမိုးမှု ကြီးစိုးနေစဉ် စားနပ်ရိက္ခာဖြန့်ဖြူးနိုင်မည့် အမျိုးမျိုးသော အစီအစဉ်သစ်များ ပေါ်လာကြသည်။ မြောက်ကိုရီးယားအစိုးရနှင့် ပူးပေါင်းပြီး စေ့စပ်ညှိနှိုင်းကာ ရိက္ခာများကို ဖြန့်ဝေမည့်အစား အလှူရှင်အားလုံးသည် WFP မှတဆင့် လှူဒါန်းကာ ဖြန့်ပေးသည်က ပိုမို၍ အဆင်ပြေလာသည်။ တခြားနည်းလမ်းတခုမှာ နိုင်ငံတကာ စီးပွားရေးဌာနမှ မားကတ်စ် နိုလင်းန် အကြံပြုသလို ငွေရှိသူများနှင့် စစ်တပ်ကြိုက်သည့် ဆန်လှူမည့်အစား ပရိုတိန်း ဘီစကွတ်များ၊ ဘာလီနှင့် ပြောင်းများ လှူဒါန်းခြင်းက ဆင်းရဲသားများထံ ပိုမိုပျံ့နှံ့နိုင်သည်ဆိုသည့် နည်းဖြစ်သည်။ အလှူရှင်များကိုလည်း အမှန်တကယ် အငတ်ဘေးကြုံနေသည့် အရှေ့မြောက်ပိုင်း ကဲ့သို့သော ဒေသမျိုးကို အထူးပြုပြီး တိုက်ရိုက်ကူညီမှုပေးရန်လည်း အကြံပြုထားသည်။

ပြီးခဲ့သည့်မေလက အမေရိကန်ပြည်ထောင်စုသည် ထုံးစံအတိုင်း WFP နှင့် အမေရိကန် (NGO) အဖွဲ့များမှတဆင့် စားနပ်ရိက္ခာတန်ချိန် (၅၀၀,၀၀၀) လှူမည်ဟု ကြေညာခဲ့သည်။ သို့ရာတွင် ယခုတကြိမ်၌ ကယ်ဆယ်ရေးလုပ်သားများအား ရံဖန်ရံခါ လှည့်လည်စစ်ဆေးခွင့်နှင့် ကိုရီးယား စကား တတ်ကျွမ်းသော ကယ်ဆယ်ရေးလုပ်သားများကိုပါ ဗီဇာပေးရန် မြောက်ကိုရီးယားအစိုးရမှ ခွင့်ပြုရမည်ဟု ဆိုထားသည်။ ထိုအချက်များ ထိထိရောက်ရောက်ဖြင့် အခြေကျသွားမည်လား၊ အမှန်တကယ် ငတ်မွတ်ခေါင်းပါးနေသည့် အရပ်များသို့ အတားအဆီးမရှိ သွားရောက်ခွင့်ရမည်လား ဆိုသည့်အချက်မှာ စဉ်းစားစရာတခုအဖြစ် ရှိနေဆဲ ဖြစ်သည်။

အတိတ်ကာလက တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ထိရောက်သော မည်သည့် အကြောင်း အချက်ကြောင့်မှမဟုတ်ဘဲ မြောက်ကိုရီးယားကို ထောက်ပံ့ကူညီချင်စိတ်ရှိခဲ့ကြသည်။ ယခုအချိန် မှာတော့ တောင်ကိုရီးယား၏ မူဝါဒမှာ ပြောင်းလဲသွားပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှာမူ မြောက်ကိုရီးယားနှင့် နျူကလီးယားလက်နက်များအကြောင်း ပြောဆိုလိုလျှင် ရိက္ခာထောက်ပံ့မှုကို သြဇာတခုအဖြစ် အသုံးပြုရသည်။

မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အာရှမှ သဘာဝဘေးအန္တရာယ်ဆိုးများသည် ဒုက္ခသည်များအား ကာကွယ်ရေးနှင့် ကူညီရေးအတွက် နိုင်ငံတကာမှ သဘောတူညီထားရှိမှု စံနှုန်း ရှိမနေခြင်း၊ အစိုးရ၏ တုံ့ပြန်မှုကို တိုင်းတာမှု ချို့တဲ့နေခြင်းတို့အား မီးမောင်းထိုးပြသကဲ့သို့ ဖြစ်ခဲ့ရသည်။ အာရှအပါအ၀င် ကမ္ဘာတလွှားတွင် များပြားလာသောအစိုးရများသည် သဘာဝဘေးအန္တရာယ်ဆိုး များအတွက် အရန်သင့်ရှိမှု ဥပဒေများနှင့် မူဝါဒများကို လက်ခံကျင့်သုံးလာကြသည်။ ၂၀၀၅ ခုနှစ်တွင် အာဆီယံသည် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ အရေးပေါ် ကူညီရေးနှင့်ပတ်သက်ပြီး သဘောတူညီချက်တရပ် ထုတ်ခဲ့သည် (သို့သော်လည်း လက်တွေ့မကျင့်သုံးသေးပေ)။ သို့ရာတွင် ယခုဖြစ်ပေါ်လာသည့် အရေးအကြီးဆုံး ပြဿနာရပ်များထဲမှ အချို့ကို ပြည့်ပြည့်စုံစုံ မလုပ်ဆောင် နိုင်သေးပေ။

သက်ဆိုင်ရာ အစိုးရများနှင့် နိုင်ငံတကာ အလှူရှင်များအနေဖြင့် ထိရောက်သည့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုအတွက် သတိထားရန်လိုအပ်သည့် အဓိက အကြောင်းအချက်များထဲမှ အချို့ကို အောက်ပါအတိုင်း တင်ပြလိုက်ပါသည်။

၁။ ပထမဦးဆုံးအနေဖြင့် သဘာဝဘေးအန္တရာယ် အရန်သင့်ရှိမှုတွင် သီးခြားအနေဖြင့် သဘာဝ
ဘေးအန္တရာယ်များဖြစ်ပေါ်စေမည့် အခြေအနေများကို ကာကွယ်ခြင်း (သို့မဟုတ်) လျော့ပါးအောင် လုပ်ခြင်းသည် အစိုးရများ၏ တာဝန်ဖြစ်သည်သာမက သဘာဝဘေးအန္တရာယ်ခံရသူများ၏ အခြေခံ အခွင့်အရေးလည်းဖြစ်ကြောင်း အသိအမှတ်ပြုထားရန် လိုအပ်သည်။ အစိုးရများအနေဖြင့် သဘာဝ
ဘေးအန္တရာယ်များ ဖြစ်လေ့ဖြစ်ထရှိသည့်နေရာများတွင် အဆောက်အဦများ ဖြည့်တင်းပေးရန် အတွက် အခိုင်အမာ တာဝန်ယူမှု ပြုလုပ်ရမည်သာမက အမှားအယွင်းများ ရှိနေသည့်အခါ တွင်လည်း လုပ်ဆောင်ပေးရမည့်အပိုင်းတွင် တာဝန်ယူ ပြုလုပ်ပေးရမည်။ ငလျင်လှုပ်ရာတွင် ရင်သွေးငယ်များ ဆုံးရှုံးသွားရသည့် မိသားစုများကို ကရုဏာကြေး ပေးခြင်းသည် ပြီးပြည့်စုံသော တုံ့ပြန်မှုတခုဟု မဆိုသာပေ။

မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ရေကြီးခြင်းကို ကာကွယ်ရန်အတွက် တမံများ၊ အတားအဆီးများ မပြုလုပ်နိုင်ခြင်းသည်လည်း ပြီးပြည့်စုံသည့် တုံ့ပြန်မှုမျိုး မဟုတ်ပေ။ သဘာဝ
ဘေးအန္တရာယ်ခံနိုင်ရည်ရှိသည့် တည်ဆောက်မှုများမှာ အကုန်အကျများပြီး လုပ်ကိုင်ရာတွင်လည်း ခက်ခဲသော်လည်း ဘေးကြုံလာသည့်အခါ ကုန်ကျမည့်စရိတ်ကို လျော့ကျစေသည်။ နိုင်ငံခြား အကူအညီနှင့် နိုင်ငံတကာဘဏ်မှ ချေးယူမှသာလျှင် အစိုးရများအနေဖြင့် ထိုကဲ့သို့သော ကာကွယ် မှုမျိုးများ အဆင်ပြေပြေ ပြုလုပ်နိုင်မည်ဖြစ်သည်။

၂။ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားခြင်းသည်လည်း မရှိမဖြစ်လိုအပ်ပြီး စောလျင်စွာ သတိ ပေးခြင်းအတွက် ပြည့်စုံသော လုပ်ထုံးလုပ်နည်းလည်းဖြစ်သည်။ ကြိုတင်သတိပေးမှုများကိုလည်း အသံလွှင့်ပေးမှသာ ပိုမိုထိရောက်မည်။ (မြန်မာနိုင်ငံတွင် ကြိုတင်သတိပေးမှု မရှိခဲ့ပေ)။ တရုတ် သိပ္ပံပညာရှင်များ၏အဆိုအရ တရုတ်နိုင်ငံတွင် ငလျင်အတွက် သတိရှိရှိမနေကြဟု ဆိုသည်။ သို့မှသာ အန္တရာယ်ကျရောက်မည့် မြို့ရွာများကို မိမိဘာသာ မစွန့်ခွာနိုင်သော သူများကို ကယ်တင် ရန်အတွက် အကူအညီများ ပေး၍ရမည်ဖြစ်သည်။

၃။ အစိုးရများသည် မိမိ၏ လူဦးရေကို ထိထိရောက်ရောက် ကာကွယ်မှုမပေးနိုင်လျှင်၊ ထောက်ပံ့ ကူညီမှု မပေးနိုင်လျှင် လူမျိုးနှင့် နိုင်ငံရေးအယူအဆ မခွဲခြားဘဲ ပါတီအားလုံးကို ချက်ချင်း အကူ အညီတောင်းရမည်။ လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရာတွင် လှူဒါန်းသူများ သည်လည်း နိုင်ငံရေးကို မကြည့်သင့်သလို လက်ခံမည့် အစိုးရသည်လည်း အကူအညီတောင်းဆို ရာတွင်ဖြစ်စေ၊ လက်ခံရာတွင်ဖြစ်စေ နိုင်ငံရေးကို ဘေးဖယ်ထားသင့်သည်။ ကျွမ်းကျင်သော နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ဘန်ကောက်တွင် သတင်းပတ်ပေါင်းများစွာ ထိုင်စောင့် နေပြီး စစ်အစိုးရမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ၀င်ရောက်ခွင့်ကို ပိတ်ပင်ထားခြင်းသည်
သဘာဝဘေးအန္တရာယ်ကို မည်သို့ဖြေရှင်းရမည်ဆိုသည်ကို ကြော်ငြာ ပြထားသလိုပင်ဖြစ်နေ လေသည်။ လူသားချင်းစာနာထောက်ထားသော ကူညီမှုနှင့် ပြန်လည်တည်ဆောက်ရေး ထောက်ပံ့ မှုတို့သည် သဘာဝဘေးအန္တရာယ်ဒုက္ခသည်များအတွက် အခြေခံကျသော အခွင့်အရေးပင် ဖြစ်သည်။ အစိုးရများသည် ၎င်းတို့ကိုယ်တိုင် မထောက်ပံ့နိုင်သည့်အချိန်တွင် ထောက်ပံ့မှုများကို၊ နိုင်ငံတော်လုပ်ပိုင်ခွင့်အာဏာကို ဘေးဖယ်ထားကာ အကြောင်းမဲ့ ပယ်ချနေခြင်းများအား မပြု လုပ်သင့်ပေ။

၎။ အစိုးရများအနေဖြင့် ၎င်းတို့တာဝန်များကို မလုပ်ဆောင်နိုင်သည့် အချိန်မျိုးနှင့် နိုင်ငံခြား အကူ အညီများကို လက်မခံလိုသည့် အချိန်မျိုးတို့တွင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများအနေဖြင့် ကြားဝင်ဖြေရှင်းသင့်သည်။ အာဖရိကတွင် ၂၀၀၆ ခုနှစ်က ဂရိတ်လိတ်ခ်ဒေသတွင် တရားဝင် သဘောတူညီချက်တခု ချမှတ်ခဲ့သည်။ ထိုသဘောတူချက်အရ သဘောဝဘေးအန္တရာယ်ဒဏ် ခံရသူများကို ကာကွယ်ကူညီရန် မတတ်နိုင်သည့် အစိုးရများအနေဖြင့် “ကာကွယ်ထောက်ပံ့ မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းး၏ တာဝန်ယူမှုကို လေးစားလက်ခံရမည်” ဟု ဆိုထားသည်။

၅။ နိုင်ငံရေးအမြင်၊ နိုင်ငံရေးသစ္စာစောင့်သိမှု၊ လူမှုရေး၊ လူမျိုးရေး၊ တိုင်းရင်းသား၊ ဘာသာရေး စသည်တို့ကို အခြေခံပြီး ထောက်ပံ့မှုများ ဖြန့်ဖြူးခြင်းကိုလည်း တားမြစ်ပိတ်ပင်သင့်သည်။ မကျေမနပ်မှုများ ကြားသိစေမည့် ဖြေရှင်းရေးနည်းလမ်းများ သေချာစေမည့် လုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်သင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အစိုးရများနှင့် ဒုက္ခသည်များအကျိုး အတွက် ဖြစ်သည်။ အကူအညီများကို ခွဲခြားဆက်ဆံပြီး လုပ်ဆောင်ခြင်းသည် အလှူရှင်များကို မလှူချင်အောင် လုပ်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတွင် ထိုသို့ ခွဲခြား လုပ်ဆောင်နေခြင်းကြောင့် ပြန်လည်တည်ဆောက်ရေးအကူအညီကို အလှူရှင်များက ရက်ရက် ရောရောမရှိခြင်းဖြစ်သည်။

၆။ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံကဲ့သို့ ပွင့်လင်းမှု၊ တာဝန်ရှိမှု စသည့် ပြဿနာများရှိတတ်သည့် အစိုးရများထံ ထောက်ပံ့မှုများ တိုက်ရိုက်လှူခြင်းထက် နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO များနှင့် ဒေသခံအဖွဲ့များမှတဆင့် ဖြန့်ဝေဖို့ အလှူရှင်များကို အားပေးသင့်သည်။ ကူညီထောက်ပံ့မှုများ ဖြန့်ဖြူးရာတွင် လွတ်လပ်စွာ စောင့်ကြည့်ရေး စနစ်သည်လည်း အရေးပေါ်အကူအညီ ပြန်လည် တည်ဆောက်ရေး အကူအညီ၏ တစိတ်တဒေသ ဖြစ်သင့်သည်။ တခါတရံတွင် အလှူရှင်များက စောင့်ကြည့်ခြင်းမရှိသောအခါ နောက်ပိုင်းတွင် အကူအညီများသည် အမှန်တကယ်လိုအပ်သူများထံ မရောက်ရှိဘဲ ဖိနှိပ်သော စစ်အစိုးရများကို ကူညီသလို ဖြစ်သွားတတ်သည်။

၇။ ဒုက္ခသည်များကို စားဝတ်နေရေးနှင့် ဆေးဝါးများ ထောက်ပံ့ပေးရုံသာမက ကာကွယ်မှုလည်း ပေးရန်လိုသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ခိုကိုးရာမဲ့ဖြစ်ပြီး ဒုက္ခသည်စခန်းတွင်နေသူများကို အင်အားသုံး၍ နှင်ထုတ်ခြင်း၊ နေရပ်ပြန်ခိုင်းခြင်း၊ ကလေးသူငယ်များကို စစ်သားစုဆောင်းရေးထဲ သွင်းခြင်း စသည့်အကြမ်းဖက်မှုမျိုးများမှ ကာကွယ်ပေးခြင်းတို့ လုပ်ပေးရမည့်အပြင် ပျောက်ဆုံး သွားသည့် စာရွက်စာတမ်းများ ရရှိရေး၊ ပိုင်ဆိုင်မှုများ တောင်းဆိုခြင်းနှင့် ကရုဏာကြေးတို့အတွက် တရားမျှတသော လုပ်ထုံးလုပ်နည်းများဖြင့် ကူညီပေးရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကြောင့် ဒုက္ခရောက်သူများ၏ ကာကွယ်ရေး လိုအပ်ချက်များနှင့် လူ့အခွင့်အရေးများကို အသားပေး ထားသည့် တန်ဖိုးရှိသော လမ်းညွှန်ချက်များလည်း ရှိနှင့်ပြီးဖြစ်သည်။ ထိုလမ်းညွှန်ချက်များသည် နိုင်ငံတကာလုပ်ဆောင်မှု စံနှုန်းများအတွက် အခြေခံဖြစ်လာနိုင်သည်။

တရားဝင် သဘောတူညီထားသော နိုင်ငံတကာစံနှုန်းများစာရင်းသည် စေ့စပ်ညှိနှိုင်းရန် ခက်ခဲ မည်ဖြစ်ပြီး ပုံမှန် သတိပြုမိကြမည်လည်း မဟုတ်ပေ။ သို့ရာတွင် သဘာဝဘေးအန္တရာယ်ဆိုးများကို တုံ့ပြန်ရာတွင် မှန်ကန်စွာ လုပ်ဆောင်ချင်သော အစိုးရများအတွက် ထိုစံနှုန်းများသည် လမ်းညွှန် ချက်တရပ်အဖြစ် လိုအပ်သည်။ ထိုတုံ့ပြန်မှု လုပ်ဆောင်ချက်ကို နိုင်ငံတကာအသိုင်းအ၀န်းမှ တိုင်းတာနိုင်မည့် အခြေခံစံအဖြစ်လည်း လိုအပ် သည်။ ထိုစံနှုန်းများသည် ကျယ်ပြန့်သော အကျိုး သက်ရောက်မှု ဖြစ်နိုင်မည့် နိုင်ငံသားစွမ်းရည်ကိုလည်း အကျိုးအမြတ် ရရှိစေနိုင်သည်။ မြန်မာ ဒုက္ခသည်တယောက်က သတင်းထောက်တယောက်ကို “နိုင်ငံသားတွေကို အစိုးရက ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာတောင် ကျနော်တို့မသိကြဘူး” ဟု တီးတိုး ပြောဆိုသကဲ့သို့ပင် လူ တယောက်၏ အခွင့်အရေးများကို သိရှိခြင်းသည် သဘာဝ ဘေးဆိုးများကို ရင်ဆိုင်နေချိန်တွင် တာဝန်သိတတ်မှုဆီသို့ လှမ်းသည့် ပထမဆုံးခြေလှမ်း ပင်ဖြစ်သည်။

(ဆောင်းပါးရှင် Ms. Roberta Cohen သည် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်ဖြစ်ပြီး အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ Brookings Institution မှ နိုင်ငံခြားရေးပေါ်လစီဆိုင်ရာ Nonresident Senior Fellow ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်စား လှယ်၏ အဓမ္မ ရွှေ့ပြောင်း ခံရသူများ ဆိုင်ရာ လူ့အခွင့်အရေးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်သည်။)

ခေတ်ပြိုင်မှ ကူးယူ ဖေါ်ပြပါသည်။ http://www.khitpyaing.org/articles/june08/25-6-08_translate.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်